
ဒု သမ္မတ ဦးသီဟသူရတင်အောင်မြင့်ဦးနှင့် သမ္မတ ဦးသိန်းစိန်
အစိုးရအဖွဲ့သစ်မှာ စစ်တပ်က အဆိုပြုတင်သွင်းခဲ့တဲ့ ဒုသမ္မတ ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ တင်အောင်မြင့်ဦးရဲ့ စရိုက်လက္ခဏာနဲ့ ထိပ်ပိုင်းကို ဘယ်လို ပုံစံမျိုးနဲ့ တက်လာတယ်ဆိုတဲ့အကြောင်း စစ်ဘက်နီးစပ်သူများက စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်ကို သတင်းပေးပို့လာပါတယ်။
ဒုသမ္မတ သီဟသူရ တင်အောင်မြင့်ဦးဟာ နာမည်ရှစ်လုံးရှိတာမို့ ရှစ်လုံးလို့ နောက်ကွယ်မှာ တိုးတိုးတိတ်တိတ် ခေါ်ကြပါတယ်။ သူဟာ ဒေါသ အလွန်ကြီးမားပြီး ခက်ထန်သူဖြစ်ပါတယ်။ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ အတွင်းလူလို့ ယေဘုယျအားဖြင့် ဆိုနိုင်ပါတယ်။ သူဟာ စကခ (၂) တပ်မမှူးမှ ရမခ တိုင်းမှူးသို့ ရာထူးတိုးမြင့်ခြင်းခံရပြီး ၎င်းမှတဆင့် စစ်တပ်ရဲ့ ထိပ်ပိုင်းရာထူးဖြစ်တဲ့ စစ်ထောက်ချုပ် ရာထူးသို့ တိုးမြှင့်ခြင်းခံရသူ ဖြစ်တယ်။ စစ်တပ်ရဲ့ စီးပွားရေး လုပ်ငန်းတစ်ခုကို ကိုင်တွယ်လုပ်ကိုင်နေတဲ့ မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း MEC အား အုပ်ချုပ်ခွင့် ရသလို စစ်တပ်ရဲ့ အုပ်ချုပ်ထောက်ပံ့မှု အဓိကလုပ်နေတဲ့ စစ်ထောက်ချုပ်ရာထူး ထမင်းအိုးကြီးကို ခွကိုင်ခွင့် ရထားသူဖြစ်ပါတယ်။
သူဟာ လက်အောက်ငယ်သားများအပေါ်မှာ ဒေါသတကြီး ကြိမ်းမောင်းသလောက် အထက်လူကြီးများတွင် အဖားအလွန်တော်သူဖြစ်ပါတယ်။ တပ်မမှူး ဘဝတုန်းက စစ်ရုံးကိုရောက်ခဲ့စဉ် ရှစ်လုံးဟာ သူ့ရဲ့ G – 3 စစ်ဦးစီးမှူး (တတိယတန်း) တစ်ဦးအား ပါလာတဲ့ လက်ဆောင်တွေကို လူစုံတက်စုံ မပေးရကောင်းလားလို့ ငေါက်ငမ်းခဲ့တယ်လို့ သိရပါတယ်။ ရမခ တိုင်းမှူးဖြစ်လာခဲ့စဉ်က တိုင်းအစည်းအဝေးတွေ ကျင်းပတိုင်း အချိန်မတော် ည (၁၂) ကျော်ကြမှ ကျင်းပလေ့ရှိတာမို့ အလုပ်ဒဏ်ပိပြီး အိပ်ငိုက်နေတဲ့ တိုင်းကာနယ်ကြီး ( စစ်ဦးစီး ဗိုလ်မှူးကြီး) အား အစည်းအဝေးခန်းမကို ပတ်ပြေးဖို့ အမိန့်ပေးခဲ့ဘူးပါတယ်။ တပ်ရင်းမှူးတွေ အပြစ်ရှာတွေ့ပြီဆိုရင် ကုလားထိုင်မှ ထခိုင်းပြီး မီးခြစ်ဖြင့်၎င်း၊ လက်ဘက်ရည်ခွက်ဖြင့်၎င်း ပစ်ပေါက်တဲ့အထိ ကြမ်းတမ်းစွာ ဆက်ဆံခဲ့တယ်လို့ သိရပါတယ်။ တခါတရံ အစည်းအဝေးတွေဟာ ည သန်းခေါင်ယံ ၂ ကျော်အထိ လုပ်ခဲ့တာမို့ တပ်ရင်းမှူးများနှင့် တပ်မှူးများ စိတ်ညစ်ခဲ့တယ်လို့ သိရပါတယ်။
အစိုးရ အဖွဲ့သစ်မှာ ဒုသမ္မတ ကိုယ်စားလှယ်အဖြစ် စစ်တပ်က ရှစ်လုံးအား ရွေးချယ်ဘို့ စစ်ရုံးအစည်းအဝေးတွင် အမည်စာရင်း တင်ခဲ့ရာမှာ ဗိုလ်ချုပ်တွေက သဘောမတူကြလို့ တပါတ်ခန့် နောက်ရွေ့သွားခဲ့ရတယ်လို့ သိရပါတယ်။ ဘာလို့လည်းဆိုတော့ ရှစ်လုံးရဲ့ စရိုက်လက္ခဏာတွေအရ နယ်ဘက် အုပ်ချုပ်ရေးတွေမှာ ပြဿနာ ဖြစ်မှာ စိုးလို့ဖြစ်ပါတယ်။ နောက်ဆုံး ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး ကိုယ်တိုင် အစည်းအဝေးမှာ ငါတို့ကိုယ်တိုင် mandate ပေး တာဝန်ပေးတယ်လို့ ဆိုကာမှ အတည်ပြုသွားတယ်လို့ သိရပါတယ်။ မည်သို့ပင်ဖြစ်စေ ရှစ်လုံးရဲ့ စရိုက်လက္ခဏာကတော့ ပေါ်လွင်အုံးမှာဖြစ်ပြီး လက်ရှိအစိုးရအဖွဲ့သစ်မှာ ရင်လေးစရာပင်ဖြစ်ပါကြောင်း စစ်ဘက်နီးစပ်သူများက သုံးသပ်ကြပါတယ်။
| < Prev | Next > |
|---|

