How do I apply payday loan Your Finances are your own Business
ပင်မနေရာ စစ်အင်အား စစ်အာဏာရှင်ကြီး၏အတွင်းရေး စစ်ဥပဒေနှင့် စစ်ဗိုလ်ချုပ်များ - အပိုင်း (၁)

ပင်မနေရာ စစ်အင်အား စစ်အာဏာရှင်ကြီး၏အတွင်းရေး စစ်ဥပဒေနှင့် စစ်ဗိုလ်ချုပ်များ - အပိုင်း (၁)

စစ်ဥပဒေနှင့် စစ်ဗိုလ်ချုပ်များ - အပိုင်း (၁)

Print PDF
User Rating: / 5
PoorBest 

ဆောင်းပါးရှင် - ဗိုလ်အေးမင်းဦး

မြန်မာ့တပ်မတော်သည် ယခင်က အလွန်တရာမှ ဂုဏ်သိက္ခာ ရှိခဲ့သည်။ ပြည်သူလူထုနှင့် တပ်မတော်သည် တသားတည်း ဖြစ်ခဲ့သည်။ ယနေ့စစ်တပ်ကတော့ ယခင်နှင့် မတူတော့ပေ။ ပြည်သူလူထုနှင့် စစ်တပ်သည် ကွဲပြား၍ ရန်သူသဖွယ် ဖြစ်နေကြပေပြီ။ ထို့အတူ စစ်တပ်အတွင်းတွင်လည်း ဤသို့ ဖြစ်ပျက်လျှက်ရှိသည်။ အထက်ဗိုလ်ချုပ်များသည် အောက်ခြေ ရဲဘော်မှ အရာရှိငယ် အဆင့်အထိ နှိုင်းယှဉ်သော် ကွဲပြား၍ သခင်နှင့် ကျွန်သဖွယ် ဖြစ်နေပေပြီ။

ဗိုလ်ချုပ်နှင့်အထက် အကြီးအကဲများသည် လက်အောက် ရဲဘော်များမှ အရာရှိငယ် အဆင့်အထိ ငယ်သားများအား တာဝန်မယူဘဲ လက်အောက်ကို လွှဲချဖို့၊ ဖိနှိပ်ဖို့၊ နှိပ်ကွပ်ဖို့နှင့် ကျွန်များသဖွယ် သဘောထားကာ ခိုင်းစေနေကြပြီ။ ထုတ်ပြန်ထားသော၊ ပြဌာန်းထားသော ဥပဒေများ၊ ကျင့်ဝတ်များသည်လည်း ပျောက်ဆုံးနေပြီ။ တပ်မတော်သည် စည်းကမ်းရှိသော အဖွဲ့အစည်း ဖြစ်ရမည်ဟုဆိုကာ စည်းကမ်းချက်များ၊ ဥပဒေများ၊ ပြစ်မှုပြစ်ဒဏ်များ ခမ်းခမ်းနားနား ပြဌာန်းခဲ့သည်။ သို့သော် ၄င်းဥပဒေများသည် အထက်အရာရှိကြီးများနှင့် မဆိုင်ဘဲ လက်အောက် ငယ်သားများအတွက်သာ ဖြစ်ခဲ့တော့သည်။

ပြည်သူ့လွှတ်တော်ဥက္ကဌအဖြစ်ဆောင်ရွက်နေသည့် သူရဦးရွှေမန်း

အကြီးအကဲ ဗိုလ်ချုပ်များသည် ဥပဒေအထက်တွင်ရှိပြီး လိုသလို ခွစီးနေကြပြီ။ ထို့ကြောင့် စစ်ဥပဒေသည် အဓိပ္ပာယ်တစ်မျိုး သက်ရောက်သွားတော့သည်။ ထို့ကြောင့် “စစ်ဥပဒေဟူသည် လက်အောက်ငယ်သား အောက်ခြေ လူတန်းစားများအတွက်သာ ထုတ်ပြန်ထားခြင်းဖြစ်သည်” ဟု နားလည်ရပေတော့မည်။ ရဲဘော်အဆင့်မှ အရာရှိငယ်အဆင့်ထိ လူတန်းစားများသည် စစ်တပ်မှ ထုတ်ပြန်ထားသော ဥပဒေနှင့် ငြိစွန်းလျှင် ၄င်းပြစ်မှုပြစ်ဒဏ်များကို မလွဲမသွေ ကျခံရမည် ဖြစ်သည်။ သို့သော် ၄င်းဥပဒေများသည် အကြီးအကဲများနှင့်တော့ လားလားမျှ မသက်ဆိုင်ပေ။

အဘယ့်ကြောင့် ယခုကဲ့သို့ ပြောပါသနည်း။ ရှင်းပါသည်။ စစ်ဥပဒေနှင့် ငြိစွန်း၍ အပြစ်ပေးခံ၊ အပြုတ်ခံ၊ ထောင်ချခံရသူများကို ကြည့်ပါက ရဲဘော်မှ ဗိုလ်ကြီးအဆင့်ထိ လူများကိုသာ တွေ့နေရသည်။ အထက်လူကြီး ဆိုသူများသည်ပင် ဥပဒေနှင့် မငြိစွန်းသော လုပ်ငန်းများ လုပ်ကိုင်နေသလား၊ သန့်ရှင်းနေသလား၊ သမာဓိရှိရှိ နေထိုင် ကျင့်ကြံနေသလားဟု စဉ်းစားမိသည်။ မထင်ပါ။ န၀တမှ ပထမဦးဆုံးအကြိမ် ဖယ်ရှားခံရသော ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဘ၊ ထွန်းကြည်၊ မြင့်အောင် ၊ မောင်သင့် စသည်တို့သည် တစုံတရာ အရေးယူခံရခြင်း မရှိဘဲ လွတ်မြောက်နယ်မြေမှာ ပျော်ရွှင် မြူးတူးနေကြသည်။ ဒုတိယဗိုလ်ချုပ်ကြီး မောင်သင့်ဆိုလျှင် ညီအမနှစ်ဦးကို တပြိုင်နက် မယားပြိုင်သဘော ယူထားသေးသည်။ ကောင်းလေစွ။

ဥပဒေနှင့် ငြိစွန်းသော အလုပ်များ လုပ်ကိုင်နေကြသည်မှာ စစ်ဗိုလ်ချုပ်များပင် ဖြစ်တော့သည်။ အာဏာကို ပါဝါတစ်ခုလို အသုံးချကြသည်။ ရဲဘော်အဆင့်မှ ဗိုလ်ကြီးအဆင့် လူများသည် မိသားစုအတွက် ရုံးကန်ရင်း အပြစ်ဖြစ်ကြသည်။ ဥပမာ ဆိုင်ကယ် ကယ်ရီ၊ မှောင်ခိုပစ္စည်း လုပ်မိကြသည်။ ထုတ်ပြန်ထားသော ဥပဒေနှင့် ငြိစွန်းသည်။ အပြစ်ရှိသည် မှန်၏။ ပြုတ်မည် (သို့) ထောင်ချခံရမည်။ ပြစ်ဒဏ်များ ချမှတ်ပြပါလိမ့်မည်။ အကြီးအကဲများ၊ စစ်တရားသူကြီးဆိုသူများ။ သို့သော် ယင်းစစ်ဗိုလ်ချုပ်များ၊ စစ်တရားသူကြီးများ၊ အကြီးအကဲ ဆိုသူများသည်ပင် ဇိမ်ခံကားများ အစီးရာနှင့်ချီ၍ တရားမဝင် သွင်းနေကြသည်။ လေလံအဖြစ် ပြန်လည် ရောင်းစားနေကြသည်။ ချမ်းသာနေကြသည်မှာ ဆွေစဉ်မျိုးဆက် စားမကုန်နိုင်အောင် ဖြစ်သည်။

ဤသို့ တရားမ၀င်ကိစ္စများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေသည်ကို မည်သူ တရားစီရင်ပါမည်နည်း။ ထုတ်ပြန်ထားသော စစ်ဥပဒေသည် အဘယ့်သို့ ရောက်သွားပါသနည်း။ ၄င်းတို့ကိုယ်တိုင် ထုတ်ပြန်ထားသော ဥပဒေများအတိုင်းသာ အရေးယူရပါလျှင် စစ်တပ်အတွင်း အကြီးအကဲဟူသည် ရှိနိုင်တော့မည်ပင်မထင်။ ငယ်သားများအား အပြစ်ပေး ထောင်ချနေသော စစ်တရားသူကြီးများ ကိုယ်တိုင်ပင် ထောင်ထဲတွင် အရိုးထုတ်ရဖွယ်ရှိမည်။ ကားမှောင်ခိုမှု၊ လာဘ်စားမှု၊ အာဏာသုံး မတရားသိမ်းပိုက်မှု၊ ကိုယ်ကျိုးရှာ စီးပွားရေးသမားများနှင့် ပေါင်းကာ စီးပွားရှာမှု၊ မိန်းမပျက်များနှင့် ပျော်ပါးမှု၊ မိန်းမ ရှုပ်ထွေးမှု စသည့် မမြင်ဘူးသေးသော အမှုများ အမြောက်အများ ရှိပါဦးမည်။ ဂုဏ်သိက္ခာဟူသည် မရှိ။ “ကာရင် အိုကေ” ဆိုသော ကာရာအိုကေ စားသောက်ဆိုင်၊ ကေတီဗွီများနှင့် မိန်းကလေး အနှိပ်ခန်း မာဆာ့ခ်ျဆိုင်များသို့ ဝင်ကာ အပျော်အပါး လိုက်စားကြသည်။ အငယ်အနှောင်းများ ထားကြသည်။ ဘာကြောင့် ဥပဒေကို လူတန်းစားခွဲခြား သတ်မှတ်ထားပါသလဲ။

နေပြည်တော်မှရန်ကုန် အစည်းအဝေးအသွား လူပင်မရောက်သေး၊ ဟိုတယ် (၃) လုံးတွင် ပျော်ပါးနေကြ မိန်းမပျက် (၃) ယောက်က တစ်ခန်းစီတွင် အသင့် စောင့်လျှက်ရှိသည်။ ခေါင်းဆောင်ဆိုသုများ ငွေကြေး သိန်းပေါင်း သန်းနှင့်ချီကာ ချမ်းသာကြသည်။ ဤမျှ များပြားသော ငွေများ အဘယ်က ရကြပါသနည်း။ စစ်တပ်အကြီးဆုံး တပ်ချုပ်ပင် (၁၂) သိန်း မကျော်သော လစာနှင့် ၄င်းတို့ချမ်းသာမှုများကို စဉ်းစားနှိုင်းယှဉ်ကြည့်လျှင် စစ်ဥပဒေအပြင် နယ်ဘက်ဥပဒေများနှင့်ပါ မုချ ငြိစွန်းနေပေလိမ့်မည်။

ရဲဘော်မှ အရာရှိငယ်အဆင့် လူများတွင်တော့ စစ်တပ်မှ အနားယူလျှင် နေစရာအိမ်ပင် မရှိပေ။ ဘဝ အာမခံချက်လည်း မရှိပေ။ စစ်ဗိုလ်ချုပ်များကတော့ မြေကွက်များ၊ အိမ်ကြီးအိမ်ကောင်းများက မြို့တိုင်းလိုလိုတွင် ရှိကြသည်။ သိန်း ထောင်သောင်းကျော်တန် မြေကွက်များ တစ်ကွက်ပြီးတစ်ကွက် ဝယ်နိုင်နေကြသည်။ မည်သူစစ်ဆေးပါသနည်း။ ဗိုလ်ကြီးတစ်ယောက် ဤမျှ ချမ်းသာသွားပါက စစ်ဆေးမှုများ မှိုလိုပေါက် ရောက်လာပါလိမ့်မည်။

အမျိုးသားလွှတ်တော် ဥက္ကဌအဖြစ်ဆောင်ရွက်နေသည့်

စစ်တပ်အကြီးအကဲများနှင့် ဝန်ကြီးများ ဤမျှ ချမ်းသာနေကြသည်ကိုတော့ စစ်ဆေးရန် မသိကျိုးကျွံ ပြုနေကြသည်။ ဥပဒေမရှိသယောင် မေ့ထားကြသည်။ ဤအချက်များကြောင့်ပင် အောက်ခြေအဆင့် ရဲဘော်များ၊ အရာရှိများသည် မကျေနပ်ချက်များနှင့် တင်းမာမှုများ တစ်စ တစ်စ ပိုတိုးလာနေသည်။ နာကြည်းချက်များ၊ အငြိုးအတေးများနှင့် ခဲထားကြသည်။ ဘယ်အချိန်မှာ ထပေါက်ကွဲမလဲ ဆိုသည်သာ စောင့်ကြည့်နေရသည်။ အကြီးအကဲများကလည်း မိမိတို့ အမှားများ လုပ်မိနေကြသည်၊ မတရားမှုများ လုပ်နေကြသည်ကို သိ၍ အမှန်တရား ထုတ်ဖော်သူများကို အတင်းအကြပ် လိုက်လံတားဆီး နှိပ်ကွပ်နေကြသည်။

တပ်တွင်း စည်းလုံးညီညွတ်ရေး ဟောပြောပွဲများ၊ စစ်စည်းကမ်းဆိုင်ရာ ဟောပြောပွဲများ၊ တပ်တွင်းစည်းရုံးရေး ကော်မတီများ အစရှိသော အသင်းအဖွဲ့များ ဖွဲ့၍ တပ်မတော်သားများကို တက်ရောက်စေကာ ၀ါဒမှိုင်းသွင်းပြီး ၄င်းတို့အား တော်လှန်ပုန်ကန်လာမည်ကို ကြောက်ကန် ကန်နေကြသည်။ အမှန်တကယ်ဆိုလျှင် တပ်တွင်းစည်းလုံး ညီညွတ်ရေးကို ပျက်ပြားအောင် လုပ်ဆောင်နေသူသည် ၄င်းတို့သာ ဖြစ်နေသည်။ မည်သူ တစ်ဦးတစ်ယောက်ကမှ တကူးတက သွေးထိုးပေးစရာ မလို။ ၄င်းတို့၏ လုပ်ရပ်များက အလိုလို သွေးထိုး ခွဲခြားပြီးသား ဖြစ်နေသည်။

၎င်းတို့ ခြိမ်းခြောက်ပုံအရ အစိုးရ ဝန်ထမ်းများအားလုံးသည် ကြံ့ဖွံ့ကိုသာ ဇွတ်အတင်း မဲပေးခဲ့ကြရပါသည်။ ထို့အပြင် ၄င်းဝန်ထမ်းနှင့် ပတ်သက်သော အရပ်သား ဆွေမျိုးများ၊ ဇနီးနှင့်သားသမီးများ၊ ဇနီး၏ဆွေမျိုးများ အားလုံးတို့သည်လည်း ကြံ့ဖွံ့ကိုသာ မဲပေးခဲ့ကြသည်။ မဲမပေးပါက အဆိုပါဝန်ထမ်း၏ ဘဝသည် ၄င်းတို့လက်ထဲတွင် ပျောက်ခြင်းမလှ ပျောက်သွားပေမည်။ ဤစနစ်နှင့် မဲပေးခိုင်းခဲ့ကြပြီး တရားမျှတသော ရွေးကောက်ပွဲကြီးကို ဟန်လုပ်ကာ ကျင်းပခဲ့သည်။ သိပ်ပြီး စိတ်မချရပါက မဲဆန္ဒနယ်မြေများတွင် ကြိုတင်မဲများ ကောက်ယူပြီး ထောက်ခံမဲ ရယူခဲ့သည်။ သူတို့အခြေခံဥပဒေ ထောက်ခံခြင်း မဲပေးသည့် အခါကလည်း ဤနည်းအတိုင်း ပြုလုပ်သွားခဲ့ကြသည့်အတွက် ဝန်ထမ်းနှင့် လုံးဝ ကင်းရှင်းသူများသာ မထောက်ခံကြခြင်း ဖြစ်သည်။

အမှန်တကယ်မှာ တပ်မတော်သားများသည် တပ်မတော်မှ ထွက်ချင်နေကြသည်။ ထွက်ချင်ပါသော်လည်း ပေးမထွက်သည့်အတွက် ယခုရွေးကောက်ပွဲ အပြောင်းအလဲကို မျှော်လင့်ချက်ရှိရှိ စောင့်မျှော်နေကြသည်။ သို့အတွက် ပါတီအသီးသီးမှ လွှတ်တော် ကိုယ်စားလှယ်များသည် ဒီမိုကရေစီစနစ် ကျင့်သုံးဖော်ဆောင်မည့် ခေါင်းဆောင်များပီပီ တပ်မတော်သားများ၊ ဝန်ထမ်းများအားလုံးအတွက် ၄င်းတို့ဆန္ဒ သဘောအလျောက် နုတ်ထွက်လိုက နုတ်ထွက်နိုင်ရန် အာမခံချက်များ၊ အပြောင်းအလဲများ လွှတ်တော်တွင် ပြုလုပ်ပေးကြရန် ၄င်းတို့ကိုယ်စား တောင်းဆိုလိုက်ပါသည်။ ထို့အပြင် သမ္မတလောင်းများသည် မြန်မာနိုင်ငံအား အကြောက်တရားဖြင့် အုပ်ချုပ်ခြင်းမှ ကင်းဝေးပြီး ပီပြင်သော မှန်ကန်သော ဒီမိုကရေစီစနစ်၊ Human Right စနစ်များ ချမှတ်ကျင့်သုံးပေးကြရန် မြန်မာပြည်သူများကိုယ်စား အလေးထား ရေးသားလိုက်ရပေသည်။

အပိုင်း (၂) ကို ဒီနေရာမှာ ဆက်လက် ဖတ်ရှုနိုင်တယ်

Last Updated ( Saturday, 18 August 2012 02:59 )  

နောက်ဆုံးရသတင်းများ

နောက်ဆုံးရဆောင်းပါးများ