ပင်မနေရာ စစ်ရာဇ၀တ်မှု စစ်ရာဇ၀တ်မှု ရဲသော်မသေ၊ သေသော်ငရဲမလား - အပိုင်း (၂)

ပင်မနေရာ စစ်ရာဇ၀တ်မှု စစ်ရာဇ၀တ်မှု ရဲသော်မသေ၊ သေသော်ငရဲမလား - အပိုင်း (၂)

ရဲသော်မသေ၊ သေသော်ငရဲမလား - အပိုင်း (၂)

Print PDF
User Rating: / 14
PoorBest 


ဆောင်းပါးရှင် - ဗိုလ်မှူး ကျော်ကျော်ခိုင်  ( အပိုင်း (၁) ကို ဒီနေရာ တွင်နှိပ်၍ ပြန်လည်လေ့လာဖတ်ရှုနိုင်ပါသည်...)

အထက်ဖေါ်ပြပါ အလှည့်ကျအကျိုးပေးမည့်ကံအရ  ပြည်သူသာအမိ၊ပြည်သူသာအဖ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပါမည်၊ နေ့စဉ်နေ့တိုင်း ရွတ်ဆိုနေကြ သစ္စာလေးချက်ထဲက တစ်ချက်ဖြစ်တဲ့ ပြည်သူလူထုက ကျွေးသောထမင်းနှင့် ဟင်းကို စား၍ ပြည်သူလူထု၏ ကျေးဇူးသစ္စာကို စောင့်ရှောက်ပါမည်ဟု ကတိသစ္စာပြုထားကြသော မိမိတို့စစ်သည်များသည်  မမှန်ကန်သော အမိန့်တခုအားဖြင့် ပြည်သူလူထုကို ရိုက်နှက် ပစ်ခတ်သတ်ဖြတ် စော်ကားခြင်းမှာ အမိသတ်အဖသတ်ကံနှင့် အလားတူဖြစ်နေ၍ အပြစ်အကြီးဆုံး ဂရုကကံ အကျိုးပေးအတွင်း သက်ဆင်းကာ မဟာအဝီစိငရဲသို့ တိုက်ရိုက် သက်ဆင်းနိုင်ပေသည်။ အထက်အကြီးအကဲကို သစ္စာစောင့်သိ ရိုသေရာတွင် တော်တည့်မှန်ကန်စွာ သစ္စာရှိရမည် ဆိုတဲ့ ပညတ်ချက် ရှိသည်ကို တပ်မတော်သားတိုင်း သတိပြုရပေမည်။

မြန်မာ့တပ်မတော် တပ်ရင်းတစ်ရင်းရှိ စားရိပ်သာတွင် စစ်သည်ရဲဘော်များ နေ့လည်စာ စားသုံးနေပုံ


ဘဝတသက်တာတွင်လည်း သင်တန်းတက်ချိန်ကလေးတွင်သာ သစ္စာလေးပါးကို ရွတ်ဆို ဦးထိပ်ထားနိုင်ခဲ့သော်လည်း တပ်ရင်းတပ်ဖွဲ့ ရောက်ပြီဆိုသည်နှင့် သစ္စာလေးပါးကို ပစ်ချကာ နေ့တဓူဝ အဆူအဆဲ အကြိမ်းအမောင်းများအကြား၊  စစ်သားတို့၏ သဘာဝ  တပ်မတော်က ထုတ်ပေးသည့် Army Rum ဒေသန္တရ ယမကာရရာ မှီဝဲ၍  မူးယစ်သောက်စား ရမ်းကားခြင်းများ၊ လောင်းကစား ကြိတ်ဝိုင်းလေးများ ၊ မတရားပေါ်တာဆွဲ၍  ရိုက်နှက်ညှင်းပန်းခြင်းများ၊ ပေါ်တာပြန်ပေးဆွဲခြင်းများ၊ အိမ်ထောင်သည်လိုင်း/ လူပျိုလိုင်းတို့မှ ထူးခြားပြဿနာများ၊ စိုးရိမ်ပူပန်မှု ဒေါသ ပေါက်ကွဲမှုများဖြင့် ပြည့်နှက်နေသည့် တိုက်ပွဲများ၊ ပစ်ခတ်သတ်ဖြတ်မှုများ စသည်စသည် ဇယားချစီစစ်လိုက်တော့   နေ့စဉ် ပြုနေကျမို့ အာရုံမှာစွဲနေမည့် အာစိဏ္ဏကံကလည်း မကောင်းမှု အကုသိုလ်များသာ ဖြစ်နေသည်။


သေကာနီးကပ်၍ပေါ်လာမည့် အာသန္နကံကလည်းမကောင်းမှု  အကုသိုလ်များသာ ဖြစ်နေတော့  ဘယ်သို့မျှ ရဲသော်မသေ သေသော်ငရဲမလား၊ နတ်ပြည်လားရန် အကြောင်းကို မမြင်မိပါချေ။ ပြည်သူလူထုက မေတ္တာပို့ဆိုနေသလို ရဲဘော်သေ၊ သေသော် ငရဲသွားဖြစ်ဖို့က လမ်းများလှ၏။ အဖစစ်အာဏာရှင် ဗိုလ်သန်းရွှေ၏ ကောင်းမှုကြောင့် သံဃာတော်များကို ရိုက်နှက်သတ်ဖြတ်ထားသည့် ပြစ်မှုကလည်း တိုးထားသေးသည်။ မတရားဖမ်းဆီးထောင်ချ နှိပ်စက်ညှင်းပန်းခြင်းများကလည်း ဝဠ်မှာအမြဲ ငရဲမှာအပ လိုက်လာမည့် ဝဠ်ကြွေးများ ဖြစ်လာချေပြီ။  ဒိဌဓမ္မဝေဒနီယကံက ယခုလက်ငင်းပစ္စုပ္ပန်ဘဝတွင် အကျိုးမပေးသေးပေမဲ့ ဥပပဇ္ဇဝေဒနီယကံ ဒုတိယဘဝနှင့် အပရာပရိဝေဒနီယကံခေါ် တတိယဘဝမှ နိဗ္ဗာန်မရမချင်း လှည်းနောက် လှည်းဘီးရာ လိုက်သကဲ့သို့ အကုသိုလ်ဆိုးကျိုး လိုက်ပေးပေတော့မည်။ ယခုဘဝမှာပင် နေ့စံညခံ နေစံညခံ နေ့စဉ်ခံပြိတ္တာမျိုးနှင့် တူလှစွာသော စစ်သားဘဝမှာပင် ဒုက္ခပင်လယ် ဝေနေတာကို သိမြင်နားလည်လျင် ဘဝသံသရာမှာ ငရဲမှလွတ်ပြီးလူဖြစ်တောင် လူဖြစ်ရှုံးရဦးမည်ကို သဘော ပေါက်သင့်သည်။ ဗိုလ်မှူးချုပ်ဟောင်း စိန်ဝင်းက သူရေးသားသော ဘာသာရေး စာအုပ်တအုပ်တွင် ငယ်စဉ်ကသေမှာ လုံးဝ မကြောက်တတ် ခဲ့ဖူးကြောင်း၊ ယခုအသက်အရွယ်ရလာပြီး တရားဓမ္မများကို လေ့လာနားလည်လာချိန်တွင်မူ သေမှာ ကြောက်တတ်နေပြီဖြစ်ကြောင်း ဖေါ်ပြထားသည်မှာ လေးစားချီးကျူးရသကဲ့သို့ သံဝေဂရဖွယ်ရာလည်း ကောင်းလှသည်။

မြန်မာ့တပ်မတော် တပ်ရင်းတစ်ရင်းရှိ စားရိပ်သာတွင် စစ်သည်ရဲဘော်များ နေ့လည်စာ စားသုံးနေပုံ

ဗိုလ်သန်းရွှေ၏ စစ်အာဏာရှင်ကြီးများကတော့ အာဏာရာထူးနှင့် အာဏာနောက်က ပါလာသော ငွေကြေးစီပွားများဖြင့် မာန်တက်၍ ကောင်းတုန်းဖြစ်နေသည်။ အရာရှိစစ်သည်များ အနေနှင့် စစ်အာဏာရှင်ကြီးများ ခေါ်ဆောင်ရာ အပါယ်ဘုံဘဝများသို့ ၎င်းတို့နှင့်အတူ လိုက်ပါမသွားမိကြဖို့ လိုပါသည်။ စစ်အာဏာရှင်ကြီးများ အချို့အရာရှိကြီးများက စစ်သားလုပ်မှာလား၊ ဘုန်းကြီး လုပ်မှာလားဟူ၍ မေးတတ်ကြသည်။ ထေရဗုဒ္ဓဘာသာ အဆုံးအမကို စေ့စေ့စပ်စပ် လေ့လာသိရှိထားပါလျင် ထိုအမေးမျိုး မည်သူမျှ မေးလိမ့်မည်မထင်။ အမှန်စင်စစ် အဆိုပါ အချို့ အရာရှိကြီးများက ရှေ့တန်းထွက်ချိန်ဆိုရင်တော့ ပုတီးကို လက်ကမချတော့၊ ပါးစပ်က ဂယောင်ကတမ်း ဘုရားစာ ရွတ်နေသူများဖြစ်သည်။ လေထီးခုန် သင်တန်းမှာတုန်းက မနက်ဖြန် လေယာဉ်ပေါ်မှ ခုန်ချရမည်ဖြစ်၍ ဒီနေ့ည အသံကျယ်ကျယ်နှင့် သူငယ်ချင်း၏ ဘုရားရှိခိုးသံကြီး ကြားရသည်။ မြေပြင် လေ့ကျင့်ချိန်တွင် တကြိမ်တခါမှ ဘုရားရှိခိုးတာ မတွေ့ဖူးသဖြင့် နောက်မိရာက အသတ်ခံရမည့်ကိန်း ဆိုက်ခဲ့ရဖူး၏။ လူဆိုသည်မှာ ကျန်းမာရေးကောင်းချိုန် ကျန်းမာရေးကို ဂရုမပြုတတ်သလို ဘဝသံသရာဘေးကို မတွေးမိသေး သေဘေးဝေးနေချိန်မှာ လောဘဒေါသမောဟ ရာဂမီးတွေလောင်ပြီး ဘုရားတရားသံဃာကို မေ့လျော့ နေတတ်ကြသည်။ အချို့က စစ်သားဆိုတာ လူသတ်ရတယ် စစ်သားဆိုကြမ်းမှရမ်းမှ၊ စစ်တပ်ဆိုတာ လူသတ်ဖို့ ဖွဲ့ထားတာဆိုတာမျိုး ထင်မှတ်ပြောဆို နေသူများကိုလည်း တွေ့ခဲ့ရဖူးပါသည်။ စစ်တပ်နှင့် စစ်တပ်၏ လုပ်ငန်းတာဝန်သဘောကို အသေအချာ နားမလည်မှုကြောင့် နားလည်မှုလွဲခြင်း ဖြစ်၏။


အစွဲပြုတ်ချင်လျင် တရားရိပ်သာသွား ဟူသော  အလွန်အကျွံသမားများကလည်း လောကကြီးအကြောင်း ကောင်းစွာ သိသလိုလို ထအော်တတ်တာ တွေ့ရသည်။ အမှန်မှာ ဤ သေသော်ငရဲမလား ဆိုသော စာကြောင်းကို ရှေးစာဆို ရဟန်းရှင်လူပညာရှိများက လက်လွတ်စပါယ် ရေးသားဖွဲ့ဆိုထားခဲ့ခြင်းတော့ မဟုတ်ပါချေ။ စာပေကျမ်းဂန်များနှင့် ညှိနှိုင်းကာရေးသားခဲ့ခြင်း ဖြစ်၍ လုံးဝမှားပါသည်ဟုလည်း  မဆိုလိုနိုင်။ ရှေးခေတ်ကာလကပင် စစ်တပ်ဆိုတာရှိခဲ့သည်။ နိုင်ငံကို ထိပါးနှောက်ယှက်နေသော လူဆိုးသူခိုး သူပုန်ဓါးပြများကို နန်းတော်က အိမ်ရှေ့မင်းသား၊ စစ်သူကြီးများ ဦးစီးသော စစ်တပ်ကို စေလွှတ်နှိမ်နှင်း စေခိုင်းရတာ တွေ့ရသည်။


အချို့သော ရှင်ဘုရင်စစ်သူကြီးများလည်း  ဒိဌိပြုတ်၍ သောတာပန်အဖြစ်နှင့်ပင် တိုင်းပြည်အရေး ဆောင်ရွက်ခဲ့ကြသည်။ ဗုဒ္ဓမြတ်စွာဘုရားရှင်လက်ထက်တော်တွင်ပင်  ကောလိယနဲ့ ကပိလ၀တ် နှစ်နိုင်ငံတို့ ရောဟိဏီမြစ်ကို လုကြရာမှ သွေးချောင်းစီးမယ့် စစ်ပွဲကို ဘုရားရှင်သည် ငြိမ်းချမ်းသော အသံတော်ဖြင့် ငြိမ်းချမ်းရေးတရားဟောခြင်းဖြင့်  ပြေလည်အောင် ဖြေရှင်းတော်မူခဲ့ရ၏။ တိုက်ပွဲများစွာ ဆင်နွဲဖူးသော စစ်သူကြီးတွေလည်း ဘုရားရှင်ထံတော်ဝယ် ရဟန်းပြုတရားရှာကာ ဘဝသံသရာမှ လွတ်မြောက်ခဲ့ဖူးကြ၏။ ဗုဒ္ဓပွင့်ထွန်းလာမှသာ ကုသိုလ်၊ အကုသိုလ် အလုပ်များနှင့် ဘဝသံသရာ အကြောင်းတရားများ သိရှိလာနိုင်ကြခြင်း ဖြစ်၏။ ဗုဒ္ဓသည်  သူတပါးအသက် သတ်ဖြတ်ခြင်း၏ အပြစ်ကို ပါဏာတိပါတကံဖြင့် ဟောကြားဆုံးမထားခဲ့၏။

အပိုင်း (၃) ကို နောပ်တစ်ပတ်တွင် ဆက်လက်ဖော်ပြသွားပါမည်...

Last Updated ( Sunday, 05 February 2012 14:29 )  

နောက်ဆုံးရသတင်းများ