ထောက်လှမ်းရေး တစ္ဆေအခြောက်ခံ နေရသူများ - အပိုင်း(၁)
ဆောင်းပါးရှင် - စေတမန် (ထောက်လှမ်းရေး အရာရှိဟောင်း တစ်ဦး)
တရုတ် - မြန်မာ နယ်စပ်တနေရာမှ ပေးပို့လာတဲ့ ထောက်လှမ်းရေးအရာရှိဟောင်း တစ်ဦးရဲ့  ဆောင်းပါးကို ကျွန်တော် ကိုဖိုးတရုတ်မှ စာဖတ်သူများ အား တင်ပြပေးလိုက်ရပါတယ်။ ဒီနေရာမှာ နအဖက အမျိုးသား ထောက်လှမ်းရေး အဖွဲ့ကို သူတို့ မသိလိုက်ရဘဲ အမျိုးသား ထောက်လှမ်းရေး အဖွဲ့က နိုင်ငံရေးသမားများအား လုပ်ချင်သလို လုပ်နေတယ်လို့ စွပ်စွဲထားချက်အပေါ် အကြောင်းသိ အတွင်းသိ ထောက်လှမ်းရေး အရာရှိဟောင်း တစ်ယောက်က ပြည်သူများထံ အဖြစ်မှန်ကို တင်ပြပေးထားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီမိုကရေစီ ဘက်တော်သားများ အနေနဲ့ အကြောင်းအရာ စုံစုံလင်လင် သိရှိဗဟုသုတ ရရှိနိုင်စေရန် ရည်ရွယ်ပါတယ်။ အခုလို ဆောင်းပါးရေးသား ပေးပို့လာတဲ့ ထောက်လှမ်းရေး အရာရှိဟောင်း စေတမန်အား ကျွန်တော် ကိုဖိုးတရုတ် မှ အထူးကျေးဇူး တင်ရှိပါတယ်ခင်ဗျား။
နိဒါန်း
၁၉၈၈ ခုနှစ်မှသည် ၂၀၀၄ခုနှစ်တာ ကာလအထိ စစ်တပ် ကြီးစိုးမင်းမူရေးကို ကျားကန်ပေးခဲ့သော တပ်မတော်ထောက်လှမ်းရေးအဖွဲ့ ဇာတ်သိမ်းမလှခြင်း၏ နောက်ကွယ်မှ ဖြစ်ရပ်ဖြစ်စဉ်များကို နိုင်ငံတကာနှင့် အများပြည်သူ စိတ်ဝင်စားခဲ့ခြင်း၊ ယနေ့ထက်တိုင်အောင် စိတ်ဝင်စားနေခြင်းမှာ လက်ရှိအာဏာချုပ်ကိုင်ဆဲ စစ်ဗိုလ်ချုပ်ကြီးများအတွက် မငြင်းနိုင်သော ပြဿနာတစ်ရပ်ဟုဆိုပါလျှင်......။
တပ်မတော် ထောက်လှမ်းရေးအဖွဲ့ကို ကျူပင်ခုတ် ကျူငုတ်မကျန် မြေလှန်ပစ်ခဲ့သော်လည်း အတွင်းသိများ အနေဖြင့် လက်ရှိ စစ်အုပ်စု ထိပ်သီးပိုင်းများကို ထောက်လှမ်းရေး တစ္ဆေအခြောက်ခံနေရခြင်းဟု ဆိုရခြင်းသည် ၄င်းစစ်အုပ်စု ထိပ်သီးပိုင်း၏ သမိုင်းတွင် ဖျောက်ဖျက်မရသော အမှားများ ကျူးလွန်မှုအတွက် ပေးဆပ်နေရမှု တစ်ခုသာလျှင် ဖြစ်ကြောင်း ဦးစွာ ပြောကြားလိုပါသည်။
န၀တ၊ နအဖခေတ် အမျိုးသား ထောက်လှမ်းရေးအဖွဲ့ ဆိုသည်မှာ တပ်မတော် ထောက်လှမ်းရေး ညွှန်ကြား ရေးမှူးရုံး၊ စစ်မဟာဗျူဟာ လေ့လာရေးရုံး ၊ တပ်မတော် ထောက်လှမ်းရေး ဌာနချုပ်ရုံး ဆိုသော အမည် အမျိုးမျိုးခံသည့် စစ်ထောက်လှမ်းရေး ယန္တယား၏ ထိန်းချုပ်ကွပ်ကဲမှု နောက်ကွယ်တွင် အသက်ဝင်နေရသော ပြည်ထဲရေး လက်အောက်ခံ အဖွဲ့အစည်းများဖြင့် စုဖွဲ့ထားသည့် စစ်အာဏာရှင်စနစ်၏ နှိပ်ကွပ်ရေး လက်ကိုင်တုတ် အဖွဲ့ပင် ဖြစ်သည်။
ဗိုလ်မှူးကြီး စန်းပွင့်၊ ဗိုလ်ချုပ် ကျော်ဝင်း၊ ဗိုလ်ချုပ်ကြီး ဘိုမြ နဲ့ ဗိုလ်ချုပ်ကြီး ခင်ညွှန့်တို့ ဧည့်ဂေဟာတွင် ဆွေးနွေးအပြီး ပြန်ထွက်လာစဉ်
မဆလခေတ်လက်ကျန် ဥပဒေအရပြောလျှင် နိုင်ငံတော်သမ္မတသည် အမျိုးသားထောက်လှမ်းရေးအဖွဲ့ ဥက္ကဌဖြစ်သည်။ ပြည်ထဲရေးဝန်ကြီးသည် အတွင်းရေးမှူးဖြစ်သည်။ အာဏာသိမ်းစစ်အစိုးရတွင် ဖွဲ့စည်းပုံအရ သမ္မတ မရှိသည့်အတွက် န၀တ-နအဖ ဥက္ကဌ (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်)သည် အမျိုးသား ထောက်လှမ်းရေး အဖွဲ့၏ ဥက္ကဌဟုပင် သတ်မှတ်ရမည် ဖြစ်သည်။ အမှန်တကယ်လည်း ထိုသဘောပင် ဖြစ်သည်။ ပြည်ထဲရေးဝန်ကြီး အပိုင်းကတင်ပြသည့် အရေးယူရန် အခြေအနေ တစ်ရပ်ကိုဖြစ်စေ၊ တပ်မတော် ထောက်လှမ်းရေးက တင်ပြသည့် အရေးယူရန် အခြေအနေတစ်ရပ်ကို ဖြစ်စေ နောက်ဆုံး အဆုံးအဖြတ် ပေးရသည်မှာ အာဏာသိမ်းခေါင်းဆောင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ပင် ဖြစ်သည်။
၁၉၈၈ ခုနှစ်မှသည် ၂၀၀၄ ခုနှစ်ကာလတစ်လျှောက် ပြည်တွင်းနိုင်ငံရေး အင်အားစုများအား ဖြိုခွင်းရာတွင် လည်းကောင်း၊ အာဏာချုပ်ကိုင်ဆဲ ထိပ်သီးပိုင်းအချင်းချင်း ဖြုတ်၊ထုတ်၊ရှင်း လုပ်ရာတွင် လည်းကောင်း အမျိုးသား ထောက်လှမ်းရေးအဖွဲ့သည် ဥပဒေကြောင်းအရ တရားစီရင်နိုင်ရန် အမှု တည်ဆောက်ပေးရသော တပ်အခေါ် စစ်ဦးစီး ရုံးအဖွဲ့ (သို့မဟုတ်) ရုံး Staff အဖွဲ့ သာလျှင် ဖြစ်သည်။
ဥပမာ- ၁၉၈၉ ခုနှစ်က ၁၉၉၀ပြည့်နှစ် ရွေးကောက်ပွဲမသမာမှု ကြိုတင် အခင်းအကျင်းအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်ပိုင်းများကို ဖမ်းဆီးထိန်းသိမ်း ဖြိုခွင်းရာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးအပါအ၀င် အခြား အရေးကြီး တာဝန်ရှိသူများကို အဓိကပစ်မှတ်အဖြစ် ပစ်မှတ် အဆင့် သတ်မှတ်အရေးယူ ခဲ့ခြင်းသည် ထိုစဉ်က တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး၊ ဗိုလ်ချုပ် ခင်ညွန့်၏ ဆုံးဖြတ်ချက် တစ်ခုတည်း(သို့မဟုတ်) ထိုစဉ်က ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ဘုန်းမြင့်၏ ဆုံးဖြတ်ချက် တစ်ခုတည်းဖြင့် ဆောင်ရွက်ခဲ့သည် မဟုတ်ပါ။ အာဏာသိမ်း ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး စောမောင်၏ ဆုံးဖြတ်ချက်သာလျှင်ဖြစ်သည်။
ဤသို့ဆိုပါလျှင် ၁၉၉၂ ခုနှစ် နောက်ပိုင်း အမျိုးသား ထောက်လှမ်းရေး အဖွဲ့မှ အရေးယူဆောင်ရွက်ခဲ့မှု ကိစ္စအရပ်ရပ်နှင့်ပတ်သက်၍မူ တာဝန်အရှိဆုံးလူမှာ ဒုတိယမြောက် အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှ တစ်ပါး အခြားမည်သူမှမဖြစ်နိုင်ပေ။သို့ပါလျက် နိုင်ငံတော်အတွင်း ဖြစ်ပျက်ခဲ့သမျှသော တရားလက်လွတ်မှုများ၊ ဖိနှိပ်ရက်စက်မှုများ အလုံးစုံကို အမျိုးသားထောက်လှမ်းရေးအဖွဲ့နှင့် တပ်မတော်ထောက်လှမ်းရေးအဖွဲ့တို့အပေါ် အပြစ်ပုံချကာ ပြည်ဖုံးကားချ လိုက်ခြင်းသည် နိုင်ငံတကာနှင့် အများပြည်သူများကို မျက်လှည့်ပြလိုက်သော ယုတ္တိမဲ့ သည့်လှည့်စားမှု တစ်ခုသာလျှင် ဖြစ်ပေသည်။
အာဏာချုပ်ကိုင်ဆဲ စစ်အုပ်စု ထိပ်သီးပိုင်းအတွက် အာဏာခွဲဝေမှု ပုံစံဟန်ချက်ပျက်လာခြင်း၊ ပြည်တွင်း နိုင်ငံရေး ကစားကွက် ရွေ့ကွက်ဖြစ်လာတော့မည့်အနေအထားသို့ ဦးတည်လာခြင်းတို့ကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမာခံအုပ်စုနှင့် ၄င်းကိုမလွန်ဆန်နိုင်သော အုပ်စုတို့က စနစ်မကျသော ဖျက်သိမ်းမှုနည်းလမ်းကို ကြံမိကြံရာ ကြံကာ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြင့်ဆွေ ဦးစီးသော တပ်များဖြင့် တပ်မတော် ထောက်လှမ်းရေး ဌာနချုပ်ရုံးကို စီးနင်းသိမ်းပိုက် ဖမ်းဆီးအရေးယူမှုများ လုပ်ဆောင်စေခဲ့ခြင်းသာဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အမာခံအုပ်စုနှင့် ၄င်း၏သြဇာကို မလွန်ဆန်နိုင်ဘဲ ထောက်လှမ်းရေးကို မုန်တီးနေသည့် ဒုဗိုလ်ချုပ်မှူးကြီးမောင်အေး၏ အုပ်စုနှစ်ခု က ဗိုလ်ချုပ်ကြီးခင်ညွန့်အား ဖယ်ရှားကာ ၄င်း၏ ထောက်လှမ်းရေး ကွန်ရက်ကြီးတစ်ခုလုံးအား ဖျက်သိမ်းရန် လွယ်လင့်တကူထိုသို့ဆုံးဖြတ်ချက် ချနိုင်အောင် အဓိက ပို့ကျည်ထိုးပေးခဲ့သူများမှာ တပ်မတော် ထောက်လှမ်းရေး ဌာနချုပ်ရုံးမှ ဒုတိယတပ်မတော် ထောက်လှမ်းရေးမှူးချုပ် ဗိုလ်ချုပ်ကျော်ဝင်းနှင့် ဌာနမှူး ဗိုလ်မှူးချုပ် လှမောင် တို့ပင်ဖြစ်သည်။
တပ်မတော်ထောက်လှမ်းရေးဌာနချုပ်ရုံးကို စီးနင်းသိမ်းပိုက်ပြီး ဗိုလ်ချုပ်ကြီးခင်ညွန့်နှင့်အခြားဌာနကြီးမှူး ဗိုလ်မှူးချုပ်များကို ဖမ်းဆီးပြီးချိန်အထိ ထိုဖြစ်ရပ်ကို ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး နှင့် တပ်မ(၁၁)တပ်မမှူး တို့မှတစ်ပါး အခြားတိုင်းမှူး၊ တပ်မမှူး၊ စကခမှူးများနှင့် စစ်ရုံးရှိ ရေချုပ်၊လေချုပ် အပါအ၀င် ဗိုလ်ချုပ် တော်တော်များများ မသိခဲ့ခြင်းသည် ပိရိသေသပ်မှုကြောင့်မဟုတ်ပါ။ အလစ်အငိုက် ခံလိုက်ရခြင်းသာ ဖြစ်ပါသည်။
၁၉၈၈ ခုနှစ်နောက်ပိုင်း တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးအား ဖွဲ့စည်းပုံပြင်ဆင်ခြင်း၊ အင်အား တိုးချဲ့ခြင်းများ ပြုလုပ်လာပြီးနောက် အာဏာသိမ်း စစ်အုပ်စုအတွင်း ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီး ခင်ညွန့်အား စစ်ဘက်ရာထူး ဗိုလ်ချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး ရာထူးများအပြင် ဗိုလ်ချုပ်ကြီးရာထူး အဆင့် အထိတိုးမြှင့်ပေးရလောက်အောင် မည်သို့သော နောက်ခံ အကြောင်းတရားများ ရှိခဲ့သနည်း.....။
ထောက်လှမ်းရေး တစ္ဆေအခြောက်ခံ နေရသူများ - အပိုင်း(၂)
ဆောင်းပါးရှင် - စေတမန် (ထောက်လှမ်းရေး အရာရှိဟောင်း တစ်ဦး)ဗိုလ်ချုပ် ခင်ညွှန့် ထောက်လှမ်းရေး လက်ထက်က တာဝန်ထမ်းဆောင်ခဲ့တဲ့ ထောက်လှမ်းရေး အရာရှိဟောင်း တစ်ဦးရဲ့ ထောက်လှမ်းရေး တစ္ဆေအခြောက်ခံရသူများ အပိုင်း(၂) ကို ဆက်လက် တင်ပြလိုက်ပါတယ်။ ဗိုလ်ချုပ်ခင်ညွှန့်ကို ပြုပြင်ပြောင်းလဲရေးသမား ဟု ဆိုဆို၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး သမားလို့ ပြောပြော၊ ဗီလိန်ရုပ်မပေါက်တဲ့ တီဗွီမင်းသားလိုဘဲ သမုတ်သမုတ်၊ နိုင်ငံရေး အင်အားစုများအပေါ် ပါးပါးနပ်နပ် နှိပ်ကွပ်သူအဖြစ် ပုံရိပ် ထင်ထင် အမျိုးမျိုး မှတ်ချက် ပြုကြပါတယ်။ ဘယ်လိုဘဲ ဖြစ်ဖြစ် ထောက်လှမ်းရေး အရာရှိဟောင်းတစ်ဦး စေတမန်ကတော့ ဗိုလ်ချုပ်ခင်ညွှန့်အား အကောင်းမြင် ၀ါဒနဲ့ ရှုမြင် သုံးသပ်တင်ပြပုံတွေကို စာဖတ်သူများ ဗဟုသုတ ရရှိစေဖို့ ကျွန်တော် ကိုဖိုးတရုတ်က တင်ပြပေးလိုက်ရပါတယ် ခင်ဗျား။
နေရာယူခဲ့ခြင်းလား၊ နေရာရခဲ့ခြင်းလား
အကယ်၍သာ ဗိုလ်ချုပ်ကြီးခင်ညွန့်အနေဖြင့် အာဏာကိုမက်မောခဲ့လျှင်ဖြစ်စေ၊ တိုင်းပြည်နှင့်တပ်မတော် အပေါ် ကိုယ်ကျိုးနှင့်ယှဉ်၍ ကြည့်ခဲ့လျှင်ဖြစ်စေ၊ မြန်မာ့နိုင်ငံရေးအလှည့်အပြောင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ အရေးပါမှုကို အမှန်အတိုင်း တွက်ဆနိုင်ခဲ့လျှင်ဖြစ်စေ ဗိုလ်ချုပ်မှူးကြီးစောမောင် လက်ဝယ်မှ အာဏာကို လက်ရှိ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလွှဲပြောင်း လက်ခံနိုင်စရာ အခြေအနေသည် ၁၉၉၂ ခုနှစ်ဝန်းကျင်ကတည်းက ပျောက်ပျက် သွားနိုင်ပါသည်။
အဘယ်ကြောင့်နည်း၊ ဗိုလ်ချုပ်မှူးကြီး စောမောင်၏ ဆုံးဖြတ်ချက်များ၊ အမိန့်များ ပုံမှန်မဟုတ် တော့သည်ကို ပြီးစွာပထမ ရိပ်စားမိလာသူမှာ ဗိုလ်ချုပ်ခင်ညွန့် သာလျင်ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီးစောမောင်၏ ပုံမှန် မဟုတ်သော ဆုံးဖြတ်ချက်နှင့် အမိန့်စီးဆင်းမှုကို အခွင့်ကောင်းယူကာ နိုင်ငံတော်အာဏာ တစ်ရပ်လုံးကို ဖြတ်လမ်းနည်းဖြင့် ရယူနိုင်သော အားသာချက်သည် ထိုစဉ်က ဗိုလ်ချုပ် ခင်ညွန့်ကို ချောင်ပိတ်မွန်းကျပ် စေခဲ့ဖူးကြောင်း ဗိုလ်ချုပ် ခင်ညွန့်ကိုယ်တိုင်က တစ်နေရာရာတွင် တစ်စုံတစ်ယောက်ကို ထုတ်ဖော်ဖွင့်ဟ ၀န်ခံ ခဲ့ဖူးပါသည်။
ဗိုလ်ချုပ်ခင်ညွှန့်ကို အရေးယူလိုက်တာ ပေါက်ဖော် တရုတ်ကြီးက မသိလိုက်ရလို့ ရွှေစိတ်တော် ညိုသွားတာမို့ နအဖက (၁၀) ရက် အကြာမှာ အပြေးအလွှား သံတော်ဦး တင်လိုက်ရတဲ့ ဖြစ်စဉ်လေးရှိခဲ့ကြောင်း ကျွန်တော် ကိုဖိုးတရုတ်ကို စစ်ဖက်နီးစပ်သူများမှ တဆင့် သတင်းပေးပို့ထားရာ တရုတ်သမ္မတ ဟူကျင်တောင် နဲ့ ဗိုလ်ချုပ်ခင်ညွှန့်ရဲ့  ဓာတ်ပုံအား ဒီဆောင်းပါးမှာ ဖြည့်စွက် တင်ပြလိုက်ရပါတယ်။

ဗိုလ်ချုပ် ခင်ညွန့်နှင့်အတူ နိုင်ငံရေးအကျပ်အတည်း၊ အရှုပ်အရှင်းများကို ဖြေရှင်းပေးခဲ့ရဖူးသူ လက်အောက် ငယ်သား တစ်ယောက်အနေဖြင့် ဗိုလ်ချုပ် ခင်ညွန့်၏ နိုင်ငံရေးသမားများပေါ် အမြင်သည် ၁၉၉၂ နောက်ပိုင်းတွင် စတင်ပျော့ပြောင်းလာကြောင်းကို ရိပ်စားမိလာခဲ့သည့်အပြင် အခြားသော အာဏာသိမ်း စစ်ခေါင်းဆောင်များ၏ ကွယ်ရာတွင် ထုတ်ဖော်ပြောဆိုလေ့ရှိသော ဒီလူတွေနိုင်ငံရေးနားမလည်ဘူး ဆိုသော သံဝေဂစကားသည် လည်း မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို သူသဘောပေါက်နေကြောင်း နိဒါန်းချီမှုဟု ယူဆစရာဖြစ်လာခဲ့သည်။
ဤသို့သော နိုင်ငံရေးအရ အမြင်ကျယ်မှု(သို့မဟုတ်) အတိုက်အခံ အင်အားစုများအပေါ် ရန်ဘက်အသွင် မဆောင်ဘဲ သဘောထား ပျော့ပျောင်းလာကာ ဒိုင်ယာလော့တစ်ခု၏ အရေးပါမှုကို အသိအမှတ်ပြုလာခြင်းသည် ၄င်းတာဝန်ယူထားရသော တပ်မတော်ထောက်လှမ်းရေးညွှန်ကြားရေးမှူး တာဝန်အရ သိရှိလာသော ဆန့်ကျင်ဘက် အဖွဲ့အစည်းများ၊ အတိုက်အခံ အင်အားစုများ၏ ကြွေးကြော်သံ၊ လုပ်ဆောင်ချက်နှင့် အတွင်းရေးမှူး(၁)တာဝန်အရ ထိတွေ့ဆက်ဆံလာရသော ဌာနဆိုင်ရာဝန်ထမ်းများ၏ ရပ်တည်မှု ၊ပညာတတ် လူတန်းစားနှင့် သာမန်ပြည်သူတို့၏ ရင်တွင်းခံစားချက်များကို ဟန်ချက်ညီပေါင်းစပ် မိသွားခြင်းကြောင့် ဖြစ်ပေသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ၁၉၈၈ ခုနှစ်နောက်ပိုင်း နိုင်ငံရေးခေတ်ပြိုင် လှုပ်ရှားသူများမှာ ဗိုလ်ချုပ်အောင်ဆန်း ခေတ် နိုင်ငံရေး လှုပ်ရှားသူများလည်း ပါနေလေရာ ဗိုလ်ချုပ် ခင်ညွန့်အနေဖြင့် ဒေါ်အောင်ဆန်း စုကြည်ကို နိုင်ငံရေးအရ များစွာလျှော့တွက်ထားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ စိတ်ဓာတ်နှင့်နိုင်ငံရေး လေ့လာမှု အားကို ပစ်ပယ်ကာ ဖခင်အရှိန်အ၀ါကြောင့် လူထုကလက်ခံနေခြင်းဟု နားလည်ထားခဲ့သည်။ အထူးသဖြင့် ဦးဝင်းတင်နှင့် မောင်သောက တို့ကဲ့သို့ လက်ဝဲအယူအဆ အားသန်သူ များဝန်းရံမှုကို နိုင်ငံတော် အတွက် အန္တရာယ်ဟု တစ်ထစ်ချ သတ်မှတ်ထားခဲ့ပေသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကမူ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအရ ရေရှည်ပြိုင်ဘက် အသွင် အလေးထားရကောင်းမှန်း မသိသေးဘဲ ဗိုလ်ချုပ်ကြီး တင်ဦးနှင့် ဦးကြည်မောင်တို့ကို အညှိုးအတေးကြီးစွာဖြင့် နှိပ်ကွပ်ခိုင်းခဲ့သည်။ ဦးချစ်ခိုင်၊ ဦးလွန်းတင်၊ ဦးအောင်ရွှေနှင့် ဦးလွင်တို့ကိုမူ တမင်ဟထားပေးခဲ့ခြင်းဖြစ်သည်။
ထိုအခြေအနေအထိ ပြည်တွင်းပြည်ပ နိုင်ငံရေးကိစ္စများ ဆုံးဖြတ်ရာတွင် ဒုတိယဗိုလ်ချုပ်ကြီး မောင်အေး သည်လည်းကောင်း၊ အတွင်းရေးမှူး(၂) ဗိုလ်ချုပ်တင်ဦး သည်လည်းကောင်း အရေးပါသော်လည်းအရာ မရောက်ခဲ့ပေ။
သူတို့အနေနဲ့ တပ်တည်ဆောက်ရေး အပိုင်းများနှင့်သာ လုံးချာလိုက်နေကြသည်။ နိုင်ငံရေးကိစ္စရပ်များနှင့် ပတ်သက်၍ အရာရာတွင် ဗိုလ်ချုပ်ခင်ညွန့် အိုင်ဒီယာတွေ များလာသည်။ အဆုံးအဖြတ်ကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သာလျှင်ဖြစ်သည်။
မီဒီယာပိုင်း ထိန်းချုပ်မှုတွင်လည်း အာဏာသိမ်းပြီးကာစက ပြန်ကြားရေး ဒုဝန်ကြီးဟောင်းများ ဖြစ်ကြသော ဗိုလ်မှူးကြီးဟောင်းသိန်းစိန်နှင့် ဒုတိယ ဗိုလ်မှူးကြီးဟောင်း စိုးညွန့်(ထီလာစစ်သူ) တို့က သတင်းစာလောကကို ကြီးစိုးထားခဲ့သည်။ အနုပဋိလောမနှင့် အညမည သဘောတရားများကို အရည်ကြိုသောက်ထားသော ထိုစီနီယာကြီးများ၏ အစိုးရပိုင် သတင်းစာမှတဆင့် စတာလင်ခေတ်ဝါဒဖြန့်ချီမှုပုံစံကို ဗိုလ်ချုပ်ခင်ညွန့်က ခေတ်အကြိုက် ခေတ်အလိုက် အသွင်ယူပုံဖျက်ထားသော ၀ါဒဖြန့်ချီမှုပုံစံဖြင့် အစားထိုးလိုက်သည်။
ထောက်လှမ်းရေးပိုင် မြက်ခင်းသစ်မဂ္ဂဇင်းသည် ပြည်သူများအကြား အမှားတ၀က်အမှန်တ၀က်ဟု သိပင် သိငြားသော်လည်း မည်သည့်အရာက မှန်မှန်းမသိဘဲ လက်ခံခဲ့ရသည့် အခြေအနေ ဖြစ်သွားခဲ့သည်။ ထောက်လှမ်းရေး၏ ၀ါဒဖြန့်ချီမှု ယန္တယားကြီးတစ်ခုလုံးကို အဓိက မောင်းနှင်သွားသည်မှာ တပ်မတော် ထောက်လှမ်းရေး၏ နိုင်ငံရေးနှင့်တန်ပြန်ဌာနခွဲ မှ ဗိုလ်မှူးချုပ်သန်းထွန်း (အမျိုးသားထောက်လှမ်းရေး အဖွဲ့တာဝန်ခံ) နှင့် အမည်အမျိုးမျိုးခံ ၀ါဒဖြန့်ချီရေးသမား ဖိုးကံကောင်း(ခ)ဝေမှိုင်းညို ပင်ဖြစ်သည်။
ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးတို့၏ ၀ါဒဖြန့်ချီမှု ယန္တယားများကို တပ်မတော်ထောက်လှမ်းရေးက တစတစ၀ါးမျိုပစ်လိုက်သည်။ မြက်ခင်းသစ်မဂ္ဂဇင်းအပြင် မြက်ခင်းသစ်သုခုမလွင်ပြင်ကိုထူထောင်ကာစာပေ၊ ဂီတ၊ ရုပ်ရှင်အနုပညာနယ်ပယ်ကို ထိန်းချုပ်လိုက်သည်။
ပြည်တွင်းရှိ လူထုလူတန်းစား အလွှာအသီးသီးကြားတွင် ဗိုလ်ချုပ်ကြီးခင်ညွှန့်အနေဖြင့် အခြားအာဏာ သိမ်းခေါင်း ဆောင်များထက် ပိုမိုထင်ရှား လူသိများလာခြင်းမှာ လူထုမြင်ကွင်းတွင် စဉ်ဆက်မပြတ် ပုံရိပ်ထင်နေခြင်း၊ ၀ါဒဖြန့်ချိမှုပုံစံများ ပါးနပ်သွက်လက်လျင်မြန် ထိရောက်ခြင်း၊ ပြည်သူလူထု၏ လိုအပ်ချက်ကို ကြိုတင်ထောက်လှမ်း စုဆောင်းပြီး အပြည့်အ၀မဟုတ်သည့်တိုင် လိုဘပြည့် ကျေနပ်စေလောက်သည့် အခွင့်အရေးမျိုးဖြင့် ဖြည့်ဆည်း ပေးခြင်း ဆိုသော လူထုဆက်ဆံရေး လူထုဆက်သွယ်ရေးနည်းနာများကို မှန်မှန်ကန်ကန် အသုံးချ တတ်ခဲ့ခြင်းကြောင့်ဖြစ်သည်။
ထိုကဲ့သို့ တပ်မတော်ထောက်လှမ်းရေးအနေဖြင့် လူထုလူတန်းစားအလွှာ အသီးသီးသို့ထိုးဖောက် စည်းရုံးနိုင် ခဲ့မှုကြောင့် အာဏာသိမ်းစစ်အုပ်စုတွင်းမှ တပ်မတော်ထောက်လှမ်းရေး အကြီးအကဲ ဖြစ်သူ၏ နိုင်ငံရေး ဥပဓိရုပ်မှာလည်း ပြည်သူလူထုအများစုအတွင်း ဗီလိန်ရုပ်မပေါက်ခဲ့ပေ။ သို့သော် အတိုက်အခံတို့ကြားတွင်မူ နိုင်ငံရေး အင်အားစုများအပေါ် ပါးပါးနပ်နပ် နှိပ်ကွပ်သူအဖြစ် ပုံရိပ်ထင်နေပေသည်။ ထိုအမည်းစက်ကို သူ ခြေဖျက်နိုင် ပါမည်လား။ နိုင်ငံရေးအရ အကောင်းအဆိုး နှစ်မျက်နှာရှိနေသည့် ထိုနေရာကိုသူရခဲ့ခြင်းလား၊ သူယူခဲ့သည်လား ဆိုသည်မှာ ယနေ့အထိ အဖြေမထွက်သေးဟု ယူဆမိပေသည်။
| < Prev | Next > |
|---|

