ဇန်န၀ါရီလအတွင်း ကျင်းပပြုလုပ်ခဲ့တဲ့ (ကကကြည်း) လေးလပတ် အစည်းအဝေးအပြီးမှာ ထိပ်တန်း ဗိုလ်ချုပ် အချို့အား ပြောင်းရွေ့မှု လုပ်ခဲ့ကြောင်း စစ်ရုံးနဲ့ နီးစပ်သူများထံမှ သတင်း ရရှိပါတယ်။ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရခိုင်ပြည်နယ် ဧရိယာ) တိုင်းမှူး ဗိုလ်ချုပ် ထွန်းနေလင်းဟာ တဖက်သတ် ပင်စင်ပေး အနားယူခိုင်းတာ ခံလိုက်ရကြောင်း သိရှိရပါတယ်။ ဗိုလ်ချုပ် ထွန်းနေလင်းဟာ ကြည်း ၁၆၃၅၄ ဗိုလ်သင်တန်းကျောင်း အပတ်စဉ် ၆၁ ကျောင်းဆင်းဖြစ်ပြီး ယခင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် (မွန်ပြည်နယ် ဧရိယာ) တိုင်းမှူးမှ ပြောင်းရွေ့လာရသူ ဖြစ်ပါတယ်။ ဗိုလ်ချုပ် ထွန်းနေလင်းဟာ မွန်ပြည်နယ် ၀န်ကြီးချုပ်နဲ့ ပဋိပက္ခ ဖြစ်ခဲ့ပြီးနောက် နောက်ဆုံးအကြိမ် သတိပေးခံရကာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ပြောင်းရွေ့သွားရသူ ဖြစ်ပါတယ်။ သူဘာကြောင့် ပင်စင် ပေးခံရသည်ကို အသေးစိတ် မသိရသော်လည်း စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး တချို့ရဲ့ Doubt ဖြစ်တာကို ခံရနိုင်တယ်လို့ စစ်ဖက်နီးစပ်သူများက သုံးသပ်ပါတယ်။ လက်ရှိ လစ်လပ်သွားသော အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး နေရာကို တပ်မတော် ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ကိုကိုနိုင်အား တိုင်းမှူးအဖြစ် ရာထူးတိုးမြှင့်ပေးခဲ့ကြောင်း သိရှိခဲ့ရပါတယ်။ သူဟာ ဗိုလ်သင်တန်းကျောင်းဆင်း အပတ်စဉ် (၆၈) ဖြစ်ပါတယ်။ တပ်မတော် ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး ရာထူးနေရာကို တပ်မ (၁၁) တပ်မမှူး ဗိုလ်မှူးချုပ် သစ်လင်းအုန်းအား ရာထူးတိုးမြှင့်ပေးခဲ့ကြောင်း သိရပါတယ်။ သူဟာ DSA အပတ်စဉ် ကျောင်းဆင်း (၂၅) ဖြစ်ပါတယ်။

စစ်လက်နက် ညွှန်ကြားရေးမှူး ဗိုလ်ချုပ်စိန်လင်းအား ရာထူးမှ ထုတ်ပယ်ခဲ့ကြောင်း သိရှိရပါတယ်။ သူဟာ DSA ကျောင်းဆင်း အပတ်စဉ် (၁၄) ဖြစ်ပြီး နိုင်ငံခြား စစ်တက္ကသိုလ်မှာ ပညာသင်ယူခဲ့သူ ဖြစ်ပါတယ်။ သူဟာ အရာခံဗိုလ်တဦးရဲ့ သားဖြစ်ပြီး တပ်မ (၄၄) ဒုတပ်မမှူးမှ တပ်မ (၅၅) တပ်မမှူးသို့ ရာထူးတိုးမြှင့်ခံခဲ့ရသူ ဖြစ်ပါတယ်။ ဒါပေမဲ့ တိုင်းမှူး ရာထူးကို သူ့အား မပေးဘဲ စစ်လက်နက် ပစ္စည်း ညွှန်ကြားရေးမှူး အဖြစ် တာဝန်ပေးခံရသူ ဖြစ်ပါတယ်။ ထုတ်ပစ်ခြင်း အကြောင်းရင်းမှာ အဲဒီ ညွှန်ကြားရေးမှူးရုံး လက်အောက်ခံ စစ်ဦးစီးမှူး (ပထမတန်း) များအား ဗိုလ်ချုပ် စိန်လင်းက ခုံရုံးဖွဲ့ အရေးယူ ခိုင်းခဲ့သည်မှစကာ ပြဿနာ ဖြစ်ခဲ့တယ်ဟု သိရပါတယ်။ တပ်မတော်မှာ ထိပ်ပိုင်း ရာထူးတန်းတွင် ပါဝင်ကြတဲ့ တိုင်းမှူးတွေဟာ ထိုင်ခုံ မမြဲကြဘဲ အတိမ်အစောင်းမခံတဲ့ အခြေအနေ ဖြစ်နေကြတာမို့ သတိထားပြီး လုပ်ကိုင် ဆောင်ရွက်နေကြရကြောင်း စစ်ဖက်နီးစပ်သူများက သတင်း ပေးပို့လာပါတယ်။