သင်္ခါရတရားနှင့် စစ်အာဏာရှင်များ - အပိုင်း (၉)
စာဖတ်ပရိတ်သတ်များ ခင်ဗျား
ယခုတခါ အလှည့်ကျလာတဲ့ စစ်အာဏာရှင် တစ်ဦးကတော့ ကာကွယ်ရေး ၀န်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး အုန်းမြင့် ဖြစ်ပြီး သူ့ရဲ့ အသွင်စရိုက် လက္ခဏာနဲ့ သူဖြတ်သန်းလာခဲ့ပုံ အဆင့်ဆင့်တွေကို စစ်ဖက်နီးစပ်သူများနဲ့ ကချင်ပြည်နယ် တောစောင့်နတ် တို့က “စည်းလုံးခြင်းရဲ့ အင်အား” ၀က်ဆိုဒ်သို့ ရေးသား ပေးပို့လာလို့ ဂုဏ်ပြု မှတ်တမ်း တင်ရင်း ဖေါ်ပြအပ်ပါတယ် ခင်ဗျား။
ဒုတိယဗိုလ်ချုပ်ကြီး အုန်းမြင့်ဟာ မွန်ပြည်နယ် မုဒုံမြို့ဇာတိဖြစ်ပြီး စစ်တက္ကသိုလ် အမှတ်စဉ် (၁၇) မှ ကြည်း/ ၁၃၉၀၃ ဖြင့် ကျောင်းဆင်းခဲ့သူ ဖြစ်ပါတယ်။ သူဟာဗိုလ်ကြီးဘ၀နဲ့ ၁၉၈၉ ကာလတုန်းက မှတ်တမ်းရုံးမှာ တပ်ထောက်ဗိုလ်ကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ ဇနီးဖြစ်သူမှာ ဒေါ်နုနုဆွေ ဖြစ်ပြီး ကချင်ပြည်နယ်မှ ကချင်မ ဖြစ်ပါတယ်။ ဒုဗိုလ်ချုပ်ကြီး အုန်းမြင့်ဟာ ခလရ (၆၂) သံဖြူဇရပ်မှာ တပ်ရင်းမှူးတာဝန် ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီနောက် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် အမှတ်စဉ် (၃) ကို တက်ရောက် သင်ကြားခဲ့ပါတယ်။ ဒုဗိုလ်ချုပ်ကြီး အုန်းမြင့်ဟာ ကမ်းရိုးတန်း တိုင်းစစ်ဌာနချုပ်ရဲ့ စစ်ဗျူဟာမှူးရာထူးအဆင့်နဲ့ တိုင်းမှူးဗိုလ်ချုပ် သီဟသူရ စစ်မောင် လက်အောက်ခံအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီးနောက် ရာထူး အဆင့်ဆင့်တက်ကာ တပ်မ (၈၈) တပ်မမှူး၊ ထိုမှတဖန် စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ရာထူးများကို အဆင့်ဆင့် တိုးတက် ရရှိခဲ့ပါတယ်။br />
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်သန်းရွှေက တပ်မ (၈၈) တွင် တပ်မမှူး တာဝန် ထမ်းဆောင်စဉ် ဗိုလ်အုန်းမြင့်ဟာ ဗိုလ်ကြီးဘ၀နဲ့ အဲဒီတပ်မ (၈၈) မှာ အတူလက်တွဲ တာဝန် ထမ်းဆောင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဗိုလ်သန်းရွှေက ဗိုလ်အုန်းမြင့်နဲ့ တွဲခဲ့ဖူးတာကို မေ့လျော့နေလို့ ဗိုလ်အုန်းမြင့်ကတော် ဒေါ်နုနုဆွေဟာ စစ်ဖက်လက်ထောက် ဗိုလ်ချုပ်နေ၀င်းတို့ လင်မယားအား ချဉ်းကပ်ကာ ပြန်ပြောင်းသတိရအောင် ပြောဆိုခိုင်းခဲ့တာမို့ ဗိုလ်သန်းရွှေလည်း အမှတ်ရပြီး ဗိုလ်အုန်းမြင့်အား ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး အဖြစ် ရာထူးတိုးမြှင့် ပေးခဲ့ပါတယ်။ ဗိုလ်သန်းရွှေ အနေနဲ့ နောက်တက်လာတဲ့ အရာရှိကြီးတွေနဲ့ ကွာဟပြီး အဆက်ပြတ်နေလို့ အကြောင်းမသိတာမို့ ဒီလို လက်တွဲခဲ့ဖူးတာနဲ့ ရာထူးတိုးပေးကာ တပည့် မွေးပါတော့တယ်။ ဒုတိယဗိုလ်ချုပ်ကြီး အုန်းမြင့်ဟာ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး တာဝန်ထမ်းဆောင် နေတုံး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မောင်မောင်ဆွေ သစ်လုံးပိလို့ (အဂတိလိုက်စားလို့) တိုင်းမှူး တာဝန်ချင်းချိန်းရန် အမိန့်အရ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးသို့ ပြောင်းရွှေ့ ခဲ့ရပါတယ်။ အဲဒီနောက် ဗိုလ်အုန်းမြင့်ဟာ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးရာထူး တိုးမြှင့်ရရှိခဲ့ပါတယ်။
အဲဒီလို ဗိုလ်သန်းရွှေဟာ သူ့အား မေ့လျော့နေလို့ သူဟာ တော်သုံးတော်ထဲမှာ အဖားတော်သူ ဖြစ်ကြောင်းကိုတော့ ဗိုလ်အုန်းမြင့်က မပခ တိုင်းမှူး တာဝန် ထမ်းဆောင်နေစဉ် ရွှေဝါရောင် အရေးအခင်းမှာ လက်စွမ်းပြခဲ့ပြန်ပါတယ်။ ရန်ကုန်နဲ့ မန္တလေးမြို့ တွေမှာလို ဘုရားသား ရဟန်းသံဃာတော်များ အင်အားထုကြီးစွာနဲ့ ဆန္ဒပြနေတာမျိုး မဟုတ်ဘဲ ကချင်ပြည်နယ်က မြစ်ကြီးနားမြို့ ဗန်းမော်မြို့များရှိ သံဃာတော်များဟာ သပိတ်ကံဆောင်ကာ ငြိမ်းချမ်းစွာနဲ့ ဘုန်းကြီးကျောင်း တစ်ကျောင်း နှစ်ကျောင်းတို့မှာ လုပ်ဆောင်နေတာကို ဗိုလ်အုန်းမြင့်က ဒေါသတကြီး တပ်အင်အားတွေနဲ့ အကြမ်းဖက်ရင်း သွေးထွက်သံယို ဖြစ်တဲ့အထိ နှိမ်နှင်းခဲ့တာမို့ စစ်ရာဇ၀တ်ကောင် တစ်ဦးသာ ဖြစ်ပါတယ်။
ဗိုလ်အုန်းမြင့်ဟာ အပြောအဆိုမှာတော့ အင်မတန်ညက်ညောပြီး စီးပွားရေးအရ အလွန် သောင်းကျန်းသူ တစ်ဦးသာ ဖြစ်ပါတယ်။ သူဗိုလ်ကြီးဘ၀က မှတ်တမ်းရုံးမှာ တပ်မှူး ဗိုလ်မှူးကြီးခင်လတ်ရဲ့ အိမ်စီးပွားရေး လုပ်ငန်းများကို ရှာဖွေပေးရင်း သူ့ရဲ့ ကိုယ်ကျိုးစီးပွားပါ အိတ်ထဲ ထည့်တတ်သူ ဖြစ်ပါတယ်။ ကမ်းရိုးတန်းစစ်ဌာနချုပ် စစ်ဗျူဟာမှူး ဘ၀တုန်းကပင် ကုန်သည်များထံမှ လိုင်စင်မဲ့ (4/4 Double cab) Tiger ကားများကို ချောကားအဖြစ် သုံးရင်း တစ်ခါတည်း ကိုယ်ပိုင်ကားအဖြစ် သိမ်းယူလိုက်လို့ ထိုစဉ်က တိုင်းမှူးဖြစ်တဲ့ ဗိုလ်ချုပ် သီဟသူရစစ်မောင်က ၀င်ရောက် ဖြန်ဖြေပေးလိုက်ရကာ တိုင်းစစ်ဌာနချုပ်ပိုင်ကား အဖြစ် အကာအကွယ်ပေးခဲ့ရဖူးပါတယ်။
ဗိုလ်အုန်းမြင့်ဟာ ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်ကို တိုင်းမှူးဘ၀နဲ့ ပြန်လည်ရောက်ရှိခဲ့ရာ ပိုမိုလောဘတက်ပြီး ကော့သောင် - ရနောင်းက စီးပွားရေး လုပ်ငန်းများကို ချုပ်ကိုင်ခဲ့ ပါတယ်။ တဖန် သူ့ရဲ့မိန်းမဟာ ကချင်မဖြစ်လို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကချင်ပြည်နယ်ကို တိုင်းမှူးအဖြစ် ထပ်မံ ပြောင်းရွှေ့ခဲ့ရာက စီးပွားရေး ပိုမို သောင်းကျန်းနိုင်ခဲ့ပြန်ပါတယ်။ ထိုမှ တဆင့် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး ဖြစ်ပြန်တော့လည်း ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းတို့ ပါဝင်တဲ့ မပခ၊ နမခ တို့ကို ကိုင်တွယ်ရပြန်လို့် “ရလေ လိုလေ အိုတစ္ဆေ” ဆိုသလို လောဘဇောတက်ပြီး စီးပွါးရေးနဲ့ နံမည်ပျက်လာပြန်ပါတယ်။
သူနဲ့ ပတ်သက်ပြီး ပြဿနာတွေ တစစ ပေါ်ပေါက် ကြီးထွားလာလို့ သူ့အား ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီး သာအေးနှင့် နေရာချင်း ချိန်းလိုက်ရကာ မကွေးတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် အပါအ၀င် နပခ စစ်ဌာနချုပ်တိုင်း တစ်တိုင်းတည်းကိုသာ ကိုင်တွယ်ရတဲ့ ကစထမှူးအဖြစ်နဲ့ သူ့ကို ချောင်ထိုးတာ ခံလိုက်ရပါတော့တယ်။
ဗိုလ်အုန်းမြင့် မပခတိုင်းမှူးဘ၀က တရားမ၀င် ဖမ်းဆီးသစ်များကို ဖမ်းဆီးရမိတဲ့ နေရာများမှ မြို.များ/သစ်ဆိပ်များသို့ သယ်ယူဖို့ ဗန်းပြပြီး တရုတ်ကို အဲဒီသစ်တွေ ခိုးထုတ်နေတဲ့ ဗိုလ်ချုပ်အုန်းမြင့်ရဲ့နောက်ခံ လက်ရုံးတစ်ဆူပမာဖြစ်သော “အောင်မိုင်ကုမ္ပဏီ” ဟာ ကချင်/စစ်ကိုင်း/ချင်းတွေကို ကိုင်တွယ် ရတဲ့ ဗိုလ်အုန်းမြင့်ရဲ့  ကစထမှူးးနေရာကို ဗိုလ်ချုပ် သာအေးနဲ့ ပြောင်းလဲလိုက်ပြီးတဲ့ နောက်ပိုင်းမှာတော့ အစစ်ဆေးခံရကာ ဖျက်သိမ်းလိုက်ခြင်း ခံခဲ့ရပါတယ်။
ဗိုလ်ချုပ်သာအေးနဲ့ ဗိုလ်ချုပ်အုန်းမြင့်တို့ကလည်း လုံးဝ မတည့်ကြပါ။ တိုင်းမှူးဘ၀ ကတည်းက ကျွန်ပါးဝရင်း ပြိုင်ဆိုင်လာခဲ့ကြတာပါ။ အခု အခွင့်အရေး လည်းရရော စာမရေးတဲ့ သာအေးက နှမပေးတာတောင် မရဘဲ ဗုန်းပစ်တဲ့ အုံးမြင့်ကို အပြတ်ကိုင်လိုက်ကာ ငယ်ကျိုးငယ်နာတွေ ဖေါ်ထုတ်လိုက်ရာမှ မောင်အုံးမြင့်လည်း ကြောင်သလိုလို ရူးသလိုလို ဖြစ်သွားပြီး စစ်ဌာနချုပ်တိုင်း တစ်တိုင်းတည်းကိုသာ ကိုင်တွယ်ရတဲ့ ကစထမှူးအဖြစ်နဲ့ ချောင်ထိုး ခံလိုက်ရတာ ဖြစ်ပါတယ်။
ဗိုလ်အုံးမြင့်ဟာ စစ်တက္ကသိုလ် ပါမောက္ခချုပ်လည်း လုပ်ခဲ့ပါသေးတယ်။ စာလည်း နည်းနည်းတော့ ဖတ်ဟန်တူပါရဲ့။ သတင်းစာထဲမှာ အုံးမြင့် (မဟာဝိဇ္ဇာ) ဆိုပြီး စစ်အာဏာရှင်တွေကို ဖားတဲ့ ဆောင်းပါးတွေတောင် ရေးခဲ့ပါသေးတယ်။ တကယ်တော့ မောင်အုံးမြင့်ဟာ သနားစရာပါ။ သူလုပ်နေတာတွေဟာ သူသိထားတဲ့ အမှန်တရားနဲ့ ပြောင်းပြန်ဖြစ်နေတယ် ဆိုတာကို သူသိသွားဟန်တူပါရဲ့။ ဒါ့ကြောင့် အရက်ချည်း ဖိသောက်ပြီး အသိစိတ် မဲ့အောင်လုပ်ကာ သူ့ရဲ့တာဝန်တွေကို ထမ်းဆောင်နေခဲ့ရတာပါ။ ကြာလာတော့ ဒီစိတ်ပဋိပက္ခဒါဏ်ကို သူမခံနိုင်တော့ပါဘူး။ အမှန်တရားကို ပစ်ပယ်တဲ့ သစ္စာမဲ့သူတို့ သွားရာလမ်းအတိုင်း သံဃာတွေကို ပစ်မှားခဲ့သူ မောင်အုံးမြင့်တစ်ယောက် အခုဆိုရင် ဂေါက်သလိုလိုနဲ့ ရူးချင်ဟန်ဆောင်လိုက်ရပြီး ချောင်ထိုးတာ ခံသွားရတော့တာပါဘဲ ဆိုတာ စည်းလုံးခြင်းရဲ့  အင်အား ၀က်ဘ်ဆိုဒ်က တဆင့် တင်ပြလိုက်ရပါတယ် ခင်ဗျား။
သင်္ခါရတရားနှင့် စစ်အာဏာရှင်များ - အပိုင်း (၁၀)
ဆောင်းပါးရှင် - သံကြိုး
စာဖတ်ပရိတ်သတ်များခင်ဗျား ဒီတစ်ခါအလှည့်ကျတဲ့ စစ်အာဏာရှင်ကတော့ နအဖ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး စိုးဝင်းဘဲ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးစိုးဝင်းဟာ စစ်တက္ကသိုလ် အပတ်စဉ် (၁၂) က ကြည်း/၁၁၇၁၅ နဲ့ ကျောင်းဆင်း ခဲ့သူဖြစ်ပြီး မိခင်တပ်အဖြစ် ခလရ (၁၂) မှာ စတင် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သူ့မှာ အမွှာညီအစ်ကိုရှိပြီး နောက်တစ်ဦးက စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် တင်ထွန်း ဖြစ်ကာ အခုဆိုရင် သူတို့နှစ်ဦးစလုံး သေဆုံးခဲ့ပြီးဖြစ်ပါတယ်။ သူတို့ အမွှာနှစ်ဦးဟာ ရှမ်းပြည်နယ် “အင်း” ဇာတိဖြစ်ကြပြီး ငယ်စဉ်ကတည်းကပင် မိဘများက တောခိုသွားလို့် ဆွေမျိုးများက တောင်ကြီးတွင် မွေးစားခဲ့ပါတယ်။
သူဟာ တြိဂံတိုင်း စစ်ဌာနချုပ် ခလရ (၂၂၆) တပ်ရင်းမှူး၊ တပ်မ (၅၅) နည်းဗျူဟာမှူး၊ တပ်မ (၆၆) တပ်မမှူးအဖြစ် အဆင့်ဆင့် ရာထူးတိုးခဲ့ပြီးနောက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် ဆက်လက် တာဝန် ထမ်းဆောင် ခဲ့ပါတယ်။ ထိပ်ပိုင်း စစ်အာဏာရှင်များဟာ ၁၉၉၆ ခုနှစ်တုန်းက သူ့အား တပ်မ (၆၆) တပ်မမှူး ဘ၀ကပင် ရန်ကုန်သို့ တစ်ဦးတည်း ခေါ်ယူပြီး အကဲခတ်ခဲ့ဖူးပါတယ်။ အဲဒီ အချိန်တုန်းက တပ်မ (၆၆) ရုံးစိုက်ရာ ပြည်မှ ရန်ကုန်စစ်ရုံးသို့ မည်သည့် အကြောင်းပြချက်မှ မရှိဘဲ ခေါ်ယူခဲ့ချိန်မှာ ဘုမသိ ဘမသိ ယောင်ချာချာနဲ့ ရောက်ခဲ့လို့ ဗိုလ်ချုပ် တချို့ကပင် သူ့အား “ဟောက်” ထုတ်ခဲ့ဖူးပါတယ်။
ဗိုလ်စိုးဝင်း ကံကောင်းခဲ့တာကတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်သန်းရွှေရဲ့ ဇနီး ဒေါ်ကြိုင်ကြိုင်ဟာ ဗေဒင်ယတြာ ယုံကြည်လွန်းသူ အစွဲအလမ်းကြီးသူ ဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်အား နာမ်နှိမ်လိုတာကြောင့် ယုံကြည် စိတ်ချရမဲ့ အင်္ဂါသားကို ရှာဖွေနေခြင်းဘဲ ဖြစ်ပါတယ်။
မကြာခင်ဘဲ ဗိုလ်စိုးဝင်းဟာ အသစ်ဖွဲ့စည်းလိုက်တဲ့ လေကြောင်းကာကွယ်ရေးတပ်ဖွဲ့ အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး နအဖ အတွင်းရေးမှူး (၂)၊ ကြံ့ဖွံ့အကြီးအကဲ၊ အတွင်းရေးမှူး(၁)၊ ထိုမှတဖန် ဗိုလ်ချုပ်ကြီးအဆင့် ၀န်ကြီးချုပ်ရာထူး အထိ ဆက်တိုက် ရာထူးတိုးမြင့်ခဲ့ပါတယ်။ ဗိုလ်သီဟသူရ စစ်မောင်နဲ့ ဗိုလ်သီဟသူရတင်အောင်မြင့်ဦး စတဲ့ သူနဲ့ တစ်ပတ်စဉ်တည်း သူငယ်ချင်းတွေ တက်ရတဲ့ NDC သင်တန်းကိုတောင် တက်ဖို့ မလိုတော့ဘဲ လက်ရွေးစင် ဗိုလ်ချုပ်များစွာကို ကျော်ဖြတ်ပြီး ထိပ်သီး စစ်အာဏာရှင်ကြီး တစ်ယောက် ဖြစ်ခဲ့တာမို့ ဗိုလ်ချုပ်တချို့ကတောင် သူ့ကို မနာလိုဖြစ် ခဲ့ကြရပါသေးတယ်။ ဗိုလ်စိုးဝင်းဟာ အထက်အမိန့်ကို နာခံရာမှာ တရားသည် မတရားသည် နားမလည်ဘဲ မြေ၀ယ်မကျ တသွေမသိမ်း လိုက်နာခဲ့လို့ စစ်အာဏာရှင်ထိပ်သီးတွေက သဘောကျကာ နေရာပေးခဲ့တာ ဖြစ်ပါတယ်။ ဗိုလ်ခင်ညွန့် အရေးယူတဲ့ ဖြစ်စဉ်အပေါ် ဗိုလ်စိုးဝင်းဟာ ဗိုလ်ရွှေမန်းနဲ့အတူ သတင်းစာရှင်းလင်းပွဲ လုပ်ရာမှာ တပ်တွင်းအာဏာလွန်ဆွဲပွဲ အတွင်းရေးသတင်းများကို ထုတ်လွှင့်ရန် မသင့်တော်လို့ ဆင်ဆာတည်းဖြတ်တဲ့အခါ ဗိုလ်စိုးဝင်းဟာ ကျေနပ်မှုမရှိဘဲ ဖိအားပေး အတိအကျ ရေးသားရန် ထုတ်လွှင့်ခိုင်းတာကြောင့် ထပ်မံပြီး နောက်တကြိမ် သတင်းစာထဲတွင် ရေးသားဖော်ပြလိုက်ရပါတယ်။
ဒါပေမဲ့ သူဟာ ကိုယ်လွတ်ရုန်းခဲ့သူ သစ္စာဖောက် စစ်ပြေးတစ်ဦး ဖြစ်ခဲ့ကြောင်းနဲ့ သူ့ရဲ့ ကောက်ကျစ်ယုတ်မာတဲ့ စိတ်နေသဘောထားရှိခဲ့ပုံတွေကို သူနဲ့အနီးကပ် နေခဲ့ဖူးတဲ့ ခလရ (၁၂) မှ တပ်ကြပ်ကြီးတစ်ဦးက ကျနော်တို့ “စည်းလုံးခြင်းရဲ့ အင်အား” ၀က်ဘ်ဆိုဒ်သို့ ကလောင် နံမည် “သံကြိုး” နဲ့ ဆောင်းပါးများ ရေးသား ပေးပို့လာခဲ့ပါတယ်။ ယခုလို ပေးပို့လာတဲ့ အတွက် ဆောင်းပါးရှင် သံကြိုးအား ကျွန်တော် ကိုဖိုးတရုတ်က အထူး ကျေးဇူးတင်ရှိပါကြောင်းနဲ့ “စည်းလုံးခြင်းရဲ့အင်အား” ၀က်ဘ်ဆိုဒ်မှ ပင်တိုင်ဆောင်းပါးရှင်အဖြစ် ကြိုဆိုပြီး ဂုဏ်ပြု မှတ်တမ်းတင် အပ်ပါတယ်။
ယမမင်းနဲ့ ဗိုလ်စိုးဝင်း
၂၀၀၃ ခုနှစ် မိုးဖြိုင်ဖြိုင်ရွာနေတဲ့ ဇူလိုင်လ (၁၆) ရက်နေ့ စာရေးဆရာ မြသန်းတင့်ရဲ့  အပြောနဲ့ဆိုရင် ကျွန်တော်ဟာ တပ်မတော်သားဟောင်းတဦးအနေနဲ့ နိုင်ငံရေး ယုံကြည်ချက်အရ ဆန္ဒပြမှုကြောင့် အင်းစိန် ဘ၀တက္ကသိုလ်ကို ရောက်နေချိန်မှာတော့ အင်းစိန်ထောင်ဟာ အတော်လေး အကျဉ်းသားတွေကို အလျှော့ပေး လိုက်လျောမှုတွေ ရှိနေပြီ ဖြစ်ပါတယ်။ ဒီလိုရှိအောင် ရှေ့က နိုင်ငံရေးအကျဉ်းသားတွေဟာ အမျိုးမျိုးတိုက်ပွဲဝင် တောင်းဆိုခဲ့မှုတွေကြောင့် ထောင်အာဏာပိုင်တွေက သတင်းစာ၊ ဂျာနယ်တွေအပြင် အစိုးရခွင့်ပြုချက်နဲ့ ထုတ်တဲ့ စာအုပ်တွေ မှန်သမျှအား ဖတ်ရူခွင့် ပေးခဲ့ပါတယ်။
ကျနော် ရောက်တဲ့နေ့မှာဘဲ သတင်းစာ ကျောဖုံးမျက်နှာစာမှာ ရင်းရင်းနှီးနှီး သိကျွမ်းခဲ့ဖူးတဲ့ စစ်ဗိုလ်ချုပ် တစ်ယောက်ကို တွေ့မိတဲ့ အချိန်မှာတော့ သူ့မျက်နှာနဲ့ နာမည် ဘယ်လိုမှ ကွဲလွဲစရာမရှိတဲ့ ဒီမျက်နှာ ဒီအမည်၊ ရာထူးအားဖြင့် အတွင်းရေးမှူး (၂)၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်းဆိုသူအား တွေ့လိုက် ရပါတယ်။ ကျွန်တော် ထောင်ထဲမရောက်ခင် ကတည်းက နယ်မှာနေခဲ့တော့ သူ့သတင်းကြားခဲ့ဖူးပါတယ်။ ဒီနာမည် မှားမယ်လို့ မထင်မိခဲ့ဖူး။ အခုတော့ သူက တမလွန်ဘ၀မှာ ယမမင်းနဲ့ တွေ့နေပြီဖြစ်တဲ့ ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးစိုးဝင်း ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးစိုးဝင်းနဲ့ ပတ်သက်ပြီး သူနဲ့ ကျွန်တော် ကြုံဆုံတွေ့ခဲ့ရတဲ့ လွန်ခဲ့သော နှစ်ပေါင်း အစိတ်လောက်က ဇာတ်လမ်းကို ဘယ်လိုမှ မေ့ဖျောက်လို့မရနိုင်တာမို့ သူ့အကြောင်းတွေကို ပြန်စဉ်းစားမိရင်း အခုလို ဖောက်သည်ချ ရေးသားလိုက်ရပါတယ်။
ကြည်း/၁၁၇၁၅ ဗိုလ်ကြီးစိုးဝင်း ထောက်လှမ်းရေး အရာရှိ IO ဘ၀တုန်းက ခလရ (၁၂) မှာ ကျွန်တော်က သာမန်ရဲဘော်လေး တစ်ယောက်ဘဲ ရှိပါသေးတယ်။ ကျွန်တော်တို့ ခလရ(၁၂) စစ်ဆင်ရေး ဒေသဖြစ်တဲ့ မိုးမိတ်သို့ မထွက်လာခင်မှာ ကျွန်တော့်ကို ထောက်လှမ်းရေး ရုံးခန်းက ခေါ်တယ်ဆိုလို့ ဘာများလဲလို့ ဆိုပြီး ၀င်သွားလိုက်ပါတယ်။ ထောက်လှမ်းရေး အရာရှိ ဗိုလ်ကြီးစိုးဝင်းက “လာကွာ မင်းအရည်အချင်းကို ငါကြည့်ပြီးပြီ။ သိလဲသိပြီ။ မင်းထောက်လှမ်းရေး သင်တန်းသွားတက်ရမယ်” လို့ ဆီးပြောပါတယ်။
အဲဒီတုံးက လာရှိုး ရမခ တိုင်းစစ်ဌာနချုပ်မှာ တက်ရတာ ဖြစ်ပြီး စစ်ဆင်ရေး မလိုက်ရတော့ဘဲ ထောက်လှမ်းရေးသင်တန်းကို ကျနော် သွားတက် လိုက်ရပါတယ်။ သင်တန်းတက်ရောက်ခဲ့ ပြီးနောက် ကျွန်တော်ဟာ တပ်ရင်းပြန်ကာ ကြုံရာ ရှေ့တန်းအင်အားဖြည့် အဖွဲ့နဲ့ ရှေ့တန်းကို လိုက်သွား ရပါတယ်။ ကျွန်တော် ရှေ့တန်းတပ်ရင်းရှိရာ မိုးမိတ်မြို့ကို ၁၉၇၇ ခုနှစ် (၃) လပိုင်းထဲမှာ ရောက်သွားပါတယ်။ မိုးမိတ်က ယခင် စော်ဘွားတွေ နေထိုင်ခဲ့တဲ့ ဟော်ကုန်း အိမ်ဝင်းကြီးထဲမှာ ရှေ့တန်းရုံးစိုက်ထားတာ တွေ့ရပါတယ်။
ကျွန်တော့် တပ်ရင်းမှူးကတော့ ကြည်း ၆၇၉၃ ဒုဗိုလ်မှူးကြီး ကြည်မောင်နဲ့ သူ့မိန်းမဟာ ဂျူးလူမျိုးဖြစ်ပြီး သူတို့နှစ်ဦးဟာ အလွန်အင်မတန်မှ သဘောထား ပြည့်ဝတဲ့ မိသားစု ဖြစ်ကြပါတယ်။ ဘာကြောင့် ပြောရသလဲဆိုရင် ကျနော့် တပ်ရင်းမှူးဟာ လက်အောက် ငယ်သားများ အတွက် အသက်ဘေးအန္တရာယ် ကြုံတွေ့ရပြီ ဆိုရင် အထက်ဌာနမှ မတရား စေခိုင်းတဲ့ အမိန့်များအား ရာထူးတက်လမ်း ထိခိုက်မှုကို စိုးရိမ်ကြောင့်ကြမှု အလျဉ်းမရှိဘဲ ပြတ်သားစွာ ဆန့်ကျင် ရပ်တည်ခဲ့တဲ့ ဖြစ်စဉ် ဥပမာလေး ရှိခဲ့တာ တင်ပြပါရစေ။
၁၉၇၆ ခုနှစ်တုံးက “၀” ဒေသ အရှေ့ဘက် ပန်လုံမြို့လေးရဲ့ နယ်စပ်မှာ ကျွန်တော်တို့ တပ်ရင်းက တပ်စွဲထားတဲ့နေရာဟာ ဗကပလက်ထဲ ကျရောက် သွားတဲ့ အခိုင်အမာ ခံစစ်စခန်း များ ဖြစ်ကြတဲ့ မြောင်စူရှမ်းစခန်းနဲ့ ဟယ်ရီကုန်းစခန်းနှစ်ခုတို့အား ရင်ဆိုင်ထားနေရပါတယ်။ အဲဒီကို သွားရတဲ့ အကြောင်းရင်းက ဗကပစခန်းတွေကိုတိုက်ဖို့ အရေးပေါ်စစ်ဆင်ရေး ဖြစ်ပြီး ကျွန်တော်တို့ တပ်ရင်းနှင့်အတူ ခလရ (၇) လည်း လိုက်ပါလာကာ ကွတ်ခိုင် ကနေ သိန္နီ၊ ကွန်းလုံ၊ ဟိုပန်၊ ပန်လုံကို အားချင်း လိုက်သွားရတာ ဖြစ်ပါတယ်။
ဗကပရဲ့ ဟယ်ရီကုန်းစခန်းကို နေ့ခင်းအပြီး ကျွန်တော်တို့တပ်အား တက်တိုက်ခိုင်းခဲ့ပါတယ်။ ရဲဘော် (၄) ယောက်လောက်ကျသွားပါတယ်။ မရဘူး၊ စစ်ကြောင်း (၂) မှူး ဗိုလ်မှူးချစ်လွင် (နောက်ပိုင်း ၁၉၇၈ ခုမှာ မရမ်းကုန်းမြို့နယ်ကောင်စီ ဥက္ကဌ) ကို ညကျတော့တစ်ခါ ကျွန်တော်တို့ရဲ့ တပ်မ (၉၉) က အဲဒီစခန်းကို ထပ်မံတိုက်ဖို့ အမိန့်ပေးပြန်တယ်။ မိုးလင်းတာနဲ့ တပြိုင်တည်း စစ်ကြောင်း (၁) နဲ့ (၂)၊ နှစ်ခုစလုံး တက်တိုက်ဖို့ဖြစ်ပါတယ်။
အဲဒီအခါ တပ်ရင်းမှူးက အတော်စိတ်တိုနေပြီ။ ဒီမှာတင် တပ်ရင်းမှူးက တပ်မ (၉၉) က G-2 ဗိုလ်မှူး ထွန်းရီ (လုံထိန်း - ၁ စဖွင့်စဉ်မှာ တပ်ရင်းမှူး) နဲ့ စကားများပါတော့တယ်။ “မင်းတွေ” “ငါတွေ” ဖြစ်ကုန်ကြပြီ။ ညသန်းခေါင်လောက်ကျတော့ ဆက်မတိုက်တော့ဘဲ ပန်လုံကို ပြန်လာ ခဲ့ကြတယ်။ တပ်ရင်းမှူးက “ငါ့သားတွေ အသေမခံနိုင်ဘူး” စခန်းကိုကျအောင် လုပ်တဲ့ ခလရ (၂) ကိုဘဲ တက်တိုက်ခိုင်း ဆိုပြီး မတရားတဲ့ အထက်အမိန့်ကို ဆန့်ကျင်ကာ တပ်ရင်းမှူးဟာ လက်အောက် ငယ်သားများအတွက် တာဝန်ခံ “ခေါင်း” ရင်းခဲ့သူ ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်ပါတယ်။

ယမမင်းနဲ့ ဗိုလ်စိုးဝင်း
ရှေ့တန်းမိုးမိတ်ကို ကျွန်တော်ရောက်သွားချိန်မှာတော့ အဲဒီတပ်ရင်းမှူးနား စစ်ကြောင်း (၁) ရုံးမှာ နေရမယ်လို့ ထင်ခဲ့ပေမဲ့ တကယ်တမ်းကျတော့ ဗိုလ်ကြီးစိုးဝင်းက ကျွန်တော့်ကို စစ်ကြောင်း (၂) ရုံးကိုဘဲ သွားရမယ်လို့ အမိန့်ပေးပါတယ်။ ကျနော် ကတော့ အမိန့်အတိုင်း စစ်ကြောင်း (၂) ရှိတဲ့ မန်တုံကိုသွားဖို့ ပြင်ဆင်ပြီး တက်သွားခဲ့ပါတယ်။ ကျွန်တော်တို့ အင်အားဖြည့် အဖွဲ့ ခေါင်းဆောင်က ကြည်း ၁၂၉၂၄ ဗိုလ်ကြီးသိန်းရွှေဖြစ်ပြီး မိုးလိုစခန်းမှာ ခရီးတစ်ထောက်အနေနဲ့ တစ်ညအိပ်ခဲ့ကြ ပါတယ်။ မိုးလိုစခန်းမှူး တပ်ခွဲ (၅) ခွဲမှူး ဗိုလ်ကြီး မောင်မြင့်က သူ့ဆီမှာ ဆက်သွယ်ရေး ကြေးနန်းစာဝှက်/ပို့ရန် လူလိုလို့ ကျွန်တော့်ကို ထားခဲ့ပေးဖို့ ရှေ့တန်းစစ်ကြောင်း (၁) ရုံးကို တင်ပြပါတယ်။ ခွင့်ပြုချက်ရရှိလို့ ကျွန်တော်ဟာ မိုးလို စခန်းမှာ ကျန်ရစ်ခဲ့ရပါတယ်။
ဒီလိုနဲ့ မိုးလိုမှာဘဲ စခန်းထိုင်နေရင်း သင်္ကြန်နားနီးလာတော့ မိုးမိတ်ဂွင်ကို ဗကပ ၀င်တိုက်မဲ့ သတင်းဝင်လာပါတယ်။ စစ်ဆင်ရေးဂွင် သဘောသဘာဝအရ ကျွန်တော်တို့ နေရတဲ့ ဒေသက KIA ဒေသဖြစ်နေလို့ ဗကပ ၀င်စရာ အကြောင်း မရှိသေးဘူးပေါ့၊ ဒီသတင်းက ကျွန်တော် လားရှိုးမှာ သင်တန်းတက်စဉ် ကတည်းက ဖြစ်နိုင်တယ်ဆိုတာ သိနေတယ်။ သင်တန်းကျောင်းမှာ သင်ခဲ့ရတဲ့ ရန်သူ့ဖွဲ့စည်းပုံနှင့် လှုပ်ရှားမှုသတင်း ဘာသာရပ် တွေထဲမှာ ၁၉၇၄-၇၅ ခု KIA ခေါင်းဆောင်တွေ ဖြစ်တဲ့ ဇော်ချိုင်း၊ ဇော်ဒန်၊ ဇော်တူး။ ဇော်ဒန်က နမ္မတူ ဒေသမှ ဗကပနဲ့ တိုက်ပွဲဖြစ်ပြီး ကျသွားတယ်။ ဇော်ချိုင်းနဲ့ဇော်တူးက ထိုင်းနယ်စပ်မှာ အချင်းချင်းလုပ်ကြံတာ ခံလိုက်ရတယ်။ ဒီမှာတင် ဘရမ်ဆိုင်းက ခေါင်းဆောင် ဖြစ်လာတယ်။ ၁၉၇၆ ခုနှစ်ထဲမှာ ဗိုလ်မှူးချုပ်ဟောင်း ဦးကျော်ဇောဟာ မိသားစုတွေနဲ့အတူ မူဆယ် မရောက်ခင် မိုင်းယု (၁၀၅) မိုင်ကနေ ဗကပထဲ ၀င်သွားတယ်။ သူက ရောက်ရောက်ချင်းဘဲ စစ်ဆင်ရေး တိုက်ကွက်ဖော်ပြီး ပဲခူးရိုးမကို ပြန်ဝင်ဖို့ လမ်းရွေးချယ်တယ်။ သူရွေးချယ်တဲ့ လမ်းတွေထဲမှာ ရွှေလီချိုင့်ဝှမ်း လမ်းကြောင်းပါတယ်။ အဲဒီမှာတင် ကျွန်တော်တို့ ရောက်နေတဲ့ မိုးမိတ်ဒေသဟာ ဗိုလ်ချုပ်ကျော်ဇောရဲ့ လမ်းကြောင်းတည့်တည့်မှာ ဖြစ်နေတယ်။
KIA ခေါင်းဆောင်အသစ် ဘရမ်ဆိုင်းကလဲ ထိုင်းနယ်စပ်အထိ လက်နက်ခဲယမ်းသွားဝယ်ရေး အခက်အခဲဖြစ်နေပြီး တရုတ်က လက်နက်ရရှိရေးအတွက် ဗကပနဲ့ ညှိနှိုင်းတယ်။ ဗကပက လက်နက်အတွက် တာဝန်ယူမယ်။ KIA ကလဲ ရွှေလီချိုင့်ဝှမ်းမှာ စခန်းထိုင်လှုပ်ရှားနေရာမှ ဗကပတွေ မိုးမိတ်ကို ၀င်နိုင်ဖို့ ခေတ္တလက်ရှောင်ပေးဖို့ သဘောတူညီချက် ရရှိခဲ့ပါတယ်။ ဒီမှာတင် ဗကပ အင်အား (၃၀၀၀) လောက် (၂) ဖွဲ့ခွဲပြီး ရွှေလီချိုင့်ဝှမ်းထဲ ၀င်လာပါတော့တယ်။ ကျွန်တော်တို့ လည်း မြေပြင် အမာခံလူများမှ တဆင့် ရန်သူသတင်းကို ထောက်လှမ်းရာမှာ ဗကပ အင်အားအချို့တ၀က် ရေပုံး၊ တုံးကြီး၊ လွယ်ယားဖြတ်ပြီး မိုးမိတ်ကို ဦးတည် လာနေပြီဆိုတာ သိလိုက်ရပါတယ်။ တပ်ရင်းရုံးကလဲ တပ်မကို သတင်းပို့ခဲ့ပေမဲ့ တပ်မ ကလည်း တပ်ရင်းမှူး ကြည်မောင်တစ်ယောက် မူးပြီး မဟုတ်တရုတ် သတင်းတွေ ပေးတယ် လို့ဘဲထင်နေတယ်။ ဒီမှာတင် ၁၉၇၇ ခု ဧပြီလ (၁၁) ရက်နေ့ မနက် ဝေလီ ဝေလင်းမှာ မိုးမိတ်မြို့တပ်ရင်းရုံးစိုက်တဲ့ ဟော်ကုန်းကို ဗကပက တိုက်ခိုက် သိမ်းပိုက် လိုက်ပါတယ်။ မိုးမိတ်မြို့ တစ်မြို့လုံးကိုလည်း ဗကပက ခေတ္တသိမ်းထား လိုက်ပါသေးတယ်။

ကျွန်တော်တို့တပ်က တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ကြည်မောင်၊ ဗိုလ်ကြီး ဓူဒရိန္ဒာကူးမား၊ ဗိုလ်မြင့်သိန်း အပါအ၀င် အားလုံး (၁၇) ယောက်လောက်ကျခဲ့ပါတယ်။ သူတို့ရဲ့ အုတ်ဂူကြီးဟာ အခုထိ ရှိနေပါအုံးမယ်။ ကျန်တာအကုန် ဒဏ်ရာရတယ်။ ဗကပက ဒဏ်ရာ ရတဲ့ ရဲဘော်များကိုတော့ ဆေးရုံတင် ဆေးကု ပေးထားခဲ့ပါသေးတယ်။ နောက်တစ်ရက်မှ လေတပ်က လေယာဉ်ပျံနဲ့လာပြီး ဗုံးကြဲတယ်။ ခလရ (၄) မန္တလေးနဲ့ ခလရ (၄၂) ရွှေဘိုက တပ်တွေ အားချင်း စစ်ကူလိုက်လာတော့ ဗကပလည်း ပြန်ဆုတ်ခွာ သွားခဲ့တယ်။ စော်ဘွား ဟော်ကုန်း စခန်းထဲမှာရှိတဲ့ သူတွေ ဘယ်သူမှ ထွက်မပြေးဘူး။ အသေခံ တိုက်တဲ့သူကတိုက် ဒဏ်ရာ ရပြီး ကျန်တဲ့သူကကျန်နဲ့ ဖွဲ့စည်းပုံ ပျက်သွားတယ်။ ဒါပေမဲ့ ထွက်ပြေးသွားတဲ့ လူလည်ကြီး တစ်ဦးတော့ ရှိခဲ့ပါတယ်။
ဒါက နောင် ၀န်ကြီးချုပ် ဖြစ်လာတဲ့ ဗိုလ်ကြီးစိုးဝင်း တစ်ယောက်ဖြစ်ပြီး သူကတော့ ဘာမှမဖြစ်ခဲ့ပါဘူး။ ဒဏ်ရာလဲမရဘူး။ ကျွန်တော်တို့အားလုံး ပြန်ဆုံမိမှ ဗိုလ်ကြီးစိုးဝင်းက တိုက်ပွဲ ဖြစ်ဖြစ်ချင်း ထွက်ပြေးပြီး လေယာဉ်ကွင်းစခန်းကို ရောက်သွားကြောင်း သိလိုက် ရပါတယ်။ သူ့အပြောအရတော့ တပ်ရင်းမှူး အမိန့်ပေးလို့ ဆက်သွယ်ရေး စက်တွေကလဲ ဖွင့်မရလို့ အဆက်အသွယ်လုပ်ဖို့် လေယာဉ်ကွင်းမှ ရေဒါအော်ပရေတာကို အကူအညီသွားတောင်းကြောင်း ဟန်လုပ်ပြီး ပြောပါတယ်။ ကျွန်တော့် စိတ်ကူးထဲမှာတော့ ကျဆုံးသွားရှာတဲ့ ကြည်ညိုရတဲ့ အလေးစားရဆုံး တပ်ရင်းမှူးကြီးကိုသာ တမလွန်ဘ၀မှ ဂမ္ဘီရနည်းဖြင့် မေးလို့ရနိုင်ရင် တပ်ရင်းမှူးကြီးအား အနီးကပ် သစ္စာရှိစွာ မစောင့်ရှောက်ဘဲ ထွက်ပြေး သွားတဲ့ တပည့်ကျော် ဗိုလ်ကြီးစိုးဝင်း အကြောင်းအား မေးမြန်းဖော်ထုတ် လိုက်ချင်ပါတယ်။
တပ်ရင်းမှူးကလဲ ကျဆုံးသွားတော့ အကြီးဆုံး အရာရှိဖြစ်နေတဲ့ သူ့စကားကို အငြင်းပွားမဲ့သူ တစ်ယောက်မှ မရှိတော့ဘူးပေါ့။ အမှန်တော့ ဗိုလ်စိုးဝင်းဟာ ထွက်ပြေး လွတ်မြောက်သွားတဲ့ သစ္စာဖောက် စစ်ပြေးစစ်စစ် တစ်ယောက်ဖြစ်ကြောင်းကို ကျွန်တော့်ရဲ့ မှတ်ဥာဏ်ထဲမှာ ရိုက်ထည့်ထားနိုင်ခဲ့တဲ့အထိ ဒီလူဟာ လူလည်ကြီးတစ်ယောက် ပေါ့ဗျာ။
တပ်ရင်းမှူး ကျသွားတော့ ကျွန်တော်တို့ တပ်ရင်းကို ဒုဗိုလ်မှူးကြီး ဥာဏ်လင်း (နောင် ၁၉၈၈ အရေးအခင်း ဖြစ်တော့ ရတခ တိုင်းမှူးဘ၀နဲ့ လူထုကို ပစ်မိန့်မပေးလို့ဆိုပြီး ချောင်အထိုး ခံလိုက်ရတဲ့သူ၊ DSA အပတ်စဉ် (၁)၊ ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာမဲ့သူတစ်ယောက်လို့ တစ်ပေးသတ်မှတ်ခံရသူ) ပြောင်းလာပါတယ်။ သူတပ်ရင်းမှူး လက်ထက်မှာလဲ ဗိုလ်ကြီး စိုးဝင်း ကတော့ IO ဖြစ်နေတုန်း တာဝန်ထမ်းဆောင်လျက် ရှိနေပါတယ်။
ကျွန်တော်က အဲဒီတပ်ရင်းမှူး လက်ထက်ကျတော့ ကျွန်တော့်အား ဗိုလ်ကြီး စိုးဝင်းက တပ်ထောက်ကို ပြောင်းပေးလိုက် ပါတယ်။ အဲဒီနောက် ဒုဗိုလ်မှူးကြီး ဥာဏ်လင်း G-1 ဖြစ်ပြီး ရတခကိုပြောင်းသွားတော့ ဗိုလ်မှူးတင်စိုးဆိုသူ ယာယီ တပ်ရင်းမှူးနဲ့ ကျနော်တို့တပ်ကို ပြောင်းလာခဲ့ပါတယ်။ (၁၉၇၉) ခုနှစ်ချိန်ခန့်မှာ တပ်ရင်းမှူးလည်း ဒုဗိုလ်မှူးကြီးဖြစ်နေပြီး ဗိုလ်ကြီး စိုးဝင်းကတော့ IO အဖြစ် ဆက်ရှိနေပါသေးတယ်။ အဲဒီမှာ ၁၉၇၇ - ၇၈ ဦးနေ၀င်း နောက်က လိုက်လိုက် ထီးဆောင်းပေးနေတဲ့ ဗိုလ်မှူးထွန်းညွှန့်ဟာ ဒုတပ်ရင်းမှူး အဖြစ်နဲ့ ကျနော်တို့တပ်ကို ပြောင်းလာနေပြီ ဖြစ်ပါတယ်။
အဲဒီမှာ တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးက သိပ်အဆင်မပြေကြဘူး။ စစ်ဆင်ရေးက ကွတ်ခိုင်ရဲ့ အနောက်မြောက်ဘက် နမ်းခမ်း ထိ ဖြစ်တယ်။ နမ့်ယိုင်း၊ မန်တုံ၊ ကျယ်ခေါင် ဆိုတဲ့ဒေသထဲထိ အကျူံးဝင်တာမို့ ကျွန်တော်က တပ်ထောက်တာဝန်ယူထား တာမို့ နောက်တန်းကနေ နမ့်ခမ်းအထိသွားပြီး လား၊ မြင်း သေဆုံးမှု လျှော်ကြေးပေးတဲ့ကိစ္စ စာချုပ်တွေ လိုက်လုပ်ပေး ရတယ်။
နောက်တန်းမှာဘဲ ကျွန်တော် နေနေစဉ် (၁၉၇၉) ခုနှစ်ထဲမှာ ရှေ့တန်းက ကြေးနန်းဝင်လာပါတယ်။ စစ်ကြောင်း (၂) က စစ်ကြောင်းမှူး ဗိုလ်မှူးထွန်းညွှန့်က တပ်ခွဲမှူး (၂) ယောက်ဖြစ်တဲ့ ဗိုလ်မြင့်သိန်း ခွဲ (၂) ခွဲမှူးနဲ့ ဗိုလ်ကြီးမြင့်ကြည် ခွဲ (၄) ခွဲမှူး နှစ်ယောက်စလုံးကို ပစ်သတ်ပြီး ကာဘိုင်တစ်လက်နှင့်အတူ တောခိုသွားကြောင်း၊ နောက် (၂) ရက် အကြာမှာ ဗိုလ်မှူး ထွန်းညွှန့်ကို အသေဖမ်းဆီး ရမိကြောင်း ကြေးနန်းအရ ထူးဆန်းအံ့သြစွာ သိလိုက်ရပါတယ်။
ပြီးသွားပြီပေါ့။ သူတို့ဇနီးတွေကို ပြန်ပို့တော့ ဗိုလ်မှူးထွန်းညွှန့် ဇနီးကို သနက (၃) ကနေ အတူတူပြောင်းလာတဲ့ ကိုယ်ပိုင် အမှတ် - ၁၁၈၈၀၈ ဒုအရာခံ ဗိုလ်စောလွင် လိုက်ပို့ပါတယ်။ စစ်ဆင်ရေး အစီရင်ခံစာဝင်လာတော့ ကျွန်တော် ဖတ်ကြည့်ရတယ်။ တိုက်ပွဲသုံးကျည် ဘယ်လောက်ကုန်သလဲဆိုတာ ဗိုလ်မှူးထွန်းညွှန့် ဖြစ်စဉ်မှာ ရှေ့ပြေး တပ်စိတ်မှ ဗိုလ်မှူး ထွန်းညွှန့်အား တွေ့ဆုံလို့ ပြန်လာရန် ခေါ်ဆိုခဲ့ပေမဲ့ ငြင်းဆန်ပြီး ပြန်လည်ပစ်ခတ်တဲ့အတွက် ဗိုလ်မှူး ထွန်းညွှန့်အား ပစ်ဖမ်းရသောကြောင့် အသေ ဖမ်းဆီးရတယ်လို့ ဆိုပါတယ်။
တစ်လခန့်ကြာတော့ တပ်ရင်းမှူးအသစ် (ကြည်း ၈၄၅၈ ဗိုလ်မှူး ကျော်သန်း၊ နောက်ပိုင်း မပခမှာ ဗိုလ်မှူးချုပ် အယ်လ်ကွန်ဖန်ကျစဉ် ဒုတိုင်းမှူးဖြစ်သူ။ ဗိုလ်ချုပ်ထွန်းကြည် မန္တလေးတိုင်းမှူးမှ ၀န်ကြီးဖြစ်သွားစဉ် တိုင်းမှူးဖြစ်ခဲ့သူ။ နောက်ဆုံး ကုန်သွယ်ရေးဝန်ကြီးဘ၀မှာ ထုတ်ပယ်ခံရသူ) ရောက်လာပါတယ်။ တပ်ရင်းမှူးအဟောင်း ဒုဗိုလ်မှူးကြီး တင်စိုး နောက်တန်းပြန်လာတော့ ကျွန်တော်သွားကြိုရတယ်။ သူ့မှာ သုံးလက်မ စိန်ပြောင်း သေတ္တာနဲ့အပြည့် ကြေးမှန်း ရွှေမှန်း မခွဲနိုင်တဲ့ ရှေးဟောင်းဘုရားတွေ ပါလာတာ တွေ့ရပါတယ်။ သူဟာ နပခ ကို G-1 နဲ့ ပြောင်းသွားပါတော့တယ်။
နောက် (၂) လ လောက်ကြာမှ ကျနော်တို့တပ်ရင်း ရှေ့တန်းစစ်ဆင်ရေး ထွက်နေရာက နောက်တန်းကို ပြန်ဝင်လာပါတယ်။ အသေဖမ်းဆီး မိတယ်ဆိုတဲ့ ဗိုလ်မှူးထွန်းညွှန့်ရဲ့ ကာဘိုင် ပြန်မပါလို့ ဗိုလ်ကြီးစိုးဝင်းကို ကျွန်တော်က တပ်ထောက်တာဝန်အရ စီစစ်ရမှာမို့ သွားမေးပါတယ်။ သူက မျက်နှာအနည်းငယ် ပျက်သွားပြီး အမှုဖြစ်နေလို့ ရှေ့တန်း တပ်မမှာ အပ်ထားရတယ်လို့ ပြောခဲ့ပါတယ်။ ဒုအရာခံဗိုလ်စောလွင်က ရှေ့တန်းပြန်လာတဲ့ ရဲဘော် အချို့တ၀က်ကို မေးကြည့်တယ်။ အဲဒီတော့မှ ဗိုလ်မှူးထွန်းညွှန့်က လက်နက် မပါလာဘဲနဲ့ ပြန်လာအဖမ်းခံတာကို ပစ်သတ်လိုက်တယ် ဆိုတာ သိသွားပါတော့တယ်။ ချက်ချင်းဘဲ ဆရာကြီး စောလွင်ဟာ ယာယီတာဝန်တစ်ခုပြပြီး ရန်ကုန်ကိုဆင်းကာ ဗိုလ်မှူးထွန်းညွှန် ဇနီးအား ပြောပြပါတော့တယ်။ ဗိုလ်မှူးထွန်းညွှန့်ဇနီးက ဦးနေ၀င်းကို တိုင်စာတင်လိုက်လို့ ထောက်လှမ်းရေးတွေက ဆရာကြီးစောလွင် ပြောတဲ့သူတွေကို တစ်ယောက်ချင်း ရန်ကုန်ကို ခေါ်စစ်မှ အမှုမှန် ပေါ်ခဲ့ပါတယ်။
ဖြစ်စဉ်အမှန်မှာ ဗိုလ်မှူးထွန်းညွှန့်က ဆက်သွယ်ရေး တပ်ကြပ်တစ်ဦးရဲ့ ကာဘိုင် ပျောက်သွားလို့ စစ်သည်တွေကို သနားငဲ့ညာပြီး စစ်ဆင်ရေးခရီးချီတက်ရင်း ချောင်းအကူးမှာ ပျောက်သွား ခဲ့တယ်လို့ ဖုံးကွယ်တင်ပြခဲ့ပါတယ်။ အဲဒီကိစ္စအပေါ် တပ်ခွဲမှူးနှစ်ယောက်က မကျေနပ်လို့ ဗိုလ်မှူး ထွန်းညွှန့်က ဖြောင်းဖျ ရှင်းပြခဲ့သော်လည်း ကျေနပ်မှုမရှိဘဲ တပ်ခွဲမှူး နှစ်ယောက်ဟာ စစ်ဆင်ရေး တာဝန်ပေးမှုမှာ အရွဲ့တိုက်လုပ်ခဲ့ကြပါတယ်။
ဒါကြောင့် ဗိုလ်မှူးထွန်းညွှန့်ဟာ တပ်ခွဲမှူးနှစ်ယောက်ကို ပစ်သတ်ခဲ့ပြီး တပ်ရင်းမှူးထံ လက်နက်ကို ၀ှက်ထားခဲ့ပြီးမှ သွားအဖမ်းခံခဲ့တယ်။ အဲဒီနေရာမှာ လက်ဖြောင့်တပ်ကြပ် မြအောင်ဒင်အား တပ်ရင်းမှူးက ပစ်မိန့်ပေးဖို့ ပြောထားပြီးသားဖြစ်ရာ တပ်ရင်းမှူးကို ဖါးပြီးတော့ ဗိုလ်ကြီးစိုးဝင်းက မြအောင်ဒင်အား ကာဘိုင်ကျည်ထိုးရန် ဆက်တိုက် ဖိအားပေးခဲ့ပါတယ်။ ဗိုလ်မှူး ထွန်းညွှန့်ကို ရွာထိပ်က ကင်းသမားက တပ်ရင်းမှူးနေတဲ့ နေရာကို ခေါ်လာပါတယ်။ တပ်ရင်းမှူးက ထိုင်ခိုင်းတယ်။ ဗိုလ်မှူး ထွန်းညွှန့်လည်း ဆောင့်ဆောင့်လေး ထိုင်နေတယ်။ နောက်မှ မြအောင်ဒင်က သေနတ်နဲ့ ချိန်ထားတယ်။ ဗိုလ်မှူးထွန်းညွှန့်က ရေသောက်ချင်ကြောင်း ပြောတယ်။ ခေါင်းပြန်ငုံ့နေတယ်။ တပ်ရင်းမှူးနဲ့ ဗိုလ်ကြီးစိုးဝင်းတို့က ရပ်ကြည့်နေသေးတယ်။ ရေတောင် မတိုက်ရသေးဘူး။ တပ်ရင်းမှူးက အချက်ပြလိုက်တယ်။ မြအောင်ဒင်က နောက်ကနေ (၂) ချက် နှလုံးသားရှိရာကို ပစ်လိုက်တယ်။ ဗိုလ်မှူး ထွန်းညွှန့် လဲကျသွားတော့ ဗိုလ်ကြီးစိုးဝင်းက သစ္စာဖောက်တို့ သွားရာလမ်း ဒီလမ်းဘဲ ရှိတယ်ဆိုပြီး လက်ထောင်အော်ပြောကြောင်း သိခဲ့ရပါတယ်။
အမှုစစ်တော့ ဗိုလ်ကြီးစိုးဝင်းက တရားလိုပြ သက်သေဖြစ်သွားတယ်။ တပ်ရင်းမှူး ဒုမှူးကြီး တင်စိုး ထောင် (၂) နှစ်ကျသွားတယ်။ တပ်ကြပ်မြအောင်ဒင် ရာထူးပြုတ်ပြီး ရဲဘော် ပြန်ဖြစ် သွားတယ်။ ဗိုလ်ကြီးစိုးဝင်းကတော့ ဘာမှမဖြစ်တဲ့အပြင် ရှေ့တန်းတပ်မ (၉၉) ကို စစ်ဦးစီး အရာရှိ (တတိယတန်း) နဲ့ ပြောင်းသွားတယ်။ တပ်မတော်မှာ အထက်က ပေးတဲ့ အမိန့်ကို မှန်၏ မှား၏ ဘာမှမစဉ်းစားဘဲ ပေးတဲ့အမိန့်အတိုင်း ဆောင်ရွက်နိုင်ရင် အထက်လူကြီးက ကြိုက်တယ်။ အထက်လူကြီးမှားရင် အထက်လူကြီးခံ၊ သူကတော့ ရာထူးကြီးတဲ့လူ ခိုင်းရင် လုပ်ဖို့အသင့်၊ တာဝန်ကျေပွန်တယ်ဆိုရင် မှားမှား မှန်မှန် ကိုယ့်ကိုယ်ကို တော်တယ်လို့ ခံယူထားတဲ့ ဗိုလ်စိုးဝင်းရဲ့ စိတ်ဓါတ်က အောက်တန်း ကျလှပါတယ်။
ဗိုလ်ကြီး စိုးဝင်းဟာ တပ်ရင်းမှူး အမိန့်ပေးတဲ့အတိုင်း လိုတာထက် ပိုပြီး ဆောင်ရွက်တယ်။ လူတစ်ယောက်ကို အပြစ်ရှိရှိ မရှိရှိ ရက်ရက်စက်စက် သတ်ဖြတ်ပစ်ရမဲ့ အခြေအနေ မျိုးမှာတောင် တပ်ရင်းမှူးကို မလုပ်ဖို့ ဖျောင်းဖျ မတင်ပြတဲ့အပြင် ပူးပေါင်းပြီး လုပ်ကြံခဲ့တဲ့ အဖြစ်မျိုးနဲ့ စစ်ဆင်ရေး အစီရင်ခံစာကိုလည်း လိမ်ညာရေးရဲသူ ဖြစ်ပါတယ်။ စစ်သည်တော် ကျင့်ဝတ် (၆၀) အရ အထက်အရာရှိအား တော်တည့်မှန်ကန်စွာ သစ္စာရှိရမယ် ဆိုတဲ့အတိုင်း မှန်ကန်မှသာ သစ္စာရှိရမယ် ဖြစ်ပါတယ်။ ဗိုလ်စိုးဝင်း အနေနဲ့ တရားလိုပြသက်သေ လုပ်လိုက်တာဟာလည်း သူ့ရဲ့ ရာထူးတည်မြဲမှုနဲ့ ကိုယ်လွတ်ရုန်း အတ္တစိတ်ကို ဖော်ကျူးခဲ့တာ ဖြစ်ပါတယ်။
တပ်ရင်းမှူးဆိုတာ သူ့ရဲ့ ကျေးဇူးရှင်ဆိုလို့ သစ္စာရှိစတမ်းဆိုရင် ယခင်တပ်ရင်းမှူး ဖြစ်ခဲ့တဲ့ မိုးမိတ်တွင် တာဝန်ထမ်းဆောင်စဉ်ကျသွားသော ဒုဗိုလ်မှူးကြီး ကြည်မောင်အား သစ္စာဖောက်ကာ ကိုယ်လွတ်ရုန်း ထွက်ပြေးရင်း ချန်ထားခဲ့တဲ့ ဖြစ်စဉ်က ဗိုလ်ချုပ်ကြီး စိုးဝင်းရဲ့ အောက်တန်းကျသော ကြောက်စရာ ရက်ရက်စက်စက်လုပ်ခဲ့တဲ့ အပြုအမူ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။ ဒါကြောင့် ကျနော်တို့ရဲ့ တပ်မတော်ဟာ တကယ်တော့ လူလည် တစ်နှပ်စား ကိုယ်ကျိုးရှာ အတ္တသမားတွေက ထိပ်ပိုင်းမှာ ရောက်ရှိ နေရာယူထားပြီး တကယ်တမ်း စိတ်ဓါတ်မြင့်မား ပြည့်ဝတဲ့ တိုင်းချစ်ပြည်ချစ်စိတ်နဲ့ ရဲဘော်ရဲဘက် စိတ်ဓါတ်ရှိသူတွေက ချောင်ထိုးခံနေရလို့ ယနေ့ မြန်မာပြည်လည်း အောက်တန်း နောက်တန်း ကျနေရတာ ဖြစ်ပါကြောင်း တွေးတောရင်း ကိုယ်တွေ့ ဖြစ်ရပ်မှန်များအား ဖေါ်ထုတ် တင်ပြလိုက်ရပါတယ် ခင်ဗျား။
| < Prev |
|---|

