ပင်မနေရာ စစ်ရာဇ၀တ်မှု စစ်ရာဇ၀တ်မှု ရဲသော်မသေ၊ သေသော်ငရဲမလား - အပိုင်း (၁)

ပင်မနေရာ စစ်ရာဇ၀တ်မှု စစ်ရာဇ၀တ်မှု ရဲသော်မသေ၊ သေသော်ငရဲမလား - အပိုင်း (၁)

ရဲသော်မသေ၊ သေသော်ငရဲမလား - အပိုင်း (၁)

Print PDF
User Rating: / 14
PoorBest 

ဆောင်းပါးရှင် - ဗိုလ်မှူး ကျော်ကျော်ခိုင်

ရဲသော်မသေ၊ သေသော်ငရဲမလား ဆိုသည့် စာကြောင်းလေးသည် တပ်မတော်သားများအဖို့ စိတ်ဓါတ်ကြံ့ခိုင်ပြီး၊ တက်ကြွသောစိတ်ကို ဖြစ်ပေါ်စေသည့် စိတ်ဓါတ်စစ်ဆင်ရေး တပ်မတော် ဆောင်ပုဒ်ဖြစ်သလို ရဲဘော်တို့၏ ကြွေးကြော်သံလည်း ဖြစ်သည်။ ပျို့ကဗျာ၊ သီချင်းစာသားလည်း ဖြစ်ခဲ့သည်။  မြန်မာ့အသံမှ မကြာခဏ လွှင့်ခဲ့သည့် ရဲသော်မသေ၊ သေသော်ငရဲမလား အမှတ် (၁) အမှတ် (၂) စစ်ချီ သီချင်းသံများကို မဆလခေတ်တွင် ငယ်ငယ်ကတည်းက ယဉ်ပါးကြားမိခဲ့သည်။ အချို့က ရဲဘော်မသေဟု ဘော်နှင့် သော်ကို မှားတတ်ကြသည်။


ရဲစွမ်းသတ္တိရှိသော သူရဲကောင်းတို့မည်သည် မသေနိုင်။ အကယ်၍ သေခဲ့ပါအံ့ လူပင်သေသော်ငြား နာမည်ကတော့  မော်ကွန်းထိုး မှတ်တမ်းတင် ခံရခြင်းဖြင့် ထာဝရ ရှင်သန် နေပေလိမ့်မည် ဟူ၍ အဓိပ္ပါယ် ထွက်၏။ ဘာသာတရား ယုံကြည်မှုအရလည်း အပါယ်ငရဲ ဒုဂ္ဂတိ ဘုံဘဝများသို့ မရောက်နိုင်ပါ ဟူ၍လည်း ထပ်ဆင့် ဖေါ်ကျူးထားပြန်သည်။ အင်းဝခေတ် စာဆိုများ၊ ကုန်းဘောင်ခေတ် စာဆိုများက စစ်နှင့်သက်ဆိုင်သည့် ပျို့များ၌ ထည့်သွင်းစပ်ဆိုခဲ့သလို စစ်သူရဲကောင်း လက်ဝဲသုန္ဒရအမတ်ကြီး ရေးစပ်ခဲ့သော  နန္ဒိသေနပျို့တွင် ပါသည့်  နန္ဒိသေန စစ်သူကြီး၏ စကားကို ယူထားသော စာကြောင်း ဖြစ်ကြောင်းလည်း မှတ်သားခဲ့ရသည်။ ထို့ကြောင့် ရဲသော်မသေ စာကြောင်းမှာ စိတ်ဓါတ်မြှင့်တင်ရေး စာသားအဖြစ် ချန်ထားပြီး၊ သေသော်ငရဲလား မလားကို ဆင်ခြင်ကြည့်ကြပါဦးမည်။

စစ်ရေးပြအခမ်းအနား


ငရဲလားသည် အပါယ်လားသည် ဆိုသည်မှာ အကုသိုလ်ကံ အကျိုးပေးအရ ဖြစ်တတ်သည့် သဘာဝဖြစ်သည်။ ကံအကျိုးပေးများသည် မည်သူမှလာ၍ ဖန်တီးခြင်းမဟုတ်ပဲ မိမိကိုယ်တိုင် ပြုခဲ့သော အတိတ်ဘဝ၊ ယခုဘဝ၏ ကုသိုလ် အကုသိုလ်တို့ အကျိုးပေးလာခြင်းသာဖြစ်၏။ ထေရဗုဒ္ဓဘာသာတွင် ကံ၊ ကံ၏ အကျိုးပေးကို ယုံကြည်ရသည်။


သို့သော် ဗုဒ္ဓမြတ်စွာဘုရား ဟောကြားသော ကံအကြောင်းကို ကောင်းစွာမလေ့လာ မသိရှိသကဲ့သို့  စီစစ်ဝေဖန် ယုံကြည်သူက နည်းသဖြင့် ကံကိုယိုးမယ်ဖွဲ့ပြီး ရောချသူက များပါသည်။ ဥာဏ်နှင့် လုံ့လ ဝီရိယကိုလည်း ကံ၏အခန်းကဏ္ဍက အလေးထားရတာလည်း ရှိ၏။ ကြီးပွားတိုးတက်ဖို့ တခုတည်းသော အကြောင်းကိုသာ ဟောပေးပါဟု မေးလျှောက်သဖြင့် ဗုဒ္ဓက ၀ိရိယ ဟု တခွန်းတည်း ဖြေကြားခဲ့သည်ကိုလည်း စာရှုသူတို့အား စကားလက်ဆောင် ပါးပါသည်။ မိမိလုပ်သောအလုပ် ( သို့ ) မိမိပြုမူသောအပြုအမူ  ( အပြောအဆို၊ စိတ်နေစိတ်ထားအပါအဝင် ) သည် မှန်ကန်ကောင်းမွန်မှု မရှိပါက အကုသိုလ်ကံ ပြုလုပ်နေခြင်းဖြစ်၍ အကုသိုလ်ကံက အကျိုးပေးရာ အပါယ်ဘုံများဖြစ်သော တိရိစ္ဆာန်ဘုံ၊ ပြိတ္တာ အသူရကာယ်လ်  ငရဲဘုံနဲ့ အ၀ီစိငရဲဘုံများက စောင့်နေမည်မှာ သေချာသည်။ သာမန်အားဖြင့် ဒေါသနှင့်သေ ငရဲပြည်၊ မောဟနှင့်သေ တိရိစ္ဆာန်ပြည် လောဘနှင့်သေ ပြိတ္တာတွေ ဟူ၍ ဆိုသော စကားက ရှိသည်။ စစ်တိုက်ပြီဆိုသည်နှင့် ဒေါသပါသည် မောဟပါသည်။ တခါတလေ သူများပစ္စည်း လိုချင်တပ်မက်သည့် လောဘ ဇောလေးများပင် အစစ်ပါတတ်သေး၏။ သည်တော့ ရဲဘော် သင် - ငရဲမလား (သို့) နတ်ပြည် လားမည်လား ကိုယ့်ကိုကိုယ် မေးခွန်းထုတ်လိုက်ပါဦး။ သင့်စိတ် ဘာဖြစ်နေလည်း သင်ကိုယ်တိုင် သိနေပါသည်။ ထပ်မံ၍ အလွန်နက်နဲ ခက်ခဲကျယ်ပြန့်ပြီး ဗုဒ္ဓဘာသာသာလျင် ရှင်းရှင်းလင်းလင်း  ဟောကြား ထုတ်ဖေါ်ပြနို်င်သော အဘိဓမ္မာအားဖြင့်လည်း  အနည်းငယ် ဆန်းစစ်ကြည့်ပါဦးမည်။


ဘဝတခုတွင် ပြုသော ကောင်းမှုကံ၊ မကောင်းမှုကံများကြောင့် အလှည့်ကျ အကျိုးပေးလာမည့် ကံ လေးမျိုး ရှိသည်။ (၁) ဂရုကကံ။ ဈန်ကုသိုလ်ကဲ့သို့ ကုသိုလ်ဂရုက ကံနှင့် အမိအဘ ရဟန္တာကို သတ်ခြင်း၊ ဘုရားရှင်ကို သွေးစိမ်းတည်အောင်ပြုခြင်း သံဃာအသင်းခွဲခြင်းစသည့် ပဉ္စာနန္တရိကကံ ကျူးလွန်ခြင်းကဲ့သို့ အကုသိုလ်ဂရုက ကံ နှစ်မျိုးကို ထပ်မံခွဲခြားနိုင်ပြီး အကုသိုလ်ကံ အင်အားအကြီးဆုံးနှင့် သေပြီးဘဝတွင်ပင် ချက်ခြင်း အကျိုးပေးမည့် ကံဖြစ်၏။ ( အမိနှင့်အဖ သီလတူပါက အမိကို သတ်ခြင်းက သာလွန်အပြစ်ကြီးသည် ) (၂) အာသန္နကံ ။ သေကာနီးအချိန်ကလေးတွင်မှ ကပ်၍ပြုလုပ်သော (သို့) ကပ်၍ပေါ်သော စိတ်စေတနာကံဖြစ်ပြီး ဒုတိယ အင်အားအကောင်းဆုံး ဖြစ်၏။ ဤကံကိုလည်း  ကုသိုလ်အာသန္နကံနှင့် အကုသိုလ် အာသန္နကံ ဟု နှစ်မျိုး ထပ်မံခွဲသည်။ ဘဝတသက်သာလုံး သီလဒါနကုသိုလ်များ ပြုနေခဲ့သော်လည်း သေကာနီးအချိန်တွင် လောဘ ဒေါသ၊ မောဟ စိတ်အစွဲ တခုခုဖြစ်ပေါ်ပြီး သေဆုံးပါက ငရဲ ပြိတ္တာ အသူရကာယ်လ် တိရိစ္ဆာန်ဘဝ ရောက်သွားနိုင်သေးသဖြင့် သတိပြုရမည့် ကံဖြစ်သည်။ (၃) အာစိဏ္ဏကံ ။ နေ့စဉ် ပြုလုပ်နေကြဖြစ်သော ကောင်းမှု မကောင်းမှုကံ တို့ ဖြစ်ပြီး တတိယ အင်အားအကောင်းဆုံးဖြစ်သလို သေကာနီး အာရုံပေါ်နိုင်သော အာသန္နကံလည်း ဖြစ်နိုင်သည်။ အမြဲ စိတ်ဝယ်ထုံပြီး အလေ့ကျက်များရာ အာရုံဖြစ်နေ၍ဖြစ်၏။ တခါတရံတွင် တကြိမ်ကလေးမျှသာ ပြုခဲ့မိသော ကုသိုလ်၊ အကုသိုလ်ကံများကလည်း   အာစိဏ္ဏကံ ဖြစ်ပေါ်တတ်သေးသည်။ ( ၄ ) ကဋတ္တာကံ ။ ယခုဘဝဝယ် သာမန်ပြုလုပ်လိုက်သော အပေါ်ကံ သုံးမျိုးတွင်လည်း မပါသော ကုသိုလ်၊ အကုသိုလ် ကံငယ်ကလေးများ ဖြစ်သကဲ့သို့  အင်အားလည်း နည်းသဖြင့် အပေါ်ကံအင်အားများအလိုက် ကံအကျိုးပေး မဖြစ်ပေါ်ချိန်မှသာ ဝင်ရောက် အကျိုးပေးနိုင်သည်။

အပိုင်း (၂) ကိုနောက်တစ်ပတ်တွင် ဆက်လက်ဖော်ပြသွားပါမည်...

Last Updated ( Wednesday, 14 September 2011 13:37 )  

နောက်ဆုံးရသတင်းများ