
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ကလင်တန်
မြန်မာနိုင်ငံအပေါ် အမေရိကန်နိုင်ငံက ထိတွေ့ဆက်ဆံရေးမူအရ ယခုတလော နိုင်ငံခြားရေး ဝန်ကြီး မစ္စက်ကလင်တန် လာရောက် လည်ပတ်မည့်သတင်း အပေါ် စစ်ဖက်နီးစပ်သူများက အနာဂတ်တွင် အာရှတိုက်မှာ အမေရိကန်နဲ့ တရုတ် သြဇာအာဏာ ချဲ့ထွင်ပြိုင်ဆိုင်မူအကြား မြန်မာနိုင်ငံဟာ တည်ကြက်ဖြစ်လာနိုင်မယ်ဆိုတဲ့အကြောင်း တင်ပြထားခဲ့ပြီးဖြစ်ရာ အလားတူ ဦးသိန်းစိန်လည်း တည်ကြက်ဖြစ်လာနိုင်ကြောင်း စစ်ဘက်နီးစပ်သူများက ဆက်လက် သုံးသပ် သတင်းပေးပို့လာပါတယ်။
ယခင် သတင်းအရ စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ် အဖွဲ့ဝင် အရာရှိကြီးတစ်ဦးအား တွေ့ဆုံခဲ့တဲ့ ကက(နက်)က အရာခံဗိုလ်တစ်ဦးအနေနဲ့ တရုတ်ရဲ့ စစ်ရေးထောက်ပံ့အားပေးမှုအပေါ် အထင်တကြီး ဖြစ်ခဲ့တယ်လို့ တင်ပြခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၉၆ ၊ ၁၉၉၇ တပ်မတော် ကြည်း၊ ရေ ၊ လေ ပူးပေါင်း စစ်ဆင်ရေး လေ့ကျင့်ခန်းကြီးတွေမှာ တရုပ်လုပ် ကြည်း/ရေ နှစ်သွယ်သွား တင့်ကားတွေနဲ့ F-7 ဂျက်တိုက်လေယာဉ်တို့ အားနည်းချက်တွေ တွေ့ရှိလာခဲ့ရာမှ တရုတ်တွေရဲ့ ဂျင်းထည့်တာကို သိရှိလိုက်ရပါတယ်။ ယခု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဟာ ယခင် တြိဂံတိုင်း စစ်ဌာနချုပ် တိုင်းမှူးဖြစ်ခဲ့စဉ်က အမေရိကန်သာ အားပေးကူညီမယ်ဆိုရင် UWSA ကို အချိန်မရွေး တိုက်လို့ရတယ်လို့ ပြောကြောင်း စစ်ဘက်နီးစပ်သူ တစ်ဦးက ဆိုပါတယ်။
“ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက်မစ်ချဲလ်ကို လက်ခံတွေ့ဆုံခဲ့တာ ထူးခြားတယ်ဗျ။ နောက်ပြီး ဗီယက်နမ်ကို သွားရောက်လည်ပတ်ခဲ့တာ အကြောင်းရင်း နှစ်ရပ်ရှိမယ်။ တရုတ်နဲ့ အမေရိကန်ကို ငယ်သံပါအောင် ဆော်ခဲ့တဲ့ ဗီယက်နမ် တပ်မတော်ကို လေးစားပြီး သူတို့ဆီမှ အတွေ့အကြုံတွေကို မေးနိုင်တယ်။ နောက်တစ်ခုက တပ်မတော် အင်အား တောင့်တင်းအောင် ဖြည့်တင်းဖို့ နိုင်ငံတကာမှ အကူအညီတွေရအောင် ဘယ်လို နည်းလမ်းတွေ ရှိတယ်ဆိုတာကို မေးနိုင်တယ်။ ဗီယက်နမ်အနေနဲ့ အမေရိကန်နဲ့ ရုရှားတို့က စီးပွားရေး ထောက်ပံ့မှု အကူအညီတွေ ရခဲ့တာ မဟုတ်လား”
မည်သို့ပင်ဖြစ်စေ အမေရိကန်ဟာ မြန်မာနိုင်ငံကို တရုတ်နဲ့အပြိုင် သြဇာအာဏာချဲ့ထွင်နိုင်အောင် တည်ကြက်အဖြစ် အသုံးချနိုင်တယ်လို့ တပ်မတော် အရာရှိကြီး တစ်ဦးက ဆိုလာပါတယ်။
“ ဦးသိန်းစိန်အစိုးရ ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို တည်ကြက်အဖြစ် အသုံးချပြီး လုပ်နေတာ ယခုတော့ အမေရိကန်ကလည်း သူ့ရဲ့သြဇာအာဏာ ချဲ့ထွင်ဖို့ တဖန် တည်ကြက်အဖြစ် ဦးသိန်းစိန်တို့ကို အသုံးချမှာ မြင်ယောင်သေးတယ်။ အမေရိကန်အရာရှိတစ်ဦးက တရုတ်အစိုးရကို စိုးရိမ်ကြောင့်ကျမှု မဖြစ်ဖို့ ပြောတယ်ဆိုကတည်းက တရုတ်အစိုးရအဖို့ အနည်းဆုံး သွေးတက်မှာတော့ သေချာတယ်။ ဘာဘဲဖြစ်ဖြစ် ဦးသိန်းစိန် အစိုးရဟာ ဗီယက်နမ်တပ်မတော်မျိုး စစ်ရေး တည်ဆောက်ပြီး အင်ဒိုနီးရှားနိုင်ငံလိုမျိုး အုပ်ချုပ်ရေး အသွင်သဏ္ဍန် ပုံစံမျိုးယူကာ မလေးရှား စီးပွားရေး ပုံစံမျိုး အကောင်အထည်ဖေါ်သလို ပါကစ္စတန်လို နှစ်ဖက်သွား၊ လှေနံနှစ်ဖက်နင်း တရုတ်နဲ့ အမေရိကန်တို့ကို ထိန်းညှိဆက်ဆံရေး နိုင်ငံရေး မဟာဗျူဟာ သံတမန် အခင်းအကျင်း ပုံစံမျိုး ခင်းမဲ့ပုံဗျ။”
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီဟာ ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ဝင်မယ်ဆိုကတည်းက ဦးသိန်းစိန်အစိုးရအဖို့ သူ့ရဲ့မဟာဗျူဟာ အခင်းအကျင်း အရှိန်အဟုန်ရလာတဲ့ အနေအထားမျိုးရှိတယ်လို့ စစ်ဘက်နီးစပ်သူများက သုံးသပ်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကြွေးကြော်နေတာကတော့ ဒီမိုကရေစီ ကူးပြောင်းနိုင်ဖို့ရာ ၂၀၀၈ အခြေခံ ဥပဒေ ပြုပြင်ပြောင်းလဲဖို့ ကြိုးစားမည်ဖြစ်ကြောင်း ဆိုနေရာ တကယ်တမ်း လွတ်တော်အတွင်း မည်မျှ အတိုင်းအတာအထိ ထိုးဖောက် ပြောင်းလဲနိုင်မည်ကိုတော့ စောင့်ကြည့်ရမှာဖြစ်ကြောင်း စစ်ဘက်နီးစပ်သူများက သတင်းပေးပို့လာပါတယ်။ NLD နဲ့ ပတ်သက်လို့ ကြံ့ဖွံ့ပါတီဝင်တစ်ဦးက သူ့ရဲ့ ပုဂ္ဂိုလ်ရေးရာ ထင်မြင်ယူဆချက်ကို ပေးပို့လာလို့ တင်ပြရင်း နိုင်ငံရေးလေ့လာသူများက လေ့လာနိုင်ရန် ဖေါ်ပြပေးလိုက်ရပါတယ်။
“ ကျနော်တို့ ကြံ့ဖွံ့ပါတီက NLD ပါဝင်လာရင်တော့ အစွမ်းကုန် တားဆီးကန့်ကွက်ရမှာဘဲ၊ သူတို့ရဲ့အမြင်က အခြေခံဥပဒေ ပြုပြင်ပြောင်းလဲဖို့ထက် ကြံ့ဖွံ့ပါတီအား လွတ်တော်အတွင်း လွမ်းမိုးထားမှုကို ဖယ်ရှားနိုင်ဖို့ ရင်ထဲမှာ အဓိက ရှိမှာ သေချာတယ်၊ NLD ဟာ အခြေခံဥပဒေ ပြောင်းလဲဖို့က လွတ်တော်မှာ မဲအများစု အနိုင်ရဖို့ လိုတယ်လေ၊ ဒါကြောင့် ကြံ့ဖွံ့ရဲ့ အတိုက်အခံလို့ သတ်မှတ်ရမှာဘဲ။ ဘာဘဲဖြစ်ဖြစ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ရဲ့ ကြားနေမှုကို ဆွဲဆောင်စည်းရုံးဖို့လိုတယ်၊ သူ့ရဲ့ပါဝါ၊ ရာထူးအဆင့်ဟာ နိုင်ငံတော်အဆင့် သမ္မတ၊ ဒုသမ္မတတွေပြီးရင် စတုတ္တ လိုက်နေတာမို့ လျော့မတွက်ဖို့လိုတယ်”
| < Prev | Next > |
|---|

