
မကြာသေးမှီ ရက်ပိုင်းက လွှတ်လာတဲ့ ကိုမင်းကိုနိုင်နှင့် ဦးခင်ညွန့်
မကြာသေးမှီ ကလေးကမှ နိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံရေး အကျဉ်းသားအများစုကို လွှတ်ပေးခဲ့တာနဲ့ ပတ်သက်ပြီး စစ်ဘက်နီးစပ်သူများက အစိုးရရဲ့ မဟာဗျူဟာကို ပိုကာဖဲဝိုင်း ဥပမာနှင့် ဝေဖန် သုံးသပ်ပေးပို့လာပါတယ်။ နိုင်ငံရေး အကျဉ်းသားများဟုဆိုရာမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျသူများ ဖြစ်ပြီး ထိပ်တန်းနိုင်ငံရေး ခေါင်းဆောင်များ အပြင် လူအများက မထင်မှတ်ထားတဲ့ ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်ကို လွှတ်လိုက်တာ တွေ့ရပါတယ်။ ထင်ရှားတဲ့ နိုင်ငံရေး ခေါင်းဆောင်ထဲမှာ (၈၈) ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်ဟာ ဒေါ်အောင်ဆန်းစုကြည်ပြီးရင် ရေပန်းစားနေတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး အစိုးရရဲ့ အတိုက်အခံ များထဲမှာ ပစ်မှတ် ထိပ်ဆုံးက ပါတဲ့လူဖြစ်တယ်။ အစိုးရရဲ့ ချကျွေးလိုက်တဲ့ ဖဲချပ်တစ်ချပ်မှာ မင်းကိုနိုင် ဖဲချပ်ဖြစ်ပြီး နောက်ချကျွေးလိုက်တဲ့ ဖဲချပ်တစ်ချပ်ကတော့ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် ဖဲချပ်ဖြစ်ပါတယ်။

ပိုကာဖဲဝိုင်းမှာ အပေါ်အိမ်ဖြစ်တဲ့ ဦးသိန်းစိန်က အောက်အိမ်ဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်အား အဲဒီ ဖဲချပ်နှစ်ချပ်ကို ချကျွေးလိုက်ရာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကောက်စား၊ မစားဆိုတာကတော့ အခြေအနေ စောင့်ကြည့်ရမှာဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ မင်းကိုနိုင် လွတ်လာတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လှိုက်လှိုက်လှဲလှဲ ဝမ်းသာကြိုဆိုတဲ့ အနေအထားမျိုး ရှိမရှိနဲ့ စိတ်ရောကိုယ်ပါ ပူပေါင်းဆောင်ရွက်မှုအနေအထားကို အစိုးရက စောင့်ကြည့်နေပါတယ်။ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးရေး လမ်းကြောင်းပေါ်သို့ တိုက်တွန်းပေးခဲ့သူ ဖြစ်ပါတယ်။ လာမည့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် သွားမဲ့လမ်းကြောင်းအား အဲဒီဖဲချပ်တွေက အထောက်အကူ ပြုမပြု ဆိုတာထက် ပြိုင်ဘက်သဘော အားနည်းစေဖို့ အစိုးရရဲ့ မဟာဗျူဟာသာ ဖြစ်ပါကြောင်း စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ သတင်းပေးပို့လာပါတယ်။
| < Prev | Next > |
|---|

