စာဖတ်ပရိသတ်များ ခင်ဗျား
“စည်းလုံးခြင်းရဲ့ အင်အား” ၀က်ဘ်ဆိုဒ်၏ ပင်တိုင် ဆောင်းပါးရှင် ABSDF မှာ အရေးပါတဲ့ တာဝန်များကို ထမ်းဆောင်ခဲ့တဲ့ ကိုကျော်ထင်က အရပ်ဘက် စစ်ဘက် ဆက်ဆံရေးနဲ့ ဒီမိုကရေစီ ဘာသာပြန် ဆောင်းပါးအား ဤ၀က်ဘ်ဆိုဒ်သို့ ပေးပို့လာပါတယ်။ ဘာသာပြန်သူ ကိုကျော်ထင်က ယခုလို မြန်မာ့နိုင်ငံရေး အရေးကြီးတဲ့ အချိန်အခါမှာ စာဖတ်သူများ လေ့လာ သုံးသပ်နိုင်ဖို့ မူရင်း စာအုပ်အမည် Civil-military relation and democracy အား စေတနာထား ကြိုးစားကာ ဘာသာပြန် ပေးပို့ထားတာမို့ အခန်းဆက် အပတ်စဉ် တင်ဆက်သွားပါမယ်။ ယခုလို ပေးပို့လာတဲ့ ဘာသာပြန်သူ ကိုကျော်ထင်အား ကျွန်တော် ကိုဖိုးတရုတ်မှ အထူး ကျေးဇူးတင်ရှိပါကြောင်း “စည်းလုံးခြင်းရဲ့ အင်အား” ၀က်ဘ်ဆိုဒ်မှာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ် ခင်ဗျား။
ဘာသာပြန်သူ၏ အမှာစာ
ကျနော့် အနေနဲ့ အရပ်ဘက် - စစ်ဘက် ဆက်ဆံရေးအား ဘာသာပြန် ဖြစ်နေခြင်းမှာ ကျနော်တို့ နိုင်ငံ၏ နိုင်ငံရေး ပြဿနာရပ်များကို ဖြေရှင်း ဆောင်ရွက်ရာ၌ တစ်ထောင့် တစ်နေရာမှ အကူ အညီ ဖြစ်စေလိုသည့် ရည်ရွယ်ချက်ဖြင့် ဘာသာပြန်နေ ခဲ့ခြင်း ဖြစ်ပါသည်။ နိုင်ငံရေးဟူသည် ပြည်သူ ပြည်သားတိုင်း ပါဝင်ရမည့် အရေးဖြစ်သော်လည်း တချို့ အရေးကြီးသော ပြဿနာ ရပ်များတွင် ပြည်သူကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း ကိုယ်စားပြုနေသော နိုင်ငံရေးခေါင်းဆောင်များ၊ နိုင်ငံရေး ပြဿနာရပ်ကို ဖြေရှင်းရေး အတွက် အဓိက နေရာများတွင် ပါဝင် နေသူများ၏ စဉ်းစား တွေးခေါ်မှုများ ဆုံးဖြတ်ချက်များသည် ထိုနိုင်ငံရေး ပြဿနာရပ် ပြေလည်သွားရေး အတွက် အထူးပင် အရေးကြီးလှ ပေသည်။ ထိုကဲ့သို့သော ခေါင်းဆောင်များ ကျနော်တို့ နိုင်ငံကဲ့သို့ ခံစားနေရသော နိုင်ငံရေး ပြဿနာရပ် များတွင် မည်ကဲ့သို့ ရင်ဆိုင်ဖြေရှင်း ကျော်လွှားသွားသည်ကို လေ့လာနိုင်ရန် ကျနော်တို့နိုင်ငံအတွက် ဆင်ခြင် စဉ်းစားနိုင်ရန် အတွက် တတ်စွမ်းသမျှ ဘာသာပြန်ဆို ဝေမျှကြည့် ခြင်းမျှသာ ဖြစ်ပါသည်။ ၄င်းတို့လုပ်သလို လုပ်ရမည် ဟူ၍လည်း မဆိုလို၊ စစ်ခေါင်းဆောင်တွေကို သွား၍ အလျှော့ပေးရမည် ဟူ၍လည်း မဆိုလိုပါ၊ ယူချင်ရင်လည်း ရသည်၊ ပယ်ချင်ရင်လည်းရသည်၊ သူတို့ သူတို့နိုင်ငံတွေ ကတော့ဖြင့် ဒီလိုဖြစ် သွားသည်။ ဒီလို ဆောင်ရွက် သွားကြသည်၊ ကျနော်တို့ ဆင်ခြင်စဉ်းစားရန် အတွက်သာဖြစ် ပါသည်။
ဤစာအုပ်က တင်ပြသည့် စစ်ဘက်ကို အရပ်ဘက်က စိတ်ရှည်လက်ရှည် စည်းရုံးနေရသည့် ကြားကာလဆိုင်ရာ ဖြတ်သန်းမှုများတွင် စစ်ဘက်ကို အရပ်ဘက်က မည်ရွေ့ မည်မျှ အထိတိုင်အောင် အလျှော့ပေးနေရသည် ဆိုသော်ငြားလည်း နောက်ဆုံး၌ စစ်ဘက်မှ နိုင်ငံရေးတွင် လုံးဝ မပါဝင် မပတ်သက် တော့သည့် အခြေအနေ အထိ ရောက်ရှိသွားရေးသည် ဤစာအုပ်၏ ရည်ရွယ်ချက် ဖြစ်သည်ကို ကျနော်တို့ ရေရှည်အမြင်ဖြင့် ရှုမျှော်ထားရမည် ဖြစ်သည်။ နည်းဗျူဟာပိုင်းတွင် အလျှော့ပေးကောင်း ပေးထားသော်လည်း မဟာဗျူဟာ မူဝါဒပိုင်းဆိုင်ရာ နောက်ဆုံး ရည်မှန်းချက်ပိုင်း ဆိုင်ရာတွင် အတိအကျ အရပ်ဘက် အုပ်ချုပ်ရေးအား ချမှတ်ထားသည်ကို ကျနော်တို့ အမြဲသတိရ နေရမည် ဖြစ်ပေသည်။ ဤစာအုပ် ဘာသာပြန် ထားသည့်အပေါ် ကျနော်၏ နိုင်ငံရေး ရပ်တည်ချက်အား တစုံတရာ မေးခွန်းထုတ်စရာ ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ ဒီလူ ဘာဖြစ်သွားပြီလည်းဟု၊ ကျနော်က ဘာကောင်မှ မဟုတ်တော့ မေးခွန်း ထုတ်ချင်စရာ ဖြစ်ကောင်းမှလည်း ဖြစ်ပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ ကျနော်တို့နိုင်ငံ ဒီမိုကရေစီ ရရှိရေး၊ အရပ်ဘက် အုပ်ချုပ်ရေးစနစ် ရေရှည်အမြစ်တွယ် သွားရေးအတွက် တစ်ထောင့်တစ်နေရာမှ အကျိုးပြုမည့် စာအုပ်တအုပ် ဖြစ်လိမ့်မည်ဟုတော့ မျှော်လင့်ယုံကြည်မိပါသည်။
စာအုပ်ဆို၍ မူရင်းစာအုပ်အား ရည်ရွယ်ရင်းသာ ဖြစ်ပါသည်။ ကျနော်ဘာသာပြန် နေသည်မှာလည်း မပြီးပြတ်သေးပါ။ ပြီးစီးသလောက် မျှဝေကြည့်နေခြင်းသာ ဖြစ်ပါသည်၊ အကယ်၍ ဤဘာသာပြန်ဆိုမှုတွင် မှားယွင်းချို့ယွင်းချက်များ ဖြစ်ပါက ကျနော်၏ တာဝန်သာ ဖြစ်ပါကြောင်း။ ကျော်ထင် (ဘာသာပြန်ဆိုသူ) ကျောင်းသား တပ်မတော်သားဟောင်း တစ်ဦး ကပ-၃၁၁၂ (မကဒတ တာဝန်တွင် တာဝန်ထမ်းခဲ့သည့် ကာလ- ၁၉၈၈ မှ ၂၀၀၁) မူရင်းစာအုပ်အမည်----Civil-military relation and democracy စာရေးသူများ--- စာရေးသူများမှာ အရေအတွက် အတော်များများ ပါဝင်ပြီး တည်းဖြတ်သူများမှာ Larry Diamond and Marc F.Plattner တို့ဖြစ်ပါသည်။
အရပ်ဘက် စစ်ဘက် ဆက်ဆံရေးနှင့် ဒီမိုကရေစီ - အပိုင်း (၁)
နိဒါန်း
၂ဝ ရာစု ကုန်ဆုံးခါနီးနှစ်များအား နိုင်ငံရေးကမ္ဘာကို အသွင်ပြောင်းစေခဲ့သော သမိုင်းဝင် ဖြစ်ပေါ်တိုးတက်မှုကြီး (၃) ခုက အမှတ်အသားပြုခဲ့ပါသည်။ ထိုအဖြစ်အပျက် (၃) ခုမှာ ဒီမို ကရေစီပြန့်ပွားလာခြင်း၊ ဆိုဗီယက် ကွန်မြူနစ်စနစ်ပြိုကျခြင်းနှင့် စစ်အေးတိုက်ပွဲ ပြီးဆုံးသွားခြင်းတို့ဖြစ်သည်။ ဤနီးကပ်စွာ ဆက်စပ်ပတ်သက်နေသော အဖြစ်အပျက်ကြီး (၃) ခုသည် နိုင်ငံတကာ ဆက်ဆံရေးပုံစံ အဟောင်းအား မှောက်လှန် ပြောင်းလဲပစ်ခဲ့ရုံမက နိုင်ငံ အတော်များများ၏ ပြည်တွင်းနိုင်ငံရေးအားလည်း ပြင်းပြနက်ရိုင်းစွာ ပြောင်းလဲပစ်ခဲ့သည်။ “နိုင်ငံရေးအရ အုပ်ချုပ်မှုနှင့် လက်နက်ကိုင် တပ်ဖွဲ့များ အကြား ဆက်ဆံရေး” နှင့် ပတ်သက်သည့်ကာလ ကြာရှည်တည်တံ့လာခဲ့ပြီဖြစ်သည့် မေးခွန်းသည် ပြန်လည် ဆန်းသစ်လာသည့် အရေးတကြီး အရေးယူ ဆောင်ရွက်ရန် လိုအပ်သောကိစ္စရပ် ဖြစ်လာခဲ့သည်။ ထို့အပြင် ဤမေးခွန်းသည် အသွင်သစ်ဖြင့်လည်း ထွက်ပေါ်လာခဲ့သည်။ ယင်းကဲ့သို့ ဖြစ်ခြင်း သည်လည်း အံ့သြစရာ မဟုတ်ချေ။ စစ်အေး ကာလအတွင်းက ကြီးကြီးမားမား သီးခြားစီ လမ်းကြောင်းကွဲပြားသော ပညာရှင် အုပ်စုကြီးနှစ်ခုသည် အရပ်ဘက် စစ်ဘက်ဆက်ဆံရေးကိစ္စရပ် အပေါ်မှာ အထူးပြု လေ့လာခဲ့ကြသည်။ ဘက်တဘက်တွင် နိုင်ငံတကာ လုံခြုံရေးကိစ္စရပ်အပေါ် လေ့လာသော ပညာရှင်များက အထူးသဖြင့် မဟာ အင်အားကြီး နှစ်နိုင်ငံ၏ နိုင်ငံခြားရေးနှင့် ကာကွယ်ရေး မူဝါဒ ပြုလုပ်ခြင်းအပေါ် စစ်ဘက်ဆိုင်ရာ အဆင့်မြင့် တာဝန်ရှိများ၏ သြဇာလွှမ်းမိုးမှုများနှင့် ပတ်သက်၍ လေ့လာခဲ့ကြသည်။ အခြား တဘက်တွင်တော့ ဖွံ့ဖြိုးဆဲနိုင်ငံများ (အထူးသဖြင့် ၄င်း၏ အစိတ်အပိုင်း အတော်များများတွင် စစ်အစိုးရများ အုပ်ချုပ်နေသည့် လက်တင် အမေရိက နိုင်ငံများ) မှ ကျောင်းသားများသည် အခြေခံအားဖြင့် သူတို့လေ့လာသောနိုင်ငံများ၏ ပြည်တွင်းရေးအပေါ် စိတ်ဝင်စားစွာ လေ့လာခဲ့ကြသည်။

philippines army
မကြာခဏ ဆိုသလိုပင် ထိုပညာရှင်များသည် သူတို့၏ လေ့လာမှုကို လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်မှု (Democratization) တို့နှင့် ဆက်စပ်ပတ်သက်၍ ဆန်းသစ်စေခဲ့သည်။ ထိုစာအုပ်၏ အဖွင့်ဆောင်းပါးကို ရေးသားခဲ့သော စာရေးဆရာ ဆင်မြူရယ်ပီဟန်တင်တန် (Samuel P. Huntington) သည် ထိုကွာဟချက်ကို တံတားထိုးပေးခဲ့သော ပညာရှင်များအထဲမှ တစ်ယောက်ဖြစ်သည်။ သို့သော် ယနေ့ကာလတွင် အထက်တွင်ဖေါ်ပြခဲ့သည့် အရှိန်အဟုန်နှင့် ဖွံ့ဖြိုးတိုးတက်ခဲ့မှုကြီး (၃) ခု၏ ရိုက်ခတ်မှုအောက်မှာ အောက်ပါထူးခြားချက်များ ဖြစ်ပွားလာခဲ့သည်။ ပထမဦးစွာ ကမ္ဘာကြီးအား ပထမ၊ ဒုတိယနှင့် တတိယကမ္ဘာဟူ၍ ခွဲခြမ်းစိတ်ဖြာသော တွေးခေါ်ပုံသည် ခေတ်မမှီတော့ဘဲ ဖြစ်လာသည်။ ဆိုဗီယက်ယူနီယံကြီး ပြိုကျ ပျက်စီးသွားမှုသည် မဟာအင်အားကြီး နိုင်ငံတစ်ခုသာမက ဒုတိယကမ္ဘာကြီးတစ်ခုလုံး ကွယ်ပျောက်သွားခြင်း ဖြစ်သည်။ တတိယ ကမ္ဘာ့နိုင်ငံများဟု ခေါ်ခဲ့ကြသော နိုင်ငံအတော်များများသည် အသစ်ထွက်ပေါ် လာသော ဒီမိုကရေစီနိုင်ငံများဟု ခေါင်းစဉ် ထိုးထားမှုအောက်မှာ လေ့လာရသည့်နိုင်ငံများ ဖြစ်လာသည်။ ထိုနိုင်ငံများသည် ကွန်မြူနစ်ခေတ်လွန် နိုင်ငံအမျိုးအစားများ အဖြစ်လည်း အကျူံးဝင်လျက်ရှိပေသည်။ ဤကွဲအက်လွယ်သော စည်းလုံးညီညွတ်မှု လျော့နည်းလျက် ရှိသည့် ဒီမိုကရေစီ လမ်းကြောင်းပေါ် စတင် လျှောက်လှမ်းစနိုင်ငံများတွင် အရပ်ဘက် အုပ်ချုပ်ရေး (Civilian Rule) ၏ ဆက်လက်ရှင်သန်မှုနှင့် ထိရောက်စွာ ကျင့်သုံးနိုင်မှုကို တချိန်ချိန်တွင် အမှန်တကယ် ဒုက္ခပေးနိုင်စွမ်းသော ခြိမ်းခြောက်မှု အဖြစ် စစ်ဘက်သည် ရပ်တည် ကိုယ်စားပြုလျက် ရှိနေပေသည်။ ထိုကြောင့် အရပ်ဘက် စစ်ဘက်ဆက်ဆံရေး (Civil-Military Relations) ဆိုင်ရာ မေးခွန်းသည် ဒီမို ကရက်တစ်ခေါင်းဆောင်များအတွက် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးရမည့် ခေါင်းစဉ်အဖြစ် လည်းကောင်း၊ နိုင်ငံရေး သိပ္ပံပညာရှင်များ၏ ပညာရပ်ဆိုင်ရာ ခေါင်းစဉ်အဖြစ် လည်းကောင်း မြင့်မြင့်မားမား နေရာ ယူလာပါသည်။
တချိန်တည်းမှာပင် စစ်အေးတိုက်ပွဲ ပြီးဆုံးသွားခြင်းသည် လက်နက်ကိုင်တပ်ဖွဲ့များ၏ အခန်းကဏ္ဍ၊ ရည်မှန်းချက်၊ ဖွဲ့စည်းပုံနှင့် လုပ်ဆောင်ရမည့် လုပ်ငန်း ဆောင်တာများ အပေါ် တကမ္ဘာလုံး အတိုင်းအတာဆောင်စွာ ပြန်လည် တွေးခေါ်စဉ်းစားမှုတခုကို ပြုလုပ်ရန် မဖြစ်မနေ လုပ်ဆောင်စေခဲ့ပေသည်။ ဖြစ်လာ နိုင်စွမ်းသော အရှေ့၊ အနောက် ပဋိပက္ခ အခြေခံပေါ်တွင် ကြည့်သည့် အမြင်ဖြင့် ဖွဲ့စည်းပုံဖေါ်ထားသော စစ်ဘက်ဆိုင်ရာ ဖွဲ့စည်းမှုနှင့် လုပ်နည်းကိုင်နည်း တို့အား ရွေ့လျှားပြောင်းလဲနေသော မသေချာသော နိုင်ငံတကာဆိုင်ရာ ပတ်ဝန်းကျင်နှင့် လိုက်ဖက်စေရန်အတွက် ပြန်လည်စည်းရုံး ဖွဲ့စည်းကြရပေမည်။ ဤနိုင်ငံတကာဆိုင်ရာ ပတ်ဝန်းကျင်တွင် အဆိုပါ နိုင်ငံများအနေဖြင့် သူတို့ရင်ဆိုင်နေရသည့် အဖြစ်လာနိုင်ဆုံးသော ပြင်ပခြိမ်းခြောက်မှုများကို ရုပ်လုံးဖေါ် အဓိပ္ပါယ်ဖွင့် (Identify) ရန် ခက်ခဲလျက်ရှိသည်။ ဆိုဗီယက်ယူနီယံပြိုကျမှုသည် အစိုးရများကို ခြိမ်းခြောက်သည့် စစ်တပ်ဖွဲ့များကို သိမ်းပိုက် ပိုင်ဆိုင် ထားသည့် လက်ဝဲသူပုန်အများစုကို တုန်လှုပ် ချောက်ချား ဖွယ်ကောင်းလောက်အောင်ကို နိုင်ငံအတော်များများတွင် အင်အားချိနဲ့ သွားစေခဲ့သည်။ အထူးသဖြင့် လက်တင်အမေရိကတွင်ဖြစ်သည်။ စစ်မှုထမ်းအရေအတွက်နှင့် စစ်အသုံးစရိတ် လျှော့ချမှုသို့ ဦးတည်သည့် နားလည် သဘောပေါက်နိုင်သော ကမ္ဘာလုံးဆိုင်ရာ လမ်းကြောင်းတစ်ခုရှိ လာခဲ့သည်။
သို့သော် ယင်းသည် စစ်ဘက်ဆိုင်ရာ ထူထောင်မှုများကို သဘာဝကျစွာပင် သက်တောင့်သက်သာ မရှိအောင် ချန်ထားပစ်ခဲ့ပြန်ပါသည်။ စစ်ဘက်တို့၏ အရင်းအမြစ်များကို လျှော့ချခြင်းသည် သူတို့အား နိုင်ငံရေးအရ စည်းကမ်းထိန်းချုပ်ရန် မလွယ်ကူမှုဆီသို့ ဦးတည် တိမ်းစောင်း သွားစေသည်သာမက ခေတ်သစ်နှင့် လိုက်လျောညီထွေရှိစေမည့် တာဝန်များကို အသွင်ပြောင်း တာဝန်ထမ်းဆောင်ခြင်းကို ပြုလုပ်ရာတွင်လည်း အခက်အခဲ ဖြစ်သွားစေသည်။ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးကို အသွင်ပြောင်းစေခဲ့သည့် သော့ချက်ကျသည့် အချက်အလက်များသည် ကမ္ဘာလုံး အတိုင်းအတာ ဆောင်လာသော်လည်း ယင်းကို အကောင်အထည်ဖေါ်ရာတွင် ကျင့်သုံးသည့် နည်းလမ်းများသည် တဒေသနှင့်တဒေသ ကြီးကြီးမားမားကို ကွဲပြား ခြားနားလျက် ရှိနေပေသည်။
ဒေသတစ်ခု အတွင်းမှာပင် နိုင်ငံတစ်ခုနှင့်တစ်ခု မတူညီကြပေ။ ထိုကြောင့် ယင်းအရေးကိစ္စနှင့် ပတ်သက်၍ ညီလာခံ ကျင်းပရန်အတွက် ဤစာအုပ်တွင် စုစည်းဖေါ်ပြထားသော အက်ဆေးများကို ပထမဦးစွာ ပြင်ဆင်ခဲ့ရသည်။ ယင်းညီလာခံ ကျင်းပရန်အတွက် စည်းရုံးပြင်ဆင်ရာတွင် ယေဘူယျ ကျသော အကဲဖြတ်မှု အနည်းငယ်မျှသာနှင့် ဒေသအတိအကျ နိုင်ငံအတိအကျတို့၏ အရပ်ဘက် - စစ်ဘက် ဆက်ဆံရေးဆိုင်ရာ ပြုမူပုံ၊ ဆက်ဆံဆောင်ရွက်ပုံ အတော်များများကို ထည့်သွင်းရန် ရှာဖွေခဲ့ကြသည်။ တချိန်တည်းမှာပင် နိုင်ငံအတော်များများမှ ပါဝင်သူများ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နိုင်ကြရန် ဆုံးဖြတ်ခဲ့ကြသည်။ ထိုကြောင့် ဤစာအုပ်တွင် (ဥ)ရူဂွေး၊ ဖိလစ်ပိုင်၊ တောင်အာဖရိက၊ ပိုလန်၊ ရုရှနှင့် အမေရိကန်ပြည်ထောင်စုတို့မှ စာရေးဆရာများ၏ ရေးသားတင်ပြမှုများကို ထည့်သွင်းထားပါသည်။ ထို့အပြင် ဤညီလာခံသည် အာဂျင်တီးနား၊ နိုက်ဂျီးရီးယားနှင့် ဟန်ဂေရီတို့မှ ဝေဖန်သုံးသပ်သူ ရှုထောင့်အမြင်များဖြင့်လည်း အကျိုးကျေးဇူးများ ရရှိခဲ့ပါသည်။ ဤစာအုပ်ကို အခန်းတစ်ခုစီတွင် အက်ဆေး (၃) ပုဒ်စီ ပါဝင်သော အခန်း (၃) ခန်းအဖြစ် ခွဲခြားထားပါသည်။ နိုင်ငံရေး သိပ္ပံပညာရှင် ဂျိုးဆက်အက်စ်နိုင်းဂျူနီယာ (Joseph S.Nye. Jr) ၏ နိဂုံးချုပ် စကားလည်း ပါဝင်ပါသည်။
ဤနိဂုံးချုပ်စကားသည် သူ့အနေဖြင့် နိုင်ငံတကာ လုံခြုံရေးရာနှင့် ပတ်သက်သော အမေရိကန် ကာကွယ်ရေးဌာနအတွက် လက်ထောက် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ်တွင် ညီလာခံ၌ မိန့်ကြားခဲ့သော မိန့်ခွန်း အပေါ်တွင် အခြေခံထားခြင်းဖြစ်သည်။ အဖွင့်အခန်းဖြစ်သည့် “ခေတ်သစ်ကာလ အရပ်ဘက် - စစ်ဘက် ဆက်ဆံရေး” က စစ်သားနှင့် အရပ်သားတို့၏ ဆက်ဆံရေးကို အသွင်ပြောင်း စေလျက် ရှိသည့် ကျယ်ပြန့်သော တကမ္ဘာလုံး လက္ခဏာဆောင်သည့် လမ်းကြောင်းကို ကြည့်ပါသည်။ ညီလာခံ၏ အဓိက ပြောဆိုတင်ပြသူ တစ်ဦးဖြစ်သူ ဆယ်မြူရယ်လ်ပီဟန်တင်တန်သည် လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခု ကျော်ကျော်ကစ၍ ဖြစ်ပေါ်လာခဲ့သည့် ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်မှုကြောင့် အစိုးရများနှင့် လက်နက်ကိုင်တပ်ဖွဲ့များနှင့် ပတ်သက်၍ ပြဿနာအဖြစ် စဉ်းစားရန် ဖြစ်လာစေခဲ့သော စိန်ခေါ်မှု အသစ်များအပေါ် အာရုံစူးစိုက် လေ့လာ ပြောဆိုခဲ့ပါသည်။ ၄င်းနောက်တွင် မိုက်ကယ်စီဒက်ခ်ျနှင့် လူးဝစ်စီဒဗလျူဂွတ်ဒ်မဲန်တို့ တင်ပြခဲ့သော အက်ဆေး ၂ ပုဒ် လည်းပါရှိပါသည်။ ထိုအက်ဆေး ၂ ပုဒ်သည် စစ်တပ်၏ အခန်းကဏ္ဍနှင့် ဖွဲ့စည်းမှု၊ ရည်ရွယ်ချက်၊ လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ သော့ချက်ကျသော မေးခွန်းများအပေါ် စူးစိုက်ဖေါ်ပြထားပါသည်။ ဒက်စ်ခ်ျက အမေရိကန်ပြည်ထောင်စုနှင့် ရုရှားတွင် ဖွံ့ဖြိုးတိုးတက်မှုများအပေါ် အာရုံစိုက် ဖေါ်ပြထားပြီး ဂွတ်ဒ်မဲန်က အမေရိကန် ပြည်ထောင်စုနှင့် နှိုင်းယှဉ်လျက် လက်တင်အမေရိကနိုင်ငံများတွင် ဖြစ်ပျက်ခဲ့မှုာများအပေါ် အာရုံစိုက် လေ့လာ ထားပါသည်။
ဒုတိယ အခန်းမှာ လက်တင်အမေရိက၊ အာရှနှင့် အာဖရိကနိုင်ငံများကို ဦးတည် ရေးသားထားသော အက်ဆေးများဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံများအကြာင်းကို အလေးအနက်ပြု ဖေါ်ပြထားသည်။ ထိုစာရေးဆရာ ၃ ဦး စလုံးသည် ထိုဒေသများ၏ အသွင်လက္ခဏာာများကို အမှတ်အသားပြုသည့် ကြီးမားသော ကွဲပြား ခြားနားမှုများကို ထက်မြက်စူးရှစွာ ထွင်းဖေါက် တွေးခေါ်သိမြင်သူများ ဖြစ်ကြသည်။ ဂျူအန်ရီရယ် (Juan Rial) က မက္ကဆီကို၊ ဗဟိုအမေရိကနှင့် ကာရစ်ဘီရံ နိုင်ငံများ၊ တောင်အမေရိကနိုင်ငံများတွင် လုပ်ဆောင် အောင်မြင်မှု ရရှိခဲ့သော အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး၏ ထူးခြားသောပုံစံများကို ရေးသားဖေါ်ပြခဲ့သည်။ အာရှဒီမိုကရေစီ နိုင်ငံများကို ပုံသွင်းဖြစ်ပေါ်စေခဲ့သော အလွန်ကွဲပြားခြားနားသည့် ဓလေ့ထုံးတမ်းများနှင့် စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှု အဆင့် အသီးသီးတို့ကို ထည့်သွင်းစဉ်းစားရန် ဂရုဓမ္မထားသည့် ကာရိုလိုင်းနားဂျီဟာနန်ဒက်ဇ် (Carolina G. Hernandez) က အလွန် စိတ်ဝင်စားဘွယ်ကောင်းသည့် သူမ၏ နိုင်ငံ ဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံကိစ္စအား ပို၍ ပြည့်စုံ ကျယ်ပြန့်သော အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးပုံစံဖြင့် ဖေါ်ထုတ်တင်ပြခဲ့သည်။
ဂျက်ကီစင်လီယားစ် (Jakkie Cilliers) က ဆာဟာရအာဖရိက နိုင်ငံငယ်များမှ ယေဘူယျ အခြေအနေအကြောင်းကို သာမက တောင်အာဖရိကတွင် အစိုးရ အသစ်နှင့် အသစ်ပြန်လည် တည်ဆောက်သော လက်နက်ကိုင်တပ်ဖွဲ့များနှင့် ပတ်သက်၍ လက်ရှိရင်ဆိုင်နေရသော အထူးစိန်ခေါ်မှုများအကြောင်း အသေးစိတ် အကဲဖြတ် စီစစ် သုံးသပ်မှုများကိုလည်း ရေးသား ဖေါ်ပြထားပါသည်။ ကွန်မြူနစ်ခေတ်လွန်ကမ္ဘာ ကိစ္စနှင့်ပတ်သက်၍ တင်ပြထားသည့် တတိယအခန်းသည် ဆိုဗီယက်ယူနီယံ အဟောင်းတွင်ဖြစ်ပွားသော အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး အသွင်ပြောင်းမှု၏ အလွန် ထူးခြားသော အခြေအနေ အတိုင်းအတာများကို ရောင်ပြန် ဟပ်ပြသည့် ကွဲပြားခြားနားသော ကိစ္စ ၃ ရပ်ကို တင်ပြခဲ့သည်။ သူကိုယ်တိုင် သူ့နိုင်ငံ၏ စစ်တပ် ပြုပြင်ပြောင်းလဲမှုတွင် ကာကွယ်ရေးဝန်ကြီးအဖြစ် လည်းကောင်း၊ လွှတ်တော် အမတ်တာဝန် အဖြစ်နှင့် လည်းကောင်း သော့ချက်ကျသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သူ ဂျဲနာ့ဇ်အိုနီစကီဝစ်ဇ် (Janusz Onyskiewicz) က အရှေ့ဥရောပ နိုင်ငံများအနက်မှ တစ်နိုင်ငံ ဖြစ်သည့် ပိုလန်နိုင်ငံကိစ္စအား အလေးအနက်ပြု ဖေါ်ပြခဲ့သည်။ အရှေ့ ဥရောပနိုင်ငံများသည် သူတို့၏ လက်နက်ကိုင် တပ်ဖွဲ့များ၏ မော်စကိုအပေါ် သစ္စာရှိမှုအား ပြန်လည်သုံးသပ်၍ ရပ်တည်ချက်အသစ်ကို ပြောင်းလဲ ခဲ့ရသည်။
ထို့အပြင် ထိုလက်နက်ကိုင် တပ်ဖွဲ့များအား ဒီမိုကရက်တစ် အရပ်ဘက်ထိန်းချုပ်မှု အောက်သို့ ရောက်ရှိအောင် ကြိုးပမ်းခဲ့ရသည်။ နောက်ပိုင်းတွင် လီလီယာရှက်ဗ်တ်စိုဗာ (Lilia Shevtsova) သည် ၄င်းအင်ပါယာနှင့် မဟာအင်အားကြီးနိုင်ငံ အဆင့်အတန်းအဖြစ် ဆုံးရှုံးမှုကို ညှိနှိုင်းယူမည့် ရုရှား စစ်တပ်၏ အတော် အသွင်မတူသော ပြဿနာများ အကြောင်းကို ရေးသားခဲ့သည်။ ရုရှစစ်တပ်သည် မသေချာ စိတ်မချရသေးသော ဒီမိုကရေစီ ပတ်ဝန်းကျင်တွင် ဆက်လက် ရှင်သန်နိုင်ရန်အတွက် မည်သို့ လိုက်လျောညီထွေ ဖြစ်အောင် အသွင် ပြောင်းယူရမည်ကို လေ့လာနေစဉ်တွင် ထိုအခြေအနေများကို တွေ့ကြုံခဲ့ရခြင်းဖြစ်သည်။ နောက်ဆုံးတွင်မူ ချားလ်စ် အိတ်ခ်ျဖဲယား ဘဲစ်ဂျေအာရ် (Charles H.Fairbanks. Jr) က အားလုံးထဲမှ အခြေခံအကျဆုံး ပြောင်းလဲခဲ့သော အခြေအနေများကို ကြည့်မြင်ခဲ့သည်။ အားလုံးဆိုသောနိုင်ငံများတွင် ဆိုဗီယက်ယူနီယံနှင့် ယူဂိုစလားဗီးယား ဖက်ဒရေးရှင်းတို့ ပြိုကွဲမကနေ ထွက်ပေါ်လာသော နိုင်ငံအသစ်များ၊ အသိအမှတ်ပြု မခံရသေးသော နိုင်ငံငယ်များ ပါဝင်ပေသည်။ ထိုနိုင်ငံများတွင် မကြာခဏ ဆိုသလိုပင် အမြဲတန်း စစ်တပ်ပုံစံမျိုးဖြင့် ဖွဲ့စည်းထားခြင်းမရှိသည့် စစ်တပ်ဖွဲ့များအပေါ် အရပ်ဘက် ထိန်းချုပ်မှုနှင့်ဆင်တူသော ထိန်းချုပ်မှု ဆိုင်ရာ အလေ့အကျင့်များ လျော့နည်းနေပါသည်။ အားလုံးကို စုစည်း လိုက်မည် ဆိုလျှင် ထိုစာအုပ်တွင် စုစည်းဖေါ်ပြထားသော အက်ဆေးများသည် စစ်အေးလွန် ကမ္ဘာကြီးတွင် ဒီမိုကရေစီအစိုးရနှင့် သူတို့၏ လက်နက်ကိုင် တပ်ဖွဲ့များ အကြားရှိ ဆက်ဆံရေးကို ဝိုင်းရံ နေသောစိန်ခေါ်မှုများစွာကို တင်ပြထားပေသည်။
ထိုစိန်ခေါ်မှုများသည် ပုံသေ မဟုတ်ဘဲ အပြောင်းအလဲများနှင့် တည်ရှိနေပေသည်။ ခေတ်သစ်ကာလတွင် တည်ရှိနေသော အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး အဖွင့်အက်ဆေးတွင် ဆယ်မြူရယ်ဟန်တင်တန်က တတိယလှိုင်း ဒီမိုကရေစီ နိုင်ငံများသည် အရပ်ဘက် စစ်ဘက် ဆက်ဆံရေးကို သူတို့တွင် ရှိနေသည့် သူတို့ရင်ဆိုင်နေရသော ပြဿနာများထက် ကောင်းမွန်အောင် ကိုင်တွယ်ခဲ့ပြီး ဖြစ်သည်ဟု အားလုံးကိုခြုံ၍ အခိုင်အမာ ပြောဆိုခဲ့သည်။ ထို့အပြင် ထိုနိုင်ငံများတွင် ရှိနေသော အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးသည် ယေဘူယျအားဖြင့် ပြောရမည်ဆိုလျှင် အရင်က ရှိခဲ့သော အာဏာပိုင်ဝါဒ ကျင့်သုံးခဲ့သော အစိုးရများအောက်တွင် ရှိခဲ့သည့် အနေအထားထက် ပို၍ကောင်းမွန်သော ပုံစံဖြင့် ရှိနေကြပေသည်။ သို့သော် ရုရှားမှာမူ အရေးကြီးသော ခြွင်းချက်တစ်ခုဖြစ်သည်။ အရပ်သားတို့သည် နိုင်ငံရေးအရ အဆင့်မြင့်တာဝန်များ ယူထားသော စစ်ဘက်အရာရှိများ နေရာတွင် အစားထိုး နေရာယူခဲ့ကြသည်။ အထူးစစ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အား ဖျက်သိမ်းခဲ့ပြီးဖြစ်သည်။ စစ်ဘက်ဆိုင်ရာ အခွင့်ထူးခံများ၏ နိုင်ငံရေးအရ ပါဝင်မှုအပေါ် ကန့်သတ်ချက်များ စည်းကြပ်ခဲ့ပြီး ဖြစ်သည်။
ထို့အပြင် အရပ်သားတို့ဖြင့် လည်ပတ်သော ကာကွယ်ရေးဌာနများ ကဲ့သို့သော ဖွဲ့စည်းပုံဆိုင်ရာ အပြောင်းအလဲများက ရွေးချယ်တင်မြှောက်ခံရသော အရပ်ဘက် အရာရှိများအောက်တွင် စစ်ဘက်၏ လက်အောက်ခံဖြစ်မှုကို သေချာစေခဲ့သည်။ စစ်ဘက်ဆိုင်ရာ ပညာရှင်ပီသမှုဝါဒ (Military Professionalism) အပေါ် ကြီးစွာသော အာရုံ စူးစိုက်မှုကိုထားရှိခဲ့ကြသည်။ ထိုစစ်ဘက်ဆိုင်ရာ ပညာရှင်ပီသမှုဝါဒအား စစ်တက္ကသိုလ် ဗိုလ်သင်တန်းကျောင်းများ၊ စစ်သင်တန်းကျောင်းများတွင် အတွေးအခေါ်များ သွတ်သွင်း၍ သော်လည်းကောင်း၊ စစ်ဘက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ အတိုင်း ပုံစံတကျဖြစ်အောင် ပုံသွင်း၍သော်လည်းကောင်း၊ လက်နက်ကိုင် တပ်ဖွဲ့များ အနေဖြင့် ယခင်က ၄င်းတို့ ဆောင်ရွက်ခဲ့ဖူးသော ပြည်တွင်း လုံခြုံရေး ကဏ္ဍတွင် များစွာပါဝင်ခြင်းများ၊ စီးပွားရေးလုပ်ငန်း ဆောင်တာများတွင် ပါဝင်ခြင်းများကို ယုံကြည်သိမြင်မှုအရကို စွန့်လွှတ်ရန် သော်လည်းကောင်း ပြုလုပ်ခြင်းများဖြင့် ဖြစ်ပေါ်ရရှိစေပါသည်။ ဟန်တင်တန်သည် အရပ်ဘက် စစ်ဘက်ဆက်ဆံရေးတွင် ပြုပြင်ပြောင်းလဲခြင်း၏ အောင်မြင်မှုကို ဂုဏ်အင်္ဂါ ၃ ချက်ဖြင့် တင်ပြခဲ့သည်။
ပထမအချက် အနေဖြင့် စစ်ဘက်ဆိုင်ရာ ပညာရှင်ပီသမှုဝါဒနှင့် အရပ်သား ထိန်းချုပ်မှုအား ကမ္ဘာတဝှမ်းလုံးတွင် တိုးတက်လက်ခံ လာလျက်ရှိခြင်းဖြစ်ပြီး၊ ယင်းအရာသည် အမေရိကန်ပြည်ထောင်စုမှ ပေးနေသော သင်တန်းများ၏ သက်ရောက်မှုကြောင့်ဟု လုံးဝဥဿုံ မပြောနိုင်သည့်တိုင် တစိတ်တပိုင်း ကြောင့်တော့ဖြစ်သည်ဟု ပြောနိုင်ပါသည်။ ဒုတိယအချက်မှာ နိုင်ငံရေးနှင့် စစ်ဘက်ရေးရာ ထိပ်ပိုင်းခေါင်းဆောင်များက အရပ်ဘက် စစ်ဘက်နှစ်ခုစလုံးကို အကျိုးဖြစ်ထွန်းစေသော “ဓမ္မဓိဌာန်ကျသော အရပ်ဘက် ထိန်းချုပ်မှု” ဟု ဟန်တင်တန်က ခေါ်သည့်အဖွဲ့အစည်း ပုံစံကျပြုမူလုပ်ဆောင်ရေး (Institutionalization) အား အသိအမှတ်ပြုလာကြခြင်းပင်ဖြစ်သည်။ နိုင်ငံ့အာဏာကို ယူထားခြင်းအားဖြင့် များစွာသော စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေး ပြဿနာများတွင် အဖြေရှာမရသည့် အတွေ့အကြုံရှိခဲ့ကြသော စစ်ဘက်အရာရှိများသည် စစ်တပ်က နိုင်ငံရေးတွင် ပါဝင်ရန် တောင်းဆိုမှုသည် စစ်တပ်၏ သူတို့ကိုယ်တိုင်ပိုင်ဆိုင်သော စည်းလုံးညီညွှတ်မှု၊ စွမ်းဆောင်ရည်ထက်မြက်မှုနှင့် စည်းကမ်းရှိမှုတို့အား တဖြည်းဖြည်းချင်း လှိုက်စား အားနည်း သွားစေသည် ဆိုသည်ကို နားလည်လာကြပြီ ဖြစ်သည်။ နိုင်ငံရေးသမားများ အနေဖြင့်မူ သူတို့၏အပိုင်းမှ ရှုမြင်ကြည့်လျှင် စစ်ဘက်တို့က ပါတီ သို့မဟုတ် အုပ်စု တစ်ခုခုအတွက် ဝေဖန်ပိုင်းခြားမှု မရှိသော ယုံကြည်မှုဖြင့် ဆင်နွှဲသော နိုင်ငံရေးတိုက်ပွဲများ အတွင်းသို့ စစ်ဘက်တို့အား ခေါ်ဆောင်လာရခြင်းအတွက် ပေးဆပ်ရမှုသည် အလွန်တန်ဘိုးကြီးသည်ဟု ရှုမြင်ကြပေသည်။ နောက်ဆုံး အနေဖြင့် ပြောရလျှင်မူ အရပ်ဘက်-စစ်ဘက်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုသည် ကျယ်ပြန့်သော အကျိုးကျေးဇူးများစွာကို ဖြစ်ထွန်းသီးပွင့် စေခဲ့ပါသည်။
အဆိုပါ အကျိုးအမြတ်များတွင် စစ်ဘက်ဆိုင်ရာ ဘတ်ဂျက်အသုံးစရိတ် လှေျ့ာ့ချခြင်း၊ လူအင်အားလိုအပ်ချက် လျှော့ချခြင်း၊ လူ့အခွင့်အရေး ချိုးဖေါက်မှုများကို တတ်နိုင်သမျှ လျှော့ချပစ်ခြင်း၊ စစ်ဘက်က လည်ပတ်မောင်းနှင်နေသော စီးပွားရေးလုပ်ငန်းများကို အရပ်သားများ လက်သို့ လွှဲပြောင်းပေးခြင်းတို့ ပါဝင်ပါသည်။ ယင်းသို့သော လုပ်ဆောင်ချက်များသည် လူ့အဖွဲ့အစည်းကြီး တစ်ခုလုံးမှ ကြိုက်နှစ်သက်သော လုပ်ဆောင်ချက်များ ဖြစ်ကြပေသည်။ သို့သော်ငြားလည်း စိမ်ခေါ်မှုပေါင်းများစွာ ဆက်လက် ကျန်ရှိနေပါသေးသည်။ ထိုစိမ်ခေါ်မှုများထဲတွင် စစ်ဘက်အာဏာသိမ်းမှု ဖြစ်တန်ချေများကို လျှော့ချခြင်း၊ တိုက်ရိုက်အုပ်ချုပ်ရေးမှ ဆုတ်ခွာသွားသော်လည်း လက်နက်ကိုင်တပ်ဖွဲ့များ၏ အခန်းကဏ္ဍနှင့် ရည်မှန်းချက်၊ လုပ်ဆောင်ချက် ဖွဲ့စည်းပုံ (Missions) အသစ်များကို ကြိုးစား ရှေ့တန်းတင်လာပြန်သော အားကောင်းသည့် စစ်တပ်များ၏ ကျန်ရှိနေသေးသော နိုင်ငံရေးတွင် သြဇာသက်ရောက်မှုများကို တတ်နိုင်သမျှ တိုအောင် လျှော့ချပစ်ခြင်း၊ လူ့အဖွဲ့အစည်းမှ စစ်တပ်၏ ဖဲ့ထွက်အထီးကျန်နေမှုအား လျှော့ချပစ်ခြင်းတို့ ပါဝင်ပါသည်။ ဟန်တင်တန်က ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်မှုဖြစ်စဉ် (Democratization) အတွက် လိုအပ်သော အခြေအနေများကို ဖန်တီးပေးခဲ့သည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် အနာဂါတ်တွင် ဖြစ်နိုင်သော စစ်ဘက်အာဏာသိမ်းမှုများ၏ ဖြစ်တန်ချေများကိုလည်း လျှော့ချပစ်နိုင်ခဲ့သည်ဆိုသည်။
ဒီမိုကရေစီ ဖြစ်ထွန်းတိုးတက်မှု တတိယလှိုင်း ကာလအတွင်း စစ်ဘက်အာဏာသိမ်းမှုများသည် အသစ်ဖြစ်ထွန်းလာသော ဒီမိုကရေစီနိုင်ငံသစ်များအား ဆန့်ကျင်၍ ဖြစ်ပေါ်ရန် ကြိုးးပမ်းခဲ့သေးသည်ဟု ဆိုသည်။ သိသာလောက်သော ခြွင်းချက်များအဖြစ် ထိုသို့သော အာဏာသိမ်းမှုများသည် နိုက်ဂျီးရီးယား၊ ဟေတီ နှင့် ဆူဒန်ကဲ့သို့သော နိုင်ငံများတွင် ဖြစ်ပွားခဲ့သည်မှလွဲ၍ ယေဘူယျအားဖြင့် ရှူံးနိမ့်ခဲ့သည်ဟု ဆိုနိုင်ပေသည်။ အမှန်အားဖြင့်ဆိုရလျှင် အချက်အလက်များက အာဏာသိမ်းရန် ကြိုးပမ်းမှု၊ အာဏာသိမ်းမှု အောင်မြင်မှုတို့၏ အနိမ့်အမြင့် အဆင့်များကို တစ်မျိုးသားလုံး အသားတင် ထုတ်လုပ်မှု (ဝင်ငွေ) ဖြင့် နှိုင်းယှဉ်အဓိပ္ပါယ် ဖွင့်နိုင်ပါသည်။ တစ်မျိုးသား အသားတင် ထုတ်လုပ်မှု (ဝင်ငွေ) ဒေါ်လာ (၁ဝဝဝ) ကျော်ရှိသောနိုင်ငံများတွင် အောင်မြင်သော အာဏာသိမ်းမှုကို မတွေ့ကြုံခဲ့ရဖူးပေ။
တစ်မျိုးသားလုံး အသားတင်ထုတ်လုပ်မှု (ဝင်ငွေ) ဒေါ်လာ (၃ဝဝဝ) ကျော်ရှိသော နိုင်ငံများတွင်မူ မအောင်မြင်သော အာဏာသိမ်းရန် ကြိုးပမ်းမှုမျိုးကိုပင် မတွေ့ကြုံခဲ့ရဖူးပါ။ အောင်မြင်သော အာဏာသိမ်းမှုများသည် တစ်မျိုးသားလုံး အသား တင်ထုတ်လုပ်မှု(ဝင်ငွေ) ဒေါ်လာ (၁ဝဝဝ) အောက်ရှိသော နိုင်ငံများတွင်သာ ဖြစ်ပေါ်ခဲ့ပါသည်။ စစ်ဘက်တို့သည် သူတို့၏ စိတ်ဆန္ဒအလိုအရပင် နိုင်ငံအာဏာ ရယူထားခြင်းမှ လက်လျှော့ခဲ့သော နိုင်ငံများဖြစ်သည့် ဘရာဇီး၊ ချီလီ၊ နီကာရာဂွာ၊ တူရကီ နှင့်တောင်ကိုးရီးယား နိုင်ငံများတွင်ပင် ဖြစ်ပေါ်နေသော နိုင်ငံရေးမြင်ကွင်းများ၏ နောက်ကွယ်တွင် အတော်အတန် ကြီးမားဆဲဖြစ်သော သြဇာသက်ရောက်မှုများကို ကျင့်သုံးနေဆဲ ဖြစ်သည်။ သို့ပင်ဖြစ်ငြားသော်လည်း အရပ်သား အစိုးရများသည်လည်း စစ်ဘက်ဆိုင်ရာ ဘဏ္ဍာရေး လျာထားချက်များ (ဘတ်ဂျက်)၊ စစ်အရာရှိများနှင့် စစ်တပ်ဖွဲ့စည်းပုံ စသည်တို့နှင့် စစ်ဘက်တို့က ကာလကြာရှည်စွာ ဆုပ်ကိုင်ထားခဲ့သော အခွင့်ထူးများကို ချုံ့ပစ်ခြင်း စသည့်ကိစ္စများတွင်၎င်း (အရပ်သား အစိုးရများ) တို့၏ ထိန်းချုပ်မှုများနှင့် ပတ်သက်၍ တရားဝင်ခိုင်မာစွာ ရပ်ခံပြောဆိုမှုများကို အတော်အတန် ကြီးမားစွာ ပြုလုပ်လာနိုင်ခဲ့ကြသည်။ စစ်တပ်က နိုင်ငံရေးမှ ဆုတ်ခွာသွားရေးအတွက် အခြေခံဖြစ်သည့် လွတ်ငြိမ်းချမ်းသာခွင့် သဘောတူညီချက်များကို ပြန်လည်ရေးသားရန် လူထု၏ အတော်အတန်ကြီးမားသော ဖိအားများအောက်တွင် အစိုးရများက ရောက်ရှိနေရစဉ်တွင် လက်နက်ကိုင်တပ်ဖွဲ့များ၏ အတိတ်က လူ့အခွင့်အရေး ချိုးဖေါက်မှုများကို ကိုင်တွယ်ရေးသည် သဘောတူညီမှုသို့ ရောက်ရှိရန် ခက်ခဲသောအရာတစ်ခု (sticking point) အဖြစ် ဆက်လက်ကျန်ရှိ နေသေးဆဲဖြစ်သည်။ စစ်အေးတိုက်ပွဲအဆုံးနှင့် ၄င်းနှင့်တပြိုင်တည်း ဒွန်တွဲဖြစ်ပွားသော ဒီမိုကရေစီဖြစ်ထွန်းရေး ဖြစ်စဉ် ပြန့်ပွားလာခြင်းတို့က ကမ္ဘာတဝှမ်းလုံးမှ နိုင်ငံများစွာတို့တွင် ပြည်ပရန် ခြိမ်းခြောက်မှုအန္တရာယ်များ လျော့နည်းကျဆင်း သွားသည်ဟု အဓိပ္ပါယ်သက်ရောက်စေ ပါသည်။ ထိုကြောင့် ဒီမိုကရေစီနိုင်ငံအသစ်များနှင့် နိုင်ငံအဟောင်းများ နှစ်မျိုးစလုံးက စစ်တပ်အဖွဲ့များ ဖွဲ့စည်းထူထောင်ထားမှု၏ မစ်ရှင်(Mission) ဟု ဆိုနိုင်သော ရည်ရွယ်ချက်၊ ဖွဲ့စည်းပုံ၊ အခန်းကဏ္ဍ စသည်တို့အား ပြန်လည်အဓိပ္ပါယ်ကို ဖွင့်ဆိုသတ်မှတ်ခြင်းကို ပြုလုပ်လာကြသည်။ ယင်းက ပိုငယ်သော ဒီမိုကရေစီနိုင်ငံအသစ်များအား ပြဿနာ ဖြစ်လာစေခဲ့သည်။
အထူးသဖြင့် စစ်တပ်က ပြည်တွင်းရော ပြည်ပနှစ်ခုစလုံးနှင့် သက်ဆိုင်သည့် လုံခြုံရေးအတွက် အချိန်အတော်ကြာကြာ အဓိက အခန်းကဏ္ဍမှ တာဝန်ယူခဲ့ကြသည့် နိုင်ငံများတွင် ဖြစ်ပေသည်။ ဟန်တင်တန်က နိုင်ငံတကာငြိမ်းချမ်းရေး ထိန်းသိမ်းခြင်းသည် ယင်းနိုင်ငံများက တပ်မတော်များအတွက် ဆက်လက်ရှင်သန် ရပ်တည်နိုင်သော တခြား နည်းလမ်း တစ်ရပ်ဖြစ်သည်ဟု အကြံပြုပါသည်။ အဘယ်ကြောင့်ဆိုသော် ယင်းနိုင်ငံတကာ ငြိမ်းချမ်းရေး ထိန်းသိမ်းခြင်းသည် အစဉ်အလာဖြစ်သော စစ်ဆင်တိုက်ပွဲဝင်မှု အခန်းကဏ္ဍနှင့် နီးစပ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်သော နိုင်ငံတကာဆက်ဆံရေးတို့ အထောက်အကူပြုခြင်း စသည့်နှစ်ခုစလုံးကို ဖြစ်စေသောကြောင့် ဖြစ်ပါသည်။ မူးယစ်ဆေးဝါးကုန်ကူးမှုနှင့် တခြားသော ရာဇဝတ်မှုများကို နှိမ်နှင်းခြင်း၊ ပြည်တွင်း မငြိမ်သက်မှုများကို နှိမ်နှင်းခြင်းတို့သည် စစ်ဘက်ဆိုင်ရာ ပညာရှင်ပီသမှုဝါဒအား အင်အားချိနဲ့စေသည့် အန္တရာယ်ရှိသော်ငြားလည်း ထိုစစ်တပ်ဖွဲ့များအတွက် တခြားသော ဖြစ်နိုင်ချေရှိသည့် ရပ်တည် လုပ်ဆောင်နိုင်ဖွယ်ရာများ ဖြစ်ပါသည်။ နောက်ဆုံးတွင် ဟန်တင်တန်က ရှိသမျှအင်းအား အရင်းအမြစ်အားလုံးကို အစွမ်းကုန် အသုံးပြုနိုင်သမျှအား ထုတ်လုပ်ဆောင်နိုင်သမျှ အစွမ်းကုန် အသုံးပြုအားထုတ် လုပ်ဆောင်ရသော အလုံးစုံစစ်ပွဲ (all-out war) များ၏ ဖြစ်နိုင်ချေ လျော့နည်းလာမှုနှင့်အတူ နည်းပညာအသစ်များ ပျံ့နှံ့လာမှု၊ ဖွံ့ဖြိုးတိုးတက်လာမှုများက စစ်ထဲမဝင်မနေရ စနစ်ဖြင့် တပ်သားသစ် စုဆောင်းသော ကြီးမားသော အမြဲတန်း စစ်တပ်ဖွဲ့များ၏ လိုအပ်ချက်ကို လျှော့ချ ပစ်လိုက်သည်ဟု ဆိုပါသည်။ ဤဖြစ်ပေါ်တိုးတက်မှု၏ ဘေးထွက် အနှုတ်လက္ခဏာဆောင်မှု တစ်ခုမှာ ပြင်သစ် တော်လှန်ရေးအား ပြန်ပြောင်းသတိရစေသည့် “နိုင်ငံသားနှင့်စစ်သား၊ ပြည်သူနှင့်စစ်တပ် စသည်တို့အကြား တည်ရှိနေသော နီးစပ်သော အဓိပ္ပါယ်ဖေါ်မှု” အား အားနည်းလှိုက် သွားစေခြင်းပင်ဖြစ်သည်။ ထိုကြောင့် “နိုင်ငံသား စစ်တပ်” (“citizen army”) ဟူသည့် အတွေးအခေါ်သို့ ဦးတည်လုပ်ဆောင်နေသော လပ်ရှားမှုသည် စစ်တပ်နှင့် လူ့အဖွဲ့အစည်း အကြားရှိ အဆက်အစပ်ကို ပြန်လည်စဉ်းစား တွေးခေါ်မှုပြုရန် လိုအပ်လျက်ရှိပေသည် ဟု ဟန်တင်တန်က ဆက်လက် ပြောဆိုခဲ့ပါသည်။
ဟန်တင်တန်က နိဂုံးချုပ်ပြောကြားသည်မှာ အရပ်ဘက်စစ်ဘက် ဆက်ဆံရေးနယ်ပယ်ရှိ အနာဂါတ်ဖြစ်ပေါ် တိုးတက်မှုများသည် ဒီမိုကရေစီနိုင်ငံသစ်များ၏ အရပ်သား ခေါင်းဆောင်မှုအပိုင်းမှ ပြုမူဆောင်ရွက်မှုများအပေါ် ကြီးစွာ တည်မှီနေလိမ့်မည်ဟူ၍ ဖြစ်ပေသည်။ ဒီမိုကရေစီဆိုင်ရာ အဖွဲ့အစည်းများ ခေါင်းဆောင်များက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် တရားဥပဒေစိုးမိုးရေး တည်ငြိမ်ရေးတို့ကို တိုးမြင့်ရန် မစွမ်းဆောင်နိုင်သည့် နိုင်ငံများတွင် အကြီးမားဆုံး ပြဿနာများကို တွေ့မြင်ရလိမ့်မည်ဖြစ်သည်။ ထိုနိုင်ငံများတွင် အရပ်သား နိုင်ငံရေးသမားများသည် သူတို့၏ ကိုယ်ပိုင်နိုင်ငံရေး ရည်မှန်းချက်များကို ရှေ့ဆက် အကောင်အထည်ဖေါ် ဆောင်ရွက်ရန်အတွက် နည်းလမ်းများ ရှာဖွေရာတွင် စစ်တပ်ကို အသုံးပြုရန် ဖြားယောင်း သွေးဆောင် ခံရနိုင်ဖွယ် ရှိပါသည်။ မိုက်ကယ်စီဒက်ခ်ျနှင့် လူ့ဝစ်ဒဗလျူဂွတ်ဒ်မဲန်တို့ ရေးသားခဲ့ကြသော နောက်ထပ် အက်ဆေးနှစ်ပုဒ်သည် စစ်ဘက်ဆိုင်ရာ ဖွဲ့စည်းပုံ၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန် (Mission) နှင့် ယင်းစစ်ဘက်ဆိုင်ရာမစ်ရှင်က အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးကို မည်ကဲ့သို့ သက်ရောက်စေပုံ စသည့် နှစ်ခုစလုံးနှင့် ပတ်သက်သော အဓိကကျသည့် မေးခွန်းများအပေါ် စူးစိုက်လေ့လာ ဖေါ်ပြထားပါသည်။ ဒက်ခ်ျ၏ အဆိုအရ စစ်ဘက်ဆိုင်ရာ မစ်ရှင်ကိုလည်း လက်နက်ကိုင် တပ်ဖွဲ့များက တာဝန်ထမ်းဆောင်မည့် သော့ချက်ကျသည့် တာဝန်များသည် ပြည်တွင်း၌လား၊ ပြည်ပ၌လား။ ဒါကဘာကို ဆိုလိုသလဲဆိုတော့၊ ထိုလက်နက်ကိုင် တပ်ဖွဲ့များသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံအကြား အချင်းများ ဖြစ်ပွားတတ်သော စစ်ပွဲများနှင့် ပတ်သက်သည့် တိုက်ခိုက်ခြင်း ကိုသာ အခြေခံအားဖြင့် အလေးထား ဆောင်ရွက်ရမည်လား၊ သို့တည်းမဟုတ် နိုင်ငံ တည်ဆောက်ရေး၊ ပြည်တွင်းလုံခြုံမှု၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ လူသားချင်း စာနာ ထောက်ထားရေးဆိုင်ရာ ကူညီစောင့်ရှောက်မှု၊ လူမှုရေးဆိုင်ရာ သက်သာချောင်ချိရေး လုပ်ငန်းများ စသည်တို့ ကဲ့သို့သော ပြည်တွင်းရေးရာများအထိ တိုးချဲ့ဆောင်ရွက်ရမည်လား ဆိုသည်တို့ကို ကွဲကွဲပြားပြား ခွဲခြားသိမြင် ထားနိုင်ရမည်ဟု ဆိုသည်။
နိုင်ငံတစ်နိုင်ငံ အနေဖြင့် ၄င်းရင်ဆိုင်နေရသော ခြိမ်းခြောက်မှုဆိုင်ရာ ရုပ်ပတ်ဝန်းကျင် အခြေအနေများက စစ်ဘက်ဆိုင်ရာမစ်ရှင် မည်ကဲ့သို့ ရှိရမည်ဆိုသည်ကို အဆုံးအဖြတ် ပြုရာတွင် ကြီးမားစွာ သက်ရောက်လေ့ရှိပါသည်။ သို့သော်ငြားလည်း ကြီးမားသော ပြည်တွင်းခြိမ်းခြောက်မှု သို့မဟုတ် ပြည်ပခြိမ်းခြောက်မှု တစ်ခုခုမရှိလျှင် ဖြစ်စေ၊ နှစ်ခုစလုံး ရှိနေလျှင်ဖြစ်စေ တိုင်းပြည်၏ စစ်ဘက်ဆိုင်ရာ လမ်းညွှန်မူဝါဒများ (Military Doctrine) အတွင်း၌ ထည့်သွင်းလေ့ရှိသော အမျိုးသားလုံခြုံရေးနှင့် ပတ်သက်၍ ဖြစ်ပေါ်နေသော အချိန်ကာလ၊ အခြေအနေတို့နှင့် တပြေးညီ တည်ရှိနေသော အယူအဆများသည် စစ်ဘက်ဆိုင်ရာ မစ်ရှင်ကို မည်ကဲ့သို့ ပုံဖေါ်မည်ဟူသည့် အဆုံးအဖြတ်ပြုခြင်း အပိုင်းတွင် အဓိက သရုပ်ဆောင်အဖြစ် ပါဝင်ကပြလျက် ရှိပါသည်ဟု ဒက်ခ်ျက ဆက်လက် ရေးသား ထားပါသည်။ ဒက်စ်ခ်ျက ကျိုးကြောင်းပြ တင်ပြထားသည်မှာ အားကောင်းမောင်းသန် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးကို ရှင်းလင်းပြတ်သားသော ပြည်ပအန္တရယ် ခြိမ်းခြောက်မှုအား ထိပ်တိုက် ရင်ဆိုင်နေရသော နိုင်ငံများတွင် ပို၌တွေ့ရစရာ အလားအလာ ရှိသည်ဟု ဆိုပါသည်။ ထိုကဲ့သို့သော ကိစ္စမျိုးများတွင် အရပ်သား အာဏာပိုင်များသည် ဂိုဏ်းဂဏစွဲလည်း နည်းပါးလေ့ရှိကာ စစ်ဘက်နှင့်ပတ်သက်၍ ဓမ္မဓိဌာန်ကျသော ထိန်းချုပ်ရေး ယန္တရား စနစ်များကို ချမှတ်သုံးစွဲ နိုင်လေ့ရှိပါသည်။ စစ်ဘက်သည်လည်း ၄င်း၏တာဝန် ဖြစ်သည့် ပြည်ပ အန္တရာယ် ကာကွယ်ရေးအပေါ်တွင်သာ အလေးထား ဆောင်ရွက်ပြီး ပြည်သူများအား စည်းရုံးလှုံ့ဆော်ခြင်း၊ ရုပ်ဝတ္ထုအရင်းအမြစ်များ ရရှိအောင်ကြိုးပမ်းခြင်း တို့တွင် ထောက်ခံမှု ရရှိရန်အတွက် အရပ်သား ခေါင်းဆောင်မှု အပေါ်တွင် မှီခိုအားကိုးရလေ့ ရှိပါသည်။ အရပ်သား ခေါင်းဆောင်များကလည်း စစ်ပွဲနှင့်ဆက်နွယ်သော ဆုံးဖြတ်ချက်များ ချမှတ်ခြင်းကဏ္ဍတွင် စစ်ဘက်၏ အတော်အတန် ကြီးမားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့် သဘောရှိသည့် ဆုံးဖြတ်ပိုင်ခွင့်များကို စစ်ဘက်တို့ထံမှ နိုင်ငံရေးအရ သစ္စာရှိမှုကို အတုံ့အပြန် သဘောအနေဖြင့် ပြန်လည်ရရှိစေရန် အာမခံ ထားလေ့ရှိပါသည်။
စစ်အေးကာလအတွင်းက အမေရိကန်ပြည်ထောင်စုနှင့် ဆိုဗီယက်ယူနီယံတို့သည် ဤသို့သော အရပ်ဘက် စစ်ဘက် ဆက်ဆံရေးပုံစံအား အထင်အရှား ပြဆိုသည့် သာဓကနိုင်ငံများ ဖြစ်ပါသည်။ ဆန့်ကျင်ဘက် အနေဖြင့်မူ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး အဆိုးရွားဆုံး အခြေအနေများကိုမူ ပြည်တွင်းခြိမ်းခြောက်မှု အန္တရယ် ကြီးကြီးမားမား ရင်ဆိုင်ရသော နိုင်ငံများတွင် ယေဘူယျအားဖြင့် တွေ့ရသည်ဟု ဆိုပါသည်၊ ထိုနိုင်ငံများတွင် အရပ်သား အာဏာရှိသူများသည် ဂိုဏ်းဂဏများ ကွဲပြားနေလေ့ရှိကာ ပြည်တွင်းနိုင်ငံရေး အငြင်းပွားမှုကို ဖြေရှင်းရာတွင် စစ်ဘက်တို့ကို ခေါ်သွင်းလာရန် မကြာခဏ ဆိုသလိုပင် ဖြားယောင်းသွေးဆောင် ခံရလေ့ရှိပါသည်။ နောက်ဆုံးရလာဒ်ကတော့ စစ်အာဏာသိမ်းမှု ဖြစ်ပွားခြင်းနှင့် စစ်အုပ်ချုပ်ရေး ကာလတိုးချဲ့လာခြင်းတို့ ပင်ဖြစ်သည်ကို အာဂျင်တီးနား၊ ဘရာဇီးနှင့် ချီလီနိုင်ငံများတွင် ၁၉၆ဝ ခုလွန်နှစ်များနှင့် ၁၉၇ဝ ခုလွန်နှစ်များတွင် ယင်းကဲ့သို့ ဖြစ်ပွားခဲ့သည်ကို ကြည့်ခြင်းအားဖြင့် သိသာနိုင်ပေသည်။ နောက်ဆုံးအနေဖြင့် ပြောရလျှင်မူ နိုင်ငံတစ်နိုင်ငံသည် ပြည်ပနှင့်ပြည်တွင်း ခြိမ်းခြောက်မှု အန္တရာယ် နှစ်မျိုးစလုံးကို ရင်ဆိုင်လာရသောအခါ အမျိုးသားလုံခြုံရေးနှင့် ပတ်သက်၍ တည်ရှိနေသော အယူအဆများသည် တိုင်းပြည်၏ စစ်ဘက်ဆိုင်ရာ မူဝါဒများကို တိုက်ရိုက်သြဇာ သက်ရောက်စေသည် သာမက အကျိုးဆက်အနေဖြင့် အရပ်ဘက် စစ်ဘက် ဆက်ဆံရေး၏ သဘာဝတို့ကိုပါ သြဇာသက်ရောက်မှု ဖြစ်ပေါ်စေပေသည်။ နောက်ပိုင်းတွင် ဗီယက်နမ်စစ်ပွဲ၌ ပြင်သစ်တို့၏ ရှူံးနိမ့်မှုများ ဖြစ်လာခဲ့ခြင်း မတိုင်မီ ၁၉၅ဝ ခုလွန်နှစ်များနှင့်၊ ၁၉၆ဝခုလွန် အစောပိုင်း နှစ်များအတွင်းက ပြင်သစ်နိုင်ငံကိစ္စတွင် စစ်ဘက် ဆိုင်ရာ မဟာဗျူဟာ သမားများက စစ်အေးတိုက်ပွဲသည် အရှေ့နှင့် အနောက်တို့၏ လက်နက်ကိုင် တပ်ဖွဲ့များ အကြားက တိုက်ပွဲတစ်ပွဲအဖြစ် သာမက အရပ်သားပြည်သူများ၏ အသည်းနှလုံးနှင့် စိတ်ဓါတ်ရေးရာအတွက် အယူအဆရေးရာ၊ နိုင်ငံရေးရာ၊ စီးပွားရေးရာအရ ရုန်းကန်လှုပ်ရှား တိုက်ပွဲဝင်ရသည့် လှုပ်ရှားမှုတစ်ရပ် အနေဖြင့် မြင်ခဲ့ကြသည်။
တော်လှန်ရေးစစ်ပွဲ တစ်ရပ်၏ အယူအဆနှင့်မူများက စစ်ဘက်ဆိုင်ရာ မစ်ရှင်အား ပြည်ပ ခြိမ်းခြောက်မှု ဆိုင်ရာနှင့် သမားရိုးကျ စစ်ပွဲများတွင် တိုက်ခိုက်ခြင်းအတွက် လိုအပ်သောပုံစံမှ သမားရိုးကျ မဟုတ်သော တန်ပြန်တော်လှန်ရေး ဆိုင်ရာ စစ်ပွဲများအတွက် လိုအပ်သော ပုံစံအဖြစ်သို့ ပြောင်းလဲပစ်ခဲ့ပါသည်။ ဗိုလ်ချုပ်ကြီး ချားလ်စ်ဒီဂေါလ်(Charles de Gaulle) ၏ အားကောင်းမောင်းသန် ခေါင်းဆောင်မှုဖြင့် အယ်လ်ဂျီးရီးယားပဋိပက္ခ၏ ရွှံ့ ညွန်အတွင်းတွင် ငြိတွယ်နေသော ပြင်သစ်နိုင်ငံအား လွတ်မြောက်စေပြီး နောက်မှသာ ပြင်သစ်နိုင်ငံသည် ၄င်း၏စစ်ဘက်အား ပြင်ပဆိုင်ရာ ကာကွယ်မှုနှင့် ပတ်သက်၍ တဖန်ပြန်လည် စူးစိုက် လုပ်ဆောင်လာနိုင်ခဲ့ပါသည်။ စစ်အေးလွန်ကာလ (Post Cold War) ၏ လုံခြုံရေးဆိုင်ရာ ပတ်ဝန်းကျင် အခြေအနေ အပြောင်းအလဲက အမေရိကန်ပြည်ထောင်စုနှင့် ဆိုဗီယက်ပြည်ထောင်စုတို့ နှစ်နိုင်ငံစလုံး နှစ်ရှည်ကြာ ကျင့်သုံးလာခဲ့သော ကျန်းမာသန်စွမ်းသည့် အရပ်ဘက် စစ်ဘက်ဆက်ဆံရေးကို ဒုက္ခရောက်သွားစေခဲ့သည်။ နှစ်နိုင်ငံစလုံးတွင် စစ်ဘက်ဆိုင်ရာတို့အား အပြင်ဘက်သို့သာ မျက်နှာမူ စူးစိုက်လုပ်ဆောင်ရန် အခြေအနေ ဖန်တီးပေးခဲ့သော ပြည်ပခြိမ်းခြောက်မှုများသည် တချိန်တည်းတွင် ဖယ်ရှားခြင်း ခံလိုက်ရပါသည်။ ထိုအချိန်သည် လူထု၏ ဖိအားပေးမှုနှင့် ဘဏ္ဍာရေးဆိုင်ရာ အတင်းအကျပ် လုပ်ဆောင် စေမှုများကြောင့် အစိုးရဆိုင်ရာ အဖွဲ့အစည်းများသည် တိုးတက် ဖြစ်ပေါ် လာနေသော ဖိအားများအောက် ရောက်ရှိနေသော အချိန်အခါလည်း ဖြစ်နေပေသည်။ အမေရိကန် ပြည်ထောင်စုနှင့် ဆိုဗီယက်ယူနီယံ နှစ်နိုင်ငံစလုံးရှိ အရပ်သား အာဏာပိုင်များက ယခင်က သာမန်အားဖြင့် စစ်ဘက်တို့ကသာ ကိုင်တွယ်လာခဲ့သော နယ်ပယ် အဝန်းအဝိုင်းများဆီသို့ စတင်ဝင်ရောက် စွက်ဖက်လာကြ၍ စစ်ဘက်တို့ကလည်း နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို စိန်ခေါ်လိုမှုများ တိုးတက်ဖြစ်ပေါ်လာပုံ ပေါက်လာပါသည်။
အတိအကျ ပြောရလျှင် အရပ်ဘက်စစ်ဘက် တင်းမာမှုများသည် ဝေဖန်ပိုင်းခြားမှု မရှိသော ယုံကြည်မှုဖြင့် ဆင်နွှဲသော နိုင်ငံရေးတိုက်ပွဲများ အတွင်းသို့ စစ်ဘက်တို့အား အညံ့ခံခြင်း မရှိစေပဲ ဆွဲသွင်းခဲ့သော ရုရှားနိုင်ငံတွင် အသံစတင် ထွက်လာခဲ့သည်။ ထိုအကြောင်း ပြောဆိုလာကြသည်။ ဒက်စ်ခ်ျက ထောက်ခံပြောကြားသည်မှာ အမေရိကန် ပြည်ထောင်စုနှင့် ရုရှားနိုင်ငံတို့မှ အရပ်သားအာဏာ ရှိသူများသည် စစ်ဘက်၏ အာရုံအား ပြည်ပနှင့်ဆိုင်သော တိုက်ပွဲနှင့် ဆက်စပ်သည့် (external combat-related) လုပ်ဆောင်မှုများ အပေါ်တွင် ပြန်လည် စူးစိုက် လုပ်ဆောင်စေရန် ဆုံးဖြတ်ချက်ရှိရှိ လုပ်ကိုင်လာကြသည်။ ထိုအချင်းအရာက မည်သည့်အဓိပ္ပါယ်ကို ဖေါ်ပြသနည်းဆိုသော် စစ်ဘက်ဆိုင်ရာ ပညာရှင်ပီသမူဝါဒနှင့် ပတ်သက်သော အခြေအနေများကို တိုးမြှင့်စေခြင်း ဖြစ်သည်သာမက ပြည်တွင်းရေးရာရဲနှင့် ပတ်သက်သည့်လုပ်ငန်းများ၊ အကြမ်းဖက်မှု တန်ပြန်စစ်ဆင်ရေး၊ အရပ်သား သက်သာချောင်ချိရေး လုပ်ငန်းများ စသည်တို့ ကဲ့သို့သော စစ်ဘက်နှင့် မသက်ဆိုင်သည့် မစ်ရှင်များကို ရှောင်ကြဉ်ခြင်း စသည်တို့ကို တိုးတက် စေခြင်းလည်း မည်ပေသည်။ သို့သော်ငြားလည်း စစ်အေးတိုက်ပွဲ အဆုံးသတ်မှုသည် နိုင်ငံတကာပဋိပက္ခများ သို့မဟုတ် ၎င်း၏ အခြေခံအကျဆုံး အလုပ် (မစ်ရှင်) ဖြစ်သည့် စစ်ပွဲများအတွင်း တိုက်ခိုက်ခြင်း ဆိုသည့်အလုပ်၊ ဆက်လက် ကျန်ရှိနေသေးသည့် စစ်တပ်တစ်တပ်အား လိုအပ်ချက်၊ စသည်တို့ကို လုံးဝ ပပျောက်သွားအောင် ဖျောက်ဖျက်မပစ်ခဲ့သေးကြောင်း အထက်ပါ အချက်က ဆက်လက်သတိပေးထားခဲ့သည်။ ဂွတ်ဒ်မဲန်က ဒက်စ်ခ်ျ နှင့်သဘောတူသည့်အချက်မှာ စစ်ဘက်၏အဓိကကျသော မစ်ရှင်သည် ပြည်ပရန်ခြိမ်းခြောက်မှု အန္တရာယ်မှ ကာကွယ်ခြင်းအား ပြည်သူတို့အတွက် အလုပ်အကျွေးပြု ဆောင်ရွက်ပေးရန်ဖြစ်ပြီး ထိုခြိမ်းခြောက်မှုအတွက် တိုက်ပွဲဝင်ရန် အဆင်သင့် အနေအထားကို ပြင်ဆင်ထားရန် စစ်ဘက်က မိမိကိုယ်မိမိ ပြန်သခြင်း၊မွမ်းမံခြင်း ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ရာတွင် မည်သည့်အရာကမျှ ဝင်ရောက် စွက်ဖက်ခြင်းအား ခွင့်မပြုသင့်ဟူသော အယူအဆပင် ဖြစ်သည်။
သို့သော်ငြားလည်း သူကဝန်ခံ ပြောကြားသည်မှာ သမိုင်းအရကြည့်လျှင် ကမ္ဘာပေါ်ရှိ စစ်တပ်များအနက် စစ်တပ်အတော်များများသည် ကပ်ဘေးဒုက္ခများမှ ကယ်ဆယ်ခြင်း၊ ပြည်တွင်းလုံခြုံရေး၊ ပုလိပ်လုပ်ငန်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုသက်သာ ချောင်ချိရေး စသည်တို့ ပါဝင်သော တိုက်ပွဲနှင့် မသက်ဆိုင်သည့် အခန်းကဏ္ဍများမှ တာဝန်များကိုလည်း ထမ်းဆောင်ခဲ့သည် ဟူ၍ဖြစ်ပေသည်။ အမေရိကန်ပြည်ထောင်စု ကဲ့သို့သော အချို့ သော နိုင်ငံများတွင်မူ ဤကဲ့သို့ စစ်ပွဲမဟုတ်သည့် လုပ်ငန်းတာဝန်များတွင် စစ်တပ်က ပါဝင် ထမ်းဆောင်ခဲ့ခြင်းများသည် စစ်တပ်က နိုင်ငံရေးတွင် ပါဝင်စွက်ဖက်ခြင်းကို သော်လည်းကောင်း၊ တိုင်းပြည်၏ ပြည်ပကျူးကျော်မှုများကို ဆန့်ကျင် ကာကွယ်သည့် စစ်တပ်၏ အရည်အသွေးများ လျော့နည်းသွားစေခြင်းကို သော်လည်းကောင်း မဖြစ်ပွားစေခဲ့ပေ။ သို့သော်ငြားလည်း စစ်အေးတိုက်ပွဲပြီးဆုံးပြီး ဒီမိုကရေစီ ပျံ့နှံ့လာသည့် ယခုအချိန်အခါတွင် လုံခြုံရေးအရ ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းဆောင်တာများ လျော့နည်းလာသောကြောင့် နိုင်ငံများစွာတို့သည် သူတို့၏ စစ်တပ်ဖွဲ့များ ထူထောင်ထားရှိမှုအတွက် တခြားသော မစ်ရှင် (အထူးသဖြင့် လုပ်ငန်း) များကို ရှာဖွေရန် ရွေးချယ်စရာ အနည်းငယ်သာ ကျန်ရှိလာနေပေသည်။ အတိအကျအားဖြင့်ဆိုလျှင် လက်တင်အမေရိကနိုင်ငံများက စစ်တပ်ဖွဲ့များသည် ပြည်ပနှင့် ပတ်သက်သော တိုက်ပွဲများတွင် တိုက်ခိုက်ခြင်းဆိုသည်ကို ကျော်လွန်သည့် လုပ်ငန်း မစ်ရှင်များကို တိုးချဲ့ လုပ်ဆောင်သည့် ပင်ကိုယ်စရိုက် သဘာဝ တိမ်းညွတ် မရှိကြောင်း ၎င်း၏ လုပ်ဆောင်မှုများက ပြသခဲ့ပါသည်။
ဒေသတစ်ခုလုံးရှိ စစ်တပ်ဖွဲ့များသည် လမ်းခင်းခြင်း၊ ဆည်များ ဆောက်လုပ်ခြင်း၊ အဆောက်အဦများ တည်ဆောက်ခြင်း စသည်တို့ကဲ့သို့သော လူထုလုပ်ငန်းများ၊ ကောင်းမွန်သော လူနေမှု အဆင့်အတန်းနှင့် ပညာရေးနိမ့်ပါးနေသော အုပ်စုများအတွက် ပညာရေး၊ ကျန်းမာရေးနှင့် တခြားသော ဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်ဝေငှ ဖြန့်ဖြူးပေးခြင်းကဲ့သို့သော ပြည်သူ့လုပ်ငန်းများ၊ မူးယစ်ဆေးဝါးနှိမ်နှင်းခြင်း အကြမ်းဖက်မှု နှိမ်နှင်းခြင်း တို့ကဲ့သို့သော ပုလိပ်၊ ရဲနှင့် ပတ်သက်သည့် လုပ်ဆောင်မှုများနှင့် စစ်ဘက်ဆိုင်ရာနှင့် ပတ်သက်သည်သာမက စားသုံးသူအတွက် အဓိကထား လုပ်ဆောင်သည့် စွန့်ဦးတီထွင်စီးပွားရေး လုပ်ငန်းများ (Both military-related and consumer-oriented enterprises) အား လည်ပတ်ခြင်း စသည့်စီးပွားရေး ဘက်ဆိုင်ရာ လှုပ်ရှားမှုများတွင်တောင်မှ ပါဝင်လာနေခဲ့ကြပါသည်။ ဒီမိုကရေစီဖြစ်ပေါ် တိုးတက်ခြင်းဖြစ်စဉ် (Democratization) က စစ်ဘက်၏ သင့်တင့် လျောက်ပတ်သော အခန်းကဏ္ဍဆိုသည့် အကြောင်းအရာ (issue) အား လူထု အာရုံကျသည့် သတိပြုမိလောက်သော အနေအထားတစ်ရပ်သို့ ရောက်အောင် တွန်းပို့ပေးခဲ့ပြီး တချို့ သော အစိုးရများက စစ်လက်နက် ပစ္စည်းနှင့် စစ်အသုံးအဆောင် ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းများတွင် စစ်ဘက်၏ ပါဝင်မှု အနည်းဆုံး ဖြစ်စေရန်အတွက် ပါဝင်မှု အချိုးအစားကို ပြန်လည် နောက်ဆုတ်စေမှုများ လုပ်ဆောင်လာအောင် ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်မှုဖြစ်စဉ် (Democratization) က စွမ်းဆောင်ပေးခဲ့ပါသည်။
ဂွတ်ဒ်မဲန်က ဆွေးနွေးတင်ပြထားသည်မှာ စစ်တပ်ဖွဲ့အား ၎င်း၏ အစဉ်အလာ (Traditional) ဖြစ်သော တိုက်ပွဲနှင့် ပတ်သက်သည့် အခန်းကဏ္ဍဆီသို့သာ ရောက်ရှိအောင် ကန့်သတ်ရန် မဖြစ်နိုင်ခြင်း၊ ကန့်သတ်လိုသော ဆန္ဒမပြည့်ဝခြင်းများ ဖြစ်ပေါ်နေစဉ်တွင် စစ်ပွဲမဟုတ်သည့် လုပ်ငန်းမစ်ရှင်များတွင် ပါဝင်ပတ်သက်ရန် သင့်လျော်၏၊ မသင့်လျော်၏ကို သုံးသပ်ရာတွင် အသုံးပြုမည့် စံတန်ဘိုး သတ်မှတ်ချက်အတွက် လိုအပ်ချက်တစ်ခု ရှိနေသည်ဟု ပြောဆိုခဲ့ပါသည်။ စစ်တပ်သည် အောက်ပါ အခြေအနေများ ဖြစ်ပေါ်နေလျှင် ပေးအပ်လာသော လှုပ်ရှားမှုများကို မဆောင်ရွက်ရန် သူကအကြံပြုခဲ့ပါသည်။ ထိုအခြေအနေများမှာ-
(၁) စစ်တပ်ဖွဲ့များ၏ ပါဝင်မှုက တခြားသော အုပ်စုများ၏ လှုပ်ရှားမှုတွင် ပါဝင် ဆောင်ရွက်မှုအား တားဆီး နေမနေ ဆိုသည့် အမေးများ ပေါ်ပေါက်လာခြင်း၊ ဆွေးနွေး အဖြေရှာ ဆုံးဖြတ်ရန်အထိ ဖြစ်လာခြင်း။ ထိုအမေးများ ဖြစ်ပေါ်လာရခြင်းမှာ အရပ်ဘက် အဖွဲ့အစည်းများ၏ အရေးကြီးသော ကျွမ်းကျင်မှုကို တိုးတက် ဖြစ်ထွန်းစေခြင်းနှင့် လူ့အဖွဲ့အစည်းအတွင်း ၎င်းတို့၏ အခန်းကဏ္ဍကို ချဲ့ ထွင်နိုင်ခြင်းတို့ကို ဖြစ်စေမည့် အရပ်ဘက် အဖွဲ့အစည်းများ၏ စွမ်းရည်များ တိုးတက်မှုကို စစ်တပ်ဖွဲ့များ၏ ပါဝင်မှုက နှောင့်နှေး ကြန့်ကြာစေခြင်း ရှိနေ မရှိနေ ဆိုသည့် အချက်အပေါ် မေးခွန်း ထုတ်စရာ ဖြစ်လာနေခြင်းနှင့် သက်ဆိုင်နေပါသည်။
(၂) စစ်တပ်တို့သည် နောင်အခါတွင် လက်လွှတ်ရန်ဆန္ဒ နည်းပါးသွားသည်အထိ အကျိုးဆက်အားဖြင့် ဖြစ်စေနိုင်သည့် အပိုဆောင်း အထူးအခွင့်အရေးများ ရရှိနေခြင်း။
(၃) လက်နက်ကိုင် စစ်တပ်ဖွဲ့များသည် ၎င်း၏ ပင်မတာဝန်ဖြစ်သည့် ကာကွယ်ရေး ဆိုင်ရာ စစ်ရေး တာဝန်ဝတ္တရားများကို လစ်လျူ ရှုလောက်အောင် အထိ တိုက်ပွဲနှင့် မသက်ဆိုင်သည့် လှုပ်ရှားမှုများတွင် ထဲထဲဝင်ဝင် ပါဝင်ပါသက်လာခြင်း။ သဘာဝ ဘေးအန္တရာယ်ကို ရင်ဆိုင်တွန်းလှန်ခြင်း၊ အကြမ်းဖက် သမားများကို နှိမ်နှင်းတိုက်ခိုက်ခြင်း စသည်တို့ ကဲ့သို့သော အထူး အခြေအနေများကြောင့် စစ်တပ်တို့သည် တိုက်ပွဲမဟုတ်သော လုပ်ငန်းတာဝန်များ (Noncombatant Missions) ကို ထမ်းဆောင်နေရသော အချိန်ကာလများ ရှိနေသေးဆဲ ဖြစ်ပါသည်။ ယင်းကဲ့သို့သော ကိစ္စများတွင် မရှိမဖြစ် လိုအပ်ချက်မှာ တိုက်ပွဲမဟုတ်သော လုပ်ငန်းတာဝန်အသစ်ကို ပါဝင်ပါတ်သက်သူ အားလုံးက အသွင် ကူးပြောင်းရေးကာလ (ကြားကာလ) တစ်ရပ်ကို ဖြတ်သန်းနေရခြင်းဟု ရှင်းလင်းစွာ နားလည်ရပေမည်။
ထိုကြားကာလဆိုင်ရာ လုပ်ငန်းတာဝန်ပြီးလျှင် သက်ဆိုင်ရာ လုပ်ငန်းသို့ အရပ်ဘက် ထိန်းချုပ်မှု မည်သည့်အချိန်တွင် ပြန်ရောက်မည် စသည်တို့အတွက် အခိုင်အမာ အချိန်ဇယား ရှိရမည်။ အကယ်၍ ထိုကြားကာလ သက်တမ်းကို တိုးချဲ့ လိုပါက အရပ်ဘက် အာဏာပိုင်များ၏ သဘောတူခွင့်ပြုမှု လိုအပ်ချက်ကိုလည်း အခိုင်အမာ ဖေါ်ပြထားရမည် ဖြစ်သည်။ နိုင်ငံတိုင်းလိုလို၏ အခြေခံဥပဒေ၌ပင် သာမန်အခြေအနေတွင် ရှိသည့် စစ်တပ်ဖွဲ့များ၏ လုပ်ငန်း တာဝန်များ၊ ခြွင်းချက်တို့ကို ဆောင်ရွက်နိုင်သော အထူး အခြေအနေများအောက်တွင်ရှိသည့် စစ်တပ်ဖွဲ့များ၏ တာဝန်များကို အဓိပ္ပါယ် ဖွင့်ဆိုထားသည့် ဥပဒေပါ ခြွင်းချက်စာပိုဒ်များ (Provisions) ကို ထည့်သွင်းထားတတ်ပါသည်။
နိုင်ငံများစွာတွင်ရှိသော အဆိုပါ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ခြွင်းချက်စာပိုဒ်များသည် စစ်တပ်ဖွဲ့များ၏ အမျိုးသား အရေးပေါ် အခြေအနေတွင် သာမန် လုပ်ရိုးလုပ်စဉ် အခြေအနေ တွင်ရှိသော လုပ်ပိုင်ခွင့်ထက် ပိုလွန်သော လုပ်ပိုင်ခွင့်များကို ကျင့်သုံးရန် ခွင့်ပြုထား တတ်ပါသည်။ သို့သော် ထိုကဲ့သို့သော ခွင့်ပြုထားမှုများသည် မူရင်းဖြစ်သင့်ဖြစ်ထိုက်သည့် ရည်ရွယ်လိုရင်းအတိုင်း ဖြစ်မလာပဲ အရပ်ဘက် အုပ်ချုပ်ရေးကို စစ်တပ်စွက်ဖက်မှု၏ အစဉ်တစိုက် ခြိမ်းခြောက်မှု (Constant Threat) အောက်တွင်သာ ဆောင်ရွက်ရတော့မည့် အန္တရာယ်ရှိသော အခြေအနေဆိုးကိုသာ ဖန်တီးဖြစ်ပေါ် စေလေ့ ရှိပါသည်။ နောက်ဆုံးတွင်တော့ ဂွတ်ဒ်မဲန်းက အဓိပ္ပါယ်ဖွင့် ပြောဆိုခဲ့သည်မှာ ကာကွယ်ရေးဆိုင်ရာ မူဝါဒများနှင့် ပတ်သက်သည့် ကျွမ်းကျင်မှုများသည် အရပ်ဘက် ခေါင်းဆောင်များ၊ နိုင်ငံရေး သမားများတွင် လျော့နည်းခြင်းသည် ဒီမိုကရေစီ တည်ဆောက်နေသော နိုင်ငံများစွာတို့တွင် တွေ့ရသော သော့ချက်ကျသည့် ပြဿနာပင် ဖြစ်သည်ဟူ၍ ဖြစ်ပေသည်။ ယခုခေတ်သစ်ကမ္ဘာတွင် ဖြစ်ရှိနေသော စစ်ဘက်တို့၏ မဏ္ဍိုင်ကျသော လုပ်ငန်းတာဝန်များ၏ အရေးကြီးမှု၊ ရှုတ်ထွေးမှုများက စစ်ဘက်အရာရှိများနှင့် စစ်ဘက်တို့၏ လိုအပ်ချက်ကို နားလည်သော အရပ်သား ခေါင်းဆောင်များအကြား အလွန်နီးကပ်သော ပူးပေါင်း ဆောင်ရွက်မှုကို ပြုလုပ်ကြရန် တောင်းဆိုလျက် ရှိပေသည်။ ထိုကဲ့သို့သော အခြေအနေမျိုး အောက်တွင်သာ အရပ်ဘက် အာဏာပိုင်များသည် စစ်ဘက်တို့၏ လုပ်ဆောင်မှုများကို သင့်တော်သော ကြီးကြပ်မှု ပြုလုပ်နိုင်မည်ဖြစ်သည်။ ဖွံ့ဖြိုးဆဲ ကမ္ဘာ ဂျူအယ်န်ရီးရယ် (Juan Rial) က သူ၏ အက်ဆေးတွင် မှတ်သားပြုစုခဲ့သည့် အတိုင်း ပြောရလျှင် လက်တင်အမေရိကတွင် စစ်အေးတိုက်ပွဲအပြီးနှင့် ဒေသတွင်း ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်လာမှု နှစ်ခုစလုံးက တဖြည်းဖြည်းနှင့် နိုင်ငံရေးမှ စစ်ဘက်တို့၏ ဆုတ်ခွာမှုနှင့် အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး ပုံမှန်ဖြစ်ထွန်း တိုးတက်စေမှုကို ဖြစ်ပေါ်စေခဲ့သည် ဟူ၍ ဖြစ်ပေသည်။
၁၉၆ဝ ခုလွန် နှစ်များမှသည် ၁၉၈ဝ ခုလွန် နှစ်များအထိ လက်တင်အမေရိက စစ်တပ်ဖွဲ့များသည် ပြင်ပမှလာသော စစ်ဘက်ဆိုင်ရာ ခြိမ်းခြောက်မှု အနည်းငယ်ကိုသာ ရင်ဆိုင်ခဲ့ရသော်လည်း ပြည်တွင်းပြောက်ကျား လှုပ်ရှားမှု များကြောင့် ဖြစ်ပေါ်လာသော အရေးကြီးသည့် စိန်ခေါ်မှုများကို မမျှော်လင့်ပဲ ရင်ဆိုင်ခဲ့ကြရသည်။ ထိုပြောက်ကျား လှုပ်ရှားမှုများကို ဆိုဗီယက်ယူနီယံ (သို့မဟုတ်) ကျူးဘားနိုင်ငံများက လံှု့ဆော်မှု၊ ထောက်ပံ့ကူညီမှုများ ပြုလုပ်ခဲ့ကြသည်။ ထို့အပြင် ပြည်တွင်း နိုင်ငံရေးမြင်ကွင်းတွင် လက်ဝဲလက်ျာ နိုင်ငံရေးပါတီ နှစ်ခုကြားမှ နိုင်ငံရေးပဋိပက္ခ၏ အဆင့်မြင့်မားမှုများက မကြာခဏ အမှတ်အသား ပြုခဲ့ကြသည်။ စစ်တပ်ဖွဲ့များ အထူးသဖြင့် တောင်အမေရိကမှ စစ်တပ်ဖွဲ့များသည် ၎င်းတို့ကို၎င်းတို့ အလယ်အလတ်ကျသော စစ်တပ်ဖွဲ့များ (Moderating Forces) ဟု ရှုမြင်ခဲ့ကြပါသည်။ အဘယ်ကြောင့်ဆိုသော် ၄င်းတို့သည် နိုင်ငံရေးဂိုဏ်းဂဏများအတွင်း ဖြစ်ပွားသော နိုင်ငံရေးဆိုင်ရာ အငြင်းပွားမှုများ သို့မဟုတ် သောင်းကျန်းသူပုန်ထသူများ၏ လှုပ်ရှားမှုများနှင့်ဖြစ်ပွားသော ထိပ်တိုက်ရင်ဆိုင်မှုများကြောင့် ဖြစ်ပွားပေါ်ပေါက်လာခဲ့ရသော ပျက်စီး ထိခိုက်မှုများကို ဆန့်ကျင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ဥပဒေသက်ရောက်မှုများကို ကာကွယ်ရန် အတွက်သာ ယင်းစစ်တပ်ဖွဲ့များက ဝင်ရောက်စွက်ဖက် တတ်ကြသောကြောင့် ဖြစ်သည်ဟု ဆိုကြပါသည်။
စစ်ဘက်အရာရှိများသည် အာဏာသိမ်းပိုက်မှုအား အရပ်သားအစိုးရ မထူထောင်မီမှာ ပြဿနာရပ်များ၏ အဖြေကိုသေသေချာချာ ပြန်လည်စဉ်းစားကာ ငြိမ်းချမ်းသော အဖြေများကို ရှာဖွေရန်၊ ပြဿနာဖြစ်နေသော ဘက်အသီးသီး၏ ဒေါသများ အေးသွားစေရန်၊ တရား ဥပေဒအရ နိုင်ငံရေးသံန္နိဌာန်များကို ဖွဲ့စည်းပုံဖေါ်ရန် စသည်တို့အတွက် ရည်ရွယ် ပျိုးထောင် ယူမည့် အချိန်ကာလ (Cooling-off period) ကို ငြမ်းဆင်ရန် အတွက်သာ ယာယီ အတိုင်းအတာ အားဖြင့် ပြုလုပ်ထားပါသည်ဟု ၄င်းတို့ဘာသာ၎င်းတို့ သက်သေပြ လေ့ရှိသော်ငြားလည်း ဒေသအတွင်းရှိ နိုင်ငံများစွာတို့တွင် မကြာခဏ ဖြစ်သော စစ်ဘက်အာဏာသိမ်းမှုများက အာဏာရှင်လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၏ အာဏာသိမ်းထားမှု သက်တမ်းကို လည်းကောင်း၊ သို့တည်း မဟုတ်ပါက စစ်တပ် အဖွဲ့အစည်းအလိုက် အာဏာရှင် ဖြစ်နေသည့် အာဏာသိမ်းသက်တမ်းကိုသော်လည်းကောင်း ဆန့်ထုတ် ကြာညောင်းစေခဲ့သည်ကို လက်တွေ့ သက်သေ အဖြစ် တွေ့ရလေ့ရှိပါသည်၊ ဗဟိုအမေရိကဒေသတွင် လက်နက်ကိုင် တပ်ဖွဲ့များ သို့မဟုတ် အမျိုးသား လုံခြုံရေးတပ်ဖွဲ့များ (စစ်ဘက်နှင့် ပုလိပ် တဝက်တပျက် တပ်ဖွဲ့များ) သည် တောင်အမေရိကမှ ယင်းနှင့်အဆင့်တူ တပ်ဖွဲ့များ ထက်စာလျှင် ကွဲပြားခြားနားသော အစဉ်အလာအမျိုးမျိုးမှ ဖြစ်ပေါ် တိုးတက် လာခဲ့ရသော်လည်း အလားတူအခန်းကဏ္ဍဖြင့်ပင် လှုပ်ရှားပါဝင်ခဲ့ကြသည်။ မက္ကဆီကို နှင့် ကျူးဘားနိုင်ငံတို့တွင်သာ စစ်တပ်ဖွဲ့များသည် အာဏာရပါတီအား အခိုင်အမာ သြဇာ ခံခဲ့ကြကာ ပါတီ၏ နိုင်ငံ့အာဏာပိုင်စိုးမှုကို ဆက်လက်ထိန်းသိမ်းခြင်းအား အလေးအနက် ပြုခဲ့ကြသည်။ ဒေသအတွင်းရှိ များစွာသောလမ်းကြောင်းများက အရပ်သား အုပ်ချုပ်ရေးပြန်လာခြင်းနှင့် တက်ကြွသော နိုင်ငံရေး အခန်းကဏ္ဍတွင် စစ်ဘက်၏ ပါဝင်နေမှုအား ဆုတ်ခွာခြင်းတို့ကို လွယ်ကူစေရန် ကူညီပေးခဲ့သည်။
ပထမဦးဆုံးအနေဖြင့် ဤရာစုနှစ် အတွင်း၌ လက်တင် အမေရိကသည် ဒေသအတွင်းရှိ နိုင်ငံများအကြား တည်ရှိနေသော လက်နက်ကိုင်ပဋိပက္ခ ကြီးမားသော အတိုင်းအဆဖြင့် တည်ရှိနေခြင်းမှ လွတ်မြောက်ခဲ့သည်။ ထိုလက်နက်ကိုင် ပဋိပက္ခများသည် အချိန်ကာလနှင့် အတိုင်းအတာပမာဏအရ အကန့်အသတ်ဖြင့် ဖြစ်ပွားသော နယ်စပ် အငြင်းပွား တိုက်ခိုက်မှုများဖြစ်သည်။ ဒုတိယအချက် အနေဖြင့် ဆိုဗီယက်ပြည်ထောင်စု ပြိုကျမှုနှင့် ကျူးဘားတွင် ရင်ဆိုင်နေရသော ဘက်ပေါင်းစုံ စီးပွားရေး ကြပ်တည်းမှုတို့နှင့်အတူ တော်လှန်ရေး လှုပ်ရှားမှုများ အတွက် ပြင်ပမှထောက်ပံ့မှုများ လျော့နည်းသွားခဲ့သည်။ ပြောက်ကျားတပ်ဖွဲ့များ၊ သောင်းကျန်း သူပုန်ထသည့် တပ်ဖွဲ့များသည် ပီရူး၊ ကိုလံဘီယာ၊ မက္ကဆီကိုတို့မှလွဲ၍ ဒေသတစ်ခုလုံးတွင် လျော့နည်းသွားခဲ့သည်၊
တတိယအချက်အနေဖြင့်မူ ခြုံ၍ဆိုရလျှင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ အစီအစဉ်များ ပြိုကျ ပျက်စီးမှုကို ဦးတည်သည့် ခြိမ်းခြောက်မှု ဖြစ်ဖြစ်ချင်း အရပ်ဘက်အုပ်ချုပ်ရေးအား ပြန်လည်ထူထောင်ပေးရန် ကတိသစ္စာပြုထားမှု အပေါ် မှီတည်ထားသော စစ်အစိုးရများ၏ တရားဝင်မှုနှင့် မိမိကိုယ်မိမိမှန်ကန်ကြောင်း သက်သေပြဆိုထားမှုများထက် သာလွန်သော အရပ်ဘက် အုပ်ချုပ်ရေးကိုဖြစ်စေမည့် တခြားဖြစ်နိုင်ချေ အစစ်အမှန်များကို ဖွဲ့စည်း ဖြစ်ပေါ်စေမည့် အခြေခံခိုင်မာသော အစိုးရများထူထောင်ရန် လက်တင်အမေရိက စစ်တပ် ဖွဲ့များသည် မကြိုးစားခဲ့ကြပေ။ အကျိုးဆက်အနေဖြင့် အကြပ်အတည်းများက စစ်ဘက်၏ ဝင်ရောက်စွက်ဖက်မှုအား အပြောင်းအလဲ ဖြစ်သွားစေရန် အတင်းအကြပ် လုပ်ဆောင် စေပေတော့သည်။ ထိုအပြောင်းအလဲမှာ စစ်ဘက်တို့က စစ်တန်းလျားသို့ ပြန်ခြင်းပင်ဖြစ်သည်။ နောက်ဆုံးတွင် ကာတာအုပ်ချုပ်ရေး အစပိုင်းကာလတွင် အမေရိကန် ပြည်ထောင်စုသည် တောင်အမေရိက စစ်အစိုးရများအား လူ့အခွင့်အရေးချိုးဖေါက်မှုများကို စတင်ဝေဖန်လာခဲ့ပြီး အကျိုးဆက် အနေဖြင့် ထိုစစ်အစိုးရများသည် နိုင်ငံတကာအလယ်တွင် အထီးကျန်ဖြစ်လာပြီး ထိုစစ်အစိုးရများ၏ ခေါင်းဆောင်များကို သူတို့အနေဖြင့် ရွေးးချယ် တင်မြှောက် ခံရသော အရပ်သား အုပ်ချုပ်သူများ၏လက်သို့ အာဏာလွှဲပြောင်းပေးရန် ထိုဝေဖန်မှုများက အထောက်အကူပြုခဲ့ပေသည်။
| < Prev |
|---|

