
ကြံ့ဖွံ့ပါတီ၏ ရုံးသစ်ဖွင့်ပွဲတစ်ခုတွင် မဲဆွယ်နေစဉ်
(၂၀၁၂) ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် NLD မှ အပြတ်အသတ် အနိုင်ရတဲ့ရလဒ် ပေါ်ထွက်ခဲ့ပြီးတဲ့နောက် ကြံ့ဖွံ့ခေါင်းဆောင် တချို့က တပ်မတော်ရှိ တပ်မှူး တပ်ရင်းမှူးများကို ပြစ်တင် ဝေဖန်ခဲ့ကြကြောင်း နေပြည်တော် ကြံ့ဖွံ့ရပ်ကွက်နဲ့ နီးစပ်သူများထံမှ သတင်းရရှိပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရာမှာ တပ်မတော်သား အများစုရှိတဲ့ လှည်းကူးမြို့နယ် ကလောမြို့နယ်၊ နေပြည်တော် မဲဆန္ဒနယ်များက တပ်မတော်သားများနဲ့ မိသားစုဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများဟာ NLD အပေါ် ထောက်ခံမဲ ပေးခဲ့ကြတဲ့အတွက် ကြံ့ဖွံ့ ခေါင်းဆောင်တွေက ဌာနေတပ်မှူးတွေကို ဝေဖန်ပြစ်တင် ပြောဆိုကြတာပါ။တပ်ရင်း တပ်မှူးတွေ အနေနဲ့ မိမိတို့ရဲ့ တပ်ရေးဗိုလ်ကြီး စစ်ဦးစီးအရာရှိများအား ကြံ့ဖွံ့ပါတီ မဲရရှိရေးအတွက် ဖိအားပေး ကြပ်မတ်စေမှု အားနည်းခဲ့တယ်လို့ ကြံ့ဖွံ့ခေါင်းဆောင်များက သုံးသပ် ပြစ်တင်ကြပါတယ်။ (၂၀၁၀) ခုနှစ် ရွေးကောက်ပွဲ ကျင်းပခဲ့စဉ်က တပ်ရင်းမှူး တိုင်းမှူးတွေဟာ ကြိုတင်မဲများဖြင့် အရာရှိများကိုယ်တိုင် အမှန်ခြစ်ကာ ထောက်ခံမဲများ ရရှိအောင် ဆောင်ရွက်ခဲ့ကြပါတယ်။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ တချို့နယ်မြေတွေမှာတော့ ကျေးရွာသူကြီးများကို စစ်ကြောင်းမှူးများ၊ တပ်ရင်းမှူးများက ဆင့်ခေါ်ပြီး မသိနားမလည်သော ရွာသားများအား ကြံ့ဖွံ့ပါတီ အနိုင်ရရေးအတွက် အာဏာသုံး လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဤဝက်ဘ်ဆိုဒ်တွင် ပင်တိုင်ဆာင်းပါးရှင်အဖြစ် ရေးသားခဲ့တဲ့ တပ်ခွဲမှူးတာဝန် ထမ်းဆောင်ခဲ့သူ ဗိုလ်ကြီးသူရနိုင်ရဲ့ မဲဆိုမှမဲ ကိုယ်တွေ့ဆောင်းပါးကို စာဖတ်ပရိသတ်များ ပြန်လည် လေ့လာနိုင်ပါတယ်။ အခုတော့ ကြားဖြတ်ရွေးကောက်ပွဲမှာ စစ်တပ်တပ်ရင်းမှူးတွေက ဖာသိဖာသာ နေခဲ့တဲ့အတွက် အင်းတိုင်တပ်နယ်နှင့် ရဲမွန်တပ်နယ် ပါဝင်တဲ့ လှည်းကူးမြို့နယ်လိုမျိုး တပ်မြို့တွေမှာ ကြံ့ဖွံ့အမတ်တွေ အရှုံးကြီးရှုံးခဲ့လို့ ရှုံးမဲ မဲနေတယ်လို့ သိရပါတယ်။
မည်သို့ပင်ဆိုပါစေမူ တပ်မတော်သား အများစုဟာ အထူးသဖြင့် ဌာနဆိုင်ရာဝန်ထမ်းတွေကို သူတို့ရဲ့စိတ်ဆန္ဒမပါဘဲ ကြံ့ဖွံ့ပါတီဝင်အဖြစ် ဇွတ်အတင်း ဝင်ခိုင်းခဲ့တဲ့အပေါ်မှာလည်း လိုလားနှစ်သက်မှု မရှိခဲ့ကြကြောင်း စစ်ဖက်နီးစပ်သူများထံမှ သတင်းပေးပို့လာပါတယ်။ နောက်တစ်ကြိမ် လာမဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် ကြံ့ဖွံ့တွေ တုန်လှုပ် ခြောက်ခြားနေကြပြီလို့လည်း သိရှိရပါတယ်ခင်ဗျား။
| < Prev | Next > |
|---|

