
ရှေ့တန်းနယ်မြေတစ်ခုတွင် ဘုရားသခင်ထံမှ ကောင်းကြီးတောင်းခံနေသော K.I.A စစ်သည်များ
ရှမ်းပြည်နယ်မြောက်ပိုင်း အခြေချထားတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် K.I.A တပ်မဟာ(၄) လက်အောက်ခံ တပ်ရင်း (၉), တပ်ရင်း (၈), တပ်ရင်း (၂) နှင့် စစ်တပ်အကြား နေ့ရောညပါ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း K.I.A နှင့် နီးစပ်သူများက သတင်းပေးပို့လာပါတယ်။
တဆက်တည်းမှာဘဲ ကချင်လွတ်လပ်ရေးတပ်မတော် K.I.A တပ်မဟာ (၃) နယ်မြေ လွယ်ဂျယ်နှင့် K.I.A တပ်မဟာ (၂) နယ်မြေများတွင်လည်း တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေကြောင်း၊ စစ်တပ်ဘက်မှ အကျအဆုံးများရှိပြီး အဓိက စစ်ဆင်ရေးအား တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်များကို မသုံးဘဲ တပ်မ(၉၉)နဲ့ အတည်ပြုဆဲ တပ်မ(၈၈) အပါအဝင် အင်အား ၃၀၀၀ခန့် ပါဝင်ကြောင်း သိရှိရပါတယ်။ အဲဒီတပ်မများဟာ ကကကြည်းရဲ့ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် ရှိပြီး တိုင်းမှူးများက လက်ရှောင်နေရပါတယ်။ ရှမ်းပြည်မြောက်ပိုင်းရှိ SSA ဝမ်ဟိုင်းဌာနချုပ်အား တိုက်ခဲ့စဉ်က တိုင်းစစ်ဌာနချုပ်တပ်များကိုသာ အသုံးပြုခဲ့ပြီး ယခု K.I.A ကိုတော့ စစ်တပ်က လျော့မတွက်ရဲလို့ အင်အားကြီးမားသော တပ်မများကို အသုံးပြုခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ K.I.A အနေနဲ့လည်း စစ်ကူပို့ဖို့ အခက်အခဲရှိရင်တောင် ကချင်ပြည်နယ် အနှံအပြား တိုက်ကွက်ဖေါ်လာရန် ပြင်ဆင်လျက်ရှိပါတယ်။ စစ်နည်းဗျူဟာ သဘောအရ ရန်သူရဲ့ တိုက်စစ်အားကို လျော့သွားစေရန်နှင့် အာရုံများသွားစေရန် ကချင်ပြည်နယ်အတွင်း တိုက်စစ်ဆင်ခြင်းဖြစ်တယ်လို့ စစ်ဘက်နီးစပ်သူများက သုံးသပ်ပါတယ်။
| < Prev | Next > |
|---|

