ဆောင်းပါးရှင် - ဝေဟင်
စည်းလုံးခြင်းရဲ့ အင်အား စာမျက်နှာများ ထက်မှာ ပင်တိုင် ဆောင်းပါးရှင်အဖြစ် ရေးသားနေရာကနေ အခြေအနေ၊ အကြောင်း ကြောင်းတွေကြောင့် တပ်မတော် (လေ) နဲ့ ကင်းကွာ သွားခဲ့ရပြီး၊ လေတပ်ထဲက ရင်ဖွင့်သံများကို ဖွင့်မချနိုင်ခဲ့သော်လည်း၊ “မြင့်မိုရ်”၊ “ဗိုလ်မှူးမျိုးသူရ”၊ “ရန်နောင်”၊ “စွယ်တော်” စတဲ့ စတဲ့လေတပ်ထဲမှ ညီနောင်များရဲ့ ရင်ဖွင့်သံတွေကို သိနေ၊ ကြားနေ ရပါတယ်။

မြစ်ဆုံရေကာတာ စီမံကိန်း
လက်ရှိ အခြေအနေမှာ မြန်မာ့နိုင်ငံရေး အခင်းအကျင်းဟာ လုံးဝလို့ မဆိုနိုင်သည့်တိုင် အနေအထား တစ်ခုကိုတော့ ပြောင်းလဲနေတာကို တပ်မတော် ပြင်ပမှ ပြည်သူတစ်ယောက် တစ်ဦးထံမှ ခံစား သိရှိ နေခဲ့ပါတယ်။ သို့သော်လည်း (ကြည်း/ရေ/လေ) တပ်မတော်သားတို့ရဲ့ စားဝတ်နေရေး ကြပ်တည်းမှု အခြေအနေတွေ၊ ခံစားချက်တွေအပေါ်၊ လက်ရှိ တပ်မတော် ခေါင်းဆောင် သစ်များက နားလည် စာနာစွာ ပြုပြင် ပြောင်းလဲမှုတွေ လုပ်မပေးနိုင်သေး ပါလားလို့ လက်ရှိ တင်ဆက်နေတဲ့ ညီနောင်များရဲ့ ရင်ဖွင့်သံ ဆောင်းပါးတွေအရ မျှော်လင့်ချက် နွံထဲက ရုန်းမထွက်နိုင်သေးဘဲ ရှိနေပါတယ်။ လေတပ်ထဲမှာ တ၀ဲလည်လည် ကျန်နေခဲ့တဲ့ ညီနောင်များရဲ့ တပ်မတော်ရဲ့ သဘောထား အမှန်တွေကို သိရှိပြီး ပေါ်ထွက်လာတဲ့ ရင်ဖွင့် သံတွေကနေတဆင့် စိတ်မကောင်းစွာ သိရှိလိုက်ရလို့ ဒီဆောင်းပါးလေးကို ပြန်ရေးဖြစ်ခဲ့ပါတယ်။
ဦးသိန်းစိန် အစိုးရ တက်လာကာစမှာ အများစုသော ပြည်သူတွေမှာ သို့လောသို့လော အတွေးတွေ များစွာ ရှိခဲ့ကြပါတယ်။ ယခင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ လောင်းရိပ်အောက်မှ ရုန်းမထွက်နိုင်တဲ့ အနေအထားများအပေါ် သံသယများ ရှိခဲ့ကြပါတယ်။ သို့သော်လည်း အခြေအနေနဲ့ အချိန်အခါ အရ ကြောင့်ဘဲဖြစ်စေ၊ ဦးသိန်းစိန်ရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်ကြောင့်ဘဲ ဖြစ်စေ လက်ရှိ အချိန်မှာ ဘယ်လိုမှ မျှော်လင့် မထားတဲ့ ပြောင်းလဲမှု အချို့အား တွေ့မြင် သိရှိနေကြရပါတယ်။
မြစ်ဆုံ ရေအားလျှပ်စစ် ဆောက်လုပ်နယ်မြေ
ဧရာဝတီမြစ်ဆုံ စီမံကိန်း ရပ်နားထားရန် ကြေငြာရသော ဖြစ်စဉ်အရ ပြည်သူများရဲ့ ဆန္ဒကို ပညာရှင်များရဲ့ နည်းပညာဆိုင်ရာ အချက်အလက်များ ဖြင့် ပူးပေါင်းပြီး မီဒီယာမှ စုဆောင်းရရှိတဲ့ သတင်းများ အံထွက်လာတဲ့အပြင် ယခင်က ပြည်သူတို့ကို ချမပြဘဲ ဖုံးကွယ်ထားတဲ့ သတင်းများကို ပေါင်းစပ်ကာ ညီညွတ်စွာ ပိုင်ပိုင်နိုင်နိုင် ထောက်ပြနိုင်သောကြောင့်ရပ်ထားလိုက်တာဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန်အနေဖြင့် ဘေးကြပ်နံကြပ်ဖြစ်နေခဲ့ဟန်တူပါတယ်။ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပါကလည်း ကြံ့ဖွံ့ပါတီကိုမြစ်ဆုံရပ်ဆိုင်းရေး အတွက် ကန့်ကွက်မဲ ထည့်လိုက်လျှင် ပြည်သူလူထုရဲ့ ငြိုငြင်မှုကို ခံရပြီး ထောက်ခံမှု ကျဆင်းသွားမှာ သေချာပါတယ်။ တရုတ်အစိုးရရဲ့ ငြိုငြင်မှုကိုလည်း ကြိမ်းသေခံနေရပြီးဖြစ်သလို နိုင်ငံတကာရဲ့ စောင့်ကြည့်မှုလည်း ခံနေရပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အတိုင်း အဆင့်လိုက်မလုပ်တော့ဘဲ ဝိနည်းလွတ် လုပ်ကိုင်ဆောင်ရွက်သွားတာ တွေ့ရပါတယ်။
ဤအချက်သည် စုစည်းညီညွတ်စွာဖြင့် အချက်အလက် တိကျမှန်ကန်စွာ ထောက်ပြနိုင်ခြင်းရဲ့ အကျိုးနှင့် အခြေအနေမှန်ကို သုံးသပ်တတ်သော ခေါင်းဆောင်ကောင်းတို့ရဲ့ ဝေဖန် ပိုင်းခြား ကျိုးကြောင်း ဆင်ခြင်နိုင်စွမ်းကို ဖော်ပြခြင်းဟု ဆိုနိုင်ပါတယ်။ နောက်ကွယ်မှ အခြေအနေများ မည်သို့ပင် ရှိစေကာမူ လက်ရှိအနေအထားအရမူ ထိုသို့ပင် သုံးသပ်မိပါတယ်။
ထိုသို့ဆိုလျှင် တပ်မတော် အနေဖြင့်လည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် တရားဝင် ပြောင်းလဲခဲ့ပြီ ဖြစ်ပါတယ်။ ယခင်က နိုင်ငံရေးကို ဦးစားပေးခဲ့ရသော တပ်ချုပ်ဟာ
ယခုအခါ တပ်မတော်ရဲ့ အရေးအရာများကိုသာ တစိုက်မတ်မတ် လုပ်ဆောင်ဖွယ်ရာ ရှိပါတော့တယ်။ နိုင်ငံတော် သမ္မတပင် ယခင်အစိုးရ (ဗိုလ်ချုပ်မှူးကြီး သန်းရွှေ) က လုပ်ဆောင်စေခဲ့တဲ့ မြစ်ဆုံ စီမံကိန်းကို အခြေအနေ အကြောင်းတရားတို့ကို သုံးသပ်ကာ ရပ်ဆိုင်းရဲသော ခေတ်သစ် တစ်ခုသို့ ရောက်နေချိန်တွင်၊ လက်တန်း ဆောင်ရွက်ခဲ့သော ယခင်ဗိုလ်ချုပ်မှူးကြီးနှင့် ဗိုလ်ချုပ်ကြီးအချို့တို့ရဲ့ စည်းလွတ်ဝါးလွတ် နှုတ်မိန့်များ၊ မူဝါဒများကို ပြန်လည် သုံးသပ်ပြင်ဆင်ရန် အချိန်ကျရောက် နေပါပြီ။
ဥပမာပြရလျှင် သေချာစွာ သုံးသပ် စဉ်းစားခြင်း မပြုဘဲ ချမှတ်ထားတဲ့ အဆင့်တိုးမြှင့်ရေး မူဝါဒများကြောင့် တပ်မတော် တစ်ရပ်လုံးမှ အရာရှိ အများစုတွင် ဒုဗိုလ်မှူးကြီးနှင့် အောက်အရာရှိများတွင် အဆင့် တိုးမရနိုင်တော့သော အရာရှိ များစွာရှိနေပါတယ်။ ယခင်က ထိုအရာရှိများသည် နီးစပ်ပိုင်နိုင်ရာ အရပ်ဘက် ၀န်ကြီးဌာနများသို့ ပြောင်းရွှေ့ သွားနိုင်ကြသော်လည်း လက်ရှိကာလတွင် ထိုသို့ အရပ်ဘက် ပြောင်းရန်မှာ မဖြစ်နိုင်တော့ ဟုသိရပါတော့တယ်။ ထိုသို့သော အရာရှိများဟာ တပ်ထဲတွင် ဆက်လက်ရှိနေခြင်းဖြင့် ဇော်ကန့်လန့်များ ဖြစ်ကာ အုပ်ချုပ်သူများရော၊ ကာယကံရှင်များ အတွက်ပါ ပြဿနာများ ဖန်တီးနေသလို ဖြစ်နေမည်မှာ သေချာ လှပါတယ်။
ထိုသို့သော အခြေအနေများ အကြောင်းကို “မျက်ကန်းတစ္ဆေ မကြောက်” ဆောင်းပါးတွင် လေတပ်ထဲမှ ပကတိ အခြေအနေများ ရင်ဖွင့်ချက်အရ သိသာနိုင်ပါတယ်။ ထိုသို့သောသူများ အားလုံးဝ အငြိမ်းစား ပေးခြင်းသော်လည်းကောင်း၊ လုပ်ရည်ကိုင်ရည် ရှိသူများအား စိစစ်ရွေးချယ်ပြီး စစ်မှုထမ်းဟောင်း အဖွဲ့ကဲ့သို့သော အရန်အင်အားတွင် ထည့်သွင်း နေရာပေး အသုံးချခြင်း သော်လည်းကောင်း အသုံးပြုပါက အကျိုးရှိနိုင်မည် ဖြစ်ပါတယ်။
လက်သင့်ရာ စားတော်ခေါ်သော တံခါးမပွင့်တပွင့်ဖွင့်တဲ့ စီးပွါးရေး စနစ်မှာမကြာမီ ပျက်သုဉ်းတော့မည် ဖြစ်ရာ ဈေးကွက် စီးပွါးရေး စနစ်တကျ ကောင်းမွန်စွာ ဖွံ့ဖြိုးလာပြီးမှသာ တပ်မတော်ရဲ့ ဦးပိုင် စီးပွါးရေး လုပ်ငန်းကြီးများဟာ အရှုံးများ ပြလာတော့မည်ကို အချိန်မီ ပြင်ဆင်ရန် လိုအပ်ပါတယ်။
အပိုင်း (၂) ကို ဆက်လက်ဖော်ပြသွားပါမည်...
| < Prev |
|---|

