
မြောက်ကိုရီးယားနိုင်ငံမှ ဒုံးပျံလွှတ်တင်နေပုံ
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့စဉ် အတောအတွင်း အစိုးရရဲ့ နိုင်ငံရေး စစ်ရေးကစားကွက်များနဲ့ ထူးခြားဖြစ်စဉ်များကို စစ်ဘက်နီးစပ်သူများက စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ သတင်းပေးပို့လာပါတယ်။ အမေရိကန်ရဲ့ အဓိက လိုလားတဲ့ အချက်တစ်ချက်ဖြစ်တဲ့ မြောက်ကိုရီးယားနိုင်ငံမှ ဒုံးပျံနည်းပညာနဲ့ ဒုံးပျံလက်နက်များကို မြန်မာနိုင်ငံမှ လျှို့ဝှက်စွာ ဆက်သွယ်ဝယ်ယူနေတဲ့ကိစ္စ ရပ်ဆိုင်းဘို့ ဖြစ်ပါတယ်။ နိုင်ငံတကာက စိုးရိမ်ပူပန်နေတဲ့ နျူးကလီးယားကိစ္စ မြောက်ကိုရီးယားမှ ဝယ်ယူနေတယ်လို့ တချို့က ထင်မြင်ယူဆနေကြသော်လည်း အမှန်တကယ် စင်စစ် ဒေသအတွင်း ခြိမ်းချောက်နိုင်တဲ့ တာလတ်ပစ် စကဒ် ဒုံးကျည်များကို ဝယ်ယူဘို့ ကြိုးစားနေပါတယ်။ တရုတ်နိုင်ငံကို သွားရောက်လည်ပတ်ခဲ့တဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ခရီးစဉ်အတွင်း တရုတ်ကုမ္ပဏီများသို့ သွားရောက်လည်ပတ်တာဟာ ထူးခြားတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီး သူရရွှေမန်း မြောက်ကိုရီးယားကို သွားရောက်လည်ပတ်ခဲ့စဉ်က နိုင်ငံတကာ သိမှာစိုးလို့ တရုတ်နိုင်ငံမှတဆင့် သွားရောက်ခဲ့တာ သတိပြှုရမှာ ဖြစ်ပါတယ်။ ယခုအခါ တရုတ်နှင့် စစ်ရေးစာချုပ် ချုပ်ဆိုထားတာမို့ မြောက်ကိုရီးယားကိစ္စ အကူအညီ တောင်းနိုင်ပါတယ်။ ဒါကြောင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးကို မြန်မာအစိုးရက မြောက်ကိုရီးယားနဲ့ အဆက်အသွယ်မပြုကြောင်း ဂတိပေးခဲ့ပေမဲ့ ဥာဏ်နီဥာဏ်နက်များအုံးမှာ ဖြစ်ပါကြောင်း သိရှိရပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးနဲ့ ရှေ့ဆင့်နောက်ဆင့် ရောက်လာတဲ့ ဘီလာရုစ်နိုင်ငံ ဝန်ကြီးချုပ်အဖွဲ့ ရောက်ရှိလာတာဟာ ထူးခြားပြီး ရုရှားနိုင်ငံရဲ့ ကိုယ်ပွား ခွဲထွက်နိုင်ငံ တစ်နိုင်ငံဖြစ်ပါတယ်။ ဤစည်းလုံးခြင်းရဲ့ အင်အား ဝက်ဘ်ဆိုဒ်မှ တင်ပြခဲ့ဘူးတဲ့ ဘီလာရုစ်နိုင်ငံမှ MI - 24 ခေတ်မှီ တိုက်ခိုက်ရေး ရဟတ်ယာဉ်များကို တပ်မတော် (လေ) မှ ဝယ်ယူခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။ ယခုဝန်ကြီးဖြစ်နေတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးဟာ စစ်ရုံးရဲ့ အရေးကြီးဌာနဖြစ်တဲ့ ကပစ စက်ရုံများကို ထိန်းချုပ် ကိုင်တွယ်ထားတဲ့ ကကထုတ် ညွန်မှူး ဖြစ်ခဲ့တာမို့ ဘီလာရုစ်နိုင်ငံနဲ့ ဆက်သွယ်မှု ကွန်ယက် မူလကတည်းက ရှိနင့်ပြီးသား ဖြစ်ပါတယ်။

Belarusian Prime Minister Mikkhail Myasnikovich ( photo - http://talkvietnam.com)
ဒါကြောင့် စစ်ဘက်နီးစပ်သူများက ဒီခရီးစဉ်မှာလည်း အဲဒီဝန်ကြီးချုပ်ဟာ ဘူမိဗေဒ နည်းပညာရပ်များကို ဖြန့်ဖြူးပေးမယ်ဆိုလို့ နျူးကလီးယားရဲ့ အခြေခံ ကုန်ကြမ်းဖြစ်တဲ့ ယူရေနီယံ ရှာဖွေရေးအတွက် အထောက်အကူဖြစ်သွားနိုင်တယ်လို့ ဆိုပါတယ်။ အစိုးရဟာ တရုတ်နိုင်ငံနဲ့ စစ်ရေး စာချုပ် ချုပ်ဆိုပြီး ဘီလာရုစ်နိုင်ငံနှင့် စီးပွားရေး ဗန်းပြစာချုပ်တွေ တသီကြီး ချုပ်ဆိုခဲ့တယ်။ မြန်မာအစိုးရက အမေရိကန် နိုင်ငံခြားရေးဝန်ကြီးကို အကြောင်းပြ၊ နိုင်ငံရေး အမြတ်ထုတ်ကာ တရုတ်နဲ့ မြောက်ကိုရီးယား၊ ရုရှားနဲ့ ဘီလာရုစ်နိုင်ငံတွေကို ကောက်စားသွားတယ်လို့ စစ်ဘက်နီးစပ်သူများက သတင်းပေးပို့လာပါတယ်။ တပ်မတော် အရာရှိကြီး တစ်ဦးကတော့ တစ်မျိုးတဖုံ ဝေဖန်သွားပါကြောင်း နိုင်ငံရေး လေ့လာသူများ သုံးသပ်နိုင်ရန် တင်ပြလိုက်ပါတယ်။
"အမေရိကန်ဆိုတာက ကမ္ဘာ့ လူလည်ကြီးဗျ။ ကောက်စားရင်လည်း စားပါစေပေါ့။ သိသိကြီးနဲ့ ထိုးကျွေးတာဗျ။ နောက်အလှည့်ကျရင် တည်ကြက်ကတော့ ဗိုလ်ချုပ်သိန်းစိန်အလှည့် ဖြစ်မှာပေါ့ဗျား။ ဘယ်လိုဘဲ ဂတိတွေပေးပေး မြောက်ကိုရီးယား ကိစ္စအား အမေရိကန် အရာရှိများက မယုံကြည်တဲ့ မျက်နှာတွေ၊ သံသယ မျက်လုံးတွေ ရှိနေတုံးဘဲလို့ သမ္မတရုံးနဲ့ နီးစပ်သူတွေက ပြောတယ်ဗျ"
| < Prev | Next > |
|---|

