ပင်မနေရာ စစ်အင်အား သင်္ခါရတရားနှင့်စစ်အာဏာရှင် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်အတွက် အမှတ်တရ

ပင်မနေရာ စစ်အင်အား သင်္ခါရတရားနှင့်စစ်အာဏာရှင် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်အတွက် အမှတ်တရ

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်အတွက် အမှတ်တရ

Print PDF
User Rating: / 3
PoorBest 

ဆောင်းပါးရှင်။ ဗိုလ်မှူးအောင်လင်းထွဋ်

စာရေးသူဟာ ကာကွယ်ရေးဝန်ကြီးဌာန၊ တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး၊ တိုက်ပွဲ ထောက်လှမ်းရေးဌာနရဲ့ စစ်ဦးစီးမှူး(ဒုတိယတန်း) အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က ယခုသမ္မတ ဖြစ်လာသည့် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်က ကကကြည်း၏ စစ်ဦးစီးဗိုလ်မှူးကြီး (စစ်ဆင်ရေး) (Colonel GS) ဗိုလ်မှူးကြီးတာဝန်ကို ထမ်းဆောင်လျက် ရှိနေပါတယ်။ အချိန်ကတော့ ၁၉၉၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဘိန်းဘုရင် ခွန်ဆာနဲ့အဖွဲ့ရဲ့ လက်နက်ချ အခမ်းအနားကို တပ်ချုပ်ကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မြန်မာ့ရုပ်မြင်သံကြားကနေ ထုတ်လွှင့်ခိုင်းရာမှာ သူပြောသည့်အတိုင်း မလုပ်ရကောင်းသလား ဆိုပြီး စိတ်ကောက်ကာ လူကြီးမဆန်ဘဲ ခလေးဆိုးကြီးလို  စစ်ဦးစီးဗိုလ်မှူးကြီး (Colonel GS)  ဗိုလ်မှူးကြီးသိန်းစိန်အား တပ်ချုပ်ကြီးက စားပွဲပေါ်မှာရှိတဲ့ ဖန်ခွက်နဲ့ ပေါက်ခဲ့သည့်ဇာတ်လမ်းအား အမှတ်ရလို့ စာဖတ်သူများ သိရှိနိုင်ပါရန် တင်ပြပေးလိုက်ပါတယ်။

၁၉၉၆ခုနှစ်၊ ဇန်နဝါရီလအတွင်း၊ ဘိန်းဘုရင်ခွန်ဆာနဲ့အဖွဲ့ လက်နက်ချတော့ စာရေးသူဟာ တာဝန်အရ တပ်မတော် အကြီးအကဲများနဲ့အတူ   လက်နက်ချအခမ်းအနားကို တက်ရောက်ဖို့ ဟိုမိန်းမြို့ကို လိုက်ပါသွားခဲ့ရပါတယ်။ လက်နက်ချအခမ်းအနားကို အောင်အောင်မြင်မြင် ကျင်းပနိုင်ကြောင်း သတင်းပို့ပြီးတဲ့အချိန်မှာဘဲ ညနေ ၅ နာရီတွင် အရေးကြီး ကြေးနန်းဝင်လာပါတယ်။ အဲဒီကြေးနန်းဟာ ကကကြည်း ကြေးနန်းဖြစ်ပြီး   စစ်ဦးစီးဗိုလ်မှူးကြီး (Colonel GS)  ဗိုလ်မှူးကြီး သိန်းစိန်ရဲ့ ညွှန်ကြားချက်အရ ဗိုလ်မှူးအောင်လင်းထွဋ် (ကျွန်တော့်ကို) ကို မြန်မာ့အသံက ရိုက်ကူးထားတဲ့ လက်နက်ချ အခမ်းအနား ဗွီဒီယိုတိတ်ခွေနဲ့အတူ ရဟတ်ယာဉ်တစ်စီးဖြင့် ရန်ကုန်မြို့သို့ အမြန်ပြန်လွှတ်ခိုင်းဖို့ အမိန့်ပေးတဲ့ ကြေးနန်း ဖြစ်ပါတယ်။

ဒီလိုနဲ့ စာရေးသူ တစ်ဦးတည်း ရဟတ်ယာဉ်တစ်စီးဖြင့် မင်္ဂလာဒုံ ၅၀၂ လေတပ်စခန်း လေဆိပ်ရောက်လာတော့ ညနေ မှောင်ရီပျိုးစ အချိန်ဖြစ်နေကာ ချက်ချင်းဘဲ စစ်ရုံး(Colonel GS)  ဗိုလ်မှူးကြီးသိန်းစိန်ထံသို့ သွားရောက် သတင်းပို့လိုက်ပါတယ်။ စာရေးသူက ဗွီဒီယိုတိတ်ခွေ ပေးလိုက်တော့ Colonel ကြီးက ချက်ခြင်းဆိုသလို ကပ်ရက်အခန်းမှာရှိနေတဲ့ တပ်ချုပ်ကြီးရုံးခန်း ထဲဝင်ပြီး ဗွီဒီယိုတိတ်ခွေကို ပေးလိုက်ပါတယ်။ သူက ပြန်ထွက်လာတဲ့အချိန်မှာ “ကိုအောင်လင်းထွဋ် ရုံးခန်းမှာ စောင့်နေပါ၊ တပ်ချုပ်ကြီး ဗွီဒီယိုခွေ ကြည့်ပြီးရင် ပြန်ခေါ်လိုက်မယ်” လို့ ပြောပါတယ်။ (၄၅) မိနစ်ကျော်ကျော်လောက်မှာ Colonel ကြီးက စာရေးသူကို သူ့အခန်းကို အခုလာဖို့ စာရေးသူကိုခေါ်ပါတယ်။ Colonel ကြီး အခန်းရောက်သွားတော့ “ဒီအခွေကို ဒီနေ့ည မြန်မာ့အသံ (၈) နာရီသတင်းမှာ ပါအောင်ထည့်ဖို့ အဘကြီးက ပြောတယ်၊ အဲ့ဒါ ကိုအောင်လင်းထွဋ် သွားပါ” ဆိုပြီး ပြောပါတယ်၊ စာရေးသူက “Colonel ကြီး သတင်းက ဘယ်သူရေးမှာလဲ” ဆိုတော့ “ကိုယ့်ညီဘဲ ရေးလိုက်ပါ” ဆိုလို့ သူရဲ့ရှေ့မှာဘဲ သတင်းစာသားကို ထိုင်ရေးကာ Colonel ကြီးဆီက အတည်ပြုချက်ရယူပြီး မြန်မာ့အသံကို စာရေးသူတို့ရဲ့ဌာနက ဗိုလ်မှူးအောင်မင်းနဲ့အတူ အမြန်ထွက်ခဲ့ကြပါတယ်။

မြန်မာ့အသံရောက်တော့ ညနေ(ရ) နာရီ ကျော်ပြီ ဖြစ်ပါတယ်။ မြန်မာ့အသံ ညွှန်ကြားရေးမှူး ဗိုလ်ကြီး ဝင်းကြည်နဲ့တွေ့ပြီး “ဘိန်းဘုရင် ခွန်ဆာနဲ့ အဖွဲ့ လက်နက်ချ အခန်းအနားကို ဒီည (၈) နာရီ သတင်းမှာ ပါအောင်လွှင့်ဖို့ တပ်ချုပ်ကြီးက ပြောတယ်” ဆိုပြီး သတင်းနဲ့တိတ်ခွေကို အပ်လိုက်ပါတယ် ၊ ကိုဝင်းကြည်က “ကိုအောင်လင်းထွဋ် ဗွီဒီယိုအခွေ အကြမ်းကို ဒီအတိုင်းလွှင့်ရင် အချို့အပိုင်းတွေမှာ ရုပ်မြင်သံကြားကြည့် ပြည်သူတွေအတွက် မကောင်းဘူး၊ မကောင်းတဲ့ အပိုင်းတွေကို တည်းဖြတ်ဖို့လိုတယ်” ဆိုပြီး တည်းဖြတ်လိုက်တော့ လွှင့်ချိန် (၂၅) မိနစ် လောက်ကြာမဲ့ အချောကိုင်ပြီး အခွေတစ်ခွေ ဖြစ်လာခဲ့တယ်။

အဲဒီလို အချောကိုင်ပြီးတော့ ည (၈) နာရီ အစပိုင်း သတင်းကို မမှီတော့ဘူး။ ဒါနဲ့  Colonel ကြီးဆီကို ဖုန်းဆက်ပြီး မိနစ် (၃၀) လောက် နောက်ကျမယ်ဆိုသည့်အကြောင်း သတင်းပို့ ခွင့်တောင်းခဲ့ရတယ်။ ည (၈) နာရီခွဲမှာ ဘိန်း ဘုရင် ခွန်ဆာနဲ့ အဖွဲ့ လက်နက်ချ အခမ်းအနားကို မြန်မာ့ရုပ်မြင်သံကြားကနေ အသံနှင့်အရုပ်ကို (၂၅) မိနစ်ကြာ ထုတ်လွှင့်ခဲ့ပါတယ် ၊ စာရေးသူတို့လဲ အသံလွှင့်ပြီးတာနဲ့ စစ်ရုံးကိုပြန်ဖို့ ကားစောင့်နေတုံး မြန်မာ့အသံဝန်ထမ်းတစ်ဦးက “ဗိုလ်မှူး စစ်ရုံးကအရေးကြီးဖုန်း လာတယ်” ဆိုလို့ ဖုန်းကိုင်လိုက်တော့ စစ်ဦးစီးဗိုလ်မှူးကြီး (Colonel GS)  ဗိုလ်မှူးကြီးသိန်းစိန်က စာရေးသူကို “ကိုအောင်လင်းထွဋ် စစ်ရုံးမှာ တပ်ချုပ်ကြီး ဒေါသူပုန်ထနေတယ်၊ သူ့အခန်းထဲ ကိုယ်တို့ဝင်သွားတာ သူ့စားပွဲပေါ်မှာရှိတဲ့ ဖန်ခွက်နဲ့ ပစ်ပေါက်နေတယ်၊ ဘယ်သူမှ မဝင်ရဲဘူး ဖြစ်နေတယ်၊ သူခိုင်းတဲ့အတိုင်း မလုပ်လို့ဆိုပြီး မင်းကိုဒေါသထွက်နေတယ်” ဆိုပြီး ပြောတော့ စာရေးသူ ကြောင်သွားတယ်။

“ကျွန်တော်ဘာမှားလို့လဲ” မေးတော့ Colonelကြီး ပြောတာက “တပ်ချုပ်ကြီးက မင်းကို သူခိုင်းတဲ့အတိုင်း ဘာဖြစ်လို့ မလုပ်လဲ ဆိုပြီး ဒေါသထွက်နေတာ၊ သူက ဗွီဒီယိုတိတ်ခွေကို အကြမ်းအတိုင်း မင်းကိုလွှင့်ခိုင်းတာ မင်းက မလုပ်ရ ကောင်းမလားဆိုပြီး ငါတို့ကို ရန်လုပ်နေတယ်” စာရေးသူ သဘောပေါက်သွားပြီ ၊ စိတ်ထဲကလဲ ကြိတ်ပြီးပြုံးမိတယ်၊ နိုင်ငံခေါင်းဆောင်လုပ်ပြီး ဒီလောက်တုံးရသလား ဆိုပြီးတော့ပါ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ သူလုပ်ချင်တာဘဲ သိတဲ့သူ၊ အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်စွမ်း မရှိတဲ့သူလို့ စိတ်ထဲက မှတ်ချက်ပြုမိပါတယ်။ ရီစရာတော့ ကောင်းတယ်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စိတ်ကြိုက် ခလေးဆိုးကြီးကို ချော့ရသလို မြန်မာ့ရုပ်မြင်သံကြား အစီစဉ်တွေကို ရပ်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဖြစ်စေချင်တဲ့အတိုင်း အကြမ်းထည် ဗွီဒီယိုအခွေကိုဘဲ (၄၅) မိနစ်ကြာ အစ မှ အဆုံး ပြန်လွှင့်ပေးခဲ့ရပါတယ်။

အဲဒီတုံးက ဖန်ခွက်နဲ့ အပေါက်ခံခဲ့ရတဲ့ စစ်ဦးစီးဗိုလ်မှူးကြီး (Colonel GS)  ဗိုလ်မှူးကြီး သိန်းစိန်တစ်ယောက်ကတော့ အခုမကြာသေးခင်ကာလမှာဘဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ မြှောက်စားမှုနဲ့ သမ္မတ ဖြစ်လာသည့် ဦးသိန်းစိန်ကို ဒီဆောင်းပါးနဲ့ နှုတ်ဆက်လိုက်ပါတယ်။ ဦးသိန်းစိန် တစ်ယောက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လောင်းရိပ်အောက်က ရုန်းထွက်ပြီး မြန်မာနိုင်ငံ အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ငန်းကို ဆောင်ကျဉ်းနိုင်ပါစေလို့ ဆန္ဒပြုလျက်။

Last Updated ( Thursday, 15 September 2011 17:44 )  

နောက်ဆုံးရသတင်းများ