ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်တွင် မဟာသီယာ မိုဟာမက်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံစဉ် (ဓာတ်ပုံ- Burma VJ network ၏ facebook မှ)
အယ်ဒီတာ။ ။ နိုင်ငံရေးဇာတ်ခုံအနာဂတ် ဘယ်လိုဆက်ပြီး စခန်းသွားနိုင်လဲ ဆိုတာ ဗိုလ်မှူးကြီး စဉ်းစားသုံးသပ်လို့ ရပြီ ထင်ပါတယ်။
ဗိုလ်မှူးကြီး။ ။ ဦးသိန်းစိန်ရဲ့ ရည်ရွယ်ချက်က ဒီမိုကရေစီ ပိုကာဒေါင်းဖို့ တဖြည်းဖြည်းခြင်းသွားလိုတယ်။ သူက စီးပွားရေးကို တိုးတက်အောင် အရင်လုပ်ချင်တယ်ဗျ။ ဒါပေမဲ့ ခက်တာက စီးပွားရေးတိုးတက်ဖို့နဲ့ ဒီမိုကရေစီ မြန်မြန်ရရေးဟာ အညမညဖြစ်နေသလို အခန့်မသင်ရင်လည်း ပေါက်ကွဲထွက်သွားနိုင်တယ်။ ကြိုးတန်းပေါ်လမ်းရှောက်နေရသလိုဘဲ၊ အပေါ်အိမ် တရုတ်ကြီးကတော့ ဒီမိုကရေစီ မြန်မြန်မရဖို့ ပစ်ဖဲတွေကို ချကြွေးပြီး တတ်နိုင်သမျှတားမှာဘဲ။ မြစ်ဆုံရေကာတာ အရေးခင်းအပြီးမှာ တရုတ်ပြည်ကို သမ္မတကိုယ်တိုင် မသွားရဲဘဲ ဒုသမ္မတ သီဟသူရ တင်အောင်မြင့်ဦး တွန်းလွှတ်လိုက်ချိန်မှာ ရင်းနီးဆက်ဆံမှု လျော့မကျသွားတာ တွေ့ရတယ်။ အိမ်နီးနားချင်းဖြစ်နေလို့ ဦးသိန်းစိန်ဟာ တရုတ်ကို ချက်ခြင်းမကန်ဘဲ ထိမ်းထားပြီး အနောက်နိုင်ငံတွေနဲ့ စီးပွားရေး အကူအညီရအောင် ကြိုးစားနေတာတူတယ်။ ဒါပေမဲ့ သိပ်တော့မလွယ်ဘူး။ အနောက်နိုင်ငံတွေက ပါကစ္စတန်လို နမူနာ ပူပူနွေးနွေးရထားတာမို့ လက်တွေ့အကောင်အထည်ဖေါ်ခိုင်းမှာ သေချာတယ်။
အယ်ဒီတာ။ ။ ကျွန်တော်တို့အထင်တော့ ဒေါ်အောင်ဆန်းစုကြည်အပေါ် မူတည်တယ်လို့ထင်တယ်။ ဗိုလ်မှူးကြီးက ဘယ်လိုထင်လဲ။
ဗိုလ်မှူးကြီး။ ။ ကျွန်တော်က ဒေါ်အောင်ဆန်းစုကြည်ထက် ဦးသိန်းစိန်အပေါ် ပိုမိုမူတည်တယ်လို့ထင်တယ်။ ဇာတ်ကွက်ဖေါ်တာက သူလေ။ လုပ်ပိုင်ခွင့် အာဏာရှိတာမို့ ဦးသိန်းစိန်ရဲ့ ရဲရင့်ပြတ်သားမှု၊ ဆုံးဖြတ်ချက်ခိုင်မာမှု၊ မြစ်ဆုံရေကာတာ စီမံကိန်းအား တားဆီးတဲ့ ဖြစ်စဉ်လိုမျိုး ရဲရဲတင်းတင်း ဆက်လုပ်ဖို့ လိုတယ်။ ဒဲ့ပြောမယ်ဗျား ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယုံကြည်မှု ပိုမိုခိုင်မာပူးပေါင်းလာခဲ့ရင် ဦးသိန်းစိန် တရုတ်ကို ဆန့်ကျင်ရဲရမယ်။ UWSA ပုန်ကန်ထကြွခဲ့ရင်တောင် တပ်မတော်နဲ့ပြည်သူ့အား ပူးပေါင်းပြီး တရုတ်ဖြူကို မောင်းထုတ်သလို ဘာလို့ မလုပ်ရဲစရာအကြောင်းရှိသလဲ၊ နိုင်ငံတကာရော လက်ပိုက်ကြည့်နေမလား၊ ကျွန်တော်ကတော့ တဘက်ဘက်ကိုတော့ တချိန်ချိန်မှာ ဘက်ပြောင်းပြီး အပြတ်ယူသင့်နေပြီလို့ ထင်တယ်။ တရုတ်ကို ဆက်ပြီးလက်တွဲမလား၊ အနောက်နိုင်ငံတွေနဲ့ လက်တွဲမလားဆိုတာကို ရွှေးချယ်သင့်တယ် ဆိုတာကိုဘဲ ပြောချင်ပါတယ်။
အယ်ဒီတာ။ ။ ဟုတ်ပါတယ် ဗိုလ်မှူးကြီး။ ကျွန်တော်တို့ ဗိုလ်ချုပ်တွေက အမေရိကန် equipment ဝတ်ပြီး တရုတ်ကြီးကို ရင်ထဲကမပါဘဲ ချစ်နေတာကတော့ အဓိပ္ပာယ်မရှိဘူးလို့ မြင်ပါတယ်။ ဒီတော့ကာ ကျွန်တော်တို့ နိုင်ငံအနေနဲ့ အစ္စရေးနိုင်ငံလို နိုင်ငံမျိုး အတုယူ မသင့်ဘူးလား ဗိုလ်မှူးကြီး။
ဗိုလ်မှူးကြီး။ ။ အစ္စရေးနိုင်ငံဟာ မိမိထက် အင်အားကြီးမားတဲ့ အာရပ်နိုင်ငံများ ဝိုင်းရံနေတဲ့ကြားက အမေရိကန်အားကိုးနဲ့ ခပ်တည်တည် မိုက်နေတာဗျ။ ဗိုလ်ချုပ်တွေရဲ့ မကြာခဏ ပြောလေ့ပြောထရှိတဲ့စကား တစ်ခွန်းကတော့ “ ဒို့နိုင်ငံဟာ အင်အားကြီး တရုတ်နဲ့ကုလား နှစ်နိုင်ငံကြားမှာ ရှိနေရတယ်။ အင်အားလွန်နိုင်ငံတွေ ရှိတာမို့ ကြားနေ နိုင်ငံအုပ်စု (ဘက်မလိုက်) ဝါဒကို ကျင့်သုံးနေရတယ်။” လို့ မကြာခဏပြောနေကြတာ ယနေ့ခေတ်မှာ သိပ်ပြီး ရေပန်းစားလှတာ မဟုတ်တော့ဘူးဗျ။ အစ္စရေးနိုင်ငံကို မြန်မာနိုင်ငံအနေနဲ့လည်း ဆက်သွယ်မှုလည်း မကင်းရာမကင်းကြောင်းရှိတယ်။ အစ္စရေးလုပ် (၁၅၅-မမ) ဟောင်ဝစ်ဇာ အမြောက်ကြီးများ ဘယ်လိုပုံစံနဲ့ မြန်မာ စစ်တပ်ထဲ ရောက်လာလဲ မသိဘူးဗျ။ စိုက်ပျိုးရေး မွေးမြူရေး ပညာရှင်တွေ သင်တန်းတွေ အစ္စရေးမှာ သင်တန်း တက်ခဲ့ကြတယ်။ ဗိုလ်မှူးချုပ် အေဘယ် ဆိုရင် အစ္စရေးက ဂျူးလူမျိုးမို့ အစစအရာရာ WELCOME ဘဲဗျာ။
အယ်ဒီတာ။ ။ ထာဝရမိတ်ဆွေ၊ ထာဝရ ရန်သူဆိုတာ နိုင်ငံရေးလောကမှာ မရှိဘူးဆိုတာ ကျွန်တော်တို့အားလုံး နားလည်ထားရမှာပေါ့ ဗိုလ်မှူးကြီးရာ။ အာဆီယံ ဥက္ကဌဖြစ်ဖို့ အင်ဒိုနီးရှားကို ဖားနေတာ ဖြစ်မနေဘူးလား။ အရင်တုန်းက အင်ဒိုနီးရှား ပုံစံတွေ မကြိုက်တော့ဘူး ဆိုနေပြီး ယခု ဘယ်ခြေလှမ်းတွေ လှမ်းနေတာလဲ ဗိုလ်မှူးကြီး။
ဗိုလ်မှူးကြီး။ ။ ကျွန်တော်တို့ ဗိုလ်ချုပ်တွေကို ခန့်မှန်းရတာက ဂေါက်ကြောင်သလို ဆိုရမလို၊ လီကွမ်းယူ ပြောသလို ဖြစ်နေမလား။ စင်္ကာပူလို လှမ်းမလိုလိုနဲ့ ယခုကြည့်လေ၊ မလေးရှားမှ မဟာသီယာကို ရန်ကုန်ပင့်ပြီး အခါတော်ပေးနေပြန်ပြီ။ စီးပွားရေးက မလေးရှားပုံစံမျိုး သွားတဲ့သဘောမျိုးပေါ့။ ဒီလိုတိုင်းဆိုရင် ဦးသိန်းစိန်ရဲ့ ပိုကာ ဒီမိုကရေစီ ဒေါင်းဖို့ဆိုတာက သူ့ရဲ့ဖဲချပ်တွေမှာ မလေးရှားနဲ့ အင်ဒိုနီးရှားဆိုတော့ ကုလားနှစ်ကောင် ကိုင်ထားပြီး ကံဆိုတဲ့ တက်ဖဲကို စောင့်နေတဲ့သဘောပေါ့ဗျား။ ဖြစ်နိုင်ရင် ဂျိုကာကို မတက်ဖို့ ဆုတောင်းချင် ဆုတောင်းနေလိမ့်မယ်။ အချိန်ဆွဲမည့် သဘောပေါ့။
အယ်ဒီတာ။ ။ အခုလို ဆွေးနွေးသွားတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ လုံခြုံရေး ဂရုစိုက်ပေးပါခင်ဗျား။ နောက်နေ့မှာ ပြန်ဆုံကြတာပေါ့နော်။
| < Prev | Next > |
|---|

