Pulse Radar စမ်းသပ်လေ့ကျင့်နေမှု
အယ်ဒီတာအဖွဲ့ - မင်္ဂလာပါ ဗိုလ်မှူး၊ ကျွန်တော်တို့ရရှိထားတဲ့ သတင်းနဲ့စပ်လျဉ်းပြီး မေးချင်တာကတော့ ဒီတပ်မတော် သတင်းအချက်အလက် လုံခြုံမှုကြီးကြပ်ရေးဆပ်ကော်မတီကို ဘာရည်ရွယ်ချက်နဲ့ ဖွဲ့စည်းထားတာလဲဗျ။
ဗိုလ်မှူး - တပ်မတော်ဆိုင်ရာ သတင်းအချက်အလက်တွေ၊ ဓာတ်ပုံတွေ၊ မှတ်တမ်းတွေဟာ အင်တာနက် စာမျက်နှာတွေပေါ်မှာ ပေါက်ကြားမှုတွေဖြစ်ခဲ့တာက နအဖအစိုးရ လက်ထက်ကတည်းကပါပဲ။ အဲဒီတုန်းက ဗိုလ်ချုပ်ကြီးသူရရွှေမန်းနဲ့အဖွဲ့ မြောက်ကိုရီးယားကို တိတ်တဆိတ်သွားခဲ့တာတွေကအစ ကာကွယ်ရေး ဦးစီးချုပ်(လေ) ရဲ့ခရီးစဉ်တွေ၊ လေတပ်ဆိုင်ရာ အချက်အလက်တွေ ပေါက်ကြားလာလို့ စစ်ဗိုလ်ချုပ်တွေက စိုးရိမ်လာပါတယ်။ ဒါကြောင့် တပ်ရဲ့ထုံးစံဖြစ်တဲ့ လျှို့ဝှက်အက်ဥပဒေအရ နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေ တယ်ဆိုတဲ့ ဆင်ခြေဆင်လက်တွေပေးပြီး လေးလပတ်အစည်းအဝေးတစ်ခုမှာ တပ်မတော်ကွန်ယက် ဆက်သွယ်ရေးထိန်းချုပ်မှုစနစ် ထားရှိဖို့ လုံခြုံမှုကြီးကြပ်ရေးဆပ်ကော်မတီတွေ ဖွဲ့စည်းဖို့ ဖြစ်လာတာပဲဗျ။
အယ်ဒီတာအဖွဲ့ - ကျွန်တော်တို့လည်း အဲဒီသတင်းတွေ တတ်နိုင်သမျှ မတင်ဖို့ ပထမတော့ စိတ်ကူးမိပါတယ်။ ဗိုလ်ချုပ်တွေကတော့ တပ်မတော်ရဲ့အတွင်းရေးတွေကို လူသိရှင်ကြားဖြစ်အောင် လုပ်တာဟာ နိုင်ငံတော်ကို သစ္စာဖောက်တာလို့ စွပ်စွဲသလို ကျွန်တော်တို့နဲ့ရင်းနှီးတဲ့ တပ်မတော်အရာရှိ တချို့ကလည်း မတင်ဖို့ အကြံပြု ကြပါသေးတယ်။ တစ်ဖက်ကလည်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ အချိန်မှာ တပ်မတော်အတွင်း ဘယ်လိုပြောင်းလဲနေကြတယ်၊ ဘာတွေလှုပ်ရှားနေကြတယ် ဆိုတာတွေကို ပြည်တွင်းနိုင်ငံရေး လှုပ်ရှားသူတွေက စိုးရိမ်တကြီး သိချင်နေကြသလို နောက်ကြောင်းပြန်လှည့်မှာကို စိတ်ပူနေကြတယ်။ ဒါ့အပြင် နိုင်ငံတကာကလည်း မှန်မှန်ကန်ကန် သုံးသပ်လို့ရအောင် သိချင်နေကြတယ်။
ဗိုလ်မှူး - မှန်တယ်ဗျ။ တပ်မတော်ဟာ လုံခြုံရေးစနစ်အရ ထိန်းချုပ်ထားပြီး အဝေးစည်း၊ အပြင်စည်း၊ အတွင်းစည်း အထပ်ထပ်ကာရံထားတာမို့ ပြည်သူလူထု မျက်စိလည်သွားခဲ့ရတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ဖူးတယ်။ တိုင်းပြည်ရဲ့လုံခြုံရေးကို မထိခိုက်စေတဲ့ တပ်ရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့လှုပ်ရှားပုံတွေ၊ သဘောထားတွေ၊ သဘောထားဆိုတာမှာလည်း အတွင်းစိတ်နေသဘောထားတွေကို ကွက်ကွက်ကွင်းကွင်း ဖော်ပြနိုင်ဖို့ လိုအပ် လိမ့်မယ်လို့တော့ ယူဆပါတယ်။ တစ်ဘက်ကလည်း နိုင်ငံတော်နဲ့ တပ်မတော်ကို အကျိုးယုတ်စေတဲ့ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေကို ပြုန်းတီးစေတဲ့ ခပ်ညံ့ညံ့ စစ်လက်နက်ပစ္စည်းဝယ်ယူမှု သတင်းတွေအပါအ၀င် ဗိုလ်ချုပ်တွေရဲ့ အဂတိလိုက်စားမှု အကြောင်းတွေကို ဖော်ထုတ်ပေးဖို့ တာဝန်ရှိပါတယ်။ တကယ်တော့ တပ်သတင်းပေါက်ကြားမှုတွေကို ရှေ့တန်းတင်ပြောကြပေမဲ့ တကယ်တမ်းတော့ ဗိုလ်ချုပ်တွေရဲ့ လုံခြုံရေး၊ သူတို့ရဲ့ အကြံအစည်တွေကို ပြည်တွင်းပြည်ပက မသိရှိစေဖို့အတွက် ကြိုတင်ကာကွယ်ထားတဲ့ ခံစစ်စည်း တစ်ခုဖြစ်တယ်ဗျ။ အမေရိကန်နိုင်ငံမှာတောင် Intersect ဆိုတဲ့ ဖုန်းတွေကို ကြားဖြတ်နားထောင်ခွင့် ကိစ္စတွေ မှာတောင် ပုဂ္ဂလိကဆိုင်ရာ အတွင်းရေးတွေ ပေါက်ကြားတယ်ဆိုတဲ့ လူ့အခွင့်အရေးနဲ့ နိုင်ငံတော်ရဲ့ လုံခြုံရေး အရ Terrorist တွေကို ခြေရာခံနိုင်ဖို့အတွက် ကြားဖြတ်နားထောင်ရမယ်ဆိုတဲ့ အယူအဆနှစ်ခု အားပြိုင်ခဲ့ရ တာမျိုးရှိတယ်။
အယ်ဒီတာအဖွဲ့ - ကဲ ဗိုလ်မှူးရေ…နောက်နေ့မှ ဆက်ပြီးဆွေးနွေးကြတာပေါ့။ အခုကတော့ လုံခြုံရေးအရ ခဏ နားလိုက်ကြရအောင်။ တပ်မတော်ရဲ့ကွန်ယက်ဆက်သွယ်ရေး ဘယ်လိုထိန်းချုပ်ထားခဲ့လဲ - အပိုင်း (၂) ကို ဆက်လက် ဖော်ပြပါမည်။
| < Prev | Next > |
|---|

