ပင်မနေရာ စစ်ရာဇ၀တ်မှု စစ်ရာဇ၀တ်မှု စစ်ရာဇဝတ်မှု ဆိုတာ ဘာလဲ

ပင်မနေရာ စစ်ရာဇ၀တ်မှု စစ်ရာဇ၀တ်မှု စစ်ရာဇဝတ်မှု ဆိုတာ ဘာလဲ

စစ်ရာဇဝတ်မှု ဆိုတာ ဘာလဲ

Print PDF
User Rating: / 3
PoorBest 

စာဖတ်ပရိသတ်များ ခင်ဗျား

“စည်းလုံးခြင်းရဲ့အင်အား” website ကို အမြဲ အားပေးနေတဲ့ မိတ်ဆွေ ဖြစ်သူ ကိုလွင်အောင်စိုးမှ “စစ်ရာဇ၀တ်မှု ဆိုတာ ဘာလဲ” ဆောင်းပါးအား ပေးပို့ လာပါတယ်။ အဲဒီ ဆောင်းပါးမှာ နိုင်ငံတကာ ရာဇဝတ် ခုံရုံး ပေါ်ပေါက်လာပုံ၊ စစ်ရာဇ၀တ်မှု မြောက်ဖို့ဟာ ဘယ်လို အချက်အလက်တွေနဲ့ ကိုက်ညီပါက ကျူးလွန်မှုမြောက်ပုံ၊ ယူဂိုစလားဗီးယားအရေးအား ကိုင်တွယ်ဖြေရှင်းတဲ့ နိုင်ငံတကာ ရာဇဝတ် ခုံရုံး တင်ပုံနဲ့ မျိုးတုန်းသတ်ဖြတ်မှု (Genocide)ကို အဓိပ္ပာယ် ဖွင့်ထားပုံတွေ ပြည့်ပြည့်စုံစုံ ရေးသား ဖော်ပြထားပါတယ်။ ဒါ့အပြင် ဒီဆောင်းပါးနဲ့ ဆက်စပ်ပြီး ကမ္ဘောဒီယား နိုင်ငံ ခမာနီတို့ရဲ့  အစုလိုက် အပြုံလိုက် လူထုသန်းနဲ့ချီပြီး သတ်ဖြတ်ခဲ့တဲ့အပေါ် တာဝန်ရှိတဲ့ ခမာနီတို့အား စစ်ရာဇ၀တ်ကောင်အဖြစ် နိုင်ငံတကာ ရာဇ၀တ်ခုံရုံးက ဆက်လက် ကိုင်တွယ်မယ် ဆိုတာရှိတဲ့အကြောင်း ကျွန်တော် ကိုဖိုးတရုတ်အနေနဲ့ သိရှိရပါတယ်။ ယခုလို ပေးပို့တဲ့ ကိုလွင်အောင်စိုးအား ကျွန်တော် ကိုဖိုးတရုတ်က အထူးပင် ကျေးဇူး တင်ရှိပါတယ် ခင်ဗျား။

 

စစ်ရာဇဝတ်မှု ဆိုတာ ဘာလဲ

ဆောင်းပါးရှင် - ကိုလွင်အောင်စိုး

၁၉၉၂ ခုနှစ် မတ်လကနေ ၁၉၉၅ ခုနှစ် နိုဝင်ဘာလထိ ဖြစ်ပွားခဲ့တဲ့ ဘော့စနီးယား စစ်ပွဲမှာ ရက်စက် ကြမ်းကြုတ်မှုတွေ ကမ်းကုန်ခဲ့ပါ တယ်။ ဒုတိယ ကမ္ဘာစစ်ကြီးအပြီး အဆိုးဝါးဆုံးလို့ ဆိုရပါမယ်။ အဲဒီ စစ်ပွဲမှာ အခြားလူမျိုးစုနဲ့ ဘာသာခြားတွေကို သုတ်သင် ရှင်းလင်း ပစ်တာ၊ မျိုးတုန်း သတ်ဖြတ်တာ၊ အုပ်စုလိုက် မုဒိန်းကျင့်တာ စတဲ့ လူမဆန်အောင် ရက်စက်တဲ့ ရာဇဝတ်မှုတွေ ရှိခဲ့ပါတယ်။ စစ်ဖြစ်နေတုန်း ကျူးလွန်တာ ဖြစ်လို့ စစ်ရာဇဝတ်မှု ဖြစ်ပါတယ်။ ဘော့စနီးယား စစ်ပွဲမှာ စစ်ရာဇဝတ်မှုတွေအတွက် တာဝန်အရှိဆုံး ကတော့ ဘော့စနီးယား-ဆာ့ဘ် ခေါင်းဆောင်ဟောင်း ရာဒိုဗန် ကာရာ့ဇစ်ခ် (Radovan Karadzic) ဖြစ်ပါတယ်။

သူ့ရဲ့ ကျူးလွန်ထားခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် နယ်သာလန်နိုင်ငံ သည်ဟေ့ဂ် (The Hague) မြို့မှာရှိသော ယူဂိုဆလား ဗီးယား နိုင်ငံဟောင်းအရေး ကိုင်တွယ်ဖြေရှင်းတဲ့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (International Criminal Tribunal for the former Yugoslavia (ICTY)) မှာ စွဲချက်တင် စစ်ဆေးပါပြီ။ ဒါဟာ စစ်ပွဲ အတွင်း ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအပေါ်မှာ တရားဥပဒေကြောင်း အရ စီရင်ချက်ချဖို့ အသစ်တဖန် အာရုံစိုက်စရာ ဖြစ်လာပါ တော့တယ်။



စစ်ရာဇဝတ်မှုတွေဟာ ဘာတွေလဲလို့ တိတိကျကျ ဘယ်လိုပြောနိုင်ပါမလဲ။ ဘယ်လို ခုံရုံးတွေမှာ စစ်ရာဇဝတ်မှုတွေကို စစ်ဆေး စီရင်နိုင်ပါ သလဲ။ စစ်ရာဇဝတ်မှု ကျူးလွန်သူတဦးကို ဘယ်သူတွေက စီရင်ချက် ချပိုင်ခွင့် ရှိပါသလဲ။

စစ်ဖြစ်နေတုန်း ရာဇဝတ်မှုတွေ ကျူးလွန်တတ်ကြတယ် ဆိုတဲ့သဘောကို လက်ခံလာကြတာ ဟိုတလောဆီကပါ။ စစ်ပွဲတွေမှာ လက်နက်အားကိုးနဲ့ လက်နက်မဲ့ ပြည်သူတွေ၊ ဒဏ်ရာရ နာမကျန်းဖြစ်နေတဲ့ ရန်သူ့ဘက်သားတွေ၊ သုံ့ပန်းတွေကို အနိုင်ကျင့်တတ်ကြပါတယ်။ ဒုတိယကမ္ဘာစစ်ကြီး မဖြစ်ပွားမီ အချိန်ထိ ဒါတွေကို ရာဇဝတ်မှုရယ်လို့ သဘော မထားနိုင်ခဲ့ကြပါဘူး။ စစ်ဖြစ်ရင် နိုင်တဲ့ဘက်၊ အားသာတဲ့ဘက်က စိတ်ရှိတိုင်း ထင်သလို လုပ်နိုင်ကြတာဘဲလို့ ခပ်ပေါ့ပေါ့ ကောက်ချက်ချတတ်ကြပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်း စစ်ရဲ့အနိဌာရုံတွေဟာ လူ့သမိုင်းတလျှောက် အဆိုးဝါးဆုံး ဖြစ်ခဲ့ရပါတယ်။ မကြုံစဖူး ရက်စက် ကြမ်းကြုတ်လွန်းလှပါတယ်။ ဂျာမနီ နာဇီတွေက လူသန်းပေါင်းများစွာကို သတ်ဖြတ်ခဲ့ကြပါတယ်။ အဓိက အသတ်ခံရ သူတွေကတော့ ဂျူးလူမျိုးတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ဖက်ဆစ်ဂျပန်က အရပ်ဘက်ပြည်သူတွေနဲ့ စစ်သုံ့ပန်းတွေ အပေါ်မှာ လူမဆန်အောင် ဆက်ဆံခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ ဒါကြောင့် ဒုတိယကမ္ဘာစစ်အတွင်း လူမဆန်တဲ့ အပြုအမူတွေ ကျူးလွန်ခဲ့တယ်လို့ ယူဆရသူတွေကို စစ်ပွဲအနိုင်ရတဲ့ မဟာမိတ်တွေဘက်က ခုံရုံးတင် စစ်ဆေး စီရင်ချက်ချဖို့ ဖြစ်လာပါတယ်။

စစ်ကြီးအပြီး ၁၉၄၅ နဲ့ ၁၉၄၆ ခုနှစ်တွေမှာ နာဇီခေါင်းဆောင် (၁၂)ဦးကို နာရင်ဘာ့ဂ် (Nuremberg) စစ်ခုံရုံးမှာ စစ်ဆေးပါတယ်။ စစ်ရာဇဝတ်မှု တွေကို ကျူးလွန်တယ်လို့ စီရင်ချက်ချပြီး ကွပ်မျက်ခဲ့ကြပါတယ်။ ဒီလိုဘဲ ဖက်ဆစ်ဂျပန် စစ်ဗိုလ်ချုပ်(၇)ဦးကိုလည်း တိုကျိုမှာ စစ်ခုံရုံးတင်ပြီး ကြိုးဒဏ် ပေးခဲ့ကြပါတယ်။ ဂျပန်ဧကရာဇ် ဟီရိုဟီတိုကိုတော့ ခုံရုံး မတင်ပဲ ထားလိုက်ဖို့ မဟာမိတ်တွေက ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒီအမှုတွေဟာ သည်ဟေ့ဂ် (The Hague) မြို့မှာ ဖွဲ့စည်းထားတဲ့ ဒီနေ့ ခေတ်သစ် နိုင်ငံတကာအထူး ရာဇဝတ်ခုံရုံးမှာ အလားတူ အမှုမျိုး ကြားနာရတဲ့အခါ ကိုးကားရတဲ့ စီရင်ထုံးတွေအဖြစ် အရေးပါ နေပါတော့တယ်။

နိုင်ငံတကာ အတိုင်းအတာအနေနဲ့ တရားဥပဒေအတိုင်း မလုပ်ဆောင် နိုင်သေးဘူးလို့ ယူဆရတဲ့ ကိစ္စတွေမှာ တချို့အစိုးရတွေက သူတို့ ကိုယ်တိုင် တရား စီရင်လိုက်ကြတာလည်း ရှိပါတယ်။ ၁၉၆ဝ ခုနှစ်က နာဇီခေါင်းဆောင် တဦးဖြစ်သူ အဒေါ့ အိုက်ခ်မန်း (Adolf Eichmann) ကို အစ္စရေး ထောက်လှမ်းရေးတွေက အာဂျင်တီးနားနိုင်ငံမှာ ခြေရာခံမိတော့ အစ္စရေးကို ပြန်ပေးဆွဲခေါ်လာပြီး ကြိုးပေးစီရင်လိုက်တဲ့အခါ တကမ္ဘာလုံး အတော့်ကို ကျော်ကြားသွားခဲ့ပါတယ်။

အိုက်ခ်မန်းဟာ ဒုတိယကမ္ဘာစစ်ကြီးအတွင်း ဂျူးလူမျိုး (၆) သန်းအပါအဝင် အခြား အရပ် သားနဲ့ စစ်သုံ့ပန်း(၁၁)သန်းထိကို အသေအချာ ပြင်ဆင်ပြီးမှ သတ်တဲ့ Holocaust လူသတ်ပွဲကြီးမှာ ဦးဆောင် ပါဝင်ခဲ့သူတဦး ဖြစ်ပါတယ်။ Holocaust ဟာ လူမျိုးတုန်းသတ်ဖြတ်ပွဲ (genocide) ဖြစ်ပါတယ်။

 

နာဇီစစ်ပြေးအမှုတွေမှာ အခုအချိန်ထိ နောက်ဆုံးဖြစ်နေခဲ့တာကတော့ ပြင်သစ်နိုင်ငံ လီအွန် (Lyon) လူသတ်သမားကြီးလို့ သတင်းထွက်ခဲ့တဲ့ Klaus Barbie ကို ၁၉၈၇ ခုနှစ်မှာ ထောင်တသက်တကျွန်း ပြစ်ဒဏ် ပေး လိုက်တာဘဲ ဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ်အတွင်း အကျဉ်းသားတွေကို နှိပ်စက် ညှင်းပမ်းတာတွေနဲ့ လူပေါင်းလေးထောင်အထိ သတ်ဖြတ်မှုတွေ အတွက် တာဝန်ရှိတဲ့ ဂက်စတာပို (လျှို့ဝှက်ရဲအဖွဲ့) တဦး ဖြစ်ပါတယ်။ ပြင်သစ်ကနေ အာဂျင်တီးနားကို ထွက်ပြေးပြီး ဘိုလစ်ဗီးယားမှာ ခိုလှုံနေ ပေမယ့် အဖမ်းခံရပါတယ်။ ဒီနောက် ပြင်သစ်ကို အပို့ခံရပြီး တရားစီရင် ခံရတာ ဖြစ်ပါတယ်။

 

 

စစ်ရာဇဝတ်မှုတွေမှာ အခြေခံအားဖြင့် ပါဝင်နေတဲ့ ရာဇဝတ်မှုများ

နိုင်ငံတခုက စစ်ရာဇဝတ်မှုတွေ ကျူးလွန်ထားတယ်ဆိုရင် အဲဒီလို ကျူးလွန်တဲ့ စစ်သား (သို့) တာဝန်ရှိတဲ့ ဘယ်သူ့ကိုမဆို စစ်ရာဇဝတ်မှု ကျူးလွန်သူ အဖြစ်နဲ့ ဖမ်းဆီးပြီး ပြစ်ဒဏ်စီရင်ရပါမယ်။ ဒါဟာ စစ်ရာဇဝတ်မှုကို တိုက်ဖျက်ဖို့ အခြေခံအချက်ပါဘဲ။ ဥပဒေကြောင်းအရ ဖြေရှင်းဖို့ကို အခင်းဖြစ်ပွားတဲ့ နိုင်ငံ အစိုးရတွေမှာ တာဝန်ရှိပါတယ်။ တကယ်လို့ နိုင်ငံ အစိုးရတွေက တာဝန်ယူ မဖြေရှင်းနိုင်ဘူးဆိုရင် နိုင်ငံတကာသဘောတူညီချက်တွေ အရ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ လုပ်ပိုင်ခွင့်အနေနဲ့ နိုင်ငံတကာ ခုံရုံးတွေကဝင်ရောက် ဖြေရှင်းခွင့် ရှိလာပါတယ်။

လူမျိုးတုန်းအောင် သတ်ဖြတ်မှု (Genocide)၊ လူသားတွေအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု (Crimes against humanity)၊ စစ်ပွဲအတွင်း အရပ်သား၊ ဒဏ်ရာရ နာမကျန်းဖြစ်နေတဲ့ ရန်သူ (သို့) သုံ့ပန်းစစ်သည်တွေအပေါ် လူမဆန်အောင် ရက်စက်ကြမ်းကြုတ်မှုတွေ အားလုံးဟာ စစ်ရာဇဝတ်မှုတွေ ဖြစ်ပါတယ်။ အဲဒီအထဲမှာ အဆိုးဆုံး ရာဇဝတ်မှုကတော့ Genocide ဖြစ်ပါတယ်။

စစ်ရာဇဝတ်မှုတွေ ဖြစ်တယ်လို့ အဓိပ္ပာယ်သတ်မှတ်ထားတဲ့ ဥပဒေတွေမှာ -

(၁)  ဂျီနီဗာ သဘောတူညီချက်တွေ (စစ်အတွင်း အရပ်သား ဒုက္ခသည်တွေ၊ ဒဏ်ရာရ နာမကျန်းဖြစ်နေတဲ့ ရန်သူနဲ့ သုံ့ပန်းတွေကို လူသားချင်း စာနာ ထောက်ထားမှုနဲ့

ဆက်ဆံရမယ့် ဥပဒေ)

(၂)   ပိုမို ဆန်းသစ်ထားတဲ့ စစ်ဥပဒေနဲ့ ကျင့်ဝတ်တွေ (Laws and Customs of War)

(၃)   ယူဂိုစလားဗီးယား နိုင်ငံဟောင်းအရေး ကိုင်တွယ်ဖြေရှင်းတဲ့ နိုင်ငံ တကာ ရာဇဝတ်ခုံရုံး (ICTY)ရဲ့ ဥပဒေပြဌာန်းချက်တွေ ပါရှိပါတယ်။

သန္နိဌာန်ချပြီး၊ ရည်ရွယ်ပြီး သတ်ဖြတ်တာ၊ ဖမ်းဆီးနှိပ်စက် ညှင်းပမ်းတာ၊ လူမဆန်အောင် ရက်စက်ကြမ်းကြုတ်တာတွေနဲ့ ပတ်သက်ပြီး စစ်ရာဇဝတ်မှုကို စတုတ္ထအကြိမ် ဂျီနီဗာ သဘောတူညီချက်ရဲ့ပုဒ်မ (၁၄၇)မှာ အခြေခံအားဖြင့် အဓိပ္ပာယ် သတ်မှတ်ထားပါတယ်။

ယူဂိုစလားဗီယားနိုင်ငံ မပြိုခင် ၁၉၉၂ ခုနှစ်ကစပြီး စစ်ဥပဒေနဲ့ ကျင့်ဝတ်တွေ ဖောက်ဖျက်တယ်လို့ စွပ်စွဲခံရသူတွေကို သည်ဟေ့ဂ် နိုင်ငံတကာ ရာဇဝတ် ခုံရုံးကနေ စစ်ဆေးစီရင်ပိုင်ခွင့် ရှိတယ်လို့ (ICTY) ဥပဒေပြဌာန်းချက် ရှိပါတယ်။ ပုဒ်မ (၃)မှာ ဖောက်ဖျက်တာတွေကို ဖော်ပြထားပြီး နမူနာတချို့ကတော့ -

  • စစ်ရေးအရ လိုအပ်ချက် မဟုတ်ပဲ မြို့ရွာတွေကို မဆီမဆိုင် ဖျက်ဆီးတာ၊ ဘေးဒုက္ခတွေ ကြုံတွေ့စေတာတွေမျိုး၊
  • အကာအကွယ်မဲ့တဲ့ မြို့ရွာ အိမ်ခြေအဆောက်အဦတွေကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် တိုက်ခိုက်တာ (သို့) ဗုံးကြဲ တိုက်ခိုက်တာတွေမျိုး၊
  • ဘာသာရေး၊ အလှူအတန်း၊ ပညာရေး၊ သမိုင်းဝင် အထိမ်းအမှတ်၊ သိပ္ပံနဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းဆိုင်ရာ အနုပညာ လက်ရာတွေကို သိမ်းပိုက်တာ၊ ဖျက်ဆီးတာ၊ ပျက်စီးစေလိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာတွေမျိုး၊
  • ပြည်သူလူထုအပေါ် နိုင့်ထက်စီးနင်း ပြုမူတာ (သို့) ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို လုယက်တာတွေမျိုးတွေ ဖြစ်ပါတယ်။


လူသားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ICTY ရာဇဝတ်ခုံရုံးက အဓိပ္ပာယ် သတ်မှတ်တာကတော့ အရပ်ဘက် ပြည်သူတွေကို တိုက်ရိုက် သေကြေစေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေမှာ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဖြစ်ပါတယ်။ ပုဒ်မ (၅)မှာ နမူနာစာရင်းကို ဖော်ပြထားပါတယ်။ ဘာတွေလဲ ဆိုတော့ -

  • လူသတ်တာ
  • မျိုးတုန်းအောင် သတ်ဖြတ်ဖျက်ဆီးတာ
  • ကျွန်ပြုတာ
  • တိုင်းပြည်မှ နှင်ထုတ်တာ (သို့) အဓမ္မ နေရာရွှေ့ပြောင်းခိုင်းတာ
  • အကျဉ်းချထားတာ (သို့) နိုင်ငံတကာစံနှုန်းအတိုင်း ရှိရမယ့် တရားဥပဒေ စိုးမိုးမှုကို ဖောက်ဖျက်ပြီး သွားလာ လှုပ်ရှားနိုင်ခွင့်ကို ပြင်းပြင်းထန်ထန် ပိတ်ဆို့တားမြစ်ထားတာ
  • နှိပ်စက်ညှင်းပမ်းတာ
  • မုဒိန်းကျင့်တာ
  • နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး အတိုက်အခံတွေကို နှိပ်စက်ညှင်းပမ်း၊ ဒုက္ခပေးတာတွေ ဖြစ်ပါတယ်။

မျိုးတုန်းသတ်ဖြတ်မှု (Genocide)ကို အဓိပ္ပာယ် ဖွင့်ထားတာကတော့ တမျိုးသားလုံးနဲ့ ဆိုင်တာတွေ၊ လူမျိုးနွယ်စုအရေး၊ ဘာသာရေးနဲ့ ပတ်သက်တာတွေမှာ ရှိတဲ့ အစုအဝေး၊ အသင်းအဖွဲ့တွေကို တစိတ်တပိုင်းဖြစ်ဖြစ်၊ အကုန်လုံးဖြစ်ဖြစ် ဖျက်ဆီးလိုတဲ့ ရည်ရွယ်ချက်နဲ့ ကျူးလွန်တဲ့ အပြုအမူ မှန်သမျှ ဖြစ်ပါတယ်။

ဒါတွေက စစ်ရာဇဝတ်မှုမှာ အခြေခံထားတာတွေဘဲ ဖြစ်ပေမယ့် နောက်ထပ် စစ်ရာဇဝတ်မှုတွေ မဖြစ်အောင် ကြိုတင် တားဆီးနိုင်ဖို့အတွက် ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် တင်းကြပ်၊ ကန့်သတ်မှုတွေ ရှိလာပါတယ်။

နမူနာတခုကတော့ စစ်ပွဲအတွင်းမှာ စနစ်တကျ စီစဉ်ပြင်ဆင်ပြီး အစုလိုက်အပြုံလိုက် မုဒိန်းကျင့်တာ၊ လိင်ကျွန်ပြုတာ (sexual enslavement) တွေကို လူသားတွေ အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု (crime against humanity) ဖြစ်တယ်လို့ သည်ဟေ့ဂ် အထူးရာဇဝတ်ခုံရုံးက ၂ဝဝ၁ ခုနှစ်မှာ စီရင် ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီလို ဆုံးဖြတ်ချက် ထွက်လာပြီးနောက်မှာတော့ အစုလိုက်အပြုံလိုက် မုဒိန်းကျင့်တာ (ဒါမှမဟုတ်) မုဒိန်းကျင့်တာကို စစ်လက်နက်သဖွယ် အသုံးချ တာတွေဟာ စစ်သည်တွေရဲ့စရိုက်ကို ချိုးဖောက်ရုံသာမက မျိုးတုန်းသတ်ဖြတ်မှု (Genocide) ပြီးရင် အယုတ်မာဆုံး စစ်ရာဇဝတ်မှုလို့တောင် သတ်မှတ် ခံရတဲ့အဆင့် ဖြစ်လာပါတော့တယ်။

စစ်ရာဇဝတ်မှုကို ရှာဖွေ ဖော်ထုတ်ရာမှာ

စစ်ရာဇဝတ်မှုတခုကို ရှာဖွေဖော်ထုတ်ရတာ အမြဲတမ်း လွယ်ကူတာတော့ မရှိပါဘူး။

စစ်ကြောင့် အိုးအိမ်စွန့် ထွက်ပြေးပုန်းရှောင်ရတာ ရှိပေမယ့် စစ်ရာဇဝတ်မှုလို့ သတ်မှတ်ဖို့ သိပ်မဖြစ်နိုင်သေးပါဘူး။ အရပ်သားတွေကို အကာအကွယ် ရစေဖို့ အတွက် အိုးအိမ်စွန့်ထွက်ပြေးပုန်းရှောင်ခိုင်းရတာမျိုး ရှိတယ်လို့ စောဒကတက် ကြတာတွေ ရှိနေလို့ပါဘဲ။ တကယ်လို့ စနစ်တကျ ပြင်ဆင်ထားတဲ့ စစ်ရေးလှုပ်ရှားမှုနဲ့ တိုင်းရင်းသား လူမျိုးစုတွေ၊ ဘာသာရေး အစုအဖွဲ့တွေကို အစုလိုက်အပြုံလိုက် ရှင်းလင်းသတ်ဖြတ်တာမျိုး (ဒါမှမဟုတ်) အရပ်သား ပြည်သူတွေကို အစုလိုက်အပြုံလိုက် အပြစ်ပေးတာမျိုး ဖြစ်တယ်လို့ သက်သေပြနိုင်ရင်တော့ စစ်ရာဇဝတ်မှု ဖြစ်သွားပါမယ်။

ဒီလိုဘဲ ဝါဒဖြန့်ချိရေး လုပ်နေတဲ့ ရန်သူ့ ရုပ်မြင်သံကြားဌာနကို နိုင်ငံပိုင် လေတပ်က ဗုံးကြဲတိုက်ခိုက်ရင် စစ်ရာဇဝတ်မှု ဖြစ်နိုင်ပါ့မလား။ ဂျီနီဗာ သဘောတူညီချက်တွေအရ ဆိုရင်တော့ ဒါမျိုးက စစ်ရာဇဝတ်မှု မဟုတ်ပါဘူး။

တကယ်လို့ စစ်ရေးအတွက် အသုံးပြုတာဆိုရင် လမ်း၊ တံတား၊ ဓါတ်အားပေးစခန်း၊ စက်ရုံ အစရှိတဲ့ နိုင်ငံတွင်းက လမ်းပမ်းအဆက်အသွယ် အဆောက်အဦးတွေဟာ တရားဝင် တိုက်ခိုက်နိုင်တဲ့ ပစ်မှတ်တွေ ဖြစ်ပါတယ်။ ဂျီနီဗာ သဘောတူညီချက်ကို ချိုးဖောက်ရာ မရောက်ပါဘူး။ ဒါပေမယ့် စစ်ရေးအသာစီး ရလိုမှုအတွက် ဒီလို တိုက်ခိုက်တာတွေကြောင့် အရပ်သားတွေ သေကြေ ဒဏ်ရာရမယ်၊ နေအိမ်တိုက်တာ ပစ္စည်းတွေ ထိခိုက် ဆုံးရှုံး ပျက်စီးမယ် ဆိုရင်တော့ စစ်ရာဇဝတ်မှု ဖြစ်ပါတယ်။

နိုင်ငံတကာ တရားရုံးတွေ

စစ်ရာဇဝတ်မှုတွေနဲ့ လူသားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ဖြေရှင်းစီရင်နိုင်ဖို့အတွက် တကမ္ဘာလုံးမှာ တပုံစံတည်း လက်ခံကျင့်သုံးနိုင်မယ့် တရားရေးစနစ် ရှိအပ်တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုနေခဲ့ကြတာ အချိန်ကြာလှပါပြီ။ ယူဂိုစလားဗီးယားအရေး ကိုင်တွယ်ဖြေရှင်းတဲ့ သည်ဟေ့ဂ် နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICTY) အပြင် နောက်ထပ် ဖွဲ့စည်းလိုက်တာကတော့ ရဝမ်ဒါအရေး ကိုင်တွယ်ဖြေရှင်းတဲ့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICTR) ဖြစ်ပြီး တန်ဇန်နီးယားနိုင်ငံ အရူရှာမြို့မှာ ဖွင့်လှစ်ထားပါတယ်။ ရဝမ်ဒါမှာ ဖြစ်ပျက်နေတဲ့ မျိုးတုန်း သတ်ဖြတ်မှုတွေနဲ့ အခြား နိုင်ငံတကာဥပဒေ ချိုးဖောက်မှု ဆိုးဆိုးဝါးဝါးတွေကို ၁၉၉၄ ခုနှစ်မှာ စတင်ကြားနာ စစ်ဆေးပါတယ်။

http://news.bbc.co.uk/2/hi/europe/1420133.stm

http://en.wikipedia.org/wiki/International_Criminal_Court

http://en.wikipedia.org/wiki/ICTY

http://en.wikipedia.org/wiki/War_crime

http://en.wikipedia.org/wiki/Holocaust

http://en.wikipedia.org/wiki/Radovan_Karad%C5%BEi%C4%87

http://en.wikipedia.org/wiki/D%C3%A9sir%C3%A9_Munyaneza

http://www.nytimes.com/2009/05/23/world/americas/23canada.html?_r=2&partner=rss&emc=rss

Last Updated ( Monday, 03 October 2011 10:53 )  

နောက်ဆုံးရသတင်းများ