ပင်မနေရာ စစ်အင်အား စစ်အင်အား သက်သေတည်မယ့် ဧရာဝတီ

ပင်မနေရာ စစ်အင်အား စစ်အင်အား သက်သေတည်မယ့် ဧရာဝတီ

သက်သေတည်မယ့် ဧရာဝတီ

Print PDF
User Rating: / 6
PoorBest 

သက်သေတည်မယ့် ဧရာဝတီ

www.bbc.co.uk/burmese ၀က်ဘ်ဆိုဒ်မြန်မာ့ရေးရာကဏ္ဍ အထူးအစီအစဉ်များတွင် ပါရှိတဲ့ ဗိုလ်ထက်မင်းရဲ့ “သက်သေ တည်မယ့် ဧရာဝတီ” (SPDC ရဲ့ စစ်လေ့ကျင့်ခန်းကြီး) ဆောင်းပါးကို ကူးယူဖော်ပြ လိုက်ပါတယ်။

ဧရာဝတီတိုင်းမှာမြန်မာ့တပ်မတော်ရဲ့ ကြည်း၊ရေ၊လေ ပူးပေါင်း စစ်ဆင်ရေးလေ့ကျင့်ခန်းကို ထိပ်တန်း လျှို့ဝှက် အဆင့် သတ်မှတ်ပြီးတော့အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ဖို့ ၁၉၉၆ ခုနှစ် ဒီဇင်ဘာ ၂ဝ ရက်နေ့ က ကျင်းပ ခဲ့တဲ့ ဒုတိယလေးလပတ် ကက (ကြည်း) စစ်ဆင်ရေး၊ စစ်ရေး၊ စစ်ထောက် အစည်းအဝေးကြီးမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ညွှန်ကြားခဲ့ပါတယ်။

ကမ်းရိုးတမ်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သီဟသူရ သူရစစ်မောင်ကို Joint Operation Command (JOC) ဗဟို ပူးတွဲ စစ်ဆင်ရေးဌာနချုပ် တိုင်းမှူးအဖြစ် ခန့်အပ် တာဝန်ပေးခဲ့ပါတယ်။ တပ်မတော် ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်း အတွက် JOC ဌာနချုပ်ကို သာပေါင်း မြို့နယ် ဧရိယာ အတွင်းက လှေကြီးတက် ကျေးရွာမှာ အချေပြု ထားရှိပါတယ်။ တင့်ကားတွေ အစီအရီ စုရပ်အဖြစ် စတင်ခိုင်းတဲ့ ဟိုင်းကြီး ကျွန်း ကနေပြီး အုန်းချောင်းဝ၊ ပွိုင့် ၅၅ဝ တောင်ကုန်း၊ ကမ်းသာယာ၊ ပန်းတမော့၊ ရှောပြာနဲ့ ရွှေသောင်ယံ နေရာတွေ အထိ ကို စစ်ဆင်ရေး ဧရိယာကြီးဟာ ကြီးမား ကျယ်ဝန်းလှပါတယ်။စစ်ဆင်ရေးကြီးကို ၁၉၉၇ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့က ဇန်နဝါရီလ ၂ရ ရက်နေ့အထိ နေ့စဉ် ဆက်တိုက် ပြုလုပ်ခဲ့ ပါတယ်။

 

ရည်ရွယ်ချက်

အချက်အချာကျတဲ့ ဧရာဝတီတိုင်းကို နိုင်ငံတကာက တပ်တွေ ရန်သူတပ်တွေ ရုတ်တရက် ၀င်ရောက်လာရင် ကြိုတင်ကာကွယ်နိုင်ဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် ရုရှားနဲ့ တရုတ်က ဝယ်ယူထားတဲ့ MI-2/ MI-17 ရဟတ်ယာဉ်တွေ၊ F-7 ဂျက်တိုက် လေယာဉ်၊ ဒုံးကျဉ်တွေ၊ လက်နက်တွေကေို စမ်းသပ် လေ့ကျင့်ဖို့ စတဲ့ ရည်ရွယ်ချက် တွေလည်း ပါဝင်ပါတယ်။

 

အကြီးမားဆုံး ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်း

ဒီကြည်း၊ ရေ၊ လေ ပူးပေါင်း စစ်ဆင်ရေး လေ့ကျင့်ခန်းကြီးမှာ ပါဝင်ဆင်နွှဲခဲ့တဲ့ အင်အားကတော့ အရာရှိ ၁ဝ၃၆ ဦး၊ အခြားအဆင့် ၂၄၆၆၃ ဦး၊ စုစုပေါင်း ၂၅၆၉၉ ဦး ဖြစ်ပါတယ်။ အထောက်အကူပြု အင်အားနဲ့ ကြီးကြပ်ဒိုင် အပါအဝင် စုစုပေါင်း အင်အား ၃ဝဝဝဝ ကျော် ပါဝင်ခဲ့ပါတယ်။

 

ကြည်းတပ်အင်အား

အမြောက်နဲ့ သံချပ်ကာ ယန္တယား ညွှန်ကြားရေးမှူးရုံး ကက (သံ) က ၁၅၅မမ ဟောင်ဝစ်ဇာ အမြောက်ကြီးများဖြစ်တဲ့ တောင်ကိုရီးယာနဲ့ အစ္စရေး နိုင်ငံများလုပ် 845P/ KH179 အမြောက်ကြီး အလက်ပေါင်း ၆ဝ ကို အသုံးပြုခဲ့ပြီးတော့ အဲဒီ အရေအတွက်ထဲက ခြေလျင်တပ်မကြီး ၅ ခုအတွက် တပ်မ တစ်ခုကို အမြောက်ကြီး လေးလက်နှုန်းနဲ့ စုစုပေါင်း အမြောက်ကြီး ၂ဝ လက်ကို အနီးကပ် တိုက်ရိုက်ပစ်ကူ ပေးဖို့ စီမံထားခဲ့ပါတယ်။


 ကျန်တဲ့ အမြောက်ကြီးတွေကို လေတပ်၊ ရေတပ်၊ ကြည်းတပ် ပူးတွဲစစ်ဆင်ရေးမှာ သွယ်ဝိုက်ပစ်ကူပေးဖို့ မှာကြားခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ၁၂.၇ မမ လေယာဉ်ပစ် အမြောက်ကြီးနဲ့ ၁ဝ၅ မမ အမြောက်ကြီးတွေ အပါအဝင် အမြောက်ကြီး အလက်ပေါင်း ၅ဝ ခန့်ကို အသုံးပြုခဲ့ပါတယ်။ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး ကက (ယာ) ကလည်း ရေတပ်က အမြောက်ကြီး တွေနဲ့ ပစ်ခတ်ဖို့ ပစ်မှတ် ၃ ခုနဲ့ လေတပ်မှ ဒုံးကျည် နဲ့ ဗုံးကြဲပစ်ခတ်ဖို့ ပစ်မှတ် ၃ ခု တို့ကို စီမံပြုလုပ် ပေးခဲ့ပါတယ်။

ကကယာ ဟာ မိုင်းကွင်း ၁၆ ခု၊ မိုင်းကွယ်လမ်း ၆၄ ခု ၊ ဖောက်ဝင်နည်းဗျူဟာ သုံးဖို့ အတွက် ဘန်ဂလို အလုံးပေါင်း ၅ဝ တို့ကို ဆောက်လုပ် ပေးခဲ့ပါသေးတယ်။ ကကသံ က ရေပေါ်နဲ့ မြေပြင်နှစ်မျိုးစလုံးကို သွားနိုင်တဲ့ တရုတ်နိုင်ငံလုပ် တင့်ကား T63 ၃၂ စီးနဲ့ T93 တင့်ကား တစ်စီး ပါဝင်ဆင်နွှဲခဲ့ကြောင်း လည်း သိရပါတယ်။ စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံး အနေနဲ့ တပ်မတွေကို တွဲဖက် ပေးခဲ့သလို ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး ရုံးက စစ်မြေပြင် ဆေးတပ်ရင် ၃ ရင်းကို ခွဲစိတ်ကုသပါရဂူ ဆောင်တွေ အပါအဝင် ဆေးရုံကားများပါ မကျန် စီစဉ်ပေးခဲ့ပါတယ်။



လေတပ်အင်အား

လေတပ်အုပ်စုက လေယာဉ် MI 2, MI 17 ရုရှား နိုင်ငံလုပ် ခေတ်မီ ရဟတ်ယာဉ်တွေနဲ့ ဘဲလ် B 205 အမေရိကန်လုပ် ရဟတ်ယာဉ်တွေက စုစုပေါင်း ၅၁ စီး၊ F 7 တရုတ်လုပ် ဂျက်တိုက် လေယာဉ်ကတော့ ၃ စီး၊ A5 ကြားဖြတ် ဂျက်တိုက်လေယာဉ် ၄စီး ၊ G4 ယူဂိုဆလပ် နိုင်ငံလုပ် ဂျက်တိုက် လေယာဉ် ၄ စီး၊ PC6 တိုက်လေယာဉ် ၉စီး၊ စုစုပေါင်း လေယာဉ် ၂ဝ စီး ပါဝင်ပါတယ်။ ရေတပ်အင်အား

အလားတူ ပါဝင်ဆင်နွှဲခဲ့တဲ့ ရေတပ်အင်အား ကတော့ တရုတ်နိုင်ငံက ဝယ်ယူထားတဲ့ စစ်သင်္ဘောတွေနဲ့ ကမ်းထိုး ရေယာဉ်တွေ အပါအဝင် စုစုပေါင်း ၃၉ စီး ဖြစ်ပြီးတော့ အရေးပေါ် ကယ်ဆယ်ရေး ဒိုင်ဖာ အဖွဲ့များလည်း စီစဉ် ထားရှိခဲ့ပါတယ်။ စစ်ထောက်ချုပ်ရုံးက ရေကြောင်းပို့ဆောင်ရေး လုပ်ငန်းသို့ စစ်ဆင်ရေးကြီးမှာ အသုံးပြုဖို့ ဇက်ရေယာဉ် ကြီး ၈ စီးနဲ့ နှစ်ထပ် ရေယာဉ်ကြီး ၆ စီးကို စုဆောင်းပေးဖို့လည်း ညွှန်ကြားထားခဲ့ပါတယ်။

 

ပူးပေါင်းစစ်ဆင်ရေးအဆင်ပြေစေဖို့

စစ်ဆင်ရေးကြီးများမှာ ပါဝင်ခဲ့တဲ့ လေတပ်၊ ရေတပ်နဲ့ ကကသံက အမြောက်ကြီးတွေ၊ တင့်ကားကြီးတွေက အမြောက်ကြီးတွေရဲ့ ပစ်ခတ်မှု စွမ်းအားဟာ ကြီးမားလွန်းတာကြောင့် ခြေလျင်တပ်တွေနဲ့ ဆက်သွယ်မှု စနစ်တကျရှိဖို့ လိုအပ်ခဲ့ပါတယ်။ တပ်အမျိုးအစား များပြားလို့ သဘာဝမတူဘဲ ခက်ခဲ ရှုပ်ထွေးမှု တွေကြောင့်လည်း မလိုလားအပ်တဲ့ အုပ်ချုပ်မှု ဖြစ်စဉ်နဲ့ တပ်အချင်းချင်း ထိမှန်နိုင်တဲ့ ပြဿနာတွေလည်း ရှိနိုင်ပါတယ်။

ဒါကြောင့် YH လေယာဉ်ကြီးတွေကို အမြင့်ပေ ၁ဂဝဝဝ သို့ လွှတ်တင်ခဲ့ရပြီး လေထဲမှာ (၇) နာရီ ကြာအောင် ထားရှိပြီးတော့မှ ဝေဟင်မှ ဝေဟင်၊ ဝေဟင်မှ မြေပြင်ရှိ တပ်မျိုးစုံသို့ ဆက်သွယ်ရေး ကောင်းမွန်နိုင်ရေး အတွက် ကွပ်ကဲမှု ထိန်းချုပ် ပေးရေးကို စီမံထားရှိခဲ့ပါတယ်။

စစ်ဆင်ရေး လေ့ကျင့်ခန်းကြီးတွေကတော့ ဆင်ဖြူရှင် စစ်ဆင်ရေး လေ့ကျင့်ခန်း၊ နဂါးမင်း စစ်ဆင်ရေး လေ့ကျင့်ခန်း၊ ဘုရင့်နောင် စစ်ဆင်ရေး လေ့ကျင့်ခန်း၊ တပ်ရင်း တိုက်စစ်နဲ့ တပ်ခွဲပစ်အား သရုပ်ပြ လေ့ကျင့်ခန်း ဦးဆောင်လမ်းထွင် တပ်ဖွဲ့များ Pioneer စစ်ဆင်ရေး လေ့ကျင့်ခန်း၊ အကြမ်းဖက်ခံရမှုမှ အထူးတပ်ဖွဲ့များ ကယ်တင်မှု စစ်ဆင်ရေး လေ့ကျင့်ခန်း၊ ၁၅၅ မမ ဟောင်ဝစ်ဇာ အမြောက်ကြီးအား မဟာဗျူဟာမြောက် ရဟတ်ယာဉ်ဖြင့် ရွှေ့ပြခြင်းနဲ့ ပြည်သူလူထု ပါဝင်တဲ့ ပြည်သူ့စစ် မဟာဗျူဟာမြောက် စစ်ဆင်ရေး လေ့ကျင့်ခန်း စတဲ့ စစ်ဆင်ရေး လေ့ကျင့်ခန်းပေါင်း ၉ ခု ပါဝင်ခဲ့ပါတယ်။

 

စစ်ဆင်ရေးလေ့ကျင့်ခန်းရဲ့ အကျိုးဆက်

တပ်မတော် ကြည်း၊ ရေ၊ လေ ပူးပေါင်း စစ်ဆင်ရေးကြီး လုပ်ခဲ့တာကြောင့် MA လက်နက်ငယ် အသစ်များ စမ်းသပ် အောင်မြင်ခဲ့တာရယ်၊ အဲဒီ လေ့ကျင့်ရေးကြီး ပြီးပြီးချင်း ကရင်ပြည်နယ်သို့ တပ်မ ၅ ခုစလုံး အလုံးအရင်း ရုတ်တရက် ထိုးဖောက်ပြီး KNU ကို တိုက်ခိုက် အောင်နိုင်တာရယ်၊ “နဂါးမင်း ကမ်းတက် စစ်ဆင်ရေး” အပါအဝင် ပြည်သူ့ စစ်မဟာဗျူဟာကို ဧရာဝတီတိုင်းမှာ အောင်မြင်စွာ လုပ်နိုင်ခဲ့တာရယ်ကြောင့် တပ်မတော် အတွက်တော့ အကျိုးရလဒ်တွေ ရရှိတယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။

ဒါပေမယ့် ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေးကြီးဟာ အဲဒီ အကျိုးရလဒ်တွေ ရရှိဖို့ ဧရာဝတီတိုင်း နယ်မြေကြီးကို အသုံးချခဲ့တဲ့ အတွက် ဧရာဝတီတိုင်း အတွင်းမှာတော့ ကြီးမားစွာ ဆိုးကျိုး သက်ရောက် ကျန်ရစ်ခဲ့ရပါတယ်။

အဲဒီ စစ်ဆင်ရေးကြီး တွေထဲက တစ်ခုဖြစ်တဲ့ “ဘုရင့်နောင် စစ်ဆင်ရေး” ဆိုရင် တပ်ပေါင်းစုံဟာ အင်အား ကြီးမားလွန်းလှတာမို့ တပ်မ ၅ ခုစလုံးကို ရင်ဘောင်တန်း ဖြန့်ပြီးတော့ အင်အားဆန့် လေ့ကျင့်နိုင်ဖို့အတွက် အနည်းဆုံး အလျားမိုင်ပေါင်း ၃ဝ အနံမိုင်ပေါင်း ၂ဝ အထိ နေရာ ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဖို့ လိုပါတယ်။

ဒါကြောင့် လေ့ကျင့်ရေးကွင်းကြီးနဲ့ ကွင်းငယ် အများအပြားကို လိုအပ်ချက်အရ သစ်တောကြီးတွေ ဝါးတောကြီးတွေကို ဧက ထောင်သောင်းချီပြီး ခုတ်ထွင် ရှင်းလင်းခဲ့သလို ချီတက်ရာ လမ်းကြောင်းတွေ ကားလမ်းတွေကို ဖောက်လုပ်ရတဲ့အတွက် ကျေးရွာ လူထုတွေဟာ အတိ ဒုက္ခရောက်ခဲ့ကြရပါတယ်။

ဒါ့အပြင် ဆင် အပါအဝင် တိရစ္ဆာန် များစွာဟာ တောရှင်းသံ၊ ဗုံးကြဲသံ၊ အမြောက်သံတွေကြောင့် တောင်ပေါ်နဲ့ တောထဲတွေမှာ မနေရဲ ကြတော့ပဲ မြေပြန့်ကို အုပ်စုလိုက် ဆင်းသက်လာကြပြီး ရွာသူရွာသွားတွေရဲ့ စိုက်ခင်းတွေကို ဖျက်ဆီးခဲ့ကြသလို ဆင်နင်းလို့ သေဆုံးခဲ့ရတဲ့ စစ်သည်တွေ ရွာသားတွေတောင် ရှိခဲ့ရပါတယ်။ သစ်တောတွေ၊ ဝါးတောတွေ ပြုန်းတီး ပျက်စီးခဲ့လို့ ဧရာဝတီတိုင်း ပင်လယ်ကမ်းခြေ အနီးဒေသ တဝိုက်မှာ အပူချိန် ထိန်းသိမ်းမှု လျော့နည်းလာခဲ့ ရပါတယ်။

ဒီလေ့ကျင့်ခန်းကြီးအတွက် နိုင်ငံတော်ရဲ့ ဘတ်ဂျက်ကို ကျပ်သိန်းပေါင်း ၁ရ၄၄ ကျော် အသုံးပြုခဲ့ပါတယ်။

ယခင်က ဘင်္ဂလား ပင်လယ်အော်မှာ ဖြစ်ပေါ်လေ့ရှိတဲ့ ဆိုင်ကလုံး မုန်တိုင်းကြီးတွေဟာ မြန်မာပြည်ကို မဖြတ်ဘဲ မြောက်ဘက် တည့်တည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကိုသာ ဝင်လေ့ ရှိကြပြီး ဧရာဝတီတိုင်းရဲ့ သဘာဝ အတားအဆီး ဖြစ်တဲ့ သစ်တော ဝါးတောကြီးတွေကြောင့် မဝင်နိုင်ဘဲ သက်သာရာရခဲ့ကြပါတယ်။

နာဂစ် မုန်တိုင်းဟာ အစ ပထမ မူလလမ်းကြောင်း အတိုင်း ဆိုပါရင် မြောက်ဘက်သို့ ဦးတည်နေပေမယ့် ဧရာဝတီတိုင်းရဲ့ ဝါးတော သစ်တောတွေ ဆုံးရှုံး လျော့နည်းလာ နေမှုကြောင့် အဲဒီ အချိန်က ဒေသတွင်း အပူရှိန်လည်း ပိုမို မြင့်တက် လာနေလို့ ဦးတည်ချက် လမ်းကြောင်း ပြောင်းသွားသလား ဆိုတာကိုတော့ မြစ်ကြီးဧရာသာလျှင် အသိဆုံး ဖြစ်မှာပါ။

Last Updated ( Thursday, 15 September 2011 18:29 )  

နောက်ဆုံးရသတင်းများ