ဆောင်းပါးရှင် – မိုးသန်
စာဖတ်သူများခင်ဗျား
စာရေးဆရာ မိုးသန် ဘာသာပြန်ထားတဲ့ နိုင်ငံပြုပညာ ဆောင်းပါးကို ဒီကနေ့ စာဖတ်သူများအတွက် ကျွန်တော် ကိုဖိုးတရုတ်မှ တင်ပြပေးလိုက်ပါတယ်။ ဒီဆောင်းပါး ရေးသားဖို့အတွက် ကိုးကားပြုစုတဲ့ ဆောင်းပါးခေါင်းစဉ်များကတော့ Geoff An drews နဲ့ Michael Saward ရေးသားတဲ့ Living Political Ideal’s၊ Richard Hudelson ရေးသားထားတဲ့ Modern Political Philiosophy၊ Paul Lewis ရေးသားတဲ့ Exploring Political Worlds၊ Encarta Reference 2007 နဲ့ Edinburgh University Press တို့ ဖြစ်ကြပါတယ်။ စာရေးဆရာ မိုးသန် အနေနဲ့ ပြည်တွင်း တင်းကျပ်မှု ကြားထဲမှ ရေးသားတင်ပြရလို့ နားလည်ပေးစေလိုပြီး ယနေ့ မြန်မာနိုင်ငံရေး အခြေအနေ ပြောင်းလဲနိုင်ဖို့ စဉ်းစားသုံးသပ်နိုင်တဲ့ အချက်အလက်များ၊ အတွေးအခေါ် အယူအဆများ အစရှိသဖြင့် စိတ်ဝင်စားစရာ နိုင်ငံရေးသိပံ္ပ ပညာရပ်များနဲ့ ဆက်စပ်နေတဲ့ အချက်အလက်များ၊ အကြောင်းအရာများကို ထုတ်ဖော်ရေးသား တင်ပြထားပါတယ်။ ကျွန်တော် ကိုဖိုးတရုတ်အနေနဲ့ ဆောင်းပါးကို အပိုင်းလိုက် အလျဉ်းသင့်သလို ဖော်ပြသွားမှာ ဖြစ်ကြောင်းနဲ့ အနာဂါတ် မြန်မာနိုင်ငံတော်အတွက် လူငယ်လူရွယ်များ ဗဟုသုတ အသိပညာ ကြွယ်ဝဖို့ ဒီဆောင်းကို ဖတ်သင့်တယ်ဆိုတာ တိုက်တွန်းလိုပါတယ်။
ပုဂ္ဂလိက လူသားလွတ်လပ်ခွင့်အတွက် ရပ်တည်ရင်း လူ့အဖွဲ့အစည်း၏ ကောင်းကျိုးကို ရှေးရှုနိုင်ရေးကို အာမခံနိုင်မည့် စနစ်များ၊ မူဘောင်များကို တွေးခေါ်ဖော်ထုတ် ချပေးခဲ့ကြသည်။ ဤသို့ဖြင့် လူ့သမိုင်း တစ်လျှောက် ပေါ်ထွန်းခဲ့သော နိုင်ငံရေးရာ အတွေးအမြင်များသည် သိပံ္ပပညာရပ်ကြီးတစ်ခုအဖြစ် ဖွံ့ဖြိုးလာခဲ့သည်။ ဤ စာစုတွင် နိုင်ငံရေး သိပံ္ပပညာရပ်များ၏ အခြေခံကျသော ပညာရပ်ဆိုင်ရာ နယ်ပယ်များ၊ ထိုနယ်ပယ်များကို လေ့လာရာတွင် ပညာရှင်များ အသုံးပြုလေ့ရှိသော ချဉ်းကပ်ပုံနည်းနာများ၊ အကောက်အယူ များကို တင်ပြသွားမည် ဖြစ်သည်။
လူတို့သည် ပုရွက်ဆိတ်များ၊ ပျားများကဲ့သို့ အစုအပေါင်း အသိုက်အမြုံနှင့် နေတတ်သော သတ္တ၀ါ ဖြစ်သည်။ မိမိတို့၏ ရှင်သန်ရပ်တည်ရေးအတွက် တစ်ဦးပေါ် တစ်ဦး အပြန်အလှန် အမှီသဟဲ ပြုရင်း စနစ်ကျသည့် ဆက်ဆံရေး ပုံစံအောက်တွင် ပေါင်းစုနေထိုင်းခြင်း၊ အရည်အသွေးပေါ် မူတည်၍ တာဝန်အမျိုးမျိုး၊ တာဝန်ယူမှု အမျိုးမျိုးတို့ကို ခွဲဝေထမ်းဆောင်ကြခြင်းဖြင့် ကိုယ့် အစုအဝေး အသိုက်အမြုံအတွင်း ရှင်သန် လှုပ်ရှားနေကြသည်။ သို့ရာတွင် လူသားနှင့်ပျားများ၊ ပုရွက်ဆိတ်များကဲ့သို့ ပေါင်းသင်းဆက်ဆံရေး သတ္တ၀ါများကြားတွင် ကြီးမားသော ကွာဟမှု ရှိသည်။ အခြား သတ္တ၀ါများသည် ဗီဇ၏ လွှမ်းမိုးမှု သက်သက်ဖြင့် သူတို့ အသိုက်အမြုံ၏ အစဉ်အလာ ဖွဲ့စည်းမှု စည်းကမ်းများအတိုင်း ရှင်သန်နေကြရခြင်း ဖြစ်သည်။ သူတို့၏ ပုဂ္ဂလိက ဘ၀သည် အရွှေ့အပြောင်းမရှိ၊ ရွေးချယ်ရန် အခွင့်အလမ်း မရှိကြချေ။ လူသားတို့မှာကား ထိုသို့မဟုတ်ပေ။ ရှေ့ မျိုးဆက်မှ အတွေ့အကြုံများ၊ အသိတရားများကို နောက်မျိုးဆက်သို့ လက်ဆင့်ကမ်း တတ်သည့် အသိဥာဏ်ပိုင်ရှင် ဖြစ်သည်။ အသိဥာဏ် မြင့်မားသည့် အတွေးအခေါ် ပညာရှင်ကြီးများသည် သူတို့ ဖြတ်သန်းခဲ့ရသော သမိုင်းခေတ်၏ နောက်ခံကားပေါ်တွင် အကောင်းဆုံး လူမှု ဖွဲ့စည်းပုံစံများ၊ လူမှု ဆက်ဆံရေးပုံစံများ၊ စံပြနိုင်ငံတော် ပုံစံအမျိုးမျိုးတို့ကို မတူညီသော ရှုထောင့်အသီးသီးမှ တွေးခေါ်ကြံဆ ဖော်ထုတ်ခဲ့ကြသည်။ ပုဂ္ဂလိက လူသားလွတ်လပ်ခွင့်အတွက် ရပ်ခံရင်း လူ့အဖွဲ့အစည်း၏ ကောင်းကျိုးကို ရှေ့ ရှုနိုင်ရေးကို အာမခံနိုင်မည့် စနစ်များ၊ မူဘောင်များကို တွေးခေါ်ဖော်ထုတ်ချပေးခဲ့ကြသည်။ ဤသို့ဖြင့် လူ့သမိုင်းတစ်လျှောက် ပေါ်ထွန်းခဲ့သော နိုင်ငံရေးရာ အတွေးအမြင်များသည် သိပံ္ပပညာရပ်ကြီး တစ်ခုအဖြစ် ဖွံ့ဖြိုးလာခဲ့သည်။ ဤဆောင်းပါးတွင် နိုင်ငံရေး သိပံ္ပပညာရပ်၏ အခြေခံကျသော ပညာရပ်ဆိုင်ရာ နယ်ပယ်များ၊ ထိုနယ်ပယ်များကို လေ့လာရာတွင် ပညာရှင်များ အသုံးပြုလေ့ရှိသော ချဉ်းကပ်ပုံနည်းနာများ၊ အယူအဆများကို တင်ပြသွားမည် ဖြစ်သည်။
နိုင်ငံရေး သိပံ္ပပညာရပ်သည် နိုင်ငံရေးကို စနစ်တကျ လေ့လာခြင်း သို့မဟုတ် နိုင်ငံရေး၏ရောင်ပြန်ဟပ်မှုများ၊ အကျိုးဆက်များကို လေ့လာခြင်း ဖြစ်သည်။ နိုင်ငံရေးဟူသည် လူများ၊ အဖွဲ့အစည်းများ၏ ပါဝါ အသုံးပြုမှုနှင့် ပါဝါအတွက် ရုန်းကန်လှုပ်ရှားမှုများပင် ဖြစ်သည်။ နိုင်ငံရေး သိပံ္ပ ပညာရှင်များသည် အများအားဖြင့် နိုင်ငံရေး ပါဝါများကို အစိုးရများက မည်သို့မည်ပုံ အသုံးချသည်တို့ကို လေ့လာလေ့ရှိသည်။ အခြား တစ်ဖက်တွင်လည်း စီးပွားရေးအပေါ် နိုင်ငံရေး၏ အကျိုးသက်ရောက်ပုံများ၊ သာမန်အရပ်သူ အရပ်သားတို့၏ နိုင်ငံရေးအပေါ် သဘောထားအမြင်များ၊ အရပ်ဖက် အဖွဲ့အစည်းတို့အပေါ် နိုင်ငံရေး၏ သြဇာသက်ရောက်ပုံများ စသည်တို့ကို လေ့လာသည်။ အစိုးရများ၏ သဘောသဘာဝနှင့် ပါဝါကျင့်သုံးပုံများကို အလေးပေးလေ့လာခြင်းသည် အခြားသော လူမှုသိပံ္ပပညာရပ်များနှင့် နိုင်ငံရေးသိပံ္ပတို့ကို ခြားနားစေသော အချက်ဖြစ်သည်။ နိုင်ငံရေး သိပံ္ပပညာရှင်များသည် အစိုးရများနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့၏ ဆက်စပ်ပုံကို လေ့လာနိုင်ရန် စီးပွားရေး ပညာရှင်များနှင့် ပူးပေါင်းလေ့လာရမှု ရှိသည်။ ထို့အတူ လူမှု အဆောက်အအုံနှင့် နိုင်ငံရေး အဆောက်အအုံ တို့အကြား ဆက်နွယ်နေမှုကို သိရှိနားလည်စေရန် လူမှုပညာရှင်များနှင့် ပူးပေါင်းလေ့လာရမှုများလည်း ရှိသည်။
နိုင်ငံရေး သိပံ္ပ၏ အရေးပါမှု
နိုင်ငံရေး သိပံ္ပသည် အရေးကြီးသော ပညာရပ်တစ်ခုဖြစ်သည်။ ၂၀ ရာစုအတွင်း သန်းပေါင်းများစွာသော လူသားတို့သည် မတူညီသော နိုင်ငံရေးအယူအဆများကို ယုံကြည်စွဲကိုင်ကြသော အပြိုင်နိုင်ငံရေး အုပ်စုများ၊ အုပ်စိုးသူများ၊ အာဏာရှင်များ၏ ဒဏ်ကြောင့် အသက်ဆုံးရှုံးခဲ့ကြရသည်။ လူသားတို့၏ ဘ၀သည် သူတို့နေထိုင်ရာ နိုင်ငံ အစိုးရများ၏ သဘောထား ရပ်တည်ချက်နှင့် လုပ်ရပ်များ၏ အကျိုးသက်ရောက်မှုတွေကို ခံနေကြရပြီး သူတို့ နေထိုင်ရာ လူ့အဖွဲ့အစည်း၏ လူမှု အဆောက်အအုံအပေါ် မူတည်၍ တာဝန်နှင့် ရပိုင်ခွင့်များ မတူညီကြပေ။ နိုင်ငံရေး သိပံ္ပပညာရှင်များသည် နိုင်ငံသားများကို ပညာပေးခြင်း၊ နိုင်ငံ့ခေါင်းဆောင်များကို အကြံပေးခြင်း၊ ဦးဆောင်လမ်းပြခြင်း၊ နိုင်ငံရေး အတွေးအမြင် မျိုးစုံ ပေါ်ပေါက်ရှင်သန်လာစေရန် သုတေသန ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ကြသည်။ နိုင်ငံရေး တည်ငြိမ်မှုနဲ့ တော်လှန်ရေး၊ ဖိနှိပ်ခြင်းနှင့် လွတ်လပ်ခြင်း၊ ညီမျှမှုနှင့် မညီမျှမှု၊ စစ်နှင့် ငြိမ်းချမ်းရေးစသည့် နိုင်ငံရေးဆိုင်ရာ အကြောင်းခြင်းရာတို့၏ ရင်းမြစ်များနှင့် အကျိုးဆက်များကို နားလည်နိုင်စေရန်၊ နိုင်ငံရေးဆိုင်ရာ ပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံရေး သိပံ္ပပညာ အခန်းကဏ္ဍသည် အရေးကြီးလှပါသည်။
နိုင်ငံရေး သိပံ္ပ၏ ပညာရပ်ဆိုင်ရာ နယ်ပယ်များ
(၁) နိုင်ငံရေး နှိုင်းယှဉ်လေ့လာမှု (Comparative Politics)
မတူညီသော နိုင်ငံများ၏ နိုင်ငံ့ရေးရာများကို နှိုင်းယှဉ်လေ့လာခြင်း ဖြစ်သည်။ အချို့ သော ပညာရှင်များသည် နိုင်ငံတစ်ခု၏ အခြေအနေများကို မတူညီသော အချိန်သတ်မှတ်ချက် နှစ်ခု ပိုင်းခြား၍ နှိုင်းယှဉ် လေ့လာကြသလို ယဉ်ကျေးမှုခြင်း ဆင်တူသည့် နိုင်ငံအုပ်စုများ (ဥပမာ – အရှေ့တောင် အာရှ နိုင်ငံများ) ကို နှိုင်းယှဉ်လေ့လာကြသည်။ ထိုပညာရှင်တို့သည် လေ့လာနေသော နိုင်ငံ (သို့မဟုတ်) နိုင်ငံအုပ်စုများ၏ ဘာသာစကား၊ သမိုင်း နောက်ခံ အခြေအနေ၊ ယဉ်ကျေးမှုရေးရာတို့ကို ကျွမ်းကျင်ကြသူများ ဖြစ်သည်။ အချို့ပညာရှင်များသည် ယဉ်ကျေးမှုခြင်း မတူညီသော နိုင်ငံများကို လေ့လာကြပြီး ထိုနိုင်ငံတို့၏ အားသာချက်၊ အားနည်းချက်များကို ဖော်ထုတ်ကြသည်။ ထိုသို့ လေ့လာခြင်းဖြင့် ရရှိလာသော တွေ့ရှိချက်များသည် သမိုင်း သင်ခန်းစာအဖြစ် ပေါ်ပေါက်လာခြင်းကြောင့် နိုင်ငံရေး စနစ် အပြောင်းအလဲ လုပ်လိုသော နိုင်ငံများအတွက် ရင်ဆိုင်ရနိုင်သော အခက်အခဲများအတွက် ကြိုတင်ပြင်ဆင်နိုင်သလို၊ လိုအပ်ချက်များ ရှိနေပါကလည်း ကြိုတင်ဖြည့်ဆည်းနိုင်သည့်အတွက် များစွာအကျိုးရှိပေသည်။
(၂) နိုင်ငံတကာ ဆက်ဆံရေး (International Relation)
နိုင်ငံတကာ ဆက်ဆံရေးပညာသည် နိုင်ငံအချင်းချင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် နိုင်ငံစုံကျော် ကော်ပိုရေးရှင်းကြီးများ၏ အပြန်အလှန် ဆက်ဆံမှု ပုံစံများ၊ အကျိုးသက်ရောက်မှုများကို လေ့လာသည်။ နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်တွင် နိုင်ငံရေး ပညာရှင်များ အသုံးပြုသော အစဉ်အလာ ချဉ်းကပ်နည်း နှစ်ခုမှာ Realism နှင့် Liberalism တို့ ဖြစ်သည်။ Realism အစဉ်အလာအရ နိုင်ငံတကာစနစ် (International Order) ၏ တည်ငြိမ်မှုကို ထိန်းထားနိုင်ရန် အင်အားညှိရေး (Balance of Power) အယူအဆကို အသုံးပြုသည်။ Liberalism အစဉ်အလာအရ ကြည့်မြင် သုံးသပ်မည် ဆိုလျှင်မူ နိုင်ငံအချင်းချင်းကြား ပေါ်ပေါက်လာသော ပဋိပက္ခများ၊ တင်းမာမှုများကို ဖြေရှင်းနိုင်ရန် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၏ ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးမှုကို အားပေးသည်။ ဥပမာ ကုလသမဂ္ဂ၊ အီးယူ မဟာမိတ်အဖွဲ့အစည်းများက ၀င်ရောက် ညှိနှိုင်းပေးရသည့် သာဓက ရှိပါသည်။ ဤသို့ ဆွေးနွေးညှိနှိုင်း အဖြေရှာခြင်းဖြင့် နိုင်ငံတကာ တည်ငြိမ်မှုနှင့် ငြိမ်းချမ်းမှုကို တည်ဆောက်နိုင်ရန် ကြိုးပမ်းကြခြင်းဖြစ်သည်။
(၃) နိုင်ငံရေး သီအိုရီများ (Political Theories)
နိုင်ငံရေး သိပံ္ပပညာရပ် စတင်ထွန်းကားခဲ့ရာ ဂရိခေတ်မှ စတင်၍ ယခုအချိန်ထိ ပေါ်ပေါက်ခဲ့သော နိုင်ငံရေး သီအိုရီများကို လေ့လာခြင်း ဖြစ်သည်။ နိုင်ငံရေး သီအိုရီများတွင် တရားမျှတမှု၊ ညီမျှမှု၊ လွတ်လပ်မှု၊ မှန်ကန်မှု၊ နိုင်ငံသားဖြစ်မှု စသည့် နိုင်ငံရေး၏ အရေးပါသော အခြေခံ အယူအဆများကို ဝေဖန်ဆန်းစစ်မှုများ ပါဝင်သည်။ ထို့ပြင် နိုင်ငံရေး သိပံ္ပကို လေ့လာရာတွင် လိုအပ်သော ယုတ္တိဗေဒဆိုင်ရာ အချက်အလက်များကိုလည်း နိုင်ငံရေး သီအိုရီများတွင် တွေ့မြင်နိုင်သည်။ နိုင်ငံရေး သီအိုရီများသည် ဥပဒေနယ်ပယ်၊ ဒဿနိက နယ်ပယ်တို့နှင့် ဆက်နွယ်လျက်ရှိသည်။
ယေဘုယျအားဖြင့် နိုင်ငံရေး သီအိုရီပိုင်ရှင်များသည် လူသားနှင့် လူ့အဖွဲ့အစည်းတို့အတွက် အကောင်းဆုံးသော စံပြဖွဲ့စည်းပုံများကို တင်ပြကြသလို၊ အုပ်စိုးသူနှင့် အုပ်စိုးခံသူများကြား ပဋိညာဉ်ပြုမှု စသည်တို့ကို လေးနက်စွာ စဉ်းစားဖော်ထုတ်ကြခြင်း ဖြစ်သည်။ နိုင်ငံရေး သီအိုရီများကို ဓမ္မဓိဌာန် စံနှုန်းများအတိုင်း စဉ်းစားတွေးခေါ် တည်ဆောက်ထားသော Normative Theories များ၊ လူသား၏ သဘာဝကို အခြေပြုစဉ်းစားသော Prudential Theories များနှင့် လူသားတို့၏ လွတ်လပ်မှု အခြေခံမှ စဉ်းစားသော Constructive Theories များဟူ၍ သုံးမျိုးခွဲခြားနိုင်သည်။ Normative Theories များသည် နိုင်ငံသားတို့၏ နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှုနှင့် နိုင်ငံတော်၏ ဥပဒေကို လိုက်နာမှုတို့တွင် မည်သည့်အတွက် ထိုသို့လုပ်သင့်ခြင်း ဖြစ်သည်တို့ကို ကိုယ်ကျင့်တရား ရှုထောင့်၊ ဓမ္မဓိဋ္ဌာန်ရှုထောင့်တို့မှ ဆန်းစစ်ပြုခြင်း ဖြစ်သည်။ Prudential Theories များမှာမူ ကိုယ်ကျင့်တရား၊ ဆင်ခြင်တုံတရားတို့ထက် လူသား၏ မိမိအကျိုးစီးပွားရှိမှုကို လိုလားသော သဘာဝကို အခြေပြုပြီး ဆန်းစစ်ထားသော နိုင်ငံရေး သဘောတရားများ ဖြစ်သည်။ Constructive Theories ပညာရှင်များသည် နိုင်ငံသားတို့ မည်သည့်အတွက် နိုင်ငံတော် အပေါ် သစ္စာစောင့်သိကြသည်ဆိုသည်ထက် လိုအပ်မှုအရ နိုင်ငံတော်က အကောင်အထည် ဖော်နေသော စနစ်တို့အပေါ်တွင် မည်သို့မည်ပုံ ပါဝင်ပတ်သက်သင့်သည် ဆိုသည်တို့ကို ရှင်းလင်းပြခြင်းများ ဖြစ်သည်။ တစ်နည်းအားဖြင့် ရှိနှင့်ပြီးသား အဆောက်အအုံတို့၏ လွှမ်းမိုးမှုထက်၊ ကိုယ်ပိုင်လွတ်လပ်မှုကို အသုံးချပြီး လိုအပ်ပါက အဆောက်အအုံပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို မည်သို့ ဆောင်ရွက်သင့်သည်တို့ကို ဝေဖန်ပိုင်းဆစ် ပြခြင်းများ ဖြစ်သည်။
(၄) လူထုအုပ်ချုပ်ရေး (Public Administration)
နိုင်ငံရေး သိပံ္ပပညာရှင်အချို့ သည် လူထုအုပ်ချုပ်ရေးဆိုင်ရာ အစိုးရအဖွဲ့အစည်းများနှင့် အခြားသော အစိုးရ ဌာနများ၏ ဆက်နွယ်မှုကို လေ့လာကြသည်။ ထိုအဖွဲ့အစည်းများ၏ လုပ်ငန်းလည်ပတ်ပုံကို လေ့လာခြင်းဖြင့် အားသာချက်၊ အားနည်းချက်များကို သိမြင်ကာ နိုင်ငံရေး သိပံ္ပပညာရှင်များသည် ပိုမိုတိုးတက် ကောင်းမွန်သော လူထုဖွံ့ဖြိုးရေး စနစ်များကို ရှာဖွေဖော်ထုတ်ပေးနိုင်ပေသည်။
(၅) ပြည်သူလူထုနှင့် သက်ဆိုင်သော မူဝါဒများ (Public Policies)
ကျန်းမာရေး စောင့်ရှောက်မှု၊ လေထု ညစ်ညမ်းမှု၊ စီးပွားရေး အခြေအနေ စသည့် လူထုနှင့်တိုက်ရိုက် သက်ဆိုင်သော အရေးအရာများကို လေ့လာကာ မည်သို့မည်ပုံ ပေါ်လစီများ ချမှတ်ဖြေရှင်းရမည်ဆိုသည်ကို စဉ်းစားဝေဖန်ခြင်း ဖြစ်သည်။ ဤပညာရပ်သည် ပြည်သူ့ပေါ်လစီဆိုင်ရာ အယူအဆများကို နှိုင်းယှဉ် လေ့လာမှုများ ရှိသလို၊ နိုင်ငံခြားရေး မူဝါဒ၊ နိုင်ငံတော် လုံခြုံရေး မူဝါဒများအတွက် နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ်မှ အချက်အလက်များကို အသုံးပြု လေ့လာသည်။ ပေါ်လစီများ ချမှတ်ရာတွင် လိုအပ်သော ကျင့်ဝတ်များကိုမူ နိုင်ငံရေးသီအိုရီများမှ ထုတ်ယူ အသုံးပြုသည်။
(၆) နိုင်ငံရေးဆိုင်ရာ အပြုအမူ (Political Behavior)
ပြည်သူတို့၏ နိုင်ငံရေးဖြစ်စဉ်များ၊ လှုပ်ရှားမှုများတွင် ပါဝင်မှု စသည့် နိုင်ငံရေးဆိုင်ရာ အပြုအမူတို့ကို လေ့လာသော ပညာရပ် ဖြစ်သည်။ ထိုပညာရပ်သည် လူထု၏ မဲဆန္ဒပေးရာတွင် အခြားသော လူမှုရေး ဖိအားတို့၏ လွှမ်းမိုးမှု ကင်း မကင်း၊ လူတို့၏ စိတ်ပိုင်းဆိုင်ရာ အစွဲအလမ်းများ (ဥပမာ – ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ)၊ နိုင်ငံရေးဖြစ်စဉ်များ ပါဝင်ရာတွင် ပြည်သူတို့၏ စိတ်ပိုင်းဆိုင်ရာ ခံစားမှုများ၊ အကျိုးစီးပွားအမြင်များ စသည်တို့ကို လေ့လာသည်။ လေ့လာတွေ့ရှိချက်များသည် ပါတီစည်းရုံးရေး လုပ်ငန်းစဉ်များနှင့် ပါတီတို့၏ မူဝါဒ ရေးဆွဲရေးမှုများအပေါ် များစွာ အကျိုးပြုသည်။
နိုင်ငံရေး သိပံ္ပပညာရှင်တို့၏ ချဉ်းကပ်မှု ဗျူဟာများ
နိုင်ငံရေး သိပံ္ပပညာရှင်များသည် နိုင်ငံရေးဆိုင်ရာ ဖြစ်စဉ် ဖြစ်ရပ်များကို စနစ်တကျ ရှင်းပြနိုင်ရန်အတွက် ရှုထောင့်သုံးမျိုးမှ ချဉ်းကပ်လေ့ ရှိသည်။
ပထမဦးဆုံး ပုံစံမှာ လူ့သဘာဝကို အခြေခံသော ဆင်ခြေရွေးချယ်မှု ပုံစံ (Relational Choice Model) ဖြစ်သည်။ ထိုရှုထောင့်မှ လေ့လာမည်ဆိုလျှင် လူသားတို့သည် ယေဘုယျအားဖြင့် မိမိတို့၏ အကျိုးစီးပွားကို ရှေးရှုတတ်သူများ ဖြစ်သည့် အားလျော်စွာ မည်သည့် အခြေအနေတွင်မဆို မိမိတို့အတွက် အကျိုးဖြစ်ထွန်း နိုင်ဆုံးလမ်းကိုသာ ရွေးချယ်ကြမည် ဖြစ်သည်။ နိုင်ငံရေးရာ ကိစ္စရပ်များတွင်လည်း မိမိတို့အတွက် အကျိုးပြုနိုင်ဆုံး နိုင်ငံရေးသမားများ၊ နိုင်ငံရေးပါတီ အဖွဲ့အစည်းများ၊ အစိုးရများကိုသာ ထောက်ခံကြမည် ဖြစ်သည်။
ဒုတိယ ချဉ်းကပ်မှု ပုံစံမှာ စနစ်ပိုင်းဆိုင်ရာ လိုအပ်မှုကို အခြေခံသော ပုံစံ (Function Model) ဖြစ်သည်။ လည်ပတ်လျက်ရှိသော စနစ်တစ်ခုသည် လူသားတို့၏ လိုအပ်မှုကို အပြည့်အ၀ ဖြည့်ဆည်း မပေးနိုင်တော့သည့် အချိန်တွင် ထိုစနစ်၏ အားနည်းချက်များကို ရှာဖွေဆန်းစစ်မှုများ ဖြစ်ပေါ်လာမည် ဖြစ်သည်။ ထိုလှုပ်ရှား ဆောင်ရွက်မှုများသည် သမိုင်းဆိုင်ရာ တိုးတက်မှုအတွက် အရေးပါသည့် ညွှန်ပြမှတ်များ ဖြစ်လာသည်။
တတိယ ချဉ်းကပ်မှု ပုံစံမှာ လူသားတို့၏ တန်ဖိုးထားမှုများ၊ လောကအမြင်များကို အခြေခံသော လေ့လာမှုပုံစံ (Interpretive Model) ဖြစ်သည်။ ထိုရှုထောင့်အရ နိုင်ငံရေးဆိုင်ရာ ဖြစ်စဉ်ဖြစ်ရပ်များကို လေ့လာရာတွင် ထိုဖြစ်စဉ်များတွင် ပါဝင်သူတို့၏ ယုံကြည်မှုများ၊ တန်ဖိုးထားမှုများကို နားလည်ရန် ကြိုးပမ်းအားထုတ်ခြင်းဖြင့် ထိုဖြစ်ရပ်များ၏ အကြောင်းအရာများနှင့် အကျိုးဆက်များကို ခန့်မှန်းတွက်ချက်ရာတွင် များစွာ အထောက်အကူ ပြုသည်။
နိုင်ငံရေး သိပံ္ပပညာရပ်၏ သုတေသန လုပ်နည်းလုပ်ဟန်များကို ဆက်လက် ဆွေးနွေးသွားမည် ဖြစ်သည်။ အချို့သော နိုင်ငံရေး သုတေသီတို့သည် ကိန်းဂဏာန်းပမာဏ အခြေပြုနည်းနာ (Quantitative Method) ကို အသုံးပြု၍ နမူနာ အုပ်စုငယ်များ အတွင်း လေ့လာတွေ့ရှိမှုများကို အခြေခံပြုကာ စည်းမျဉ်းဥပဒေသများ၊ သီအိုရီများကို တည်ဆောက်နိုင်ရန် ကြိုးပမ်းကြသည်။ သို့ရာတွင် လူသားတို့၏ စိတ်သည် အစဉ်အမြဲ ပြောင်းလဲတတ်သည့် အလျောက် နမူနာပုံစံငယ်များအတွင်း လေ့လာရရှိသော အချက်အလက် ရလဒ်များသည် ပိုမိုကျယ်ပြန့်သော လက်တွေ့အခြေအနေများတွင် အံဝင်ခွင်ကျ မဖြစ်နိုင်သည်များ ရှိနိုင်ပေသည်။ ကြိုတင်ခန့်မှန်းနိုင်ရန် ခက်ခဲသော လူတို့၏ အပြုအမူများကို ဖော်မျူလာ သဘောများဖြင့် ချဉ်းကပ်၍ မရနိုင်သည်များ ရှိပေသည်။ ဥပမာ မည်သည့် နိုင်ငံရေးသိပံ္ပ ပညာရှင်ကမျှ ၁၉၈၉ခုနှစ် ဆိုဗီယက် ယူနီယံ ပြိုကွဲမှုကို ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် အချို့ သော ပညာရှင်တို့က ဖြစ်ရပ်တခုတည်းကို သီးသန့်လေ့လာမှု (Case Study) များပြုလုပ်ခြင်းဖြင့်သာ ထိုလေ့လာနေသော ဖြစ်ရပ်၏ လက်တွေ့ ပြဿနာများနှင့် ပြဿနာ ဖြေရှင်းရန် နည်းလမ်းများကို ရှာဖွေသင့်သည်ဟု ယူဆကြသည်။
ကိန်းဂဏာန်း ပမာဏ အခြေပြု နည်းပညာ (Quantitative Method)
ထို သုတေသန နည်းနာတွင် လူထု သဘောထား စစ်တမ်း ကောက်ယူမှုနှင့် လေ့လာနေသော အုပ်စု (သို့မဟုတ်) လူ့အဖွဲ့အစည်းအပေါ် ယေဘုယျ ဆန်းစစ်ချက်များ ပြုလုပ်မှုတို့ ပါဝင်သည်။ သဘောထား စစ်တမ်းကောက်ယူမှု ပုံစံတွင်မူ မဲဆန္ဒနယ် တခု (သို့မဟုတ်) ပြည်နယ်တစ်ခုအတွင်း လူထု၏ ဘ၀ရပ်တည်မှု အခြေအနေ၊ စာတတ်မြောက်မှုနှုန်း၊ ပျမ်းမျှသက်တမ်း စသည့် လူမှုရေးဆိုင်ရာ အခြေအနေတို့ကို စနစ်တကျ မှတ်တမ်းတင်၍ လေ့လာသော ပုံစံဖြစ်သည်။ ထိုသို့ လေ့လာခြင်းဖြင့် ထိုဒေသ (သို့မဟုတ်) နိုင်ငံ၏ လက်ရှိကျင့်သုံးနေသော နိုင်ငံရေး စနစ်နှင့် လက်တွေ့ အခြေအနေကြား ကွာဟမှု ရှိ မရှိ လေ့လာ သိရှိနိုင်သည်။
ဖြစ်ရပ်တစ်ခုချင်း သီးသန့် လေ့လာခြင်း
ထို သုတေသန နည်းနာအရ ထူးခြားသော နိုင်ငံရေး ဖြစ်စဉ်များ (ဥပမာ တော်လှန်ရေး ဖြစ်ပွားမှု၊ စစ်ဖြစ်ပွားမှု၊ နိုင်ငံ စီးပွားရေး တိုးတက်လာမှု) စသည်တို့ကို ခွဲခြမ်းစိတ်ဖြာ၍ အကြောင်းရင်းများ၊ အကျိုးဆက်များကို လေ့လာခြင်း ဖြစ်သည်။ ဤသို့ လေ့လာရာတွင် အစဉ်အလာ သီအိုရီများ၊ စည်းမျဉ်းဥပဒေသများကို အသုံးပြုခြင်းထက် လေ့လာနေသော ဖြစ်ရပ်၏ ထူးခြားသော ပြဿနာများကို စနစ်တကျ နားလည်နိုင်ရန် ကြိုးပမ်းခြင်းနှင့် ထိုပြဿနာများအတွက် လိုအပ်သော ဖြေရှင်းမှုများကို ဦးစားပေး ရှာဖွေရန် ကြိုးပမ်းကြခြင်း ဖြစ်သည်။ အသစ်သစ်သော တိုးတက်ပြောင်းလဲမှုများကြောင့် ဖြစ်ပေါ်လာသော ပြဿနာများကို ချဉ်းကပ်ရာတွင် ဤနည်းလမ်းသည် များစွာ အသုံးဝင်ပေသည်။
အခြား နည်းလမ်းများ (The Other Methods)
အထက်ပါ နည်းလမ်း (၂) ခု အပြင် အခြေအနေ၏ လိုအပ်မှုအပေါ် မူတည်၍ အခြားပညာရပ်များတွင် အသုံးပြုလေ့ရှိသော လက်တွေ့ စမ်းသပ်မှုများအတိုင်း သုတေသန ပြုလုပ်မှုများလည်း ရှိသည်။ ဥပမာ – ပေါ်လစီတစ်ခုကို ကာလအတိုင်းအတာ တစ်ခု သတ်မှတ်၍ လက်တွေ့ စမ်းသပ် ကျင့်သုံးကြည့်ကာ အကျိုးဆက်ကို လေ့လာခြင်း၊ ပေါ်လစီ တစ်ခုကို မတူညီသော နေရာနှစ်ခုတွင် စမ်းသပ်ကျင့်သုံးစေပြီး ထွက်ပေါ်လာသော ရလဒ်များကို နှိုင်းယှဉ်လေ့လာကြည့်ခြင်းတို့ ဖြစ်သည်။
ဤ စာစုတွင် နိုင်ငံရေး နှိုင်းယှဉ် လေ့လာမှုနှင့် ပတ်သက်သော ရည်ရွယ်ချက်များ၊ အခက်အခဲများနှင့် ထို အခက်အခဲများကို ကျော်လွှားနိုင်ရန် အသုံးပြုနိုင်သည့် နည်းလမ်းများကို တင်ပြသွားမည် ဖြစ်သည်။
နိုင်ငံရေး နှိုင်းယှဉ်သုံးသပ်မှု ပြုရာတွင် အရေးကြီးဆုံး အခြေခံ လိုအပ်ချက်မှာ မိမိလေ့လာ သုံးသပ်မည့် အကြောင်းအရာ၊ တစ်နည်းအားဖြင့် နိုင်ငံရေး လောကများ (Political Worlds) ကို အဓိပ္ပာယ် ဖွင့်ဆိုနိုင်ရေးပင် ဖြစ်သည်။ တချို့ က ပုဂ္ဂိလက လူသားတစ်ဦးချင်းသည် ကိုယ်ပိုင် နိုင်ငံရေးဆိုင်ရာ သိမြင် နားလည်မှု၊ နိုင်ငံရေး ရည်ရွယ်ချက် ရှိနိုင်မှု၊ ပါဝါ တည်ဆောက်ရာတွင် ပါဝင်နိုင်မှု စသည့် သီးခြားလက္ခဏာ များ ရှိသဖြင့် ထိုလူတစ်ဦးချင်းကိုပင် နိုင်ငံရေး လောကတစ်ခု ဖြစ်သည်ဟု ယူဆကြသည်။ တချို့ ကလည်း ဘီယာဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ စူပါမားကတ်များ စသည်တို့တွင် နိုင်ငံရေးအရ အရေးပါသော စုစည်းမှုများ ရှိနိုင်သဖြင့် ထိုနေရာများကို နိုင်ငံရေးလောကများအဖြစ် သတ်မှတ်လိုကြသည်။
ထို့ပြင် နိုင်ငံအတည်တကျ မရှိဘဲ ရွှေ့ ပြောင်းနေထိုင်နေကြရသော (ဥပမာ – Kurds ကာ့ဒ်လူမျိုးများ) ကဲ့သို့ လူမျိုးစုများကိုလည်း ရွေ့ လျား နိုင်ငံရေး လောကများအဖြစ် ရှုမြင်လိုကြသည်။ ထိုသို့ မတူ ကွဲပြားသော ယူဆချက်များ ရှိနေသော်လည်း နိုင်ငံရေး သိပံ္ပ ပညာ၏ နိုင်ငံရေး နှိုင်းယှဉ် သုံးသပ်မှု နယ်ပယ်တွင်မှု အခြေတကျ တည်ရှိနေသော အချုပ်အခြာ အာဏာပိုင် နိုင်ငံများကိုသာ နိုင်ငံရေး လောကအဖြစ် အဓိပ္ပာယ် ဖွင့်ဆိုသည်။ ယနေ့ ကမ္ဘာပေါ်တွင် သီးခြားလွတ်လပ်သော နိုင်ငံပေါင်း (၂၀၀) ခန့်ရှိရာ နိုင်ငံရေး သိပံ္ပ ပညာရှင်များသည် ထို နိုင်ငံပေါင်း (၂၀၀) ခန့်ကို နိုင်ငံရေး နှိုင်းယှဉ်လေ့လာမှု နယ်ပယ်၏ လေ့လာမှု အခြေခံ ယူနစ်များအဖြစ် သတ်မှတ်ကြသည်။ ထိုသို့ သတ်မှတ်၍ လေ့လာကြရာတွင် နိုင်ငံများ ကျင့်သုံးသော နိုင်ငံရေး စနစ်များ၊ ထိုစနစ်များကို အကောင်အထည် ဖော်လျက်ရှိသော နိုင်ငံရေး ပါတီများ၊ ရွေးကောက်ပွဲ စနစ်များ စသည်တို့ကို နှိုင်းယှဉ်လေ့လာကြသလို တိတိကျကျ လက်ဆုပ်လက်ကိုင် ပြ၍ မရသော နိုင်ငံရေး ယဉ်ကျေးမှု များကိုလည်း စူးစမ်းလေ့လာလေ့ ရှိကြသည်။
နိုင်ငံရေး နှိုင်းယှဉ်လေ့လာမှု၏ ရည်ရွယ်ချက်များ
နိုင်ငံရေး နှိုင်းယှဉ်လေ့လာမှု ပြုခြင်းဖြင့် ရှုပ်ထွေးပွေလီလှသော နိုင်ငံရေးအခြေအနေများ၊ ဖြစ်စဉ်များကို ရှင်းလင်းလွယ်ကူစွာ သိမြင်လာနိုင်စေသလို ထိုဖြစ်စဉ်များကို ပိုမို၍ စနစ်တကျ စီမံခန့်ခွဲနိုင်မည် ဖြစ်သည်။ ဥပမာ – နိုင်ငံရေး နှိုင်းယှဉ်လေ့လာမှု ပြုရန်အတွက် နိုင်ငံ (၁၀) နိုင်ငံကို စိတ်ထဲ ပေါ်လာသည့် အတိုင်း ချရေးကြည့်သည် ဆိုပါစို့။
Angola, Australia, China, France, Ghana, Great Britain, Japan, Luxembourg, United States, Venezuela.. နိုင်ငံရေး နှိုင်းယှဉ်လေ့လာမှု အမြင်ဖြင့် ကြည့်လျှင် အင်္ဂလိပ် ဗျည်းစာလုံး A ဖြင့် စသော နိုင်ငံ (၂) နိုင်ငံကို တွေ့ရမည် ဖြစ်ပြီး G နှင့်စသော နိုင်ငံ (၂) နှစ်နိုင်ငံကို တွေ့ရမည် ဖြစ်သည်။ ကျန်နိုင်ငံများမှာ A သို့မဟုတ် G အဖြစ် စသော နိုင်ငံများ မဟုတ်ကြပေ။ နိုင်ငံ (၁၀) နိုင်ငံကို စိတ်ထဲ ပေါ်သည့်အတိုင်း ချရေးထားသည့် အခြေအနေကို သီးခြား (၁၀)နိုင်ငံ အဖြစ်သာ မြင်ရမည် ဖြစ်သော်လည်း နိုင်ငံရေး နှိုင်းယှဉ်လေ့လာမှု အမြင်အရ ခွဲခြမ်းစိတ်ဖြာလိုက်ပါက A နှင့်စသော နိုင်ငံ (၂) ခုကို တစ်အုပ်စု၊ G နှင့်စသော နိုင်ငံ (၂) ခုကို တစ်အုပ်စု၊ A (သို့မဟုတ်) G ဖြင့် မစသော နိုင်ငံများကို တစ်အုပ်စု စသည်ဖြင့် ခွဲခြားနိုင်သည်။ သီးခြားစီရှိသော (၁၀) နိုင်ငံကို မျိုးတူ အုပ်စု (၃) အုပ်စု ဖွဲ့ပေးနိုင်ခြင်းဖြင့် လေ့လာရာတွင် ပိုမိုရှင်းလင်း လာစေခြင်းပင် ဖြစ်သည်။ နိုင်ငံရေး သိပံ္ပ ပညာရှင်များသည် အင်အားကြီးသော၊ အင်အားနည်းသော၊ ချမ်းသာသော၊ ဆင်းရဲသော၊ တည်ငြိမ်မှု ရှိသော၊ တည်ငြိမ်မှု မရှိသော နိုင်ငံတစ်ခုချင်းစီ၏ ၀ိသေသ လက္ခဏာများကို တူရာချင်း စုစည်းပြီး မျိုးတူ အုပ်စုများ ဖွဲ့၍ လေ့လာကြသည်။
ထိုသို့ ပိုမိုရှင်းလင်း လွယ်ကူစေရန် လေ့လာမှု ပြုခြင်းသည် နိုင်ငံရေး နှိုင်းယှဉ်လေ့လာမှု၏ ပထမဆုံး ရည်ရွယ်ချက် ဖြစ်ပေသည်။ မည်သည့် ကိစ္စအတွက် နှိုင်းယှဉ်မှု ပြုသည် ဖြစ်စေ၊ အနည်းဆုံး မတူညီသော အရာဝတ္ထု နှစ်မျိုး ရှိရန် လိုအပ်သည်။ ထို့အတူ နိုင်ငံရေး နှိုင်းယှဉ်လေ့လာမှု ပြုရာတွင်လည်း အနည်းဆုံး မတူညီသော နိုင်ငံ (၂) ခု ရှိရမည် ဖြစ်သည်။ သို့မဟုတ် နိုင်ငံ တစ်နိုင်ငံတည်းကို လေ့လာမည် ဆိုပါက မတူညီသော အချိန်ကာလ နှစ်မျိုးကိုပင် နှိုင်းယှဉ် သုံးသပ်ရမည် ဖြစ်သည်။ တခါတရံတွင် နှိုင်းယှဉ် လေ့လာမှုသည် လေ့လာသူ သုတေသီ နေထိုင်သော နိုင်ငံနှင့်အခြား နိုင်ငံ တခုခုကို နှိုင်းယှဉ်လေ့လာမှုမျိုးလည်း ဖြစ်နိုင်သလို တခြားနိုင်ငံ (၂) ခုကို လေ့လာခြင်းမျိုးလည်း ဖြစ်နိုင်သည်။ မည်သို့ပင် ဆိုစေ ထိုသို့ နှိုင်းယှဉ် လေ့လာခြင်းဖြင့် နိုင်ငံတစ်ခုချင်းစီ၏ မတူညီသော နိုင်ငံရေး စနစ်များ အားသာချက်၊ အားနည်းချက်များကို သိမြင်နားလည် လာမည်ဖြစ်ရာ နိုင်ငံရေးဆိုင်ရာ ယဉ်ကျေးမှုဆိုင်ရာ အသိတရား မိုးကုတ်စက်ဝိုင်းကို ချဲ့ ထွင် နိုင်မည် ဖြစ်သည်။ ထို အချက်သည်ပင် နိုင်ငံရေး နှိုင်းယှဉ်လေ့လာမှု၏ ဒုတိယ ရည်ရွယ်ချက် ဖြစ်သည်။
နိုင်ငံရေး နယ်ပယ်တွင် ယေဘုယျ မှန်းဆချက်များ (Hypothesis) များရှိသည်။ ဥပမာ – ဓနဥစ္စာ ခွဲဝေမှု မမျှတ၍ ဆင်းရဲချမ်းသာ ကွာဟမှု ကြီးသော နိုင်ငံများသည် ဓနဥစ္စာ ခွဲဝေမျှတသည့် နိုင်ငံတို့ထက် တော်လှန်ရေး ဖြစ်ပွားနိုင်ချေ ပိုရှိသည် ဟူသည့် အဆိုကို လေ့လာကြည့်သည် ဆိုပါစို့။ ထို အဆို၏ မှန်ကန်နိုင်စွမ်းကို ဆန်းစစ်ကြည့်ရမည် ဖြစ်သည်။ နိုင်ငံ တစ်နိုင်ငံတည်းတွင်သာ ထိုသို့ ဖြစ်နေပါက ထိုအဆိုသည် အခြေအနေ အားလုံးအတွက် မှန်ကန်ချက်မျိုးဖြစ်သည်ဟု ယူဆရန် ခက်သည်။
ထိုအခြေအနေမျိုးတွင် နိုင်ငံရေး နှိုင်းယှဉ်လေ့လာမှု ပြုလုပ်ကြည့်ရမည် ဖြစ်သည်။ ထိုသို့ လေ့လာရာတွင် ဓနဥစ္စာ ခွဲဝေမှု မမျှတသော်လည်း ဓနဥစ္စာ ဖန်တီးနိုင်မှု စွမ်းရည်မြင့်သော နိုင်ငံများတွင် တည်ငြိမ်မှု ဖန်တီး နိုင်သည်ကို တွေ့ရှိရပါက မူလ အဆိုကို ပြောင်းလဲရမည် ဖြစ်သည်။ ဤသို့ဖြင့် ယေဘုယျ မှန်းဆချက်များကို လက်တွေ့ စမ်းသပ်စစ်ဆေးခြင်းဖြင့် ပိုမိုကောင်းမွန် မှန်ကန်သော ခန့်မှန်းချက်များ၊ ဖွင့်ဆိုချက်များကို ထုတ်ဖော် ရရှိနိုင်ပေသည်။
ထိုသို့ ဆောင်ရွက်နိုင်ခြင်းသည် နိုင်ငံရေး နှိုင်းယှဉ်လေ့လာမှု၏ အရေးကြီးဆုံးသော တတိယ ရည်ရွယ်ချက် ဖြစ်သည်။ နိုင်ငံရေး နှိုင်းယှဉ်လေ့လာမှု ပြုရာတွင် ကြုံတွေ့ရသည့် အခက်အခဲများနှင့် ထိုအခက်အခဲများကို ကျော်လွှားနိုင်ရန် အသုံးပြုနိုင်သည့် နည်းလမ်းများကို ဆက်လက် ဆွေးနွေးသွားမည် ဖြစ်သည်။
နိုင်ငံရေး နှိုင်းယှဉ်လေ့လာမှု ပြုခြင်းသည် နိုင်ငံ တစ်ခုချင်းစီ၏ အသေးစိတ် အကြောင်းအရာများကို အရသာ မြောက်အောင် မှတ်တမ်း ပြုစုခြင်းမျိုး မဟုတ်ပေ။ နိုင်ငံများကို နှိုင်းယှဉ်လေ့လာပြီး ယေဘုယျ ရည်မှန်းချက်များ၊ သီအိုရီများကို ဖော်ထုတ်ပေးနိုင်ရန် ဖြစ်သည်။ လေ့လာသူ သုတေသီများနှင့် သုတေသီတို့၏ လေ့လာမှုတို့မှ ပေါ်ထွက်လာသော ရလဒ်များကို လက်တွေ့ အသုံးပြုမည့်သူ နှစ်ဦး နှစ်ဖက်လုံးသည် မှန်ကန်သော ဓမ္မဓိဌာန် ကျသော ရလဒ်များကိုသာ လိုလားကြမည် ဖြစ်သည်ဟု ယူဆနိုင်သည်။ ထိုနေရာတွင် သုတေသီတို့၏ ဓမ္မဓိဌာန် ကျကျ သစ္စာရှိရှိ ဆောင်ရွက်နိုင်စွမ်းသည် အလွန် အရေးပါလှသည်။ သုတေသီတို့အနေနှင့် မိမိတို့ လိုချင်သော နောက်ဆုံး ရလဒ် ထွက်ပေါ်လာစေရန်အတွက် လိုက်ဖက်ကြိုးပမ်းဆောင်ရွက်မှုများ မရှိစေရန် ထိန်းသိမ်းရမည် ဖြစ်သည်။
သုတေသန ရလဒ်များကို အပြည့်အ၀ ယုံကြည်မှု ပေးနိုင်ရန် အတွက် ထိုရလဒ်များကို အခြား ပညာရှင်များက ၀ိုင်းဝန်းဆန်းစစ်ရန် လိုအပ်လေသည်။ မည်သို့ပင်ဆိုစေ သုတေသီ၏ ကိုယ်ပိုင်တန်ဖိုးထားမှုများ၊ ခံယူချက်များသည် သူတို့၏ နှိုင်းယှဉ်လေ့လာမှု ရလဒ်များအပေါ်တွင် အနည်းနှင့်အများ ထင်ဟပ်နေမည်သာ ဖြစ်သည်။ ထိုအတွက် ရလဒ်များကို လက်တွေ့ အသုံးချမည့် သူများအနေနဲ့ မည်သည့် အရာကိုမျှ မျက်စိမှိတ် ယုံကြည်မှု မပြုသင့်တော့ သလို ငြင်းပယ်မှုလည်း မပြုသင့်ပေ။ သုတေသီတို့၏ လေ့လာမှု၊ ရလဒ်များကို သေချာစွာ နားလည်နိုင်ရန် ကြိုးစားရန် ဓမ္မဓိဌာန်ကျသည့် အချက်များကို ရှာဖွေတတ်ရန် သာလိုသည်။
နာဇီခေတ် ဂျာမနီနိုင်ငံတွင် ပေါ်ပေါက်ခဲ့သော လူမျိုးကြီး ၀ါဒ အခြေပြု၊ လူမှု ဗေဒ အယူအဆ၊ ဆိုဗီယက် ခေတ်တွင် ပေါ်ထွန်းခဲ့သော ပစ္စည်းမဲ့ သိပံ္ပ (Proletarian Science) အယူအဆများသည် ထိုနိုင်ငံမှ သုတေသီ တို့၏ အယူအစွဲများအပေါ်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ထိုစဉ်က ဆိုဗီယက်ပညာရှင်တို့သည် အိုင်းစတိုင်း၏ ရီလေတီဗီတီ သီအိုရီကိုပင် ဆိုရှယ်လစ် တော်လှန်ရေးကို ဆန့်ကျင်သည်ဟု ယူဆကာ ငြင်းပယ် ခဲ့ကြသည်။ နိုင်ငံရေး အိုင်ဒီယိုလိုဂျီများက ဓမ္မဓိဌာန် မှန်ကန်ချက်များကို လွှမ်းမိုးသွားသည့် သဘောပင် ဖြစ်သည်။
ဘုရားကျောင်းနှင့် စာကြည့်တိုက်
နိုင်ငံရေး နှိုင်းယှဉ် လေ့လာမှု ပြုရာတွင် မျှခြေရှာဖွေနိုင်ရန်မှာ အရေးကြီးသည့် လုပ်ငန်း အဆင့်တစ်ခု ဖြစ်သည်။ တူညီသော နိုင်ငံများကို လေ့လာရာတွင် ထို မတူညီမှု ထဲမှ ယေဘုယျ တူညီမှုများကို ရှာဖွေခြင်းသည် နိုင်ငံရေးသိပံ္ပ အလိုအရ မျှခြေ ရှာဖွေခြင်းဖြစ်သည်။ မည်သည့် နှိုင်းယှဉ်မှု မျိုးတွင် မဆို နှိုင်းယှဉ်သည့် အရာများသည် လုံးလုံးလျားလျား မတူညီကြပါကလည်း နှိုင်းယှဉ်မှု ပြုနိုင်မည် မဟုတ်ပေ။ လုံးဝ ဥဿုံ တူညီနေပါကလည်း မည်သို့မျှ နှိုင်းယှဉ်နိုင်မည် မဟုတ်ပေ။ မတူညီမှုများထဲမှ တူညီမှုများကို ရှာဖွေနိုင်ရန်မှာ နိုင်ငံရေး နှိုင်းယှဉ်လေ့လာမှု နယ်ပယ်၏ အရေးကြီးဆုံးသော ကိစ္စဖြစ်သည်။ ဥပမာ – ဘုရားကျောင်းတခုနှင့် စာကြည့်တိုက် တစ်ခုကို နှိုင်းယှဉ်မှု ပြုရမည် ဆိုပါစို့။ တမျိုးနဲ့ တမျိုး အသွင်သဏ္ဍာန်ရော၊ အနှစ်သာရပါ မတူကွဲပြားနေသည်ကို တွေ့ရမည် ဖြစ်သည်။ သို့သော် နိုင်ငံရေး နှိုင်းယှဉ် လေ့လာမှု အမြင်အရ တူညီမှု မျှခြေကို ရှာဖွေရမည် ဆိုပါက ထိုအဆောက်အဦး နှစ်ခုလုံးသည် လူအများ ၀င်ထွက်သွားလာနိုင်ရန် တည်ဆောက် ထားခြင်း ဖြစ်သည်။
ထို့အပြင် အဆောက်အဦး နှစ်ခုလုံးသည် အများအားဖြင့် တိတ်ဆိတ်ငြိမ်သက် နေလေ့ရှိသည်ဟု ဆိုနိုင်သည်။ မတူညီမှုများ အနေနှင့်မူ စာကြည့်တိုက်မှ စာအုပ်များကို ငှားရမ်းဖတ်ရှုနိုင်ပြီး ဘုရားကျောင်းမှာမူ ဘာသာရေး အရ ၀တ်ပြုမှုမျိုးကို ဆောင်ရွက်နိုင်သည်။ ထိုသဘောသည် မတူညီမှုများထဲမှ တူညီသည့် လက္ခဏာများကို ရှာဖွေ ထုတ်ကြည့်ခြင်းပင် ဖြစ်သည်။
ကမ္ဘာအသီးသီးတွင် ပယ်နှုတ်၍ လွယ်ကူအောင် ပြု၍ မရသော သီးခြားကိုယ်ပိုင် လက္ခဏာများ (Irreducible Originality) ရှိကြသည်။ ထိုလက္ခဏာများကို သေချာစွာ နားမလည်ပါက ထိုနိုင်ငံများ၏ နိုင်ငံရေး အခြေအနေများ၊ စနစ်များကို လေ့လာရာတွင် မည်သို့မျှ ခြုံငုံ နားလည်နိုင်မည် မဟုတ်ပေ။ ထိုသို့ သီးခြား ကိုယ်ပိုင် လက္ခဏာများကိုသာ ရှေ့ တန်းတင် စဉ်းစားလွန်ပါကလည်း အရာရာ အစစ မတူညီမှုများကိုသာ တွေ့ရမည် ဖြစ်သဖြင့် နိုင်ငံရေးနှိုင်းယှဉ်လေ့လာမှုအတွက် အရေးကြီးသော မျှခြေများကို ရှာဖွေနိုင်မည် မဟုတ်ပေ။ ထိုသို့ မရှာဖွေ နိုင်ပါက ထိုနိုင်ငံ၏ အသေးစိတ် သဘာဝများကိုသာ ရသ ဆန်ဆန် မှတ်တမ်းတင် ခြင်းသာ ဖြစ်လာနိုင်ပြီး နိုင်ငံရေးနှိုင်းယှဉ်လေ့လာမှု၏ ရည်ရွယ်ရင်းဖြစ်သော ယေဘုယျ မှန်ကန်ချက်များ၊ ရှာဖွေ ထုတ်ဖော်နိုင်ရန် သီအိုရီများ တည်ဆောက်နိုင်ရန် မလွယ်ကူပေ။
ထိုအခက်အခဲများကို ကျော်လွှားနိုင်ရန်မှာ တူညီမှုများကို မတူညီသည့် အခြေအနေများထဲမှ မြင်တတ်အောင် လေ့လာတတ်ရန်ပင် ဖြစ်သည်။ မတူညီမှုများ၊ သီးခြား ၀ိသေသ သဘောဆောင်သည့် လက္ခဏာများကို သေချာစွာ နားလည်ရန် လိုသလို ထိုအခြေအနေများကို ဓမ္မဓိဌာန် မှန်းဆချက်များ တည်ဆောက်ရာတွင် လိုသလို ထည့်သွင်း အသုံးချတတ်ရန် လိုအပ်ပေမည်။
နိုင်ငံရေး နှိုင်းယှဉ်လေ့လာမှုတွင် တူညီမှုများကို အခြေခံပြီးမှ မတူညီမှုများကို ရှာဖွေသော ပုံစံ Most Similar Systems Design နှင့် မတူညီမှု အခြေအနေများထံမှ တူညီမှုများကို ရှာဖွေသော ပုံစံ Most Different Systems Design ဟူ၍ ပုံစံနှစ်မျိုး ရှိပေသည်။ တူတာထဲက မတူတာရှာ၊ ပုံစံအရ ချဉ်းကပ်ရာတွင် ပထမဆုံး အနေနှင့် လေ့လာနေသော နိုင်ငံ (၂) နိုင်ငံ (သို့မဟုတ်) နိုင်ငံအုပ်စုများ၏ ယေဘုယျ တူညီချက်များကို ရှာဖွေနိုင်မည် ဖြစ်သည်။
လေ့လာမှု ဒုတိယ အဆင့်တွင်မူ ထိုသို့သော ယေဘုယျ တူညီချက်များရှိသော်လည်း နိုင်ငံတစ်ခု၏ အခြေအနေသည် အခြားနိုင်ငံများနှင့် မတူဘဲ ထူးခြားသော အခြေအနေများ ဖြစ်ပေါ်ခြင်းကို ရှာဖွေလေ့လာခြင်း ဖြစ်သည်။ မတူတာထဲက တူတာရှာ ပုံစံအရ ချဉ်းကပ်ရာတွင်မူ လေ့လာနေသော နိုင်ငံများ၏ မတူညီမှုများကို အလွယ်တကူ ရှာဖွေ တွေ့ရှိနိုင်ပြီး ထိုသို့ မတူညီမှုများ ရှိသော်လည်း တူညီသည့် ဖြစ်စဉ်ကြီးထဲတွင်မူ “ဘုံ” သဘောဆောင်၍ ဖြတ်သန်းနေကြပုံများကို လေ့လာနိုင်မည် ဖြစ်သည်။ တနည်းအားဖြင့် တူတာထဲက မတူတာရှာ ပုံစံသည် မူလကတည်းက တူညီမှုများ ရှိနေပြီးသော နိုင်ငံများကို စုစည်း၍ နှိုင်းယှဉ်လေ့လာခြင်းမျိုး ဖြစ်ပြီး မတူထဲက တူတာရှာ ပုံစံပါမူ နိုင်ငံရေး စနစ်ချင်း မတူညီသော နိုင်ငံများကို လေ့လာ၍ တူညီချက်များကို ရှာဖွေခြင်းမျိုး ဖြစ်သည်။
ဥပမာ- စစ်အေးကာလကို အတူတူ ဖြတ်သန်းခဲ့ကြသော နိုင်ငံရေးစနစ်ချင်း မတူညီသည့် ဆိုရှယ်လစ် အုပ်စုဝင် နိုင်ငံများနှင့် အရင်းရှင် နိုင်ငံများကို နှိုင်းယှဉ်လေ့လာခြင်းမျိုး ဖြစ်သည်။ တူတာထဲက မတူတာရှာ ပုံစံအရ လေ့လာမှု အခြေအနေ တစ်ရပ်ကို ဆက်လက်တင်ပြသွားမည် ဖြစ်သည်။
ယနေ့ ကမ္ဘာတွင် လူများစု ပြောဆိုနေကြသော စိတ်ဝင်စားစရာ ယေဘုယျ မှန်းဆချက် အဆိုတစ်ခု ထွက်ပေါ်နေသည်။ လစ်ဘရယ် ဒီမိုကရေစီ ထွန်းကားရေး ရင့်ကျက်နေပြီ ဖြစ်သော နိုင်ငံတို့တွင် နိုင်ငံသားတို့၏ မဲဆန္ဒပေးမှု နှုန်းမှာ တဖြေးဖြေး ကျဆင်းလာသည် ဟူ၏။ နိုင်ငံရေး နှိုင်းယှဉ်လေ့လာမှု အမည်အရ နိုင်ငံရေး သိပံ္ပပညာရှင် Paul Whiteley နှင့် အဖွဲ့က ထိုအဆိုကို ဆန်းစစ်နိုင်ရန် လစ်ဘရယ် ဒီမိုကရေစီ နိုင်ငံပေါင်း တစ်ဆယ်နှစ် နိုင်ငံကို စုစည်း၍ ၁၉၅၀ ပြည့်လွန် နှစ်များတွင် ပြည်သူလူထု၏ မဲဆန္ဒ ပေးမှု နှုန်းများနှင့် ၁၉၉၈ ခုနှစ်တွင် ပြည်သူလူထု၏ မဲဆန္ဒ ပေးမှုနှုန်းတို့ကို နှိုင်းယှဉ်လေ့လာခဲ့ကြသည်။ ထိုလေ့လာမှု အရ ဒိန်းမတ်နှင့် ဆွီဒင်နိုင်ငံတို့မှ အပ နိုင်ငံ (၁၀) နိုင်ငံတွင် မဲပေးမှု နှုန်းများသည် ကျဆင်းလာကြောင်း တွေ့ရသည်။ ဒိန်းမတ်နှင့် ဆွီဒင် နိုင်ငံတို့တွင်မူ မဲ ပေးမှု နှုန်းသည် တက်လာသည်ကို တွေ့ရသည်။
အမှန်စင်စစ် နိုင်ငံရေး နှိုင်းယှဉ်လေ့လာမှုအရ စမ်းစစ်နေသော အထက်ပါ (၁၂) နိုင်ငံလုံးသည် တစ်ခုနှင့် တစ်ခု ယှဉ်တူနေသော နိုင်ငံရေး စနစ်များကို ကျင့်သုံးနေကြပြီး တည်ငြိမ်သော လူမှု အဆောက်အအုံများ ရှိကြလေသည်။ စီးပွားရေး ဖွံ့ဖြိုးမှုများမှာလည်း ယေဘုယျအားဖြင့် တိုးတက်မှု ရှိနေကြသော နိုင်ငံများ ဖြစ်ကြသည်။ နိုင်ငံကြွယ်ဝ ချမ်းသာလာသည်နှင့်အမျှ နိုင်ငံသားများသည်လည်း ယေဘုယျ အားဖြင့် ကြွယ်ဝ ချမ်းသာလာကြသည်ဖြစ်ရာ မည်သည့် အစိုးရ တက်သည်ဖြစ်စေ သူတို့၏ တည်ငြိမ်နေသော လူမှုစီးပွားရေး အခြေအနေများကို ယိုယွင်းသွားအောင် ပြုလုပ်မည်မဟုတ်ဟု ယုံကြည်ကြသည့်အတွက် မဲဆန္ဒ ပေးစရာ မလိုဟု ယူဆလာကြသည်။
နိုင်ငံရေး ရောင့်ရဲလာမှု အလေ့အထများ ပေါ်ပေါက်လာရမည်သာ ဖြစ်သည်။ သို့သော် မဲဆန္ဒပေးနှုန်းသည် ကျဆင်းမသွားဘဲ တိုးနေသည်။ နိုင်ငံရေးစနစ် လူမှုရေး အဆောက်အအုံ ပုံစံများနှင့် စီးပွားရေး တိုးတက်မှု တို့အရ ဆင်တူသော နိုင်ငံများ ဖြစ်သော်လည်း ဆွီဒင်နှင့် ဒိန်းမတ်တို့တွင် အဘယ်ကြောင့် မဲဆန္ဒပေးနှုန်း များလာသည် ဆိုသည်မှာ စိတ်ဝင်စားစရာ ကောင်းလှပေသည်။ နိုင်ငံရေး သိပံ္ပ ပညာရှင် Whiteley က ထို နိုင်ငံ နှစ်ခု၏ လူမှုရေးအရေး (Social Capital) မြင့်မားမှုကို ထောက်ပြပါသည်။ ထိုနိုင်ငံတို့တွင် နိုင်ငံသားတို့သည် တစ်ဦးပေါ် တစ်ဦး ယုံကြည်ကြသလို ရပ်ရွာအကျိုး သယ်ပိုးလိုသည့် စိတ်များလည်း အားကောင်းကြသည်။ ထို့ကြောင့် လူမှုရေး အဖွဲ့အစည်းများ၊ အားကစား ကလပ်များ၊ မိဘဆရာ အသင်းများ၊ လူထုရေးရာ စီမံချက်များ စသည့် လူမှုရေးဆိုင်ရာ အဖွဲ့အစည်း အဆောက်အဦးများကို ဖြန့်ကြက် ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်နိုင်စွမ်း ရှိကြသည်။
Whiteley ၏ အလိုအရ ထိုအခြေအနေများသည် နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်လိုစိတ် (ဥပမာ – မဲဆန္ဒ ပေးခြင်း) ကို နှိုးဆွပေးခြင်း ဖြစ်လာလေသည်။ မဲဆန္ဒပေးမှုသာမက တခြားသော လူမှု အဖွဲ့အစည်းများ ခိုင်မာ အားကောင်းလာစေရန် လိုအပ်ပါက အလွယ်တကူ ပူးပေါင်းဆောင်ရွက်နိုင်ရန် ချိတ်ဆက်ထားသော လူမှုရေး ကွန်ယက်များ အားကောင်းစေရန် အတွက် လူမှုအရင်းကို မြှင့်တင်ပေးနိုင်ရန် ပေါ်လစီများ ချမှတ်သင့်သည်ဟု Whiteley က အကြံပြုလေသည်။
အထက်ပါ လေ့လာမှုကို စမ်းစစ်ကြည့်ပါက ပထမဦးစွာ တူညီသော အခြေအနေများရှိသည့် နိုင်ငံများကို စုစည်းလေ့လာခဲ့ရာမှ ထူးခြားသည့် မတူညီမှုများကို တွေ့ခဲ့ခြင်းဖြစ်သည်။ ထိုမတူညီမှုမှာ သက်ဆိုင်ရာ နိုင်ငံများ၏ ထူးခြားသော ကိုယ်စားလှယ်များကြောင့် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။ ထိုသို့ သော အခြေအနေသည်လည်း နိုင်ငံများ အားလုံးက လိုအပ်သည့် လူမှု အဖွဲ့အစည်းများ အားကောင်းစေရန် နိုင်ငံရေး တည်ငြိမ်မှုများကို ထိန်းထားနိုင်ရန် မည်သို့ ဆောင်ရွက်သင့်သည်ဆိုသည်ကို လေ့လာ အတုယူ နိုင်သည် ဖြစ်ရာ များစွာ အကျိုးရှိသည်ဟု ဆိုနိုင်သည်။ နိုင်ငံရေး နှိုင်းယှဉ်လေ့လာမှု၏ အဓိက လေ့လာချက်မှာ တူညီမှုများထဲမှ မတူထူးခြားနေသော အချက်များကို ရှာဖွေ ဆန်းစစ်၍ ယေဘုယျ ရည်မှန်းချက်များကို ဖော်ထုတ်နိုင်ရန် မတူညီမှုများထဲမှ တူညီသော “ဘုံ” လက္ခဏာဆောင်သော အခြေအနေ များကို ရှာဖွေ ထုတ်ဖော်ခြင်းဖြင့် ရှုပ်ထွေး ပွေလီလှသော အဖြစ်အပျက်တို့ကို လေ့လာရာတွင် လွယ်ကူလာစေရန် နိုင်ငံများ နှိုင်းယှဉ်လေ့လာ သုံးသပ်ကြည့်ခြင်းဖြင့် လက်တွေ့အသုံးပြုနေသော နိုင်ငံရေး သီအိုရီများ အိုင်ဒီယိုလိုဂျီများ ယေဘုယျ မှန်းဆချက်များ၏ မှန်ကန်နိုင်စွမ်းကို ဝေဖန်မှု ပြုနိုင်ရန် ဖြစ်ပေသည်။ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် လေ့လာ တွေ့ရှိချက် အသိများကို ရှာဖွေ နိုင်မည် ဖြစ်သလို ပိုမိုကောင်းမွန်သော ကမ္ဘာ့နိုင်ငံရေး တူရူချက်များဆီသို့ ဦးတည်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ရပါသည်။