နအဖ ဆိုတဲ့ (အ) နူ ကလီးယား
ဆောင်းပါးရှင် - ဂါမဏိ (ခေတ်ပြိုင်ဝက်ဘ်ဆိုဒ်မှ ကူးယူဖော်ပြပါသည်)
ဗမာပြည်မှာ နအဖက သုတေသနအတွက် အနုမြူဓာတ်ပေါင်းဖိုတခု တည်ဆောက်မယ်လို့ တရားဝင်ကြေညာ ထားပြီး ရုရှားနိုင်ငံကဝယ်ယူဖို့ စီစဉ်ထားပါတယ်။ ရုရှားနိုင်ငံဟာ အနုမြူလက်နက် မပြန့်ပွားရေးစာချုပ် လက်မှတ်ထိုးထားပြီး အိုင်အေအီးအေ IAEA ခေါ် နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ အဖွဲ့ဝင်ဖြစ်တဲ့အတွက် သူတို့ရောင်းတဲ့ ဓာတ်ပေါင်းဖို ကနေ အနုမြူလက်နက်ထုတ်လုပ်တာ မဖြစ်ရအောင် အထိန်းအချုပ် အကွပ်အညှပ်တွေ မလုပ်မနေရ လုပ်ရပါတယ်။ အိုင်အေအီးအေ အာဏာပိုင်တွေကိုလည်း စစ်ဆေး vချုပ်ကိုင်ခွင့် ပြုရပါတယ်။

ဒါပေမဲ့ မြောက်ကိုးရီးယားကတော့ ဒီလို အထိန်းအချုပ်တွေနဲ့ ကင်းလွတ်ပြီး လုပ်ချင်ရာလုပ်နေတဲ့ စည်းအပြင်က နိုင်ငံဖြစ်နေတာကြောင့် နအဖဟာ နျူကလီးယား လက်နက်ထုတ်လုပ်ဖို့အတွက် မြောက်ကိုးရီးယားကို တိုက်ရိုက် အားကိုးရမှာဖြစ်ပြီး ရုရှား၊ ပါကစ္စတန် တို့ကိုတော့ သွယ်ဝိုက် အားကိုးလို့ဘဲ ရနိုင်ပါတယ်။ အနုမြူဗုံးလုပ်ရာမှာ ယူရေနီယမ်သတ္တုကိုသုံးတယ် ဆိုတာ လူအတော်များများ သိကြပါတယ်။ ဒါပေမဲ့ သာမန် ရိုးရိုးယူရေနီယမ်ကို သုံးလို့မရပါဘူး။ အိုင်ဆိုတုပ် လို့ခေါ်တဲ့ ရေဒီယိုဓာတ်ကြွ မျိုးကွဲတွေထဲက တမျိုးကိုဘဲ သုံးရတာ ဖြစ်ပါတယ်။ ယူရေနီယမ်ဟာ ဒြဗ်စင်အမှတ်စဉ် ၉၂ ဖြစ်တဲ့အတွက် သူ့အနုမြူထဲမှာ ပရိုတွန် ၉၂ လုံး၊ အီလက်ထရွန် ၉၂ လုံးရှိပါတယ်။ ယူရေနီယမ်အိုင်ဆိုတုပ်တွေထဲမှာ သဘာဝအတိုင်း မြေကြီးထဲကနေ အများဆုံးတူးဖော်ရရှိတာက ယူရေနီ ယမ် ၂၃၈ (နျူထရွန် ၁၄၆ လုံး) ဖြစ်ပြီး သဘာဝ ယူရေနီယမ် စုစုပေါင်းရဲ့ ၉၉.၂၈၄ ရာခိုင်နှုန်းရှိပါတယ်။ ယူရေနီယမ် ၂၃၅ (နျူထရွန် ၁၄၃ လုံး) ကတော့ သဘာဝသတ္တုရိုင်းထဲမှာ ၀.၇၁၁ ရာခိုင်နှုန်းဘဲ ပါဝင်ပါတယ်။
၂၃၅ ဖြစ်ဖြစ် ၂၃၈ ဖြစ်ဖြစ် ယူရေနီယမ် မှန်ရင် သတ္တုရိုင်းတွေကလည်း ရေဒီယိုဓာတ်ကြွတဲ့အတွက် သတ္တုတွင်းတူး အလုပ်သမားတွေ၊ သယ်ယူ ပို့ဆောင် ကိုင်တွယ်ရတဲ့ အလုပ်သမားတွေ၊ စစ်သည်တွေ အတွက် အန္တရာယ်ကြီးလှပါတယ်။ အနုမြူဗုံးလုပ်တဲ့အခါ ယူရေနီယမ် ၂၃၅ ကိုသုံးရပါတယ်၊ ဒါမှမဟုတ် ယူရေနီယမ် ၂၃၈ ကို ပလူတိုနီယမ် ဖြစ်အောင်ပြောင်းလဲပြီး သုံးနိုင်ပါတယ်။ (ဟီရိုးရှီးမားမှာချတဲ့ အနုမြူဗုံးဟာ ယူရေနီယမ် ၂၃၅ နဲ့လုပ်တာဖြစ်ပြီး နဂါစကီမှာ ချတဲ့ အနုမြူဗုံးကတော့ ပလူတိုနီယမ် နဲ့လုပ်တာဖြစ်ပါတယ်။) ဒါပေမဲ့ ဒီဒုတိယနည်းအတွက် ပလူတိုနီယမ်ကို အနုမြူ ဓာတ်ပေါင်းဖိုနဲ့ ထုတ်လုပ်ရတာဖြစ်လို့ ခက်ခဲပြီး အဆင့်မြင့်ပါတယ်။ တန်ဖိုးလည်းကြီးပါတယ်။
ဒါကြောင့် အနုမြူဗုံးကို ပေါချောင်ကောင်း ရချင်တဲ့ အာဏာရှင်စနစ်ထွန်းကားရာ နည်းပညာ အဆင့်နိမ့်ဖွံ့ဖြိုးဆဲ တိုင်းပြည်တွေကတော့ စစချင်းမှာ ယူရေနီယမ် ၂၃၅ ကတဆင့် အနုမြူဗုံးကို အဓိကထုတ်လုပ်ပြီး တချိန်တည်းမှာ ပလူတိုနီယမ်ကိုလည်း ခိုးလုပ်နိုင်အောင် အနုမြူဓာတ်ပေါင်းဖို တည်ဆောက် ကြိုးစားကြပါတယ်။ ဒါကြောင့် အနုမြူဓာတ်ပေါင်းဖို တည်ဆောက်ဖို့ဖြစ်စေ၊ အနုမြူဗုံးလုပ်ဖို့ဖြစ်စေ အစကနဦးအနေနဲ့ ယူရေနီယမ် ၂၃၅ ထုတ်လုပ်ဖို့ ကြိုးပမ်းရမှာဖြစ်ပါတယ်။ သဘာဝသတ္တုရိုင်းထဲကနေ အင်မတန်အချိုးအစားနည်းနည်းဘဲပါတဲ့ ယူရေ နီယမ် ၂၃၅ ကို စုယူနိုင်ဖို့အတွက် နည်းလမ်း အမျိုးမျိုးရှိတဲ့ အနက် အထိရောက်ဆုံး အသုံးအများဆုံးနဲ့ စရိတ်အသက်သာ ဆုံးကတော့ ဗဟိုခွာအားစက်တွေ ဖြစ်ပါတယ်။
ဗဟိုခွာအား Centrifuge ရဲ့ သဘောတရားကတော့ ရွှေကျင်ရာမှာ အလေးဆမတူတဲ့ သဲတွေ ကျောက်တွေနဲ့ ရွှေကို စကောဝိုင်း ဝိုင်းပြီး ခွဲထုတ်ရသလိုပါဘဲ။ ဆေးရုံတွေမှာလည်း သွေးစစ်ရာမှာ သွေးထဲပါတဲ့ အမှုန်အမွှားအမျိုးမျိုးကို ခွဲခြားနိုင်ဖို့ ဖန်ပြွန်တွေထဲထည့်ပြီး ဗဟိုခွာအားစက်ထဲထည့် လှည့်ရ ပါတယ်။ အလေးဆ နည်းနည်းလေးဘဲ (၁.၂၆ ရာခိုင်နှုန်း)ကွာတဲ့ (၂၃၈) နဲ့ ၂၃၅ နှစ်မျိုးရောနေတာကိုကျတော့ လက်နဲ့ စကောဝိုင်းတာထက် အဆပေါင်းများစွာ မြန်တဲ့စက်နဲ့ မွှေ့လိုက်တဲ့အခါ ပိုပေါ့တဲ့ ၂၃၅ က အပေါ်မှာ သို့မဟုတ် အလယ်မှာ လာစုပါတယ်။ သဘာဝသတ္တုမှုန်တွေထဲမှာ ၀.၇ ရာခိုင်နှုန်းဘဲပါတဲ့ ၂၃၅ ကို များများရဖို့ ယူရေနီယမ်ဓာတ်ငွေ့တွေကို ဆလင်ဒါပြွန်လုံးရှည်ကြီးတွေထဲထည့်ပြီး လှည့်တဲ့အခါ ၂၃၈ က ပြွန်လုံးဘေးမှာကပ်ပြီး ၂၃၅ တွေက အလယ်မှာ လာစုပါတယ်။
အလယ်မှာစုနေတဲ့ ၂၃၅ တွေကို ပိုက်တွေနဲ့ စုတ်ထုတ်ပြီး နောက်ထပ် ပြွန်လုံးရှည်တွေထဲလွှတ်၊ ဗဟိုခွာအားနည်းနဲ့ ထပ်ခါထပ်ခါ စစ်ထုတ်စုယူရပါတယ်။ အနုမြူဓာတ်ပေါင်းဖိုမှာ သုံးဖို့ဆိုရင်တော့ ၂၃၅ ငါးရာခိုင်နှုန်းလောက်အထိ ဖြစ်လာရင် သုံးလို့ရပြီး အနုမြူလက်နက်ထုတ်လုပ်ဖို့ဆိုရင်တော့ ၂၃၅ ကိုးဆယ် ရာခိုင်နှုန်းကျော် အထိ သန့်စင်ဖို့ လိုတဲ့အတွက် ဗဟို ခွာအား ဆလင်ဒါပြွန်လုံးတွေ ထောင်နဲ့ချီလိုတာ ဖြစ်ပါတယ်။ ဒါကြောင့် ဗဟိုခွာအားစက်ရုံတွေမှာ ပြွန်လုံးရှည်ကြီးတွေ အတွဲလိုက် အစုလိုက် အစဉ်လိုက် ထောင်နဲ့ချီ တပ်ဆင်ထားရတဲ့အတွက် သိသာမြင်သာတဲ့ စက်ရုံအကျယ်ကြီးတွေ တည်ဆောက် ရပါတယ်။

ဒီဗဟိုခွာအားစက်ရုံ မရှိရင် အနုမြူဗုံး ဘယ်လိုမှ မထုတ်လုပ်နိုင်ပါဘူး။ ဒါတွေလုပ်ဖို့အတွက် ပထမဆုံးအဆင့်မှာ သတ္တုတွင်းကတူးဖော်ရလာတဲ့ ယူရေနီယမ် မြေသားအရိုင်းကို ကြိတ်ခွဲ ပြီး ဓာတုဗေဒနည်းနဲ့ သန့်စင် အရည်ဖျော် အခြောက်ခံလိုက်တဲ့အခါ 'အဝါရောင်ကိတ်မုန့်' Yellow Cake လို့ လူသိများတဲ့ ဒုတိယဆင့်သတ္တုရိုင်း ဖြစ်လာပါတယ်။ ဒါကို နောက်တခါ အက်ဆစ်၊ ဇဝက်သာ၊ ဟိုက်ဒြိုဂျင်၊ အောက်ဆီဂျင်တို့နဲ့ အဆင့်ဆင့်ဓာတ်ပြုစေတဲ့အခါ နောက်ဆုံးမှာ ယူရေနီယမ်ဟက်ဆာဖလိုရိုဒ်ဓာတ်ငွေ့ ရပါတယ်။
အဲဒီ ယူရေနီယမ် ဓာတ်ငွေ့ကို စောစောကပြောတဲ့ ဗဟိုခွာအားပြွန်လုံးတွေထဲထည့်ပြီး 'ကျင်' ယူရတာဖြစ်ပါတယ်။ အခု သတင်းထွက်တာက သပိတ်ကျဉ်း၊ မေမြို့၊ မြိုင် နဲ့ ပွင့်ဖြူ ဘက်မှာ နျူကလီးယားစက်ရုံတွေ ဆောက်နေတယ်လို့ သတင်းတွေထွက်နေပါတယ်။ သပိတ်ကျဉ်းစက်ရုံကတော့ တပ်မတော် သိပ္ပံနဲ့ သုတေသန နည်းပညာတပ် (သသန) က တာဝန်ယူတဲ့ ယူရေနီယမ်ဟက်ဆာဖလိုရိုဒ် ဓာတ်ငွေ့အဆင့်အထိ ထုတ်လုပ်တဲ့ ယူရေနီယမ်သန့်စင်စက်ရုံ ဒါမှမဟုတ် ရှေ့ပြေးစမ်းသပ်အဆင့် Prototype ဗဟိုခွာအားစက်ရုံလို့ ခန့်မှန်းရပါတယ်။
စက်ရုံအရွယ်အစား ကြည့်ရတာလည်း မေမြို့ နဲ့ မြိုင် စက်ရုံတွေလောက် မကြီးပါဘူး။ မေမြို့နဲ့မြိုင်စက်ရုံတွေ သတင်းမပေါ်ခင်ကတည်းက သတင်း ထွက်နေတာဖြစ်လို့ ရှေ့ပြေးအဆင့် Pilot plant လို့ ယူဆနိုင်တာဖြစ်ပါတယ်။ နျူကလီးယား ဓာတ်ပေါင်းဖိုကို သပိတ်ကျဉ်း လို ငလျင်ကြောတည့်တည့်ပေါ် သွားဆောက်ရင်တော့ နအဖလောက် မိုက်မဲတဲ့လူ ရှိမှာမဟုတ်တော့ပါ။ ဒါပေမဲ့ ဗမာပြည် မှာ ယူရေနီယမ် အဓိကထွက်တဲ့နေရာက ရှမ်းပြည် တောင်ုးံကြီးနဲ့ ဟိုပုံးကြားက ပင်းပက်သတ္တုတွင်း ဖြစ်ပါတယ်။ အခု အဲဒီ မှာ ရုရှားနဲ့ပေါင်းပြီး ယူရေနီယမ် အကြီးအကျယ်တူးဖို့ လက်တွေ့လုပ်နေပါပြီ။ ရေရှည်မှာတော့ ပင်းပက်ဟာ ယူရေနီယမ် သတ္တုရိုင်းမြေကြီးကို သန့်စင်တဲ့ အဓိကနေရာ ဖြစ်လာပါလိမ့်မယ်။
ဂူဂယ်အတ်သ် Google Earth ကနေကြည့်တဲ့အခါ သပိတ်ကျဉ်းဘက်မှာ ထူးခြားတဲ့အဆောက်အဦ မတွေ့မိသေး ပါဘူး။ မေမြို့ဘက်မှာတော့ ထူးခြားတဲ့ အဆောက်အဦး တွေ့နေရပါပြီ။ မေမြို့အရှေ့ဘက် ၁၀ မိုင်အကွာ နောင်လိုင် နားမှာတည်ဆောက်နေတဲ့ ပေ ၃၀၀ ပတ်လည် အဆောက်အဦးကြီးဟာ နျူကလီးယား ဓာတ်ပေါင်းဖိုတော့ မဖြစ်နိုင်ပါဘူး။ နျူကလီးယား ဓာတ်ပေါင်းဖိုတွေရဲ့ ဓာတ်ပုံက ဒီလိုမဟုတ်ပါဘူး။ ဒါ့အပြင် ဓာတ်ပေါင်းဖိုဆိုတာ ရေ ပေါပေါများများ ရနိုင်တဲ့နေရာမှာ ဆောက်ရပါတယ်။

ဒါမှ ဓာတ်ပေါင်းဖိုထဲကထွက်လာတဲ့ အပူဓာတ်ကိုထိန်းနိုင်မှာဖြစ်သလို တာဘိုင် ဂျင်နရေတာ တွေကိုလည်း ရေနွေးငွေ့နဲ့လည်ပတ်စေပြီး လျှပ်စစ်ဓာတ်အား ထုတ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဖြစ်နိုင် တာက ယူရေနီယမ်သန့်စင်တဲ့ ဗဟိုခွာအားစက်ရုံ Centrifuge Plant ဘဲဖြစ်နိုင်ပါတယ်။ အနုမြူလက်နက် လုပ်ငန်းမှာ ဗဟိုခွာအားစက်ရုံ ဆိုတာ အရေးကြီးအဆင့် လျှို့ဝှက်အဆင့် ရောက်လာပြီဖြစ်လို့ မေမြို့လိုတပ်မြို့နားမှာ ဆောက်တာ အများကြီး ဖြစ်နိုင်ပါတယ်။
နိုင်ငံတကာက ယူရေနီယမ်သန့်စင်ရေး ဗဟိုခွာအားစက်ရုံတွေရဲ့ ဓာတ်ပုံနဲ့ ယှဉ်ကြည့်ပါ။ နောက်သတင်းရတဲ့ မကွေးတိုင်း မြိုင်မြို့နယ် နှမ်းစားကျင်း ဒေသ ဘက်က လျှိုကြီးကို တူးထုတ်ချဲ့ထွင်ပြီး ဆောက်ထားတဲ့ စက်ရုံကို Google Earth မှာ ရှာမတွေ့သေးပေမဲ့ ဓာတ်ပုံမှာတွေ့ရတာကတော့ နောင်လိုင် စက်ရုံလိုမျိုး ဗဟိုခွာအား စက်ရုံဖြစ်ဖို့များပါတယ်။ နောင်လိုင်စက်ရုံနဲ့ပုံစံတူ ပေ ၃၀၀ ပတ်လည် စက်ရုံကြီးဖြစ်ပါတယ်။ နောင်လိုင်စက်ရုံက အိုင်အေ အီးအေ အစစ်ဆေးခံမယ့် (၂၃၅ ငါးရာခိုင်နှုန်းအထိဘဲ ထုတ်မယ့်) စက်ရုံဖြစ်ပြီး မြိုင်စက်ရုံကတော့ အိုင်အေအီးအေ အသိ မခံတဲ့ (၂၃၅ ကိုးဆယ်ရာခိုင်နှုန်း အထိ ထုတ်မယ့်) စက်ရုံ ဖြစ်နိုင်ပါတယ်။ေ-ာက်သုံးမကျတဲ့နအဖပီပီ စက်ရုံကိုတော့ တော်ရုံတန်ရုံ မတွေ့နိုင်၊ လေယာဉ်ဗုံးကြဲလို့ မလွယ်နိုင်တဲ့ တောင်ပေါ်လျှိုထဲ လျှို့ဝှက်ဆောက်နေပြီး စက်ရုံဆီသွားတဲ့ ကားလမ်းကိုတော့ လေးလမ်းသွားလမ်းမကြီးနီးနီး ဖြူးနေအောင် ဖောက်ထားပါတယ်။
တောင်တွေဖြိုပြီး လျှိုကြီးကိုတူးချဲ့ ရာမှာ သေခဲ့ရတဲ့ အလုပ်သမားတွေ၊ ရွာသားတွေလည်း မနည်းပါဘူး။ ဒီနေရာမှာ အရေးပါတဲ့ပြဿနာတခုက နအဖ ဗဟိုခွာအားစက်ရုံအတွက် ထောင်နဲ့သောင်းနဲ့ချီတဲ့ ဆလင်ဒါ ပြွန်လုံးရှည်တွေကို ဘယ်သူကရောင်းပေးသလဲ ဆိုတဲ့အချက်ဖြစ်ပါတယ်။ ဒီဆလင်ဒါတွေကို တွေ့ကရာ ဒန်အိုးဒန်ခွက်တွေနဲ့ လုပ်လို့မရပါဘူး။ သီးသန့် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ရောင်းပေးတဲ့နိုင်ငံ၊ ရောင်းပေးတဲ့ကုမ္ပဏီဟာ နိုင်ငံတကာ စည်းမျဉ်းတွေ ကုလသမဂ္ဂ ကန့်သတ်ချက်တွေကို လုံးဝဖောက်ဖျက်တာဖြစ်တဲ့အတွက် မှောင်ခိုရောင်းသူတွေကို နိုင်ငံ တကာက ဖော်ထုတ် အရေးယူရမှာ ဖြစ်သလို မရောင်းရသေးရင်လည်း မရောင်းနိုင်အောင် ပိတ်ပင်တားမြစ်ရမှာ ဖြစ်ပါတယ်။
မြောက်ကိုးရီးယားကသင်္ဘော ဗမာပြည်ကိုသွားမှာကို တောက်လျှောက် စောင့်ကြည့်နေတဲ့အတွက် ကိုးရီးယား သင်္ဘော၊ ဗမာသင်္ဘောတွေ မသုံးဘဲ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ နိုင်ဂျီးရီးယားလို ပိုက်ဆံရပြီးရော ဆိုတဲ့ တတိယနိုင်ငံတခုရဲ့ သင်္ဘောတွေနဲ့လည်း သယ်မယ့် အလားအလာ ရှိနေပါတယ်။ အန္တရာယ်ကြီးလှတဲ့ နျူကလီးယားဓာတ်ပေါင်းဖိုကိုတော့ လူနေထူထပ်တဲ့ မေမြို့မှာဖြစ်စေ၊ ကျောက်ဆည်မှာ ဖြစ်စေ၊ ကြပ်ပြေးနေပြည်တော်မှာဖြစ်စေ ဆောက်မယ်မထင်ပါ။ ဖင်ခွထိုင်တယ် ဆိုတဲ့စကားလုံးရဲ့ လုံးချင်းအဓိပ္ပာယ် အတိ အကျအတိုင်း အနုမြူဗုံးကို literally တကယ်ဖင်ခွ ထိုင်နေလောက်အောင် မိုက်မဲရင်လည်း အုပ်ချုပ်ရေး စွမ်းရည်ညံ့ဖျင်း လဘော်ကျလှတဲ့နအဖတွေ မြန်မြန် ကမ္ဘာမြေပေါ်က ပျောက်သွားဖို့ လွယ်သွားပါလိမ့်မယ်။
မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာဆောက်နေတဲ့ စက်ရုံကတော့ ရုရှားကဝယ်တဲ့ (အိုင်အေအီးအေ အစစ်ဆေးခံမယ့်) အနုမြူဓာတ်ပေါင်းဖို ထားဖို့လို့ ယူဆရပါတယ်။ အခုထိတော့ ရုရှားက ဗမာပြည်ကို ပို့လိုက်တဲ့သတင်း မကြားမိသေးပါဘူး။ ငဖဲမြို့နယ်ထဲက ကပစ-၁၄ စက်ရုံကတော့ မြောက်ကိုးရီးယားက ဝယ်မယ့် (အိုင်အေအီးအေ အသိမခံတဲ့) အနုမြူ ဓာတ်ပေါင်းဖို ထားဖို့ ဖြစ်နိုင်ပါတယ်။ ငဖဲမြောက်ဖက် စေတုတ္တရာမှာတော့ အနုမြူဗုံးကို ဒုံးကျည်ထိပ်ဖူးအဖြစ် ထုတ်လုပ်ဖို့ ကပစ-၂၀ စက်ရုံ တည်ဆောက်နေပါတယ်။ ဒါတွေကိုလည်း Google Earth မှာ မတွေ့သေးပါဘူး။
ပွင့်ဖြူ၊ ငဖဲ၊ စေတုတ္တရာ နယ်ချင်းစပ်နေတဲ့အတွက် ဒီစက်ရုံတွေဟာ တဆက်တစပ်တည်းလည်း ဖြစ်နိုင်သလို ပုံမှားရိုက်ဖို့လည်း ဖြစ်နိုင်ပါတယ်။ (Google Earth မှာ မြိုင်၊ ငဖဲ၊ စေတုတ္တရာ၊ ပွင့်ဖြူ၊ မြို့သစ် နယ်မြေတွေကို မေမြို့လို အသေးစိတ်ပြတဲ့အခါ ပြေးမလွတ် တွေ့နိုင်မှာပါ။) နအဖဟာ နျူကလီးယားနဲ့ ဆက်စပ်ပတ်သက်တဲ့ စက်ရုံတွေ အဆောက်အဦတွေအားလုံးကိုလည်း မြေအောက်မှာ မလုပ်နိုင်သေးပါ။ လက်ရှိ ဥမင်လှိုင်ခေါင်းတွေဟာ အမိန့်ပေး ကွပ်ကဲရေး စခန်းတွေ Command post၊ ခိုလှုံရာစခန်းတွေ Bomb Shelter နဲ့ သာမန် ခဲယမ်း ရိက္ခာထောက်စခန်းတွေ Logistic depot ဘဲဖြစ်ပြီး (ဒုံးပျံတွေ ထားနိုင်တဲ့) အကြီးစား မြေအောက် သိုလှောင်ရုံ နဲ့ မြေအောက် ထုတ်လုပ်ရေးဌာနတွေ မဆောက်ရသေးပါ။ မကြာခင်ကာလအတွင်း ဆောက်လာ နိုင်စရာလည်း ရှိနေပါတယ်။
နအဖ မှာ အနုမြူဗုံးတင်ပြီး ဘန်ကောက်နဲ့ ဒါကာကို ဗုံးသွားကြဲနိုင်မယ့် (ရန်သူပစ်ချတာ မခံရနိုင်မယ့်) ခေတ်မှီစစ်လေယာဉ် မရှိပါ။ ကိုးကန့်ငြိမ်းအဖွဲ့နဲ့ တင်းမာမှုဖြစ်ပြီးနောက် F-7 လေယာဉ်တွေကို ခါတိုင်းပုံမှန်လေ့ကျင့် ပျံသန်းမှုထက် အင်အားနှစ်ဆတိုး ပျံသန်းချိန်နှစ်ဆတိုး ပျံသန်းအင်အား ပြခိုင်းတဲ့အခါ စစ်လေယာဉ်တစ်စီး ရွှံ့ဗွက်ထဲ ခေါင်းစိုက်သွားလို့ ကျန်တဲ့လေယာဉ်မှူးတွေ ဘယ်သူမှ တရုတ်လေယာဉ် မမောင်းရဲတော့ဘဲ ခွင့်မဲ့ပျက်ကွက် ဖြစ်ကုန်ကြပါတယ်။
ဒီလိုဒိတ်ကုန်နေတဲ့ တရုတ်လုပ် စစ်လေယာဉ်အဟောင်း အစုတ်တွေ၊ ဒိတ်ကုန်ခါနီး ရုရှား စစ်လေယာဉ်တွေက ဗုံးကြဲလေယာဉ်လည်းမဟုတ်လို့ အနုမြူ လက်နက်ကို အသုံးချချင်ရင် တာဝေးပစ်ဒုံးပျံ ရှိဖို့လိုပါတယ်။ အနုမြူလက်နက် ပိုင်ထားပြီးဖြစ်တဲ့ မြောက်ကိုးရီးယား၊ အိန္ဒိယ၊ ပါကစ္စတန်တို့တောင် အခုထိ ဒုံးပျံနည်းပညာကို ကောင်းကောင်း မပိုင်နိုင်သေးပါဘူး။ ခဏခဏ စမ်းသပ်နေရဆဲ အလွဲလွဲအချော်ချော်ဖြစ်နေဆဲဖြစ်ပါတယ်။ အနုမြူလက်နက် မလုပ်သေးတဲ့ အင်မတန် တိုးတက်ဖွံ့ဖြိုးတဲ့ ဂျပန်နိုင်ငံတောင် ဒုံးပျံနည်းပညာမှာ နိမ့်နေဆဲ ဖြစ်ပါတယ်။
လက်နက်ဈေးကွက်မှာ ရောင်းတဲ့ ဒုံးပျံတွေက တာဝေးလည်းမရ၊ အနုမြူထိပ်ဖူး တပ်ဆင်နိုင်လောက်အောင်လည်း အဆင့်မမြင့်သလို ပစ်မှတ်တိကျမှုပိုင်း မှာလည်း မကောင်းသူထိပ် ကောင်းသူ ထိပ်သဘောဘဲ ရှိပါတယ်။ ဒါကြောင့် နအဖဟာ အဲဒီဒုံးပျံတွေကိုဝယ်၊ သုတေသနလုပ်ပြီး တာဝေးပစ် ဒုံးပျံ ဖြစ်အောင် အဆင့်မြှင့်ဖို့ လုပ်ရပါတယ်။ ဒီအတွက် မကွေးတိုင်း အထက်မင်းလှ မှာရှိတဲ့ ကပစ-၁၀ စက်ရုံနဲ့ တောင်တွင်းကြီးမြို့နယ် မြို့သစ်နားက ကပစ-၁၅ စက်ရုံမှာ မြောက်ကိုးရီးယား အကူအညီနဲ့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ အားလုံးသိကြတဲ့အတိုင်း နအဖလို အရည်အချင်းမျိုးနဲ့ဆိုရင် အနုမြူဘဲဖြစ်ဖြစ် တာဝေးပစ်ဒုံးပျံဘဲဖြစ်ဖြစ် ချာနိုဘိုင်လ် ထက်ပိုဆိုးမယ့် အလားအလာ၊ "ရှေ့ ၄ နောက် ၆ ငါပါ ၁၁ ယောက်" ဖြစ်ဖို့ အလားအလာဘဲ များပါတယ်။ နျူကလီးယား မဖြစ်ဘဲ (အ) နူ ကလီးယားဘဲ ဖြစ်သွားပါလိမ့်မယ်။
| < Prev | Next > |
|---|

