ပင်မနေရာ စစ်အင်အား ဇာခန်းဆီးနောက်ကွယ်မှ ဇာတ်လမ်း စစ်အာဏာရှင်ကြီးများနဲ့ မြန်မာ့သယံဇာတ

ပင်မနေရာ စစ်အင်အား ဇာခန်းဆီးနောက်ကွယ်မှ ဇာတ်လမ်း စစ်အာဏာရှင်ကြီးများနဲ့ မြန်မာ့သယံဇာတ

စစ်အာဏာရှင်ကြီးများနဲ့ မြန်မာ့သယံဇာတ

Print PDF
User Rating: / 2
PoorBest 

စာဖတ်ပရိသတ်များ ခင်ဗျား

သယံဇာတပေါကြွယ်ဝလှတဲ့ ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံဟာ ကိုယ်ကျိုးရှာ စီးပွားရေးသောင်းကျန်းသူ စစ်အာဏာရှင် များကြောင့် ဖွတ်ဖွတ် ညက်ညက် ကြေနေရတဲ့ အကြောင်းဒေသခံ တိုင်းရင်းသားပြည်သူလူထုတွေ ခမျာမှာတော့ဒေသဆိုင်ရာ စစ်ဖက် အကြီးအကဲတွေနဲ့ အာဏာပိုင် အဆင့်ဆင့်တွေကြောင့် အဘက်ဘက်က ဆင်းရဲနိမ့်ကျနေကြတဲ့ အကြောင်းတွေကို တရားခံဖော်ထုတ်တင်ပြထားချက်အား စစ်ဖက် နီးစပ်သူ တစ်ဦးကပေးပို့လာရာ စာဖတ်ပရိသတ်များအား ဒီကနေ့ တင်ပြလိုက်ရပါတယ်။ အခုလိုပေးပို့လာတဲ့ စစ်ဖက်နဲ့ နီးစပ်သူအား ကျွန်တော် ကိုဖိုးတရုတ်က အထူးပင်ကျေးဇူးတင်ရှိပါကြောင်း “စည်းလုံးခြင်းရဲ့အင်အား” ဝက်ဘ်ဆိုဒ်မှ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်။

ကချင်ပြည်နယ်တွင် သစ်သူခိုး တရုတ်များနှင့် ကိုယ်ကျိုးရှာ မြောက်ပိုင်းတိုင်း (မပခ) တိုင်းမှူး အဆက်ဆက် အကြောင်းများ

ပေးပို့သူ - ပြည်တွင်းမှ စစ်ဖက်နဲ့နီးစပ်သူ (ကချင်ပြည်နယ် တောစောင့်နတ်)

တရုတ်နယ်စပ်နဲ့ ထိစပ်နေတဲ့ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ သဘာဝသစ်တောများမှ သစ်များကို တရုတ်တို့နဲ့ ၄င်းတို့ရဲ့ လက်ပါးစေ နယ်မြေခံများက တရားမ၀င် ခုတ်လှဲပြီး တရုတ်ပြည်ဘက်ကို ခိုးထုတ်နေကြတာ အခုဆိုရင် ဆယ်စုနှစ်တစ်ခုမက ကြာမြင့်ခဲ့ပါပြီ။ အဲဒီလို ခိုးထုတ်နိုင်အောင် မြန်မာစစ်တပ်က တိုင်းမှူးအပါအ၀င် ထောက်လှမ်းရေး တပ်မှူး၊ ဗျူဟာမှူး၊ စစ်ကြောင်းမှူး၊ တပ်ရင်းမှူး၊ တပ်ခွဲမှူးများသာမက ဒေသဆိုင်ရာ အုပ်ချုပ်ရေးဌာနများ၊ ရဲ၊ ဌာနဆိုင်ရာ၊ သစ်တောဌာန စတဲ့ တာဝန်ရှိသူအားလုံးဟာ တစ်နည်းမဟုတ်တစ်နည်း ပါဝင် ပတ်သက်ခဲ့ကြပါတယ်။

န၀တ အစိုးရတက်လာပြီး ၁၉၉၃ ခုနှစ်လောက်ကစလို့ တရုတ်တွေဟာ မြန်မာပြည်နယ်စပ် ကချင်ပြည်နယ်မှာရှိတဲ့ ကျွန်းသစ်တွေကို အကြီးအကျယ် စတင်ခိုးယူခဲ့တာ ဖြစ်ပါတယ်။ အဲဒီကာလတုံးက တရုတ်နိုင်ငံမှထုတ်တဲ့ ကျွဲချိုထော်လာဂျီတွေ စပေါ်လာတော့ ထော်လာဂျီနဲ့ တင်လို့ရမဲ့ အရွယ်လောက် ကျွန်းတုံးတွေကို တောထဲမှာ ဖြတ်တောက်ခွဲစိတ်ပြီး အကောင်းဆုံး သစ်သားတွေကိုသာ တရုတ်ပြည်ဘက် တင်သွားကြတာပါ။ တပ်မတော်က စစ်ကြောင်းနဲ့ ထွက်ပြီးဖမ်းရင်လည်း မကောင်းလို့ တောထဲမှာ လွှင့်ပြစ်ထားခဲ့တဲ့ အတိုအစလောက်သာ အဖမ်းပြပြီး သစ်အကောင်းတွေနဲ့ ကုန်သည်တွေကိုတော့ လွှတ်ပေးပြီး ငွေယူပြန်ခဲ့ကြတာပါဘဲ။

အဲဒီလိုနဲ့ မြန်မာ့သစ်တောထဲမှာ သစ်ခိုးယူမှုဟာ အဆမတန် များပြားလာလိုက်တာ ပွဲတော်ကြီးတစ်မျှပါပဲ။ ၁၉၉၅ ခုနှစ်မှာ ဗန်းမော် ဒေသကွပ်ကဲရေး စစ်ဌာနချုပ် (ဒကစ)နဲ့ ပေါင်းပြီး ခိုးတဲ့ သစ်သူခိုးတရုတ်တွေရဲ့ ကားအုပ်စုကြီးကို မြစ်ကြီးနားဖက်မှ တိုင်းစစ်ဌာနချုပ် မပခ အုပ်စုက ဖမ်းထည့်လိုက်တာ (အဝေမတည့်တာလား ဗန်းမော် ဒကစနဲ့ ဂွင်ရိုက်ထားတာ မသိလို့လား မသိဘူး) ပြဿနာ အကြီးအကျယ် တက်သွားကာ အဲဒီခေတ်က ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ခင်ညွှန့်ကိုယ်တိုင် သွားရှင်းရတာ သစ်ခိုးကားတွေက အစီးတစ်ရာတောင် ကျော်ပါရောလား။ တရုတ်တွေလည်း အယောက်တစ်ရာကျော် ပါတယ်။

အဲဒီနောက်တော့ နဲနဲငြိမ်သလိုရှိလိုက် သစ်ခိုးမှုတွေ ပြန်ပေါ်လာလိုက်နဲ့ ဖြစ်နေပြီး ဗန်းမော်မှာလည်း ဒကစ မထားတော့ပဲ စကခ (၂၁) ပြောင်းထိုင် လိုက်ပါတယ်။ ဒကစက ပြဿနာအကြီးအကျယ် တက်ပြီးနောက်ပိုင်းမှာ ထောက်လှမ်းရေးက တန်ခိုးထွားလာပြီး သစ်သူခိုးတွေဟာ ထောက်လှမ်းရေးနဲ့ ပေါင်းကာ ပိုမို အတင့်ရဲစွာ လုပ်လာပါတော့တယ်။ ထောက်လှမ်းရေးက သတင်းအရ စုပေါင်းအဖွဲ့နဲ့ ဖမ်းမယ်ဆိုပြီး ရဲ၊ သစ်တော၊ မယက၊ တပ်တို့ကိုဖွဲ့ပြီး ဖမ်းခိုင်းပါတယ်၊ တကယ်က သူတို့သတင်းအရသာ သွားလာလှုပ်ရှားရပြီး သူတို့ကတော့ တကယ်ခိုးထုတ်တဲ့ အဖွဲ့နဲ့ပေါင်းကာ လမ်းကြောင်း လွှဲထားပါတယ်။ အဲဒီအဖွဲ့ကတော့ သူကိုယ်သူ ခင်ညွှန့်မွေးစားသားဆိုပြီး သတင်းလွှင့်ခဲ့တဲ့ စိုးမင်းပိုင် ဆိုသူဖြစ်ပြီးတော့ ထောက်လှမ်းရေး (၈) တပ်မှူးကတော့ ဗိုလ်မှူးမင်းလွင် ဆိုသူ ဖြစ်ပါတယ်။

မင်းလွင်ကတော့ ခင်ညွှန့်ပြုတ်ပြီး ကကလှမ်းက လူတွေအပြစ်ပေးတဲ့အထဲမှာ ပါသွားပါတယ်။ စိုးမင်းပိုင်ကတော့ မင်းလွင်တို့ အခြေအနေ မကောင်းတာ ကြားတာနဲ့ တရုတ်ပြည်ဘက်ကို တိမ်းရှောင်သွားပါတယ်။ အဲဒီနှစ်လောက်က တိုင်းမှူးဟာ ဗိုလ်ချုပ်မောင်မောင်ဆွေ ဖြစ်ပါတယ်။ သူကလည်း အေးတိအေးစက်နဲ့ ဆိုပေမဲ့ ခေသူတော့ မဟုတ်ပါဘူး။ ဒေသဖွံဖြိုးရေးအတွက် ဆိုပြီး သစ်သယ်ယူခွင့်တွေကို ပယက မှ စာနဲ့တရားဝင် သဘောမျိုး ခွင့်ပြုလာခဲ့ပါတယ်။ ဒေသအတွင်းရှိ ကျေးရွာစာသင်ကျောင်းများ အမည်ခံ၍သော်၎င်း၊ အပစ်အခတ်ရပ်အဖွဲ့များ အတွက်သော်၎င်း နာမည်အမျိုးမျိုး၊ အကြောင်းအမျိုးမျိုးပြပြီး ခွင့်ပြုလာခဲ့ပါတယ်။ အလကားတော့မဟုတ်ပါ။ ပယက ရန်ပုံငွေအဖြစ် သစ်တစ်တန်ကို ကျပ်၂၀၀၀၀ိ/ နှုန်း ကောက်ခံတာ ဖြစ်ပါတယ်။

ပြီးတော့ ဒီတိုင်းမှူးက စာတော့နဲနဲတတ်ဟန် တူပါတယ်။ ကျွန်းသစ်ကိုတော့ စာဖြင့် တရားဝင် ခွင့်ပြုခြင်း မရှိပါဘူး။ သစ်မာကိုသာ ခွင့်ပြုပါတယ်။ အဲဒီအခါ ကချင်ပြည်နယ်မှာ ပိတောက်ပွဲတော်/တမလန်း ပွဲတော်ကြီးကို ဒေသခံများရော တရုတ်များရော ကချင်ငြိမ်းချမ်းရေးများပါ သူ့ထက်ငါ ဦးအောင် အလုအယက် ပါဝင်ဆင်နွဲပါတော့တယ်။ စစ်တိုင်းရဲ့ ခွင့်ပြုစာပါလာတော့ သစ်မာသာမက ကျွန်းသစ်ကိုပါ ရောယောင် ခုတ်လှဲထုတ်ယူလာပြီး ဒေသခံ/ တိုင်းရင်းသားများသာမက တရုတ်လူမျိုး အစစ်တွေပါ မြန်မာပြည်ထဲ ၀င်လာကာ ကားကြီးကားငယ် အသွယ်သွယ်နဲ့ ထင်သလို ခိုးယူပါတော့တယ်။

ကချင်ငြိမ်းချမ်းရေးကလည်း သစ်ကွက်များကို ဧရိယာအလိုက် ရောင်းစားပါတော့တယ်။ အဲဒီနှစ် (၂၀၀၂) ကူမင်းကုန်စည်ပြပွဲ လုပ်တော့ မြန်မာဘက်က သွားတဲ့အဖွဲ့မှာ အဲဒီအချိန်က စီးပွား/ကူးသန်း ဒုဝန်ကြီး ဗိုလ်မှူးချုပ်တင်နိုင်သိန်းလည်း ပါသွားရာ ဒေသလေ့လာရေးအဖြစ် ကူမင်းအနီးတ၀ိုက်က ရင်ကျန်း၊ ထိန်ချုံး၊ လိုင်ဇာဘက် သွားလည်ရာမှ မြန်မာဘက်က ခိုးထုတ်သယ်ယူစုပုံထားတဲ့ ကျွန်းသစ်၊ ပိတောက်၊ တမလန်းသစ်တွေကို တန်ချိန် သောင်းဂဏန်းနီးပါး တွေ့ရတဲ့အတွက် VIDEO ရိုက်ယူသွားပြီး နေပြည်တော်က သစ်တောဝန်ကြီးနဲ့ ဗိုလ်သန်းရွှေတို့ကို တင်ပြနိုင်ခဲ့ရာ တရုတ် - မြန်မာနယ်စပ်က သစ်ခိုးမှုကြီးဟာလည်း မပခတိုင်းမှူး ဘယ်လိုမှ မဖုံးထားနိုင်တော့ပဲ ပေါ်လာရပါတော့တယ်။

သစ်တောရေးရာ ၀န်ကြီးဖြစ်ခါစ ဗိုလ်မှူးချုပ်သိန်းအောင်ကလည်း အစွမ်းပြချင်နေလေတော့ ကချင်ပြည်နယ်က သစ်ခိုးမှုတွေကို ဖမ်းဆီးဖို့ စတင်ပါလေတော့တယ်။ မပခတိုင်းမှူး ဗိုလ်ချုပ်မောင်မောင်ဆွေ ရိပ်မိတော့ တိုင်းမှူးက ဒေသဖွံ့ဖြိုးရေးအတွက် သူ့ရဲ့တိုင်းထဲမှာ တိုင်းအစီအစဉ်နဲ့ ပုဂ္ဂလိက သစ်ထုတ်ခွင့် တန် (၂၀၀၀၀) ကို ရအောင် လေးလပါတ် အစည်းအဝေးမှာ တောင်းပါတော့တယ်။ အဲဒါနဲ့ သစ်ထုတ်ခွင့် ရသွားခဲ့ပါတယ်။ သို့သော်လည်း သစ်တောဝန်ကြီးက လက်ဦးမှု ရယူပြီး ကချင်/ရှမ်းမြောက် ဒေသထဲက သစ်ခိုးမှုတွေကို ဖမ်းလိုက်တော့ တိုင်းမှူရဲ့ ပုဂ္ဂလိက သစ်ထုတ်ခွင့်ဟာ စာရွက်ရောင်းပြီးတဲ့ အဆင့်မှာပဲ ရှိခဲ့ပါသေးတယ်။

ဒါကြောင့် တိုင်းမှူးရဲ့ သစ်ထုတ်ခွင့်စာရွက် ၀ယ်လိုက်တဲ့ ဒေသခံတွေရော၊ ကချင်အပစ်ရပ် အဖွဲ့တွေရော မိအေးနှစ်ခါနာဖြစ်ကုန်ကြပြီး မကျေမနပ် ဖြစ်ကုန်ကြပါတော့တယ်။ အကြောင်းကတော့ သစ်ထုတ်ခွင့် စာရွက်ကိုလည်း တစ်တန်နှစ်သောင်း ပေးဝယ်ရတယ်။ သစ်ခုတ်ခွင့်ရအောင်လည်း စစ်ဗျူဟာမှူးအပါအ၀င် ဒေသခံသစ်တော/သစ်လုပ်ငန်းကို ပိုက်ဆံပေးထားရလို့ပါပဲ။ စာရွက်မ၀ယ်ခင်က သစ်ခုတ်ထားတာဖြစ်လို့ သစ်ကတရားမ၀င် ခုတ်ထားလို့ပါ။ အဲဒီအချိန်က မပခ လက်အောက်ခံ မိုးမိတ် ဗျူဟာမှူးက ဗိုလ်မှူးကြီးအောင်ညွှန့်ပါ၊ ယခုတော့ ပုံနှိပ်နဲ့စာနယ်ဇင်း ဦးဆောင်ညွှန်ကြားရေးမှူးပါ။ သိရသလောက်တော့ မိုးမိတ်ဗျူဟာအောက်မှာပါတဲ့ မံစီနယ်ထဲက မံဝိန်း၊ ပါခမ်း၊ ဘလောင်ဒင်ဆာနယ်မြေမှာ သစ်ခုတ်ခွင့်ရဖို့ ဗျူဟာမှူးကို တစ်လသိန်းတစ်ထောင် ပေးရတယ်လို့ ဆိုပါတယ်။

ဆင်ဘို၊ တာလောကြီး ဘက်မှာလည်း ထိုနည်းလည်းကောင်းလို့ သိရပါတယ်။ ရှမ်းမြောက်က ကွတ်ခိုင်ဗျူဟာအပိုင် နမ့်ခမ်းဒေသမှာလည်း ဒီဈေးနှုန်းပေါက်တယ်လို့ ကြားသိရပါတယ်။ အဲဒီဒေသက သစ်ခိုးမှုများဟာ နေပြည်တော် ကက်ဘိနက် အစည်းအဝေးထိ ပေါက်ကြားပြီး မပခတိုင်းမှူး ပြဿနာတက်တော့ သူ့ကို ပြင်းထန်တဲ့ အရေးယူမှု မလုပ်ပဲ ကမ်းရိုးတန်းတိုင်းမှူး ဗိုလ်ချုပ်အုံးမြင့်နဲ့သာ နေရာချင်း လဲလိုက်ပါတယ်။ မပခတိုင်းမှူး ဗိုလ်ချုပ်မောင်မောင်ဆွေက ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့ ယောက်ဖဖြစ်နေပါတယ်။ ဗိုလ်ချုပ်အုံးမြင့်ဟာလည်း သစ်တောဝန်ကြီး ဗိုလ်မှုးချုပ်သိန်းအောင်နဲ့ ကမ်းရိုတန်းတိုင်းမှာကတည်းက မပြေလည်ခဲ့ကြပါဘူး။ သစ်ခိုးတဲ့ ကိစ္စတွေမှာလည်း တရုတ်ဘက်က ငွေရင်းများစွာ ၀င်ထားလို့ ဒီအတိုင်း အဆုံးမခံချင်တော့ ငွေမျောငွေနဲ့ လိုက်ဖို့ ကြိုးစာပြီး တိုင်းမှူးကို ကပ်ပါတယ်။ တိုင်းမှူးများကလည်း ဘယ်တိုင်းရောက်ရင် ဘာနဲ့ ငွေရှာရမယ်ဆိုတာ သင်ပေးစရာမလိုပဲ မွေးကတည်းက တတ်ထားကြဟန် တူပါတယ်။

ကချင်ပြည်နယ်အနှံ့ ရှိနေတဲ့ ဖမ်းဆီးရမိ သစ်များကို သယ်ဆောင်ဖို့ဆိုပြီး နောက်တိုင်းမှူးဗိုလ်အုန်းမြင့်က သူနဲ့နီးစပ်တဲ့ ကုမ္ပဏီတစ်ခုကို ခေါ်သွင်းလာပါတယ်။ သစ်ဖမ်းတုံးကလည်း တပ်တွေပါပါတယ်။ ပိုက်ဆံယူ လွှတ်တာလည်း ဒီတပ်တွေပါဘဲ။ ဒီသစ်တွေဖမ်းပြီး ပြန်သယ်တော့လည်း ဒီတပ်တွေပါပဲ။ ပြန်သယ်ရင်းနဲ့ အယောင်ပြပြီး ပြန်ခိုးထုတ်တာလည်း ဒီတပ်တွေပါပဲ။ လုပ်စားနေလိုက်ကြတာများ မျက်စိလည်စရာတောင် ကောင်းလှပါတယ်။ တိုင်းမှူး ခေါ်သွင်းလာတဲ့ ကုမ္ပဏီက အောင်မိုင်ကုမ္ပဏီ ဖြစ်ပါတယ်။ တိုင်းမှူးမိန်းမက ကချင်ပြည်နယ်က ကချင်မ ဖြစ်နေပြန်တော့ မိန်းမဘက်က စိတ်ချရတဲ့သူကို ခေါ်သွင်းပြိး အပိုင်စီစဉ်တာ ဖြစ်ပါတယ်။ တိုင်းမှူးမိန်းမရဲ့ မောင်အရင်းက အစွမ်းကုန် လှုပ်ရှားပေးပါတယ်။

အောင်မိုင်ကုမ္ပဏီက ဖမ်းထားပြီးသား ကျွန်းသစ်၊ တမလန်းသစ်တွေရှိတဲ့ နေရာတွေကို သစ်သယ်တဲ့ တရုတ်ကားတွေ လွတ်လပ်စွာ ၀င်ခွင့်ရအောင် စီစဉ်ပေးပါတော့တယ်။ ပြီးတော့ အသစ်ထပ်ခိုးတာတစ်မျိုး၊ နဂိုက ခိုးထားသော ကောင်းတဲ့ သစ်တွေကို ပြန်ခိုးတာတစ်မျိုးနဲ့ အမျိုးမျိုး မျက်လှည့်ပြ ပါတော့တယ်။ တိုင်းမှူး အပြောင်းအလဲနဲ့အတူ အသစ်ပါလာတဲ့ ဗျူဟာမှူး ဗိုလ်မှူးကြီးသက်ဝေကလည်း အောင်မိုင်ကုမ္ပဏီက စီစဉ်ပေးတဲ့ Double cap ကားပေါ်မှာ လိုက်ပါရင်း သက်ဆိုင်ရာ မြို့နယ်သစ်တော၊ ရဲ၊ သစ်ထုတ်ရေးတို့ကို အလုပ်ရှုပ်အောင် အကွက်ဆင်ရင်း လမ်းကြောင်း လွှဲနေပါတော့တယ်။

အခုတော့ တိုင်မှူးဗိုလ်အုန်းမြင့်လည်း ရာထူးတက်သွားပြီး ဒုဗိုလ်ချုပ်ကြီး ဖြစ်ကာ ကစထမှူး ဖြစ်သွားခဲ့သလို ဗျူဟာမှူးလည်း ပြောင်းသွားပါပြီ။ အောင်မိုင်ကုမ္ပဏီကတော့ ကချင်ပြည်နယ်မှာ သူ့လူကိုယ့်ဘက်သားလုပ်ကာ သစ်ခိုးတုန်း/ဖမ်းဆီးသစ်တွေ သယ်တုံးပါဘဲ။ ဗိုလ်ချုပ်မောင်မောင်ဆွေ ကိစ္စမှာတုံးက ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေးက သစ်တောရေးရာဝန်ကြီး ဗိုလ်မှူးချုပ်သိန်းအောင်ကို မကြေလည်လို့ အခုထိ အညိုးအတေး ရှိနေတုန်းဘဲလို့ သိရှိရပါတယ်။ ဗိုလ်ချုပ်အုံးမြင့်ကလည်း ရာထူးတက်ပြီး ဒုတိယဗိုလ်ချုပ်ကြီး ဖြစ်သွားလို့ ဗိုလ်မှူးချုပ် သိန်းအောင်တစ်ယောက် အနေအစား ဆင်ခြင်နေရပါတယ်။ သို့သော်လည်း သူလည်း ပါးစပ်ပါတာမို့ လုံးဝတော့ မကင်းပါဘူး။ ဒုတိယ ဗိုလ်ချုပ်မှူးကြီးနဲ့ ဒုတိယဗိုလ်ချုပ်ကြီး နှစ်ယောက် ဒုတိယတွေ ပြုတ်သွားရင်ဖြင့် သိန်းအောင်တစ်ယောက် ပြေးစရာမြေ မရှိရှာလောက်ပေဘူးလို့ ထင်ပါတယ်။ အဲဒါကတော့ နအဖထဲက စားခွက်လုကြတဲ့ အကွဲအပြဲဇာတ်လမ်းလေး တစ်ခုပါ။ နောက်ဆုံးရရှိတဲ့ သတင်းများအရ ကချင်ပြည်နယ်နဲ့ ရှမ်းမြောက် ဒေသတွေမှာ ကျွန်း/တမလန်းနှင့် ပိတောက်အပါအ၀င် အဖိုးတန်သစ်များ ကုန်သွားလို့ တရုတ်တွေက ကညင်/ကြေးလန်/စကားဝါ စတဲ့ သစ်မျိုးများကိုပါ ခိုးယူနေကြကြောင်း သိရှိရပါတယ်။ ကချင်ပြည်နယ်ဟာ သစ်အပါအ၀င် ကျောက်စိမ်း/ရွှေ စတဲ့ သဘာဝ အရင်းအမြစ်တွေ ပေါများလှတဲ့ ဒေသဖြစ်ပေမဲ့ ဒေသခံ ကချင်လူထု အများစုကတော့ မည်သည့် အကျိုးကျေးဇူးမျှ မခံစားရပဲ ဆင်းရဲတွင်းနက်လျှက် ရှိနေပါတယ်။ ဒါ့အပြင် AIDS အပါအ၀င် မူးယစ်ဆေးဝါးဒဏ်ကိုပါ ခံနေကြရပါတယ်။

ဒါဘယ်သူတွေရဲ့  တာဝန်မဲ့မှုပါလဲ?

Last Updated ( Thursday, 15 September 2011 17:06 )  

နောက်ဆုံးရသတင်းများ