လေကြောင်းရန် ကာကွယ်ရေး ဒုံးပျံစနစ် တပ်ဆင်ထားတဲ့ ပြည်ပနိုင်ငံတစ်ခုမှ တင့်ကားပုံ
ဆောင်းပါးရှင် - ဂါမဏိ
ဗမာပြည်က ကမ္ဘာ့အပယ်ခံ အာဏာရူး နအဖ-ကြံ့ဖွတ်စစ်အစိုးရဟာ ကမ္ဘာ့အပယ်ခံ အာဏာရူး မြောက်ကိုးရီးယား နိုင်ငံဆီက တာတို-တာလတ်-တာဝေးပစ် ဒုံးပျံတွေကို အလုံးလိုက်ရော နည်းပညာပါ ဝယ်ယူနေတာ ဖုံးမရ ဖိမရ ပေါ်နေပါတယ်။ မြောက်ကိုးရီးယားလို အနုမြူလက်နက်၊ ဒုံးပျံလက်နက်တွေ ပြည်တွင်းမှာ ထုတ်လုပ် ပိုင်ဆိုင်ချင်တဲ့စိတ်က တားမနိုင်ဆီးမရ အာသာငမ်းငမ်း ဖြစ်နေပါတယ်။ တခြား လူလည်ကြီးနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ရုရှားတို့ကတော့ အာဏာရူးတွေကို ဒုံးပျံ သေးသေးမွှားမွှားတွေဘဲရောင်းတာ၊ လိုင်စင်ပေးတာလုပ်ပြီး အရေးပါတဲ့ နည်းပညာပိုင်းကို လျှိုထားကြတဲ့အတွက် စစ်အစိုးရဟာ ဒုံးပျံကြီးတွေအတွက် နည်းပညာရဖို့ မြောက်ကိုးရီးယားကိုဘဲ အားကိုးရပါတော့တယ်။ ဒီတော့ နအဖ အားကိုးနေတဲ့ မြောက်ကိုးရီးယားရဲ့ ဒုံးပျံအဆင့်အတန်းကို ဆန်းစစ်ကြည့်ဖို့ လိုလာပါတယ်။
မြောက်ကိုးရီးယားမှာ အခုဆိုရင် တာဝေး တာလတ် တာတိုပစ်ဒုံးပျံ ၈၀၀ လောက်ကို ပိုင်နေပါတယ်။ မြောက်ကိုးရီးယားဟာ ၁၉၆၉ မှာ ရုရှားနိုင်ငံက ဒုံးပျံသေးသေးတွေ စရခဲ့ပါတယ်။ ပိုကြီး ပိုကောင်းတဲ့ စကဒ်ဒုံးပျံတွေကိုတော့ ၁၉၇၆ ခုမှာ အီဂျစ်နိုင်ငံက ရခဲ့တယ်လို့ လေ့လာသူတွေက ယူဆကြပါတယ်။ ၁၉၈၄ ခု ရောက်တော့ မြောက်ကိုးရီးယားဟာ ကိုယ်ပိုင် စကဒ်-ဘီ ဒုံးပျံတွေ ထုတ်လုပ်နေရုံတင်မက စကဒ်-စီနဲ့ နိုဒွန် တာလတ်ပစ် ဒုံးပျံကို ထုတ်လုပ်နေပြီ ဖြစ်ပါတယ်။ အခုနောက်ဆုံးမှာတော့ တေပိုဒွန် တာဝေးပစ် ဒုံးပျံ ထုတ်လုပ်လိုက်ပြီ ဖြစ်ပါတယ်။

မြောက်ကိုးရီးယားရဲ့ အငယ်ဆုံးဒုံးပျံက တာတိုပစ် (ကီလိုမီတာ ၁၀၀ ကျော်ရုံ) ကေအဲန်-၀၂ နဲ့ ကေအဲန်-၀၁ ဖြစ်ပြီး သူ့ဒုံးပျံအားလုံးထဲမှာ ပစ်မှတ်ကို အတည့်ဆုံး ပစ်နိုင်တဲ့ဒုံး ဖြစ်ပါတယ်။ စကဒ်-ဘီ နဲ့ စကဒ်-စီတို့ကတော့ တာလတ်ပစ် ဒုံးပျံများဖြစ်ပြီး ကီလိုမီတာ ၃၀၀ နဲ့ ၅၀၀ အထိ ရောက်နိုင်ပါတယ်။ ဒီဒုံးတွေကိုတော့ နှစ်ပေါင်းများစွာစမ်းသပ်ခဲ့၊ ချို့ယွင်းချက်တွေ ပြုပြင်ခဲ့လို့ စိတ်ချရတဲ့သဘော ရှိပါတယ်။ ဒါပေမဲ့ နျူကလီးယားထိပ်ဖူးတော့ မသယ်နိုင်ပါဘူး။ စကဒ်ဒုံးတွေဟာ ပစ်မှတ် မတည့်ပေမဲ့ အသံထက်မြန်တဲ့ အလျင်နဲ့ ကျရောက်တဲ့အတွက် လူထုကြားမှာ အမြောက်ဆံ မော်တာ ဗုံးတွေလို ရှေ့ပြေးအသံ မကြားလိုက်ဘဲ ရုတ်တရက် ပေါက်ကွဲမှုကြောင့် စိတ်ဓာတ်ရေးရာ ခြောက်ခြားမှုတော့ ဖြစ်စေနိုင်ပါတယ်။ (စကဒ်ဒုံးပျံတွေကို အီရန် - အီရတ် စစ်ပွဲမှာ နှစ်ဖက်စလုံး သုံးခဲ့ကြတာ စစ်ပွဲရလဒ်ကို အဆုံးအဖြတ် မပေးနိုင်ခဲ့ပါဘူး။ ဒုတိယကမ္ဘာစစ်မှာလဲ ဟစ်တလာရဲ့ ဂျာမဏီနိုင်ငံက စကဒ်နဲ့ဆင်တူတဲ့ ဗွီ-၂ ဒုံးပျံတွေနဲ့ အင်္ဂလန်နိုင်ငံကို တိုက်ခဲ့ပေမဲ့ ထိရောက်မှု နည်းခဲ့ပါတယ်။ အာဖဂန်နစ္စတန်စစ်ပွဲမှာ ရုရှားက စကဒ်ဒုံးပျံတွေ အကြီးအကျယ် ပုံအောသုံးခဲ့ပေမဲ့ နောက်ဆုံးမှာ အစ္စလမ် တော်လှန်ရေးသမားတွေဘဲ အောင်ပွဲခံသွားခဲ့ပါတယ်။)
ကီလိုမီတာ ၁၃၀၀ ပစ်နိုင်တဲ့ နိုဒွန် (စကဒ်-အီး) ဒုံးပျံဟာ နျူကလီးယားထိပ်ဖူး သယ်နိုင်စွမ်းရှိပေမဲ့ ၂ ခါဘဲ စမ်းသပ် ဖူးပါတယ်။ စမ်းသမျှ ပစ်မှတ်ကို မတည့်ဘဲ လွဲပါတယ်။ ဆိုလိုတာက စကဒ်ဒုံးတွေဟာ စစ်ဖက်ပစ်မှတ်တွေကို တိတိ ကျကျ မထိနိုင်ဘဲ မကောင်းသူထိပ် ကောင်းသူထိပ်အဖြစ် အရပ်သားတွေအပေါ်ကျဖို့ အလားအလာ များပါတယ်။ တေပိုဒွန်-၁ (စကဒ်-အက်ဖ်) ကတော့ ကီလိုမီတာ ၂၉၀၀ ပြေးပြီး ပစ်မှတ်မတည့်တဲ့နေရာမှာ နိုဒွန်ထက် ပိုဆိုးပါတယ်။ ဒါ့အပြင် ဒီဒုံးပျံကို ရွှေ့ပြောင်းပစ်ခတ်လို့လဲမရ၊ မပစ်ခင်ပြင်ဆင်မှုကိုလဲ အချိန်တော်တော်ယူလုပ်ရလို့ တဖက်ရန်သူက ထောက်လှမ်း သိရှိသွားနိုင်ပါတယ်။

ကီလိုမီတာ ၁ သောင်းအထိ (အမေရိကန်နိုင်ငံအထိ) ရောက်အောင် ပစ်နိုင်တဲ့ တေပိုဒွန်-၂ ကလဲ ပစ်စင်အသေနဲ့ ပစ်ရပြီး အခုထိ အောင်မြင်တာ မတွေ့သေးပါဘူး။ တေပိုဒွန်-၂ ဒုံးပျံကို ၂၀၀၆ ခုမှာ ပထမဆုံး စမ်းသပ်ပစ်လွှတ်တာ ဂျပန်နိုင်ငံကိုသာ ကျော်လွန်ခဲ့ကာ ပျက်ကျခဲ့ပြီး ၂၀၀၉ ခုမှာ ဂြိုလ်တုလွှတ်တယ်လို့ အကြောင်းပြ ဖုံးကွယ်စမ်းသပ်တာလဲ စိတ်တိုင်းကျ အောင်မြင်ပုံမရှိပါဘူး။ မြောက်ကိုးရီးယားနိုင်ငံဟာ နျူကလီးယားဗုံးကို တီထွင် ထုတ်လုပ်ထားနိုင်ပြီ ဖြစ်ပေမဲ့ ဒီဗုံးကို ဒုံးကျည်မှာ ထိပ်ဖူးအဖြစ် တပ်လို့ရအောင် ကီလိုဂရမ် ၁၀၀၀ အောက်အထိ အရွယ်ချုံ့ဖို့ လိုနေပါသေးတယ်။ တီထွင်စ နျူကလီးယားဗုံးတွေဟာ ကီလိုဂရမ် ၄၀၀၀-၅၀၀၀ ရှိတတ်ပါတယ်။ အမေရိကန်၊ ရုရှားတို့ဟာ အဲသလို အရွယ်အစားချုံ့နိုင်ဖို့ ၈ နှစ်လောက် ကြိုးစားခဲ့ရပါတယ်။ အမေရိကန်နိုင်ငံက လုပ်ထားတဲ့ အသေးဆုံး နျူကလီးယားဗုံးကတော့ ၂၃ ကီလိုဂရမ် (ပေါင် ၅၀) ရှိပြီး ကျောပိုးအိတ်ထဲ ထည့်သွားလို့ ရပါတယ်။ (တပ်ချုပ်ကြီး ဦးသန်းရွှေပြောတဲ့ ဥသျှစ်သီးအရွယ်တော့ အမေရိကန် - ရုရှား - တရုတ်တို့ မလုပ်နိုင်သေးပါဘူး) ဒီအရွယ် ရောက်ဖို့တောင် ၁၉၄၅ ခုကနေ ၁၉၆၂ ခုအထိ အားထုတ်ခဲ့ရပါတယ်။ ဒါပေမဲ့ ပြင်းအားကတော့ ၈ ထပ်တိုက်ကြီး ၅ လုံးလောက် ဖြိုနိုင်တဲ့အဆင့်ဘဲ ရှိပါတယ်။ ဒါကြောင့် မြောက်ကိုးရီးယား ဒုံးပျံအဆင့်အတန်းကို သုံးသပ်ရရင် မြောက်ကိုးရီးယား ဒုံးတွေဟာ နည်းဗျူဟာအဆင့် (တာတိုအဆင့်) ဘဲ တစုံတရာ အလုပ်ဖြစ်ပြီး မဟာဗျူဟာအဆင့် (တာလတ်၊ တာဝေး) မှာတော့ ပြီးပြည့်စုံဖို့ နောက်ထပ် ၁၀ နှစ်လောက် လိုနိုင်ပါသေးတယ်။
နအဖဟာ ၅ ကီလိုမီတာ အဝေးအထိပစ်နိုင်တဲ့ ရုရှား/ယူကရိန်း/ဘူလ်ဂေးရီးယားလုပ် 'အစ်ဂလာ' ပုခုံးထမ်း လေယာဉ်ပစ်ဒုံး၊ ၅ ကီလိုမီတာ အဝေးအထိ ပစ်နိုင်တဲ့ တရုတ်လုပ် ဆမ်-၇ ပုခုံးထမ်း လေယာဉ်ပစ်ဒုံး၊ ၂၄ ကီလိုမီတာ အဝေးအထိ ပစ်နိုင်တဲ့ ရုရှားလုပ် 'ကပ်ဘ်' (ဆမ်-၆) ယာဉ်တင် လေယာဉ်ပစ်ဒုံး၊ ၃၅ ကီလိုမီတာ အဝေးထိ ပစ်နိုင်တဲ့ ရုရှားလုပ် ပက်ချော်ရာ-၂ အမ် (ဆမ်-၃) လေယာဉ်ပစ်ဒုံး၊ ၅၀ ကီလိုမီတာ အဝေးထိပစ်နိုင်တဲ့ ရုရှားလုပ် ယာဉ်တင် 'ဘပ်က်' (ဆမ်-၁၁) လေယာဉ်ပစ်ဒုံး၊ ၁၂ ကီလီုမီိတာ အဝေးထိပစ်နိုင်တဲ့ ရုရှားလုပ် ယာဉ်တင် 'ထောရ်' (ဆမ်-၁၅) လေယာဉ်ပစ်ဒုံးတွေ ဝယ်ထားပါတယ်။
နအဖရဲ့ မြေပြင်ပစ်ဒုံးတွေကတော့ ၈ ကီလိုမီတာ အဝေးထိပစ်နိုင်တဲ့ တရုတ်/မြောက်ကိုးရီးယားလုပ် ယာဉ်ဆွဲ ၁၀၇မမ မြေပြင်မှမြေပြင်ပစ် အတွဲလိုက်ဒုံး၊ ၂၀ မှ ၄၀ ကီလိုမီတာ အဝေးထိပစ်နိုင်တဲ့ ရုရှား/ ယူကရိန်း /တရုတ် /မြောက်ကိုးရီးယားလုပ် ယာဉ်တင် ၁၂၂မမ မြေပြင်မှ မြေပြင်ပစ် အတွဲလိုက်ဒုံး၊ ၆၅ ကီလိုမီတာ အဝေးထိပစ်နိုင်တဲ့ မြောက်ကိုးရီးယားလုပ် ယာဉ်တင် ၂၄၀မမ မြေပြင်မှမြေပြင်ပစ် အတွဲလိုက်ဒုံးတွေ ဝယ်ထားပါတယ်။

အခုလို လေယာဉ်ပစ်နဲ့ မြေပြင်ပစ်ဒုံးပျံတွေ အစုလိုက် အပြုံလိုက် ဝယ်ထားပေမဲ့ လတ်လတ်ဆတ်ဆတ် စက်ရုံထွက် ပါကင်ပိတ်တွေ မဟုတ်လို့ လက်တွေ့စစ်မြေပြင်မှာ စိတ်ချရမှုအဆင့်ကို ကံသေကံမ မပြောနိုင်ပါဘူး။ ရုရှားနဲ့ တရုတ် နိုင်ငံတွေက တိုက်လေယာဉ်တွေ ရဟတ်ယာဉ်တွေ ဝယ်ခဲ့တဲ့ အတွေ့အကြုံတွေအရ နွားမရွှံ့ပိတ်တွေ ဒိတ်လွန်တွေ ဝိတ်လျှော့တွေ အနည်းဆုံးထက်ဝက်ဖြစ်ဖို့ များပါတယ်။ ဒါ့အပြင် ရုရှားနဲ့တရုတ်ဟာ ဟင်းစားဘဲပေးပြီး ကွန်ချက်မပြ တဲ့အတွက် အဆင့်မြင့်ဒုံးပျံတွေ ဗမာပြည်မှာ ကိုယ့်ဖာသာကိုယ် ထုတ်လုပ်ဖို့ နည်းပညာမရ ဖြစ်နေပါတယ်။ (မောင်းသူမဲ့လေယာဉ် UAV ထုတ်လုပ်ဖို့ ကွန်ပျူတာဆော့ဖ်ဝဲကို တရုတ်က မပေးလို့ နအဖလုပ်တဲ့ UAV ဟာ မပျံနိုင်ဖြစ်ခဲ့ပြီး နောက်ဆုံးမှာ လေယာဉ်ကွင်းထဲ မောင်းဝင်လာတဲ့ တရုတ်လုပ်ထော်လာဂျီက ဝင်တိုက်လို့ ပျက်စီးသွားခဲ့ရပါတယ်)
အစ်ဂလာ ပုခုံးထမ်းဒုံးကိုတော့ ရုရှားဆီက ထုတ်ခွင့်လိုင်စင်ဝယ်ပြီး အထက်မင်းလှ မလွန် ကပစ-၁၀ မှာ ပြန်ထုတ်နေ ပါတယ်။ (အစ်ဂလာဒုံးဟာ နအဖ လေကြောင်းရန် ကာကွယ်ရေးတပ်ရင်းတွေရဲ့ ပင်မလက်နက်ဖြစ်ပြီး ဆမ်-၃၊ ၆၊ ၁၁၊ ၁၅ တွေက အနည်းစုသာ ဖြစ်ပါတယ်) ငဖဲ (ကပစ-၁၄)၊ နတ်မောက် (ကပစ-၁၅) တို့မှာလဲ မြောက်ကိုးရီးယား အကူအညီဖြင့် ၁၀၇ မမ နဲ့ ၁၂၂ မမ ယာဉ်တင် အတွဲလိုက်ပစ်ဒုံးတွေ ထုတ်နေပါတယ်။ ယာဉ်တင် လေယာဉ်ပစ်ဒုံးတွေကိုတော့ ဗမာပြည်မှာ ပြန်ထုတ်လုပ်ဖို့ လိုင်စင်ရမရ မသိသေးပါဘူး။ အောင်လံ ရွှေပန်းတော (ကပစ-၁၇) ဟာ ယာဉ်တင် လေယာဉ်ပစ်ဒုံး ထုတ်လုပ်ဖို့ ဖြစ်နိုင်ပါတယ်။ ဒီထက်ပိုမြင့်တဲ့ စကဒ်ဒုံးတွေကိုတော့ ကျောချောင်း (ကပစ-၂၅) မှာ ထုတ်လုပ်ဖို့ ကြံနေပုံ ရပါတယ်။ ဒီဒုံးပျံလုပ်တဲ့ ကပစ စက်ရုံတွေနဲ့ တွဲလျက် ဒုံးတင်ယာဉ်ထုတ်ဖို့ တကစ-၆ (မလွန်)၊ တကစ-၇ (နတ်မောက်) နဲ့ တကစ-၈ (ဆော) တို့ကိုပါ ဆောက်လုပ်ထားပါတယ်။ ၂၀၁၀ ဇူလိုင်လမှာတော့ မိုင် ၂၀၀ ပြေးတဲ့ ဒုံးပျံတွေကို မလွန်မှာ စမ်းသပ် ပစ်လွှတ်ခဲ့ရာမှာ ၃ စင်း မှာ ၁ စင်းဘဲ အောင်မြင်ခဲ့ပါတယ်။ မိုင် ၆၀ ပြေးတဲ့ဒုံးတွေကတော့ အားလုံးအောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

နအဖဟာ မြောက်ကိုးရီးယားကို အားကျပြီး တာတို၊ တာလတ်ဒုံးတွေ ကိုယ်တိုင်ထုတ်ဖို့ ၂၀၀၀ ခုနှစ်က စပြီး စိတ်ကူးယာဉ်ခဲ့တာ ဖြစ်ပါတယ်။ ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးစိုးဝင်းကို လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့ အရာရှိချုပ်အဖြစ် တာဝန်ပေးပြီး ဒုံးပျံတပ်ဖွဲ့များပါဝင်တဲ့ တပ်ဖွဲ့အဖြစ် သီးခြားဖွဲ့စည်းပုံအား ထပ်မံ ဖွဲ့စည်းခဲ့ပါတယ်။ ကကသံ လက်အောက်ခံ အမြောက်တပ်ဖွဲ့များမှ လေယာဉ်ပစ် အမြောက်များကို ခွဲထုတ်သလို ကကဆက်နှင့် ကကလေတို့မှ နည်းပညာပိုင်းဆိုင်ရာ ကွန်ပျူတာနှင့် ရေဒါကဲ့သို့ တပ်ဖွဲ့ဝင်များ ပါဝင်ခဲ့ပါတယ်။ ရုရှားနှင့် ယူကရိန်းသို့ နည်းပညာပိုင်းဆိုင်ရာနှင့် လက်နက်ဝယ်ယူရေး ကိစ္စများ စတင်ကြိုးပမ်းခဲ့ပါတယ်။ ၂၀၀၈ ခု နိုဝင်ဘာလမှာ နအဖ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးရွှေမန်း မြောက်ကိုးရီးယားကို လျှို့ဝှက်လည်ပတ်ခဲ့စဉ်က ကီလိုမီတာ ၃၅၀၀ တာလတ်ပစ် စကဒ်-အက်ဖ် ဒုံးပျံထုတ်လုပ်ရေးအတွက် နည်းပညာ/ စက်ယန္တရားတစ်စုံလုံး အပြည့်အစုံဝယ်ယူဖို့ နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးခဲ့ပါတယ်။
ဗိုလ်မှူးစိုင်းသိန်းဝင်းဆီက ရရှိတဲ့ အချက်အလက်အရ မြိုင်စက်ရုံမှာ မြောက်ကိုးရီးယားရဲ့ နိုဒွန်အရွယ်အစား ကီလိုမီတာ ၃၅၀၀ အထိ ပစ်နိုင်တဲ့ တာဝေးပစ်ဒုံးပျံ ထုတ်လုပ်ဖို့ ကြိုးစားနေပုံ ရှိပါတယ်။ ဒါဟာ ဖိလစ်ပိုင်နိုင်ငံ၊ ထိုင်ဝမ်နိုင်ငံ၊ ဂျပန်နိုင်ငံတောင်ဘက်နားက အိုကီနာဝါကျွန်းနဲ့ အိန္ဒိယသမုဒ္ဒရာထဲက ဒေဂိုဂါးစီးယားကျွန်းတို့မှာရှိတဲ့ အမေရိကန် စစ်အခြေစိုက်စခန်းတွေကို ခြိမ်းခြောက်နိုင်ဖို့၊ အကြပ်ကိုင် ဘလက်မေး လုပ်နိုင်ဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒုံးပျံမှာ နျူကလီးယားထိပ်ဖူးလဲမပါ၊ ပစ်မှတ်လဲမတည့်ရင်တော့ ဒေဂိုဂါးဆီးယားနဲ့ အိုကီနာဝါအတွက် အရေးမထားလောက်ပါဘူး။ တာလတ်-တာဝေးဒုံးနဲ့ ပတ်သက်လို့ ဆရာသမား မြောက်ကိုးရီးယားရဲ့ အခြေအနေက အထက်မှာ ပြောခဲ့သလိုဖြစ်နေလို့ တွက်ရေးတော့ စက်သူဌေး၊ တွက်ကြည့်တော့ စက်မရှိတဲ့ကိန်းဆိုက်နေပါတယ်။
"ဒီလိုဒုံးပျံကြီးမျိုးဟာ အခုမှ စမ်းတဝါးဝါးနဲ့ စလုပ်ရတဲ့ နိုင်ငံတစ်နိုင်ငံအတွက် အင်မတန့်ကို မသင့်တော်လှပါဘူး။ ဖြစ် သင့်တာက ပိုပြီး သမရိုးကျဖြစ်တဲ့ တွန်းအားပေးလောင်စာ အတွဲအစပ်နဲ့ အင်ဂျင်စက်သေးသေး၊ တွန်းအားနိမ့်နိမ့်ကို သုံးသင့်တယ်။ အောက်ဆီဂျင် အရည်လောင်စာဆိုတာ အာကာသဒုံးပျံတွေမှာ အဓိကသုံးတဲ့ လောင်စာဖြစ်ပြီး နည်းပညာ အတော်မြင့်ဖို့ လိုပါတယ်။ ကြည့်ရတာက ဘာမှသေသေချာချာ နားမလည်တဲ့ ဗိုလ်ချုပ်ကြီးတွေက ရုရှားပြန်ပညာရှင်တွေ သင်လာ တတ်လာသမျှကို မစိစစ်နိုင်ဘဲ အကုန်လုပ်ခိုင်းတဲ့ပုံ ဖြစ်ပါတယ်။ ဒါကြောင့် မအောင်မြင်ဖို့ အခွင့်အလမ်း အင်မတန်များနေပါတယ်။ အတွေ့အကြုံနည်းလွန်းတော့ ဘယ်အချိန် ဘယ်အနေအထားမှာ ပြဿနာတက်နိုင်တယ် ဆိုတာကို မတွက်ချက်နိုင် ဖြစ်သွားတော့တာပါဘဲ" လို့ မက်ဆာချူးဆက်စက်မှုတက္ကသိုလ် MIT က မဟာဗျူဟာ လက်နက်ကျွမ်းကျင်သူ ဒေါက်တာဂျော့ဖ်ဖော်ဒင်က သုံးသပ်ထားပါတယ်။

နအဖဟာ မြောက်ကိုးရီးယားကို အားကိုးပြီး ဒုံးပျံတွေ စမ်းတဝါးဝါးထုတ်ဖို့ ကြိုးစားနေချိန်မှာ ကျနော်တို့ ရှမ်းပြည်က ပအိုဝ်းတိုင်းရင်းသားတွေကတော့ ရိုးရာဒုံးတွေလွှတ်ခဲ့တာ အနည်းဆုံး နှစ်ပေါင်း ၃၀၀ လောက် ရှိခဲ့ပြီ ဖြစ်ပါတယ်။ မိုးလေဝသကောင်းအောင် မိုးနတ်သားကို ပင့်ခေါ်တဲ့အယူနဲ့ သင်္ကြန်အပြီး နှစ်ဆန်း (၁) ရက်ကနေ ၀ါဆိုလဆန်း (၁၄) ရက်နေ့အကြား နှစ်တိုင်း ကျင်းပကြပါတယ်။ ဗမာလို 'မီးလုံး' လို့ အဓိပ္ပာယ်ရတဲ့ ရှမ်းစကား 'လုဖိုင်' ကို ပအိုဝ်းတို့ကလဲ 'လုဖိုင်' လို့ဘဲ ခေါ်ကြပြီး ဒုံးလွှတ်ပွဲကို 'ပွယ်လုဖိုင်' (မီးလုံးပွဲ) လို့ ပအိုဝ်းတွေကကော ရှမ်းတွေကပါ ခေါ်ကြပါတယ်။ (ပအိုဝ်းစကားနဲ့ လုဖိုင် ဆိုတာ အလှူဒါနတွေ စွန့်ကြဲတဲ့ အဓိပ္ပာယ်လဲ ရပါတယ်။) ရှမ်းတွေလုပ်တဲ့ ရိုးရာမီးလုံးတွေက တော့ (၁) ပေလောက်၊ (၁) ထွာလောက် အသေးလေးတွေဖြစ်ပြီး ပအိုဝ်းမီးလုံးကတော့ (၈) ပေ (၉) ပေ အရှည်ထိ ရှိပါတယ်။ ထိုင်းနဲ့ လောနိုင်ငံတွေက ရိုးရာဒုံးလွှတ်ပွဲတွေမှာလဲ ဒုံးအကြီးစားတွေ ပြိုင်ကြပါတယ်။
အရင်ခေတ်က ဒုံးကို ဝါးကျည်တောက်တွေနဲ့ လုပ်ရာက အခုအခါ မော်တော်ကားဂျွိုင်း၊ သံပိုက်၊ ပီဗီစီပိုက်တွေနဲ့ လုပ်လာကြပါတယ်။ ဒါပေမဲ့ လောင်စာကတော့ နည်းပညာအဆင့် မြှင့်တင်ခွင့် မရတဲ့အတွက် ရှေးကအတိုင်း ချက်ယမ်းကိုဘဲ သုံးပါတယ်။ ဒီယမ်းတွေကို လင်းနို့ချေးပေါတဲ့ ကယားပြည်က အများဆုံး ရယူကြပါတယ်။ လင်းနို့ချေး၊ သရက်သား/ပိန္နဲသား မီးသွေး၊ ဝါးရွက်တို့နဲ့ ယမ်းချက်ရတာဖြစ်ပြီး လင်းနို့ချေးကို သစ်တောထွက်ပစ္စည်းအဖြစ် ကန့်သတ်ထားတာ၊ ယမ်းကို ကြီးကြပ်ကန့်သတ်ပစ္စည်း သတ်မှတ်ထားတာတွေကြောင့် လမ်းခရီးတလျှောက် အကြံ အဖန်လုပ်ကာ သယ်ယူရပါတယ်။ ဒုံးအတွက် အဓိကပညာက ယမ်းစပ်နည်း (ဝါ) ယမ်းဖြတ်နည်း ဖြစ်ပါတယ်။ ဒါနဲ့တွဲဖက်ပြီး ဒုံးလုပ်တဲ့ ပညာရှင်တွေကို မီးရိုက်ဆရာလို့ ခေါ်ပါတယ်။ နာမယ်ကြီး မီးရိုက်ဆရာတွေကို ငွေသိန်းချီပေး ငှားရပါတယ်။
ကျနော်တို့ဒုံးတွေမှာ ယမ်းပိဿာချိန် (၁၅) မှ (၂ဝ) ပိဿာအထိ ထည့်ထားပြီး အကွာအဝေး ၆ မိုင်လောက်အထိ သွားနိုင်ပါတယ်။ (ရှေးတုံးက မိုင်းကိုင်စော်ဘွားက ယမ်းအချိန် ၆၀ အထိတောင် လုပ်ခဲ့ဖူးတယ်လို့ လူကြီ်းသူမများ ပြောတာ ကြားဖူးပါတယ်။) အများအားဖြင့် ပအိုဝ်းဒုံးတွေဟာ ဒုံးတစ်ခုလုံး တဆင့်တည်း ယမ်းလောင်ပြီး တက်သွားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဆင့်မြင့် အာကာသဒုံးပျံတွေ အမေရိကန် ရုရှားဒုံးပျံတွေလို တဆင့်ပြီး တဆင့်လောင်တဲ့ "ပစ်ဖရောင်" လို့ခေါ်တဲ့ ဒုံးတစ်မျိုးလဲ ရှိပါသေးတယ်။ ဒီဒုံးမျိုးဟာ ပို၍ဝေးဝေးသွားပြီး လုပ်ရတာ ပိုပညာပါ ပါတယ်။
မီးလုံးပွဲ (ဒုံးလွှတ်ပွဲ) လုပ်တဲ့အခါ ၄-၅ မိုင်လောက်ရှိတဲ့ ကွင်းတဖက်ထိပ်မှာ တောင်ကုန်းနှစ်ကုန်းကြား သို့မဟုတ် အလံစိုက်ထားတဲ့ သစ်ပင်ကြီး (၂) ပင်ကြားကို 'ဂိုး' သတ်မှတ်ထားပြီး ဂိုးအကျယ် (၁) မိုင်ခွဲလောက် သတ်မှတ်ထားပါ တယ်။ သမာဓိရှိတဲ့ ဂိုးစောင့် (၅) ယောက်လောက် စောင့်ထားခိုင်းပြီး ကျလာတဲ့ဒုံး ဂိုးဝင်မဝင်၊ ဝင်ရင် အကွာအဝေး ဘယ်လောက်ဆိုတာကို တိုင်းရပါတယ်။ ဒုံးကို မသမာသူတွေ မရွှေ့စေဖို့လဲ စောင့်ကြပ်ရပါတယ်။ ဒုံးကို အဝေးဆုံး လွှတ်နိုင်တဲ့လူကို ဆုပေးတာ ဖြစ်ပါတယ်။ ဒုံးလွှတ်စင်ကိုတော့ ဝါးနဲ့ ပေ ၂၀-၃၀ အမြင့် ဆောက်ထားပြီး ဝါးလှေခါးနဲ့ တက်ရပါတယ်။ ဒုံးလွှတ်စင်အောက်မှာ ဧရာမဒုံးကြီးကို လူတယောက်ထဲထမ်းပြီး သိုင်းကွက်နဲ့က၊ ဘေးကပရိသတ်တွေလဲ လိုက်ကကြတဲ့ မြင်ကွင်းဟာ မြင်သူတိုင်း မမေ့နိုင်တဲ့မြင်ကွင်း ဖြစ်ပါတယ်။ ပွဲတော်အတွင်း အရက်တွေ ဘယ်လောက်သောက်သောက် မူးမရမ်းတာ ရန်မဖြစ်တာလဲ ကျနော်တို့ ထူးခြားချက် ဖြစ်ပါတယ်။
၁၉၈၇ ခုတုံးက ပအိုဝ်း မီးရိုက်ဆရာတစ်ယောက်ဟာ လွိုင်ကော်မြောက်ဖက် လယ်ကွင်းထဲ ဒုံးစမ်းတာကို လွိုင်ကော် လေယာဉ်ကွင်းက ပျံတက်လာတဲ့ မြန်မာ့လေကြောင်းလေယာဉ်မှူးက သူ့လေယာဉ်ကို သူပုန်တွေ ရော့ကက်နဲ့ပစ်တယ် ထင်ပြီး စစ်တပ်ကို လှမ်းအကြောင်းကြားလိုက်လို့ ဒကစ(လွိုင်ကော်) က တပ်နဲ့လာဝိုင်းဖမ်းလို့ ပအိုဝ်းအဖိုးကြီး သား အဖ အချုပ်ထဲ ရောက်သွားခဲ့ဖူးပါတယ်။
ပအိုဝ်းတိုင်းရင်းသားတွေရဲ့ ရိုးရာမိုးခေါ်ပွဲလဲဖြစ်၊ အဓိက ပျော်ပွဲကြီးလဲဖြစ်တဲ့ ဒုံးလွှတ်ပွဲတွေကို လောင်းကစားလွှမ်းတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ အပစ်အခတ် ရပ်စဲပြီးနောက်မှာ PNO (ပအိုဝ်းဖြူ) ငြိမ်းအဖွဲ့က ၁၉၉၅ ခု ကနေ ၂၀၀၉ ခုနှစ်အထိ ၁၄ နှစ်ကြာ ပိတ်ပစ်ခဲ့ပြီး ရလလဖ (ပအိုဝ်းနီ) အဖွဲ့ကဘဲ အားပေး ခွင့်ပြုခဲ့ပါတယ်။ ဘယ်လိုဘဲ ပိတ်ပါစေ၊ ပအိုဝ်းတိုင်းရင်းသားတွေရဲ့ အသွေးထဲ အသားထဲ စွဲနေတဲ့ဒုံးပညာ ပျောက်မသွားခဲ့ဘဲ နာမယ်ကျော် မီးရိုက်ဆရာတွေဟာ ရှိနေတဲ့ အကန့်အသတ် အခက်အခဲများကြားက ဒုံးတွေကို ဆက်လက်တီထွင် ထုတ်လုပ်နေကြပါတယ်။ အခွင့်အလမ်းသာရှိရင် စကဒ်ထက် ပိုကောင်းတဲ့ ဒုံးပျံတောင် တီထွင်နိုင်ပါလိမ့်မယ်။
ရည်ညွှန်း။ BBC, DVB, http://armscontrolwonk.com, www.paokham.com
| Next > |
|---|

