ဒေါ်အောင်ဆန်းစုကြည်၏သား ရန်ကုန်လေဆိပ်ရှိ စုံစမ်းစစ်ဆေးရေး ကောင်တာမှာ လိုအပ်တာများ ရေးသားဖြည့်စွက်နေပုံ
ယခင်က လေမင်းသားလို့ ခေါ်နေကြသော လေတပ်ထောက်လှမ်းရေးအသွင်ပြောင်း စရဖ (လေ) တပ်ဖွဲ့ဝင်တွေဟာ လူကြီးတွေ လေယာဉ်ပေါ်က ဆင်းလာရင် ထီးမိုးပေး ကြိုဆိုပေးကြရရာ တီဗွီသတင်းတွေထဲမှာ ကြည့်ခဲ့ရပါတယ်။ သူတို့ အနေဖြင့် လေဆိပ် လုံခြုံရေးအတွက် အာဏာ အပြည့်အ၀ ရရှိထားသူများ ဖြစ်ပါတယ်။
လေကြောင်း ညွှန်ကြားမှု ဦးစီးဌာနနှင့် ရဲသတင်း တပ်ဖွဲ့တွေ ကိုလည်း အပေါ်စီးက ကိုင်တွယ် ညွှန်ကြားနိုင်သူများ ဖြစ်ခဲ့ပါတယ်။ လေဆိပ် ၀င်ထွက် သွားလာသူများရဲ့ ခွင့်ပြုချက် လျှောက်လွှာများမှ စပြီး ပစ္စည်း စစ်ဆေးမှု၊ လူစစ်ဆေးမှု စသည် တို့ကို စိတ်ကြိုက် လုပ်ပိုင်ခွင့် ရရှိခဲ့သူများ ဖြစ်ကြပါတယ်။ လေယာဉ်ပေါ်ကိုလည်း တက်ရောက် ရှာဖွေခွင့် ရရှိခဲ့သူများ ဖြစ်ပါတယ်။ လေဆိပ်သို့ ၀င်လာသူ မြန်မာပြည်သား အများအပြားအနက် သဘောင်္သားများမှာ သူတို့ကို စီးကရက် တစ်ကာတွန်းလိုမျိုးနဲ့ အရက်အကောင်းစား တစ်လုံးထက်မက ပေးကြရလို့ အတော်လေး ပါဝါ ရှိခဲ့တယ်လို့ သိရပါတယ်။
ယခု လေတပ်စခန်း ဌာနချုပ်တွေကို ပြန်ရောက်သွားချိန်မှာတော့ သူတို့ရဲ့ မူလတာဝန်အရ လေတပ်စခန်း ဌာနချုပ်ရဲ့ လုံခြုံရေး၊ လေကြောင်းပိုင်နက် ဝေဟင်လုံခြုံရေး၊ လေယာဉ်လုံခြုံရေးစတာတွေကို တာဝန်ယူရ တော့မှာ ဖြစ်ပေမဲ့ တချို့တာဝန်တွေဟာ လက်ရှိ အခြေအနေမှာ မလိုအပ်သေးတဲ့အပြင် ဒီတာဝန်တွေကို ထမ်းဆောင်နေဆဲ သူများလည်း ရှိနေတာကြောင့် ၁၀၉/၁၁၀ ယောင်လည်လည် ဖြစ်နေကြပါတယ်လို့ ကက (လေ) နဲ့ နီးစပ်သူများထံမှ သိရှိရပါတယ်။
| < Prev | Next > |
|---|

