စာဖတ်ပရိသတ်များ ခင်ဗျား။
ကျေးရွာ ပြည်သူလူထု အနေနဲ့ မြန်မာ စစ်တပ်ရဲ့ လူမဆန်စွာ ပြုကျင့်ခံရပုံတွေကို အမျိုးမျိုး အဖုံဖုံ တွေ့မြင်ကြားသိနေရပါတယ်။ ပေါ်တာဆွဲတာ၊ အဓမ္မ လုပ်အားပေး ခိုင်းစေတာတွေဟာ မထူးဆန်းတော့သလို လယ်ယာမြေများကိုလည်း တပ်ပိုင်အဖြစ် မတရား သိမ်းယူတာမျိုး အပြင် တိုင်းရင်းသူလေးများအား စော်ကားဖျက်ဆီးကြတဲ့အထိ အတင့်ရဲ ကြတာမျိုးတွေလည်း ကြားသိ နေရပါတယ်။ ဒီလိုကိစ္စမျိုးတွေကို အရေးယူသင့်ပြီး ပြည်သူချစ်သော ပြည်သူ့တပ်မတော် အဖြစ် ပြုပြင်ပြောင်းလဲရန် လိုလားတဲ့ မျိုးချစ် အရာရှိစစ်သည်များက ထုတ်ဖော် တင်ပြလာကြပါတယ်။ အခုလို ထုတ်ဖော် တင်ပြလာကြတဲ့ မျိုးချစ် စစ်သည် နတ်မင်းဒေ၀ါအား ကျွန်တော် ကိုဖိုးတရုတ်မှ အထူး ကျေးဇူးတင်ရှိပါကြောင်း စည်းလုံးခြင်းရဲ့ အင်အား ၀က်ဘ်ဆိုဒ်မှ မှတ်တမ်းတင်ဖေါ်ပြ ဂုဏ်ပြုအပ်ပါတယ် ခင်ဗျား။
ပြောတော့ သားကောင်းစစ်သည်
ဆောင်းပါးရှင် – နတ်မင်းဒေ၀ါ (တပ်ကြပ်ကြီး တစ်ဦး)
ရှမ်းတောင်တန်းပေါ်က ခရေပွင့်ဆိုတဲ့ ဆောင်းပါးလေးကို ဖတ်ပြီးတော့ ကျွန်တော် ကိုယ်တွေ့ကြုံခဲ့ရတဲ့ မြန်မာ့တပ်မတော်က သားကောင်းစစ်သည်တွေ ဆိုတဲ့ အမျိုးကောင်း တစ်ယောက်အကြောင်းကို စစ်သားတစ်ယောက် ဒါမှမဟုတ် ပိုရှင်းအောင် ပြောရရင် ပြည်သူ့စစ်သား အစစ်အမှန် တစ်ယောက် အနေနဲ့ တိတိကျကျ ဖေါ်ထုတ် တင်ပြချင်လို့ ကိုဖိုးတရုတ်ထံ အခုလို ဖြစ်ရပ်မှန်တစ်ခုအား ပေးပို့လိုက်ပါတယ်။
အခင်းဖြစ်ပွားတာကတော့ ၁၉၉၃ ခုနှစ်က “ထိကို” ဆိုတဲ့ တောကျေးရွာ ကလေးမှာ ဖြစ်ပါတယ်။ စစ်ခုံရုံးအတင် ခံရသူက ကျွန်တော်တို့ တပ်ကို မကြာခင်က ကျောင်းဆင်းပြီး ရောက်လာတဲ့ ဒုဗိုလ်မျိုးကျော်ရဲ့ အမှုကိစ္စဖြစ်ပါတယ်။ ကျနော်တို့ တပ်တည်နေရာက အမတ (အမြောက်တပ်) ခွဲ (၀၈၂) သင်္ဃန်းညီနောင် ဖြစ်ပါတယ်။
ဗိုလ်မျိုးကျော်ဟာ ကျွန်တော်တို့ တပ်ကိုရောက်လာပြီး (၇)လခန့်အကြာမှာ (၀မ်းခ) ဘက်ကို ခြေလျင် စစ်ကြောင်းအကူနဲ့ လိုက်ပါသွားခဲ့ပါတယ်။ အဲဒီ စစ်ဆင်ရေးမှ ပြန် ရောက်လာပြီး (၅) ရက်ခန့် အကြာမှာတော့ “ထိကို” တောရွာက ရွာလူကြီးနဲ့တကွ အမျိုးသမီး ၂ ဦး၊ အမျိုးသား ၂ ဦး၊ စုစုပေါင်း ၅ ဦးဟာ ညီနောင်ရွာကို ရောက်လာကြကာ စစ်ဗျူဟာ အခြေချအမှတ် (၃)မှာ အမှုတစ်ခု တိုင်ကြားထားကြောင်း သိရှိရပါတယ်။
အမှုက မုဒိန်းမှုဖြစ်ပြီး မုဒိန်းအကျင့်ခံရသူမှာ အသက် (၂၀) ၀န်းကျင် ကရင် တိုင်းရင်းသူလေး ဖြစ်ပါတယ်။ အဲဒီအမှုကို စစ်ဆေးဖို့ စစ်ဗျူဟာ(၃) က အမတခွဲ(၀၈၂) တွင် စစ်ဆေးရန် အမိန့်ချမှတ် လိုက်ပါတယ်။ ပြီးနောက် အမတ ခွဲမှူး ဗိုလ်မှူးသိန်းဝင်း အပါအ၀င် တပ်နယ်မှ အရာရှိ (၂)ဦးနဲ့ စုစုပေါင်း (၃)ဦးအား ခုံရုံးအရာရှိများအဖြစ် ခန့်အပ် ဖွဲ့စည်းလိုက်ပါတယ်။
အဲဒီအမှုကို စစ်တဲ့အခါ မိန်းကလေးဘက်မှ “ဗိုလ်မျိုးကျော်ဟာ မိမိတို့ရွာမှာ လာရောက် စခန်းချပြီးနောက် သူမ၏ အိမ်မှာ လာရောက် တည်းခိုပြီး ညအချိန် သူမအခန်းသို့ သူမ အိပ်ပျော်နေချိန်မှာ ၀င်ရောက်လာသည်” ဟု ဆိုပါတယ်။ “၀င်ရောက်လာပြီး ဘယ်လို လုပ်သလဲ”ဟု စစ်ခုံရုံးအရာရှိမှ မေးရာ မိန်းကလေးမှ “ဗိုလ်မျိုးကျော်သည် သူမ၏ အင်္ကျီကို အတင်းအဓမ္မ ဆွဲချွတ်လိုက်သည်” ဟု ထွက်ဆိုပါတယ်။
ဗိုလ်မျိုးကျော် အတင်းဆွဲချွတ်သဖြင့် အင်္ကျီမှ ကြယ်သီးများ ပြုတ်သွားတယ်ဟု ပြောပြီး အင်္ကျီနှင့် ပြုတ်နေသော ကြယ်သီးများကို သက်သေအဖြစ် ထုတ်၍ ပြရှာပါတယ်။ “အင်္ကျီ ချွတ်ပြီး ဘာလုပ်သေးလဲ” ဟု စစ်ခုံရုံးအရာရှိမှ မေးပြန်ရာ မည်သည့်အသံမှ ထွက် မလာချေ၊ သူမ၏ နံဘေးမှာ ထိုင်နေသော အမျိုးသမီးကြီးမှ ပြောလိုက်လေဟု ထပ်ခါ ထပ်ခါ ပြောသော်လည်း သူမ ဘာကိုမှ မပြောဘဲ ခေါင်းငုံ့ပြီး ရိုက်ကြီးတငင် ငိုနေရှာ ပါတယ်။ ဗိုလ်မှူးသိန်းဝင်းမှ အင်္ကျီချွတ်ပြီး ဘာလုပ်သလဲဟု ခပ်မာမာ ထပ်၍မေးပြန်ရာ သူမ ကြောက်လန့်ကာ ဘာကိုမှ မဖြေနိုင်တော့ဘဲ ငို၍သာ နေပါတယ်။
အဲဒီနောက် ခုံရုံးအရာရှိက ဘာမှ ထပ်မံမမေးတော့ဘဲ အင်္ကျီချွတ်ရုံမျှနှင့် မုဒိန်းမှု မမြောက်ဟု ဆိုကာ အင်္ကျီချွတ်သည့်အတွက် ကျွန်တော်တို့ဘက်မှ တောင်းပန်ပါတယ်လို့ ပြောပြီး အမှုအား ရုတ်သိမ်း လိုက်ပါလေတော့တယ်။
အမှုပြီးဆုံးသွားတဲ့အခါ ရွာလူကြီးများက မကျေနပ်သော်လည်း ဗိုလ်မှူးသိန်းဝင်းက ကျွန်တော်တို့ရဲ့ အရာရှိ မှားကြောင်း ပြောကြားပြီး နစ်နာကြေးအဖြစ် ငွေအနည်းငယ် ပေးကာ ပြန်လွှတ်လိုက်ပါတယ်။ ဗိုလ်မျိုးကျော်အားလည်း တစုံတရာ အရေးယူခြင်းမရှိဘဲ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပါတယ်။ အလွန်တရာ တရားခံအဖြစ် ပြုလုပ်နိုင်တဲ့ ကိုယ်ကျင့်တရား ပျက်ပြားမှုမျိုးကို ကျန်အရာရှိ/ စစ်သည်များပါ အတုယူစရာ ဖြစ်အောင် အကာအကွယ် ပေးကြလေတော့တယ်။
ကျွန်တော်တို့ မြန်မာ့တပ်မတော်ဟာ ဒီလို အဖြစ်မျိုးလောက်တော့ ပျင်းတောင် ပျင်းသေးတယ်လို့ ပြောရမလို ဖြစ်ရိုးဖြစ်စဉ် တစ်ခုလိုသာ ဖြစ်နေတာမို့ အများသိအောင် ဖေါ်ထုတ်တင်ပြပေးလိုက်ရပါတယ် ခင်ဗျား။
| < Prev | Next > |
|---|

