ရွေးကောက်ပွဲအပြီး တက်လာတဲ့ အစိုးရသစ်ဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဇူလိုင်လ(၂၅) ရက်နေ့ကစပြီး တွေ့ဆုံဆွေးနွေးမှု အကြိမ်ကြိမ် ပြုလုပ်ပြီးသကာလ နိုင်ငံတကာနှင့် နိုင်ငံရေးလေ့လာသူများက မည်သို့ဆက်လက် လက်တွဲသွားမည်ကို သိချင်နေကြပါတယ်။ သမ္မတဦးသိန်းစိန်အနေဖြင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရအဖွဲ့သစ်ရဲ့ ထွက်ပေါက်အဖြစ် လမ်းပြပေးသူအနေဖြင့် သဘောထား ထားရှိပါတယ်။ ယခုအခါ မြန်မာနိုင်ငံမှာ စီးပွားရေးအကြပ်အတည်းနှင့် မကြုံစဖူးကြုံတွေ့နေရတာရယ် တိုင်းရင်းသား အပစ်ရပ်များနှင့် လည်းကောင်း ငြိမ်းချမ်းရေးရယူခြင်းမရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်များနှင့်လည်းကောင်း တိုက်ပွဲဖြစ်ပွားနေတာကြောင့် အစိုးရသစ်အဖို့ ဘေးကြပ်နံကြပ် ကြုံတွေ့နေရပါတယ်။ ဒါကြောင့် ဆက်ဆံရေးဝန်ကြီးနှင့် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်က ဒေါ်အောင်ဆန်းစုကြည်နှင့် သဘောထားအမြင်ချင်း အရင်ကနဦး အသေးစိတ်ဖလှယ်ကြပြီးမှ သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သဘောတူညီချက် ရရှိအောင် ကြိုးစားဆောင်ရွက်ခဲ့တာ ဖြစ်ဟန်တူပါတယ်။ ဒီတော့ သမ္မတဦးသိန်းစိန် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အား လက်တွဲရာမှာ နည်းလမ်း(၂)မျိုးနှင့် စဉ်းစားသုံးသပ်နိုင်ပါတယ်။
ပထမနည်းလမ်းမှာ ကြားဖြတ်ရွေးကောက်ပွဲ နှစ်ကုန်မှာ ကျင်းပရန်ရှိကြောင်း သိရှိရတာမို့ NLD အား ပါတီပြန်လည်ဖွဲ့စည်းထူထောင်ခွင့် ပြုမှာဖြစ်သလို ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်စေကာ အစိုးရအဖွဲ့သို့ ဒေါ်အောင်ဆန်းစုကြည်ပါဝင်ရေး လမ်းကြောင်းပေးနိုင်ပါတယ်။ ဒုတိယနည်းလမ်းမှာ ရွေးကောက်ပွဲတွင် NLD အား ပါဝင်သည်ဖြစ်စေ မပါဝင်သည်ဖြစ်စေ ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်း ဖြစ်စေ ဒေါ်အောင်ဆန်းစုကြည်အား လုပ်ပိုင်ခွင့်အပြည့်အ၀ရှိသော လူထုလူတန်းစား အဖွဲ့အစည်းတစ်ရပ်ကို ဦးဆောင် လုပ်ခွင့်ပေးမယ်လို့ ခန့်မှန်းကြပါတယ်။ ပထမနည်းလမ်းဖြစ်တဲ့ ရွေးကောက်ပွဲဝင်တဲ့ကိစ္စမှာ မူလရေးဆွဲထားသော အခြေခံဥပဒေ အချို့ကို ပြင်ဆင်ပေးရန်လိုအပ်ပြီး အခြေခံကျတဲ့ ကြံ့ဖွံ့လွှမ်းမိုးထားသော ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်တာဝန်ပေးရေးဥပဒေ လိုမျိုး လွှတ်တော်မှာ အကြိတ်အနယ်ဆွေးနွေးနေကြရပါတယ်။
နောက်တစ်ခုစဉ်းစားရမည့်အချက်မှာ ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီနှင့် NLD ထိပ်တိုက်တွေ့နိုင်ပါတယ်။ အထူးသတိပြုရမည့်အချက်မှာ လွှတ်တော်အတွင်း ကြံ့ဖွံ့ပါတီရဲ့ သြဇာ လွှမ်းမိုးနေလျက်ရှိရာ လွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည်ဦးစီးတဲ့ NLD ပါဝင်လာမည်ကို ဆန့်ကျင်ကြမှာဖြစ်ပြီး အစိုးရအဖွဲ့ သမ္မတဦးသိန်းစိန်အဖို့ ကြံ့ဖွံ့ပါတီအား ဖျောင်းဖြပြောဆိုဖို့ အရှိန်အတော့်ကို ယူရမှာဖြစ်ကြောင်း စစ်ဘက်နီးစပ်သူများက သတင်းပေးပို့ လာပါတယ်။ ကြံ့ဖွံ့ပါတီဝန်ကြီးတစ်ချို့က ဝေဖန်ကြရာမှာ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လူထုလူတန်းစားအဖွဲ့အစည်းမှာ ပါဝင်စေလိုပြီး တိုင်းပြည်အတွက် မည်မျှအတိုင်းအတာအထိ ကောင်းကျိုးဆောင်ရွက်နိုင်မည်ကို စောင့်ကြည့်ပြီးမှ အတွင်းစည်းဖြစ်တဲ့ လွှတ်တော်သို့ ခေါ်ယူသင့်ကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲမှာစောလွန်းကြောင်း စသည်ဖြင့် ပြောဆိုကြတယ်လို့ သတင်းပေးပို့လာပါတယ်။
| < Prev | Next > |
|---|

