ပင်မနေရာ မူဝါဒ/ဥပဒေ ဖွဲ့စည်းပုံ ပျက်အစဉ်..ပြင်ခဏ - အပိုင်း (၂)

ပင်မနေရာ မူဝါဒ/ဥပဒေ ဖွဲ့စည်းပုံ ပျက်အစဉ်..ပြင်ခဏ - အပိုင်း (၂)

ပျက်အစဉ်..ပြင်ခဏ - အပိုင်း (၂)

Print PDF
User Rating: / 2
PoorBest 

ဆောင်းပါးရှင် - ဝေဟင်   ( အပိုင်း (၁) ကို ဒီနေရာ တွင်နှိပ်၍ ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါသည်....)

 

တပ်တွင်း စည်းလုံး ညီညွတ်ရေးထက် စည်းလုံးရေးကို ပျက်ပြားစေသော တပ်မတော် စည်းရုံးရေး ကော်မတီ (စည်း/ကော်) ဆိုင်ရာ မူဝါဒ အချို့အား ပြန်လည် သုံးသပ်ကာ ခေတ်စနစ်နှင့် ညီညွတ်စေရန် လိုအပ်ပါတယ် ။ စစ်သည် တစ်ဦးတည်းရဲ့ လစာနှင့် စရိတ်ဖြင့် မည်သို့မျှ မိသားစု စားဝတ်နေရေး မပြေလည်နိုင်သောကြောင့် မိသားစုဝင် ရဲမေအများစုမှာ ပြင်ပသို့ အလုပ်အကိုင် ထွက်လုပ် နေတတ်ကြရပြီး အချို့မှာ အစိုးရ ၀န်ထမ်း၊ အချို့မှာ ကုမဏီ ၀န်ထမ်းများ ဖြစ်နေရာ တပ်ရဲ့ လှုပ်ရှားမှုတိုင်းတွင် မဖြစ်မနေ ပါဝင်ရမည် ဟူသော မူဝါဒများသည် လက်ရှိ အချိန်အခါနှင့် ကိုက်ညီမှု မရှိနိုင်တော့သည်ကို တပ်ချုပ်ကြီး ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် အနေဖြင့် ပြန်လှန် သုံးသပ်သင့်သော အချိန်ဖြစ်ပါတယ်။

 

မရေမရာသော အနာဂတ်နှင့် လုပ်ငန်းသဘာဝအရ အဆင်မပြေသော ဆေးတပ်ဖွဲ့မှ Brother များရဲ့ အရေးကိုလည်း ပြန်လည် စဉ်းစားသင့် ပါတယ်။ စစ်မြေပြင်နှင့် လုပ်ငန်းခွင်တွင် မကျန်း မမာ အနာတရ ဖြစ်ခဲ့သော စစ်သည်များအတွက် ယခင်က စစ်သူနာပြု အရာရှိ အမျိုးသမီးများရဲ့ ကြင်နာ နွေးထွေးသော ကုသမှုများကသာ ပိုမိုသင့်တော်သည်ကို ပြန်လည် သုံးသပ် သင့်ပါတယ်။ စရိုက်ကြမ်းတဲ့ စစ်ဆင်ရေး နယ်စွန်နယ်ဖျားမှ ဒဏ်ရာရရှိပြီး ဆေးရုံတွင် ရောက်ရှိလာတဲ့ အချိန်တွင် ကြင်နာမှုနှင့် ကုသကြတဲ့ စစ်သူနာပြု အမျိုးသမီးများကြောင့် ရောဂါ ဒဏ်ရာ အမြန်ပျောက်ကင်း သွားပြီး စစ်ဆင်ရေးတာဝန် ပြန်လည် ထမ်းဆောင်ရတဲ့ ဖြစ်စဉ်များ ရှိပါတယ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင်

ပြင်ပတွင် ကားအိုကားဟောင်းများ လဲလှယ်ပေးပြီးနောက် သစ်လွင်သော အရပ်ကားတို့ ကြားဝယ် စုတ်ပြတ်နေတဲ့ စစ်ကားများအား အထက်ဌာနမှ တပ်မတော်သားများအတွက် မည်သို့ စဉ်းစား ထားသည်ကိုလည်း သိလိုလှပါတယ်။

 

အရပ်ဘက် အုပ်ချုပ်ရေးမှ နေရာ ယူသွားခြင်းကြောင့် ယခင်က ဂိတ်ဖွင့်ကာ တပ်တွင်း သက်သာချောင်ချိရေး ဆောင်ရွက်နိုင်ခဲ့သော အခြေအနေမှ ရုတ်လျော့ သွားကာ ဝေးလံသော ဒေသမှ အစစ စရိတ်ကြီးမြင့်သော တပ်အသီးသီးမှ စစ်သည် မိသားစုများအတွက် အပိုဆောင်း ထောက်ပံ့မှုများ စီမံသင့်သည်ကို ပွင့်ပွင့်လင်းလင်း ဆောင်ရွက်သင့်သော အချိန်လည်း ဖြစ်ပါတယ်။

 

IT ခေတ်တွင် သတင်း အချက်အလက်များဟာ အချိန်နှင့်အမျှ အတားအဆီး မရှိ ထွက်ပေါ် လာနိုင်သည် ဖြစ်သလို၊ အခြေအနေနှင့် အချိန်အခါအရ ပိတ်ဆို့ တားဆီးမှုတို့မှ
အတော်အသင့် လွတ်မြောက်နေသော ယနေ့ကာလတွင် တပ်မတော်ဆိုင်ရာ သတင်းများဟာ မီဒီယာ ကဏ္ဍပေါင်းစုံမှ ထွက်ပေါ်နေမည် ဖြစ်သည်ကို တပ်ချုပ်ကြီးမှ ဥပေက္ခာပြု မထားသင့်ပါ။


တင်ပြချက်များဟာ အမှန်အကန်များချည်းဟု မဆိုနိုင်သလို၊ စုံစမ်း တွေ့ရှိချက် အစီရင်ခံ စာတိုင်းသည်လည်း မမှန်ကန်နိုင်ပါ။ အကြောက်တရား၊ ဘက်လိုက်ခြင်း၊ ချစ်ခြင်း၊ မုန်းခြင်းစတဲ့ အဂတိတရား ကင်းစင်သော စုံစမ်းစစ်ဆေးမှု၊ သုံးသပ် အကြံပြုမှုများဖြင့် တပ်မတော် တစ်ရပ်လုံးမှ အခြေအနေ မှန်များကို ပကတိအတိုင်း သိမြင်ပါမှ အောက်ခြေမှ တပ်သားငယ်များရဲ့ အခြေ အနေမှန်ကို မြင်နိုင်ပါ လိမ့်မည်။


လေတပ်သားတို့ အတွက်မူ “စည်းလုံးခြင်း အင်အား” တွင် တင်ပြခဲ့သော ဆောင်းပါးများက လက်ရှိ အခြေအနေ မှန်များကို တတ်စွမ်းနိုင်သမျှ တင်ပြထားခဲ့ပြီး ဖြစ်ပါတယ်။ အလားတူ အချို့သော လူမှုရေး ၀က်ဆိုက်များတွင် တင်ပြထားတဲ့ အခြားတပ်ဖွဲ့များရဲ့ ရင်ဖွင့်သံများလည်း ရှိနေ ပါသေးတယ်။ ထိုသို့သော အချက်အလက်များကို တပ်မတော် (လေ) အနေဖြင့်မူ သီးခြား စောင့်ကြည့် Download လုပ်ကာ ကက (လေ) သို့ တင်ပြလျက် ရှိနေသည်ဟု သိရပါတယ်။


မြန်မာ့နိုင်ငံရေး အခြေအနေ ပြောင်းလဲနေချိန်တွင် တပ်မတော်အတွင်းမှ အခြေအနေ မှန်များကိုလည်း ထင်သာမြင်သာ ရှိမှုများနှင့်အတူ ပွင့်ပွင့်လင်းလင်း တင်ပြပြောင်းလဲ သင့်သော အချိန်သို့ ရောက်နေပြီကို လက်ရှိအကြီးအကဲများ သဘောပေါက် သင့်ပါတယ်။

 

လေတပ်မှ ဆောင်းပါးရှင် ညီနောင်များအနေဖြင့် အားမငယ်ဘဲ တိကျသော အချက်အလက်များ ပိုမိုရှာဖွေ တင်ပြ ရင်ဖွင့်ပေးကြပါဟု အားပေးလိုသလို၊ ယခုဆောင်းပါးကိုလည်း တပ်ချုပ်ကြီးထံ Print ထုတ်ပြီး တင်ပြပေးလိုက် ကြပါဟု တိုက်တွန်း လိုက်ရပါတယ်။

Last Updated ( Sunday, 09 October 2011 08:56 )  

နောက်ဆုံးရသတင်းများ