
K.I.O ထိန်းချုပ်ရာနေရာဖြစ်တဲ့ တပ်မဟာ(၄) တပ်ရင်း (၂) တည်ရှိရာ တာမုန်းညဲမြို့နယ် မန်ဂျယ်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းမှ ရမည်းသင်းသား (ကျောင်းအုပ်)ဟာအစိုးရ စစ်တပ် စပိုင်တဦးဖြစ်နေပြီး တိုက်ပွဲဖြစ်ပွားလာစဉ် ကျောင်းသားများအား ဘေးလွတ်ရာသို့ ကယ်ထုတ်ရမည့်အစား ပစ်ကွင်းထဲမှာပင် ဇွတ်အတင်းနေခိုင်းသူ တဦးဖြစ်နေကြောင်း မန်ဂျယ်ကျေးရွာများနဲ့ နီးစပ်သူများက ဝက်ဘ်ဆိုဒ်သို့ ခိုင်လုံစွာ သတင်းပေးပို့လာပါတယ်။ သူဟာ ၂၂/၉/၂၀၁၁ ရက်နေ့ ကျောင်းမှ ပျောက်သွားပြီး ၂၄/၉/၂၀၁၁ ရက်နေ့မှာတော့ ကျောင်းကို ပြန်ရောက်လာခဲ့ပါတယ်။ သူနဲ့အတူ အစိုးရစစ်ကြောင်းပါ ရောက်လာပြီး K.I.O တပ်မဟာ(၄) တပ်ရင်း(၂)ကို ဝင်ရောက်ထိုးစစ်ဆင်နေချိန် ဖြစ်နေပါတယ်။ လက်နက်ကြီး၊ လက်နက်ငယ်သံများကြားမှ ကျောင်းအုပ်ဆရာကြီးဟာ ကျောင်းသားအားလုံးကို စာမေးပွဲစစ်ရန် အမိန့်ပေးလာပါတော့တယ်။ သဘာဝမကျတဲ့ သံသယဖြစ်ဖွယ် လှုပ်ရှားမှုဖြစ်ပါတယ်။ မိဘများ သေနတ်သံကြားရသောကြောင့် မိမိသားသမီးများကို လာရောက်ခေါ်သော်လည်း မလွတ်သည့်ပြင်၊ ကျောင်းသားများထွက်ပြေးသော် တုတ်နဲ့ ခြိမ်းချောက် ကျိန်းမောင်း၊ အခန်းတံခါးပိတ်ထည့်ထားပါတယ်။ ဒါ့အပြင် သေနတ်သံမကြားအောင် DVD စက်သွားယူပြီး သီချင်းများဖွင့်ထားကာ စာမေးပွဲဇွတ်အတင်း ဖြေခိုင်းထားပါတယ်။ ကျောင်းပတ်ဝန်းကျင်တွင် အမြောက်ကျည်များ ကျလာမည်စိုးလို့ ဆရာမတွေက ကျောင်းသားများအားလုံးကို ခေါ်ကာ ထွက်ပြေးသွားခဲ့ပါတယ်။ ပျောက်သွားတဲ့ ရက်များနှင့် ပြန်လာတဲ့ရက်များအတွင်း ၎င်းအနေနဲ့ မည်သူတဦးတယောက်ကိုမှ သတင်းပို့ခြင်းမျိုး မရှိဘဲ ပျောက်သွားရခြင်းမှာ ထူးဆန်းနေပြီး ပြန်လာတဲ့ရက်တွင် အစိုးရစစ်တပ်ကပ်ပါလာခြင်းမှာ အစိုးရစစ်တပ်စပိုင်အဖြစ် အငြင်းပွားစရာ မလိုကြောင်း၊ ယခုလို ကျောင်းသားများအား စိတ်ဓါတ်ရေးရာ ညှင်းပန်းနှိပ်စက်ပြီး တုန်လှုပ်ချောက်ခြားအောင် လုပ်တာဟာ ဆရာတဦးရဲ့ အင်္ဂါရပ်နှင့် မညီကြောင်း ရွာသူရွာသားများက မှတ်ချက်ပြု သတင်းပေးပို့လာပါတယ်။
| < Prev | Next > |
|---|

