ဆောင်းပါးရှင် - ဗိုလ်သိုးထိန်း
စာဖတ်ပရိတ်သတ်များခင်ဗျား
ပင်တိုင်ဆောင်းပါးရှင် စစ်တက္ကသိုလ်ကျောင်းဆင်း တပ်မတော်အရာရှိ တစ်ဦးဖြစ်တဲ့ ဗိုလ်သိုးထိန်းက “စည်းလုံးခြင်းရဲ့ အင်အား” ၀က်ဘ်ဆိုဒ်သို့ နအဖနဲ့ ရုရှားတို့က ကမ္ဘာနှင့် ပြည်သူလူထုအား မဟာဗျူဟာမြောက် လှည့်စားထားပုံနဲ့ ပတ်သက်ပြီး ဆောင်းပါးတစ်ပုဒ် ရေးသား ပေးပို့လာပါတယ်။ မြောက်ကိုရီယားနိုင်ငံဟာ အကြမ်းဖက်နိုင်ငံ ဖြစ်သည့် အားလျော်စွာ မြန်မာနိုင်ငံရဲ့ ချစ်ကြည်ရင်းနှီးမှု မျက်နှာကိုတောင် မထောက်ထားဘဲ အလည်အပတ် လာရောက်နေတဲ့ တောင်ကိုရီးယား သမ္မတနဲ့ အဖွဲ့ကို အာဇာနည် ဗိမ္မာန်တွင် ဗုံးခွဲ တိုက်ခိုက်ခဲ့ရာ မြန်မာနိုင်ငံမှ သံတမန် အဆက်အသွယ် ဖြတ်တောက် ခဲ့ရပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားဟာ ယနေ့အချိန်ထိ ၀န်ချတောင်းပန်ခြင်း မပြုသေးမီမှာပင် နအဖက မျက်နှာပြောင်တိုက်ပြီး သူတို့ကို ပြန်လည်သွားရောက် ဆက်သွယ်ခြင်းကတော့ နိုင်ငံ့ဂုဏ်သိက္ခာ ကျဆင်းလောက်ပါတယ်။ ဘယ်သူသေသေ ငတေ မာရင်ပြီးရော ဆိုတဲ့ နအဖရဲ့ ဖေါက်ပြန်တဲ့ စိတ်ဓါတ်ကတော့ အထင်းသား ပေါ်လွင်ခဲ့တာ များလှပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် ယခုလို ရေးသား ပေးပို့လာတဲ့ ဆောင်းပါးရှင် ဗိုလ်သိုးထိန်းအား ကျွန်တော် ကိုဖိုးတရုတ်က အထူး ကျေးဇူးတင် ရှိပါကြောင်း ဂုဏ်ပြုမှတ်တမ်းတင်ရင်း ဖေါ်ပြအပ်ပါတယ်။
ဒီခေါင်းစဉ်လေးနဲ့ ဆောင်းပါးတစ်ပုဒ် ရေးဖြစ်ရတဲ့ အကြောင်းရင်းကတော့ အခုတလော သိပ်ကို ခေတ်စားနေတဲ့ မြန်မာပြည်ရဲ့ နျူကလီးယား အရေးကိစ္စ၊ ကမ္ဘာ့ငပွကြီး မြောက်ကိုရီးယားနဲ့ မြန်မာပြည် ပေါင်းစည်းသွားခြင်းက အတော့်ကို ဂယက်ရိုက် နေပါတယ်။ မြန်မာပြည်ကို နျူကလီးယား နည်းပညာတွေ ပေးနေတဲ့ တရားခံကမြောက်ကိုရီးယားပေါ့။ ဒါကို ဘယ်သူငြင်းနိုင်မှာလဲ။မြောက်ကိုရီးယားသဘောင်္တွေ တွေ့ရာ နိုင်ငံတကာရေလက်ကြားတွေကနေဖြတ်ပြီး မြန်မာပြည်ကို နျူကလီးယားနှင့်သက်ဆိုင်သောပစ္စည်းများဟု ယူဆရတဲ့ ပစ္စည်းတွေအား မျက်နှာပြောင်တိုက် တင်သွင်းနေတာကိုး…

ရုရှားနိုင်ငံမှ နျူးကလီးယား ဓါတ်ပေါင်းဖိုစက်ရုံတစ်ရုံ
အဲဒီတော့ ဒီအချက်နဲ့ ပတ်သက်ပြီး နည်းနည်း စဉ်းစားကြည့်ကြရအောင်… ဘာလို့ နအဖနဲ့ မြောက်ကိုရီးယား ဒီလောက် မြန်မြန်ကြီး ပနာသင့် သွားရတာလဲ? ကမ္ဘာမှာ သိက္ခာရှိတဲ့ နိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ ရုရှားကို ပေါင်းပြီး လူမိုက်လုပ်နေရတာ နအဖအတွက် အခုအခံတွေ ရှိသေးတယ်။ ဒါကို ကမ္ဘာ့ငပွကြီး မြောက်ကိုရီးယားနဲ့ ပေါင်းပြီး လူမိုက်လုပ်ဖို့ လောက်အထိ နအဖဟာ မိုက်လုံးကြီးနေပြန်ပါတယ်။ ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံပေါ်မှာ နအဖရဲ့ ကကြိုးပြောင်းသွားပုံက သိပ်ကို မြန်လွန်း နေပါတယ်။ ဒါ သတိထားရမယ့် အချက်ဖြစ်ပါတယ်။
အချို့က ပြောကြတယ်၊ ရုရှားကြီးက နအဖကို နျူကလီးယားလက်နက် မပေးနိုင်ဘူးလို့ ငြင်းလိုက်လို့ မြောက်ကိုရီးယားဘက် ပြေးကပ်သွားခြင်း ဖြစ်တယ်တဲ့။ နအဖက တကယ်ဘဲ ရုရှားကို ကာပြန်ရဲသွားပြီလား။ ဒီမေးခွန်းကို သေချာစဉ်းစား ကြည့်ရင် ရှင်းတယ်။ နအဖက ဗီတိုအာဏာ ကိုင်ထားတဲ့ ရုရှားကို ကာမပြန်ရဲဘူးဆိုရင် အခုလို မြောက်ကိုရီးယားနဲ့ ပေါင်းစည်းရခြင်းကို ဘယ်သူက ခွင့်ပြုလို့ လုပ်ရတာလဲ။ ဒီမေးခွန်းတွေရဲ့ နောက်ကွယ်မှာ အလွန်ကို ရှုပ်ထွေးတဲ့ လှည့်ကွက် ပေါင်းများစွာ ရှိနေတာကို သတိပြုရမယ်။ အဲဒီတော့ နအဖ အကြောင်းလေးကနေ စပြီး သုံးသပ်ကြည့်ရအောင်။
နအဖသည် သူတို့အကျိုးမရှိမဲ့ ကိစ္စကို ဘယ်တော့မှ မလုပ်ဘူး။ ထိုနည်းတူစွာဘဲ မည်သည့် နိုင်ငံဘဲဖြစ်ပါစေ၊ အကျိုးအမြတ် မရှိသောအလုပ်ကို ဘယ်တော့မှ မလုပ်တာ အသေအချာပါပဲ။ နအဖက စစ်ဗိုလ်တွေ ရုရှားကို ပညာတော်သင် ဆက်တိုက် လွှတ်နေတာဟာ ရုရှားက အချိန်တန်ရင် နျူကလီးယား နည်းပညာ ပေးမှာပါဆိုတဲ့ မရေရာတဲ့ မျှော်လင့်ချက်နဲ့တော့ မဟုတ်နိုင်ဘူး။ သိပ်ကို သေချာတဲ့ သဘောတူညီချက်တွေ ရှိမှသာ ရုရှားကို ပညာတော်သင်များ စေလွှတ်နေခြင်း ဖြစ်နိုင်တယ်။
ဥပမာ တစ်ခုကိုဘဲကြည့်၊ နအဖက ရုရှားနိုင်ငံပြီးရင် အင်အားအကြီးဆုံး ဖြစ်တဲ့ ယူကရိန်းနိုင်ငံကိုလည်း ဖွဲ့စည်းပုံအသစ်နဲ့ ဖွဲ့ထားတဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်က အရာရှိတွေကို ပညာတော်သင် စေလွှတ်တယ်။ အဲဒီ အရာရှိတွေကို ယူကရိန်း မလွှတ်ခင် ကတည်းက ယူကရိန်းနိုင်ငံနဲ့ တိုက်ချင်းပစ် ဒုံးကျဉ် ဘယ်နှစ်လုံး၊ လေယာဉ်ပစ် အမြောက် ကြီး ဘယ်နှစ်လက် စသဖြင့် အရောင်းအ၀ယ် သဘောတူညီချက်တွေ ရရှိပြီးမှသာ စေလွှတ်ခြင်း ဖြစ်တယ်။ ယူကရိန်းက လက်နက်တွေရောင်းပါစေ ဆိုတဲ့ မျှော်မှန်းချက်နဲ့ ယူကရိန်းကို ဦးစွာ ပညာတော်သင် စေလွှတ်ခြင်းမျိုး မဟုတ်ဘူး။ ယူကရိန်းက လက်နက်တွေ ရောင်းပါ့မယ်ဆိုတဲ့ ဂတိခံဝန်ချက် ရပြီးမှ ပိုင်မှ စေလွှတ်ခြင်းဖြစ်တယ်။
အဲဒီတော့ နအဖအနေနဲ့ ရုရှားနိုင်ငံသို့ မြောက်များစွာသော အရာရှိများအား ပညာတော်သင် သွားစေခြင်းဟာ မရေရာတဲ့ သဘောတူညီချက်ကြောင့် မဟုတ်ဘူးဆိုတာ ရှင်းနေ တယ်။ အဲဒီလို ပညာတော်သင်သွားစေတဲ့ စီမံကိန်းဟာ အခုဆို ၉ နှစ် ရှိခဲ့ပါပြီ။ တစ်နှစ်ကို အရာရှိ ၄၀၀ နဲ့ ၅၀၀ ကြား လွှတ်နေတာ၊ ယခုဆိုရင် ရုရှားမှာ ပညာတော်သင်သွားဖို့ နအဖက စေလွှတ်လိုက်တဲ့ တပ်မတော်အရာရှိ အင်အားဟာ (၅၀၀၀) ခန့် ရှိသွားပြီ ဖြစ်တယ်။ ပညာရပ်ပိုင်းဆိုင်ရာ အနေနဲ့ နျူကလီးယား ဘာသာရပ်၊ အီလက်ထရောနစ် စစ်ဆင်ရေး ဘာသာရပ်၊ မြေအောက်လှိုဏ်ဂူ ထိုးဖောက်စစ်ဆင်ရေး ဘာသာရပ်၊ အဆင့်မြှင့် ကွန်ပျူတာ ဘာသာရပ်၊ အမြောက် ဘာသာရပ်၊ ရေဒါ အပါအ၀င် လေကြောင်း ကာကွယ်ရေး ဘာသာရပ်၊ လေကြောင်းဆိုင်ရာ တိုက်လေယာဉ်၊ ရဟတ်ယာဉ် စတဲ့ ဘာသာရပ်များ ပါဝင်တာကို တွေ့ရပါတယ်။ ဒါက တစ်ပိုင်း။
နောက်တစ်ပိုင်းက ရုရှား၊ ရုရှားကလဲ ဘာရည်ရွယ်ချက်မှ မရှိဘဲ သူ့ရဲ့နိုင်ငံမှာ နအဖက အရာရှိတွေ နှစ်ရည်လများ ပညာ လာသင်နေတာကို ခွင့်ပြုမှာမဟုတ်ဘူး။ ဒါဖြင့် ဘာကြောင့် ခွင့်ပြုလဲ။ ရုရှား အနေနဲ့ မြန်မာပြည်နဲ့ ပူးပေါင်းပြီး လုပ်စရာတွေ အများကြီးရှိနေသေးတာ သေချာတယ်။
ဒါပေမဲ့ ခက်နေတာက ရုရှားက ဗီတိုအာဏာ ကိုင်ထားတဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်ခု။ သူ့အနေနဲ့ တတိယ ကမ္ဘာစစ် ဖြစ်ပွားနိုင်တဲ့ အခြေအနေတစ်ခုကို ပေါ်ပေါ်တင်တင် မဖန်တီးပေးရဲဘူး။ ဒါပေမဲ့ ရုရှားက လုပ်ချင်နေတယ်။ ဘာကြောင့် လုပ်ချင်နေတယ် ဆိုတာကိုတော့ ဒီအချိန်မှာ သုံးသပ်ဖို့ စောလွန်းနေသေးတယ်။ အဲဒီတော့ ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံပေါ်မှာ ရုရှားနဲ့ မြန်မာ နျူကလီးယား ပူးပေါင်းဆောင်ရွက်မှုကိစ္စကို ရုရှားက လိုက်ကာချလိုက်တယ်။ နအဖဟာ ရုရှားနှင့် တရားဝင် မပေါင်းတော့ဘဲ မြောက်ကိုရီးယားကို ခေါင်းစဉ်တပ်ပေးလိုက်တယ်။ ဒီတော့ မြောက်ကိုရီးယားနဲ့ မြန်မာ နျူကလီးယား ပူးပေါင်းဆောင်ရွက်မှုဆိုပြီး နာမည်ကျော်ကြားစေလိုက်တယ်။ ဒီတော့ ကမ္ဘာက မြောက်ကိုရီးယား ဘက်ကို လှည့်မဲသွားတယ်။ ရုရှားကို မေ့သွားပါလေရော။

ရုရှားနိုင်ငံမှ နျူးကလီးယား ဓါတ်ပေါင်းဖိုစက်ရုံတစ်ရုံ
ဒါက ရုရှားရဲ့ နိုင်ငံရေးလှည့်ကွက်။ ကမ္ဘာက ရုရှားကို သူတော်ကောင်းအသွင် မြင်စေပြီးမှ မြောက်ကိုရီးယားနဲ့ နအဖရဲ့ လုပ်ရပ်တွေကို လုံခြုံရေးကောင်စီမှာ တင်လာခဲ့ရင် ရုရှားက ဗီတိုအာဏာနဲ့ ကာကွယ်ပေးနေလိမ့်မယ်။ နောက်ကွယ်ကနေမှ နျူကလီယား နည်းပညာတွေကို မြောက်ကိုရီးယားကနေ တဆင့် မြန်မာပြည်ကို ပို့ပေးမယ်။ အတွင်းကျကျ သုံးသပ်ရရင် ရုရှားက စီးပွားရေးမှာလဲ ချွတ်ခြုံကျနေတယ်။ စီးပွားရေးအရ စူပါပါဝါ နိုင်ငံတစ်ခု မတည်ဆောက်နိုင်တော့ဘူး။ ဒီတော့ စစ်ရေးအရနဲ့ဘဲ Power Balance ဖြစ်အောင် လုပ်ယူလိမ့်မယ်။ အဆုံးစွန်အထိ တတိယကမ္ဘာစစ် အတွက်ကိုတောင် ခြေလှမ်းပြင်ပြီးနေသလားလို့ သံသယဖြစ်ဖွယ် ရှိနေတယ်။
ဒီအချက်ဟာ ဘယ်မှာ သွားပေါ်လွင်နေသလဲဆိုရင် Website တစ်ခုမှာ ဖတ်လိုက်ရပါတယ်။ ပြည်တွင်းက အရာရှိတစ်ဦးက ရုရှားနဲ့ မြန်မာ လျှို့ဝှက် အပြန်အလှန် သဘော တူညီချက်ကို ပို့ပေးတာပါ ဆိုပြီး အဲဒီ Website ကို ပို့ပေးလိုက်တယ်။ အဲဒီ သဘောတူညီချက်မှာ ရုရှားက မြန်မာကို မရေရာ မသေချာ အသွင်ဆောင်သော သဘောတူညီချက်များ ပေးသကဲ့သို့ ရေးသားထားတာတွေ တွေ့လိုက်ရတယ်။
ဒါကို ကြည့်ပြီး သူ့လူကိုယ့်ဘက်သား ရုရှားရဲ့ လှည့်ကွက်တွေကို တမင် ၀ါဒဖြန့်နေတာလို့ ယူဆရတယ်။ ဘယ်မှာ သွားပေါ်လွင်သလဲဆိုတော့ ရုရှားက အဲဒီလျှို့ဝှက် သဘော တူညီချက်ထဲမှာ ပြောသတဲ့။ ရုရှားနဲ့ မြန်မာ နှစ်နိုင်ငံ သဘောတူညီမှုဟာ ဒေါ်လာ ၅၀၀၀ ဘဲ ရှိတယ်လို့ ဆိုသဖြင့် အဲဒီ ငွေဟာ သံသယဖြစ်ဖွယ် အလွန်တရာ နည်းပါးနေ သေးကြောင်း၊ ဒါကြောင့် မြန်မာက နှစ်နိုင်ငံ ကုန်သွယ်မှုကို ဒီထက် ပိုမြှင့်တင်မယ်တဲ့ဗျာ။ အဲဒီအချက်ကို တွေ့ကတည်းက ပြည်တွင်းမှ ဒီသတင်းကို ပို့ပေးတဲ့ အရာရှိဟာ လံကြုတ် လျှို့ဝှက် သဘောတူညီချက်ကို ထင်ယောင်ထင်မှားဖြစ်အောင် ပို့ပေးလိုက်တာပါလားလို့ သိလိုက်ရပါတော့တယ်။
အဲဒီ လျှို့ဝှက် သဘောတူညီချက်အရ နှစ်နိုင်ငံ ကုန်သွယ်မှုဟာ ဒေါ်လာ ၅၀၀၀ သာ ရှိတယ်ဆိုလျှင် ရုရှားက ထုတ်တဲ့ MIG - 29 လေယာဉ် (၁၀) စီး ဖြည့်တင်းခဲ့ခြင်းနှင့် ယခုတလောလေးမှ ထပ်မံ ၀ယ်ယူဖြည့်တင်းလိုက်တဲ့ ခန့်မှန်း ဒေါ်လာ သန်း (၅၇၀) ဖိုးရှိ MIG – 29 လေယာဉ် အစီး (၂၀) တွေဟာ ဘယ်ကဘယ်လို ရောက်လာသလဲ။ တာဝေးပစ် ဒုံးကျဉ်တွေ၊ လေယာဉ်တွေ ဘယ်ကရောက်လာသလဲ။ ဒါတွေကို သုံးသပ်ကြည့်ရင် ကမ္ဘာ့အမြင်မှာ ရုရှားနဲ့ မြန်မာ ဘာအကျိုးစီးပွားမှ မရှိပါဘူး။ နျူကလီးယားလဲ ပေးမှာမဟုတ် ပါဘူး ဆိုတဲ့ အမြင်ကို ဖြန့်ချီပြီး ကမ္ဘာ့ဇာတ်ခုံပေါ်မှာ မြောက်ကိုရီးယားကို လူမိုက်ဘွဲ့ ချိတ်ပေးလိုက်တယ်။ အဲဒါနဲ့ တပြိုင်နက် သူ (ရုရှား) ကတော့ ကန့်လန့်ကာ နောက်ကွယ်ကို အသာလေး ၀င်သွားလိုက်တာပါပဲ။
အဲဒီတော့ ရုရှားက တတိယကမ္ဘာစစ်ကို ဦးတည်သည်ဖြစ်စေ၊ မဦးတည်သည်ဖြစ်စေ နအဖ လက်ထဲကိုတော့ဖြင့် နျူကလီးယားလက်နက် ထည့်ပေးလို့ မဖြစ်ဘူး။ ထို့ထက် ပိုဆိုးသည်မှာ နျူကလီယားလူမိုက် မြောက်ကိုရီးယားနှင့် နအဖတို့ ပူးပေါင်းသွားလို့လည်း မဖြစ်။ မဲမဲမြင်ရာ ရမ်းပစ်သည့် နျူကလီးယား စစ်ပွဲကြီး ဖြစ်သွားနိုင်တယ်။ ရုရှားအနေ နှင့်ကတော့ မြှောက်တုန်းက မြှောက်ပေးပြီး တတိယကမ္ဘာစစ်အပြီး ဒုတိယကမ္ဘာစစ်တုန်းကကဲ့သို့ သူတော်ကောင်း အသွင်နှင့် ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်ခု ပြန်ဖြစ်ဖို့ရာများ မျှော်မှန်းနေသည်လား မပြောတတ်။
အတွေးအခေါ် ပညာရှင်တစ်ဦးကို “တတိယကမ္ဘာစစ် ဖြစ်နိုင်သလား” လို့ မေးတော့ “တတိယ ကမ္ဘာစစ်တော့ မသိဘူး။ စတုတ္ထ ကမ္ဘာစစ်ကတော့ဖြင့် လူတစ်ဦးနဲ့ တစ်ဦး ကျောက်ခဲနဲ့ပေါက်ပြီး စစ်ဖြစ်ရလိမ့်မယ်” လို့ ပြန်ဖြေသတဲ့။ အဲဒီပညာရှင် ပြောချင်တာက တတိယကမ္ဘာစစ်မှာ လူသားမျိုးနွယ်တွေ ပျက်သုန်းပြီး ဟိုးယခင် ကျောက်ခေတ်ကို ပြန်ရောက်သွားလိမ့်မယ်လို့ ပြောတာပါ။ နှစ်ပေါင်း သန်းချီခဲ့တဲ့ လူ့သမိုင်းဟာ အခုဖြတ်သန်းခဲ့တဲ့ နှစ် ၁၀၀ အတွင်းက လူတွေကြောင့် ပျက်သုန်းရတယ်ဆိုရင်တော့ မတရားဘူး ထင်ပါတယ်။
နျူကလီးယားလက်နက်ဆိုးကြီး ကမ္ဘာမှာ ပျောက်ဆုံးပါစေ။
| < Prev | Next > |
|---|

