တိုက်ပုံဝတ်စုံနဲ့ တွေ့ရတဲ့ ဦးအောင်လင်းထွဋ်ပုံ
(အပိုင်း (၅) ကို ဒီနေရာ မှာနှိပ်ပြီး ပြန်လည်လေ့လာဖတ်ရှု နိုင်ပါသည်...


နိုင်ငံရဲ့ အသက်သွေးကြော တပ်မတော်ကို လွှမ်းမိုးချယ်လှယ်နေတဲ့ ဇနီးမယား
ဆောင်းပါးရှင် - ဗိုလ်ထက်မင်း
ဗိုလ်မှူးအောင်လင်းထွဋ်ရဲ့ မြန်မာ့တပ်မတော်အတွင်း ဇနီး မိသားစုဝင်များရဲ့ စွက်ဖက်မှုများ ဆောင်းပါးကို ဖတ်ပြီးတော့ ကိုယ်တွေ့များနဲ့ယှဉ်ကာ တွေးတောရင်း တပ်မတော်သားများအတွက် ယူကြုံးမရဖြစ်ကာ ဒေါ်ကြိုင်ကြိုင်ရဲ့ လွှမ်းမိုး ခြယ်လှယ်မှုများကို သိခဲ့ရသလောက် ဖိုးတရုတ်ဝက်ဘ်ဆိုဒ်ထံ ထပ်မံဖြည့်စွက် တင်ပြပေးလိုက်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ဇနီး ဒေါ်ကြိုင်ကြိုင်ဟာ သူတို့ရဲ့တပည့်ရင်းဖြစ်တဲ့ ဗိုလ်ချုပ်ညွှန့်တင်ရဲ့ဇနီး ဒေါ်ခင်မျိုးဦးကို စီးပွားရေး သောင်းကျန်းမှု ပြုလုပ်ခိုင်းခဲ့ပါတယ်။ ခလရ (၁) တပ်ရင်းမှူးအဖြစ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တာဝန်ထမ်းဆောင်ခဲ့တုန်းက ဗိုလ်ချုပ်ညွှန့်တင်ဟာ တပည့်ရင်း တစ်ယောက်အနေနဲ့ တွဲဘက် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။

ထိုစဉ်က ထောက်လှမ်းရေးအရာရှိ (I.O) ဖြစ်ခဲ့တဲ့ ယခု ဒုတိယဗိုလ်ချုပ်ကြီးတင်အေးနဲ့ ဗိုလ်ချုပ်ညွှန့်တင်တို့ဟာ စီနီယာ ဂျူနီယာ တာဝန် လွှဲပြောင်းပေးခဲ့သူများ ဖြစ်ကြပြီး ထိုစဉ်ကတည်းက ထောက်လှမ်းရေးအရာရှိ (I.O) ရဲ့ အလုပ်ဖြစ်တဲ့ တပ်ရင်းမှူးကတော် ဒေါ်ကြိုင်ကြိုင်၏ အိမ်မှုကိစ္စတွေ မီးဖိုချောင် ဖြည့်တင်းဖို့ ကိစ္စတွေကို တပ်ရင်း အဆီအနစ်တွေထဲက ဆွဲထုတ်ပြီး ဖြည့်တင်းပေးရသူ ဖြစ်ပါတယ်။
ဗိုလ်ချုပ်ညွှန့်တင်ဟာ လယ်/ဆည် ၀န်ကြီး ဖြစ်ခဲ့တုန်းကလည်း “Project” (ဆည်မြောင်း စက်ရုံစီမံကိန်းများ) ထဲမှ အချိုးကျကို အိမ်တော်ကြီးထံသို့ ပံ့ပိုးမှု ပေးခဲ့ရသူ ဖြစ်ပါတယ်။ နတခ တိုင်းမှူး ဖြစ်ခဲ့တုန်းကလည်း ဒုဗိုလ်ချုပ်မှူးကြီး ဗိုလ်ချုပ်မောင်အေးရဲ့ အမြင်ကြည်လင်မှု ရရှိစေဖို့ နတခတိုင်းရဲ့ အဆီအနှစ်များကို လက်ဆောင်ပဏ္ဍာအဖြစ် ထုတ်ယူကာ သူ့ကိုယ်သူ ဗိုလ်ချုပ်လို့တောင် မသုံးနှုန်းဘဲ ဗိုလ်ညွှန့်တင်လို့ နှိမ့်ချပြောဆိုကာ အထူး ပံ့ပိုးပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ အဲဒီလို ပံ့ပိုးမှု အဖားကောင်းတာကြောင့် လယ်/ဆည် ၀န်ကြီး ပြုတ်ကာစမှာ ဒေါ်ခင်မျိုးဦးရဲ့ မျက်ရည်ခံကို ကြည့်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ယခင် ၀န်ကြီးတွေလို ပြုတ်ရင် အကျယ်ချုပ်နဲ့ မချခိုင်းတော့ဘဲ လွတ်လပ်စွာ နေထိုင်ခွင့် အထူးအခွင့်အရေး ပေးခဲ့ပါတယ်။
ဒါပေမဲ့ နိုင်ငံနဲ့ တပ်မတော်သားတွေရဲ့ အဆီအနှစ်တွေကို မတရား ထုတ်ယူခဲ့တာကြောင့် အကုသိုလ်က ဆက်တိုက် ၀င်လာပါတော့တယ်။ ဗိုလ်ချုပ် ညွှန့်တင်ရဲ့ယောက်ဖ မောင်မျိုးဟိန်းဟာ ဒေါ်ကြိုင်ကြိုင်ရဲ့ ဒေါ်လာငွေတွေအပြင် ယခု လွှတ်တော်မှာ နေရာရနေတဲ့ ကုန်သည်ကြီးများအသင်း ဥက္ကဌ ဦးဝင်းမြင့်ရဲ့ ငွေတွေရယ် လက်တဆုပ်စာ လူ့မလိုင် ကုန်သည်တွေရဲ့ ငွေတွေရယ်ကို ဗုန်းပြီး ဂျပန်နိုင်ငံကို ထွက်ပြေးသွားခဲ့ပါတယ်။ ဒေါ်ကြိုင်ကြိုင်ရဲ့ ဒေါ်လာငွေတွေဟာ ဘဏ္ဍာရေးဝန်ကြီး ဗိုလ်ချုပ်လှထွန်းထံ ဘဏ်မှ ငွေထုတ်ယူရေး ရယူဆောင်ရွက်ခဲ့တာဖြစ်ပြီး ဒေါ်ကြိုင်ကြိုင်ရဲ့ လက်မှတ်နဲ့စာရွက်ကို သက်သေအဖြစ် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးက Report မှာ တင်ပေးလိုက်ပါတယ်။ အဲဒီကိစ္စက နအဖ အဖွဲ့အတွင်း ဂယက်ရိုက်သွားပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ဒေါသူပုန်ထပြီးတော့ ဆေးရုံတက်ယူရတဲ့အထိ ဟိုးလေးတကျော် ဖြစ်သွားခဲ့ပါတယ်။ ဒီသတင်းဟာ ပြည်ပသတင်းဌာနတစ်ခုသို့ ပေါက်ကြားခဲ့ပေမဲ့ အပြည့်အစုံ မသိရတဲ့အတွက် အာဏာသိမ်းတဲ့သတင်းလို့ ကောလဟာလ ထွက်ခဲ့ပါသေးတယ်။ ဗိုလ်ချုပ် ညွှန့်တင်ကိုလည်း အကျယ်ချုပ် ပြန်လည်ထားရှိပြီး စစ်ကြောရေး ၀င်ခဲ့ပါတယ်။
နောက်သတင်းတစ်ခုကို တင်ပြရရင် ဒေါ်ကြိုင်ကြိုင်အနေနဲ့ ခလရ (၁) မှာ အတူ တာဝန်ထမ်းဆောင်ခဲ့တဲ့ ယခင် ဗိုလ်ချုပ်စောလှမင်းအား မတွေ့ရတာ ကြာပြီလို့ ကတော်ကြီးများ စုစည်းတဲ့ အခမ်းအနားတစ်ခုမှာ ပြောလိုက်ရာ ဗိုလ်ချုပ်စောလှမင်းအား တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင် စစ်ရေးပြမှူးကြီးအဖြစ် ကမန်းကတန်း ထည့်ပေးလိုက်ကြရပါတယ်။ ဗိုလ်ချုပ်စောလှမင်းဟာ ထိုစဉ်က စကခ (၄) တပ်မမှူး ဖြစ်ပြီး ဒေါ်ကြိုင်ကြိုင်ရဲ့ အခါတော်ပေး ၀က်အူကြပ်မှုကြောင့် စစ်ရေးပြမှူးကြီးရဲ့ သဘော သဘာဝအရ တိုင်းမှူးအလောင်းအလျာ ဖြစ်လာတော့မယ်ရယ်လို့ စိတ်ကူးတွေ ယဉ်ခဲ့ပါတယ်။ ကြိုးစားအားထုတ်ပြီး အမှန်တကယ် အရည်အချင်းရှိတဲ့ တပ်မှူးကြီးများ အဖို့ကတော့ စိတ်ဓါတ်ရေးရာ ထိခိုက် နစ်နာဆုံးရှုံးခဲ့ရပါတယ်။
ဒါပေမဲ့ ဗိုလ်ချုပ်စောလှမင်းက တရုတ်သွေး ပါနေတာကို သိရှိပြီး မကျေမနပ် ဖြစ်နေကြတဲ့ ဗိုလ်ချုပ်ကြီးတချို့က ဖော်ထုတ်လိုက်တာကြောင့် သူ့အား တိုင်းမှူးမပေးတော့ဘဲ သံအမတ်ကြီးအဖြစ် ဖယ်ရှားလိုက်ရပါတယ်။ မြန်မာ့တပ်မတော်မှာ အရာရှိများရဲ့ ဇနီးတွေဟာ နမူနာဆိုးယူရလောက်အောင် လိုအပ်တာထက်ပိုပြီး စွက်ဖက် နေကြတာကြောင့် ဘယ်နိုင်ငံမှာမှမရှိတဲ့ ဒီစနစ်ကို မပြောင်းလဲရင်တော့ တပ်မတော်ရဲ့သမိုင်းဟာလည်း ဘယ်တော့မှ ကောင်းလာမှာ မဟုတ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
| < Prev | Next > |
|---|

