အရပ်ဘက် စစ်ဘက်ဆက်ဆံရေး နှင့် ဒီမိုကရေစီ - အပိုင်း (၆)
ဆောင်းပါးရှင် - ကိုကျော်ထင်
ဆိုဗီယက်ကိစ္စက အစဉ်အလာ ပြည်ပ ဆိုင်ရာ စစ်ဘက်မစ်ရှင်သည် ကောင်း မွန်သော အရပ်ဘက် - စစ်ဘက် ဆက်ဆံရေးကို ထုတ်လုပ်ပေးနိုင် သည် ဆိုသည်ကို ထပ်မံ၍ ပြသခဲ့ ပေသည်။ ဆိုဗီယက်စစ်တပ်သည် ဂေါ်ဗာချော့ဗ် အုပ်ချုပ်ရေးကာလ အုတ်အော်သောင်းနင်း အခြေအနေများနှင့် ၎င်း၏ ပြည်တွင်းနိုင်ငံရေးတွင် ကြီးကြီးမားမား ဝင်ရောက် စွက်ဖက်ခြင်း မရှိဘဲ လျက်နှင့် (၁၉၉၁ သြဂုတ်လ အဖြစ်အပျက်များ ဖြစ်ခဲ့သည့် တိုင်အောင်) ဆိုဗီယက်ပြည်ထောင်စု နောက်ဆုံး ပြိုကွဲခဲ့ခြင်း တို့ကို တွေ့ကြုံရင်ဆိုင်ဖြတ်သန်း ခဲ့ခြင်း ဆိုသည့် အချက်က အားကောင်းခိုင်မာသော အရပ်ဘက် ထိန်းချုပ်မှု၏ သာဓက တစ်ခု ဖြစ်ခဲ့ပေသည်။
ပြည်တွင်းစစ်ဘက်ဆိုင်ရာမစ်ရှင်။ ။ အာဂျင်တီးနား၊ ဘရာဇီးနှင့် ချီလီ
၁၉၆ဝ ခုလွန် နှစ်များနှင့် ၁၉၇ဝခုလွန် နှစ်များအတွင်းက လက်တင် အမေရိကတိုက်တောင်ပိုင်း ကတော့ပုံ (Southern Cone of Latin America) ဒေသတွင် တည်ရှိခဲ့သော စစ်အာဏာရှင်စနစ်များက ပြည်တွင်းဆိုင်ရာ စစ်ဘက်မစ်ရှင်က ပြည်ပ ဆိုင်ရာ စစ်ဘက်မစ်ရှင်အား လွှမ်းမိုးမှုက ဆင်းရဲချူချာသော အရပ်ဘက် - စစ်ဘက် ဆက်ဆံရေးအား မည်ကဲ့သို့ ထုတ်လုပ် ဖြစ်ပေါ်စေခဲ့သည်ကို ပြသခဲ့ပေသည်။ အမှန်တကယ်အားဖြင့် အာဂျင်တီးနား (၁၉၇၆ - ၈၃)၊ ဘရာဇီး (၁၉၆၄ - ၈၅) နှင့် ချီလီ (၁၉၇၃ - ၈၉) အားလုံး တို့သည် ပြည်တွင်းခြိမ်းခြောက်မှု ပတ်ဝန်းကျင်က လွှမ်းမိုးတည်ရှိသော နိုင်ငံများတွင် ကျနော် တို့က တွေ့ရလိမ့်မည်ဟု မျှော်လင့်ထားသော ရောဂါများစွာတို့ကို တွေ့ကြုံဖြတ်သန်း ခဲ့ကြပြီး ဖြစ်ပေသည်။
၎င်းနိုင်ငံများ၏ ကိစ္စတစ်ခုစီတွင် အရပ်ဘက်အုပ်ချုပ်ရေး၏ အားနည်းမှုကို တွေ့ရှိရပေသည်။ အာဂျင်တီးနား နိုင်ငံသည် ၁၉၇၃ ဇွန်လတွင် ဂျူအန်ပီရွန် (Juan Peron) ၏ကာလ အုတ်အော်သောင်းနင်း ပြန်လည်ရောက်ရှိလာမှု၊ ၁၉၇၄ ဇူလိုင်တွင် သူသေဆုံးပြီးနောက် သူ၏တတိယဇနီးဖြစ်သူ အစ်ဇဘဲလ် (Isabel) အာဏာပြန်လည်ရရှိလာမှု၊ နောက်ပိုင်းတွင် ဆက်လက် ဖြစ်ပွားလာခဲ့သော ၁၉၇၆ မတ်လ သူမအာဏာမှ ဖယ်ရှားးခံရမူနှင့် မွန်တိုနဲရို့စ် (Montoneros) ကဲ့သို့သော ပြောက်ကျား လှုပ်ရှားမှုများ ပေါ်ပေါက်လာမှုတို့ကို တွေ့ကြုံဖြတ်သန်းခဲ့ရပေသည်။
ဘရာဇီးတွင် ဂျိုအာအိုဂိုလာ့တ် (Joao Goulart) (၁၉၆၁ - ၆၄) လက်ဝဲအစိုးရသည် အားနည်းချိနဲ့ခဲ့သည်။ ထိထိ ရောက်ရောက် မအုပ်ချုပ်နိုင်ဖြစ်ခဲ့သည်။ နောက်ဆုံးအနေနှင့် ပြောရလျှင် ချီလီတွင် ဆယ်လ်ဗာဒို အာလဲန်ဒီ (Salvador Allend) (၁၉၇ဝ - ၇၃) ဦးဆောင်သည့် ဒီမိုကရေစီနည်းအရ ရွေးချယ် တင်မြှောက်ခံရသော ဆိုရှယ်လစ်အစိုးရသည် ၁၉၇၃ စစ်အာဏာသိမ်းမှု မခံရမီအထိ လက်ဝဲနှင့် လက်ယာ နှစ်ဖက်စလုံး၏ အပြင်းအထန် ဝေဖန်မှုကို တိုးမြှင့် ခံလာခဲ့ရပေသည်။
ဤနိုင်ငံများတွင် အရပ်သားအစိုးရများသည် စစ်တပ်အား နိုင်ငံရေးအရ စည်းရုံးခြင်းအားဖြင့် ထိန်းချုပ်မှုကို မကြာခဏ ရှာဖွေခဲ့ကြသည်ကို တွေ့ရှိရပေသည်။ ဥပမာအားဖြင့် ၁၉၆ဝ ခုကျော်နှင့် ၁၉၇ဝ ခုကျော် နှစ်ကာလများ တလျှောက်လုံးတွင် အမျိုးမျိုးသော အာဂျင်တီးနား အရပ်သား နိုင်ငံရေးသမားများသည် တခြားသော အရပ်သားအုပ်စုများ၊ အဖွဲ့များအား ဆန့်ကျင်ရန်အတွက် ထောက်ခံမှုရရှိရန် စစ်တပ်ဆီသို့ အကူအညီရရန် သွားခဲ့ကြပေသည်။
ဘရာဇီးတွင် ဂိုလာ့တ် (Goulart) အစိုးရ၏ ဆန့်ကျင်ဘက် နိုင်ငံရေးအုပ်စုများသည် ပြည်တွင်းနိုင်ငံရေးတွင် စစ်တပ်အနေဖြင့် ပို၍တိုက်ရိုက်ကျသော အခန်းကဏ္ဍဖြင့် ပါဝင်လှုပ်ရှားရန် တက်ကြွစွာ အားပေးလေ့ရှိခဲ့သည်။ ချီလီတွင် အာဏာမသိမ်းမီတွင် အာလဲန်ဒီ (Allende) ကိုယ်တိုင် စစ်တပ်အရာရှိများကို ၎င်း၏ လူထုစည်းလုံးမှုအစိုးရ (Popular Unity government) အတွင်းသို့ ခေါ်သွင်းခြင်းအားဖြင့် စစ်တပ်အား နိုင်ငံရေးအရ စည်းရုံးမှုကို ပြုလုပ်ခဲ့ပေသည်။ အတိုချုပ်အားဖြင့် ပြောရလျှင် ဆန္ဒစွဲကျသော ထိန်းချုပ်မှု (subjective control) သည် အာဂျင်တီးနား၊ ဘရာဇီးနှင့် ချီလီတို့တွင် အာဏာမသိမ်းမှီလေး အချိန်၌ ဖြစ်ရှိခဲ့သော စံပင်ဖြစ်ပေသည်။
နောက်ဆုံးတွင် ၎င်းနိုင်ငံများ၏ စစ်တပ်များသည် ပြည်တွင်းရေးရာဖြစ်သော မကြာခဏအားဖြင့် စစ်ဘက်နှင့် မပတ်သက်သော ရေးရာများတွင် အခြေခံအားဖြင့် တည်ရှိနေသည့် မစ်ရှင်များကို တမြတ်တနိုး ထွေးပွေ့ခဲ့ကြသည်။ ၁၉၅ဝ ခုနှစ်အလွန်နှစ်များမှစတင်၍ အက်စ်ကိုလာ စူပါရီယာ ဒီဂူအာရာ စစ်ကောလိပ် [Escola Superior de Guerra (War College)] ဘရာဇီးစစ်ဘက် စဉ်းစားတွေးခေါ်သူများ (military thinkers) သည် တချိန်တုန်းက ဥရောပမှ တင်သွင်းလာခဲ့သော ကဏ္ဍဝင်သီအိုရီများမှ သိသိသာသာ လမ်းခွဲ ထွက်လာသော နည်းလမ်းများအားဖြင့် ဘရာဇီး၏ မဟာဗျူဟာ ပြဿနာများကို စတင်ကြည့်ရှု လာကြသည်။
အရင်တုန်းကဆိုလျှင် ပြည်တွင်းပြိုင်ဆိုင်မှုတွင် တွေ့ရသော ဆိုရှယ်ဒါဝင်ဝါဒီ (social-darwinist) သီအိုရီများကို တိုးမြှင့်ဖေါ်ဆောင်လေ့ရှိသော ဂျာမန်ပထဝီနိုင်ငံရေးသမားများက လွှမ်းမိုးခဲ့ကြသည်။ ၁၉၆ဝ ခုလွန်နှစ်များမှစ၍ လက်တင်အမေရိက စစ်ဘက်မဟာဗျူဟာ သမားများသည် တော်လှန်ရေးစစ်ပွဲ (revolutionary war) အယူအဆသစ်အား စတင် မိတ်ဆက် ဖြန့်ဖြူးပေးခဲ့သည့် ပြင်သစ် သီအိုရီသမားများ ထံသို့ ဦးလှည့် အကူအညီ တောင်းခံယူလာကြသည်။
ပထမတွင် ဘရာဇီးနှင့် နောက်ပိုင်းတွင် အာဂျင်တီးနားနှင့် ချီလီတို့သည် ပြင်သစ်သီအိုရီအား သူတို့၏ ကိုယ်ပိုင်အသွင်သို့ ပြောင်းလဲဖွံ့ဖြိုးရယူခဲ့ပြီး သူတို့၏ အမျိုးသား လုံခြုံရေး မူဝါဒများ အတွင်းသို့ သွတ်သွင်းခဲ့ကြသည်။ ထိုမူဝါဒများသည် နိုင်ငံတကာ ကွန်မြူနစ်ဝါဒအား အဓိကခြိမ်းခြောက်မှုအဖြစ် ဆက်လက်ရှုမြင်ခဲ့ကြသည်။
သို့သော် အမေရိက စဉ်းစားတွေးခေါ်မှုများထက် ပြင်သစ်တို့၏ စဉ်းစားတွေးခေါ်မှုများကို ပို၍ရောင်ပြန်ဟပ်ပြီး ဂျာမဏီမြောက်ပိုင်း မြေပြန့်လွင်ပြင်သို့ မဟုတ်ဘဲ သူတို့နိုင်ငံများ၏ လမ်းမများနှင့် ဈေးများကို အဓိက စစ်မြေပြင်အဖြစ် ရှုမြင်ခဲ့ပေသည်။ ထိုအမြင်အရ နိုင်ငံတကာ ကွန်မြူနစ်ဝါဒက ဖန်တီးဖြစ်ပေါ်စေခဲ့သော ခြိမ်းခြောက်မှုသည် နိုင်ငံတော်၊ ကက်သလစ်ချာ့ခ်ျနှင့် စစ်တပ်ကိုယ်တိုင်တို့အား အားနည်းစေသည့် သူတို့၏ ကြိုးပမ်းမှုများတွင် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး ပြဿနာများအား အမြတ်ထုတ်ရန် ကြိုးပမ်းခဲ့သည့် ပြည်တွင်း လက်ဝဲလှုပ်ရှားမှုများမှ စတင် ပေါ်ထွက်လာခဲ့ပေသည်။
၁၉၅၉ ကျူးဘားတော်လှန်ရေး အောင်မြင်မှုနှင့် နောက်ဆက်တွဲအဖြစ် ၁၉၆ဝ ခုလွန်နှစ်များနှင့် ၁၉၇ဝ ခုလွန်နှစ်များအတွင်း လက်တင်အမေရိကတလျှောက် ကျေးလက်နှင့်မြို့ပြ အကြမ်းဖက်လှုပ်ရှားမှုများ ပေါက်ကွဲပေါ်ထွက်လာမှုက ထို (နိုင်ငံတကာကွန်မြူနစ်ဝါဒ ခြိမ်းခြောက်မှုအပေါ်) စိုးရိမ်ကြောက်ရွံစိတ်အပေါ် ယုံကြည်မှုအား ထပ်မံဖြစ်ပေါ်စေခဲ့ပြန် ပါသည်။ ထိုခြိမ်းခြောက်မှုအား တိုက်ပွဲဝင်ရန်အတွက် စစ်တပ်အရာရှိ များသည် အစဉ်အလာလက်နက်များနှင့် နည်းဗျူဟာများ အပေါ်တွင်သာ အမှီပြုမနေကြတော့ဘဲ ယင်းအစား နိုင်ငံရေးစိတ်ဓါတ် စစ်ဆင်ရေးဆိုင်ရာ တိုက်ပွဲများ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာများ၊ လူမှုသက်သာချောင်ချိရေးဆိုင်ရာ လုပ်ဆောင်ချက်များနှင့် အမျိုးသားအုပ်ချုပ်ရေး ဆိုင်ရာ အကြောင်းအရာများ အထိ လေ့လာလာခဲ့ကြပေသည်။
စစ်ဘက်အာဏာသိမ်းမှုနှင့် စစ်ဘက်အုပ်ချုပ်ရေး ရေရှည်လာမှုတို့တွင် အထင်အရှား ပြသခဲ့သော အရပ်ဘက် - စစ်ဘက် ဆက်ဆံရေး ကျရှုံးမှု၏ ဗြောင်ကျသော ဖေါ်ပြချက်များ နှင့် အဖြစ်များနေသော အမျိုးသားလုံခြုံရေး မူဝါဒများအကြား အဆက်အစပ်သည် ကောင်းစွာတည်ရှိလာခဲ့ပြီး ဖြစ်ပေသည်။ ဤနေရာတွင် သော့ချက်ကျသော အချက်တစ်ခု ကောက်နှုတ်ရမည် ဆိုပါက ဤကိစ္စ အဖြစ်အပျက်များက ပြည်တွင်းနှင့် စစ်ဘက်မဟုတ်သော မစ်ရှင်များနှင့် ဆင်းရဲနုံချာသော အရပ်ဘက် - စစ်ဘက် ဆက်ဆံရေးအကြား အဆက်အစပ်ရှိကြောင်း သက်သေကို ထပ်မံ ထုတ်လုပ်ပေးခဲ့သည် ဟူ၍ ဖြစ်ပေသည်။ လက်တင်အမေရိက တောင်ပိုင်း ကတော့ပုံဒေသတွင် စစ်အာဏာရှင်စနစ်များ ပေါ်ပေါက် လာမှုက ပြည်တွင်း စစ်ဘက်ဆိုင်ရာ မစ်ရှင်များသည် အရပ်ဘက် - စစ်ဘက်ဆက်ဆံရေးတွင် ရောဂါဘယများစွာကို ထုတ်လုပ် ဖြစ်ပေါ်စေခဲ့ပေသည်။
ဒွိမစ်ရှင်။ ။ ပြင်သစ် ( ၁၉၅၄ မှ ၁၉၆၂ အထိ)
(၁၉၅၄) မှ (၁၉၆၂) အထိ ပြင်သစ်နိုင်ငံအား ဆုပ်ကိုင်ထားခဲ့သော အယ်လ်ဂျီးရီးယန်း (Algerian) အကြပ်အတည်းသည် စိန်ခေါ်မှုပြုနေသည့် ပြည်ပနှင့် ပြည်တွင်းခြိမ်းခြောက်မှု ပတ်ဝန်းကျင်က အရပ်ဘက် - စစ်ဘက် ဆက်ဆံရေးအား မည်ကဲ့သို့ ရှုပ်ထွေးစေသည် ဆိုသည်ကို ပြသပေသည်။ (၁၉၅ဝ) ခုလွန်နှစ်များတွင် ပြင်သစ်စစ်ဘက်က ထွေးပွေ့ကိုင်စွဲ ခဲ့သော မူဝါဒ အသစ်များသည် လက်နက်ကိုင်တပ်ဖွဲ့များမှ ပြည်တွင်းနှင့် စစ်ဘက်မဟုတ်သော လုပ်ငန်းမစ်ရှင်များကို ဦးတည်ဖြစ်ပေါ်စေ ခဲ့ပေသည်။ ၎င်းသည် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး ကျရှုံပြိုကွဲမှုကို ထုတ်လုပ်ဖြစ်ပေါ်စေခဲ့ပြီး စစ်ဘက်၏အစဉ်အလာ ပြည်ပမစ်ရှင် များကို ပြန်လည် အာရုံစိုက်လုပ်ဆောင်သည့် မူဝါဒအသစ်များကို သမ္မတ ချားလ်စ်ဒီဂေါလ် (President Charles de Gaulle) က နိဒါန်းပျိုး မိတ်ဆက်ပေးလိုက်သည့် အခါမှ ၎င်းအရပ်ဘက် - စစ်ဘက် ဆက်ဆံရေး ကျရှူံးမှုသည် အမှန်ဘက်သို့ ပြန်လည် ရောက်ရှိလာခဲ့ရပေသည်။
ပြင်သစ်နိုင်ငံကိစ္စက ဖွဲ့စည်းပုံအားဖြင့် မရေမရာ တည်ရှိနေသော ခြိမ်းခြောက်မှု ပတ်ဝန်းကျင်နှင့် အယူအဆများက အရေးကြီးသောအခန်းမှ မည်ကဲ့သို့ ပါဝင်လှုပ်ရှား နိုင်ကြောင်းပြသပေသည်။ (၁၉) ရာစုနှင့် (၂ဝ) ရာစု၏ အချိန်ကာလ အများစုတွင် ပြင်သစ်စစ်တပ်သည် အရပ်သားအုပ်ချုပ်ရေး အဖွဲ့အစည်းများအပေါ်၌ စစ်ဘက်တို့က နာခံမှု ပေးခဲ့ရာတွင် စံပြစစ်တပ်တစ်ခု ဖြစ်ခဲ့ပေသည်။ ပြင်သစ် စစ်ဘက်သည် မထင်ရှားသော ပြည်တွင်းနိုင်ငံရေး အခန်းကဏ္ဍတွင် ပါဝင် လှုပ်ရှားခဲ့ပြီး ပြင်သစ်ဘာသာအားဖြင့် (la grande muette) ခေါ် ကြီးမားသောဆွံ့အသူ (the great mute) အဖြစ်လူသိများ ခဲ့ပေသည်။ ဤကဲ့သို့ အလွန်တည်ငြိမ်သော အရပ်သားထိန်းချုပ်မှု စံပြပုံစံမှ ပြင်သစ်ဒီမိုကရေစီ အဆောက်အဦးအား ခြိမ်းခြောက်မှု ပြုသည့် အမှန်တရားအသစ်များသို့ ကူးပြောင်းရောက်ရှိ စေရန် မည်သည့်အရာများ ဖြစ်ပျက်ခဲ့ပါသနည်း။
ပြင်သစ်ပါလီမန် လွှတ်တော်အဆောက်အဦး
ပထမဦးစွာအားဖြင့် ပြောရလျှင် (၁၉၃ဝ) ခုလွန်နှစ်များတွင် ပြည်သူ့တပ်ဦးအစိုးရ (Popular Front government) အစိုးရ ကျဆုံးမှုစတင်ခြင်းနှင့်အတူ ဆက်လက်၍ ပဲရစ်တွင် ကျူးကျော်သူ ရန်သူများနှင့်ပူးပေါင်း ဆောင်ရွက်သော ဗစ်ချီ (Vichy) အစိုးရ ထူထောင်လာမှု၊ စင်ပြိုင်လွတ်လပ်သော ပြင်သစ်ပြည်ပအစိုးရ (Free Front French exile government) လန်ဒန်တွင် ပေါ်ပေါက်လာခြင်း၊ နောက်ပိုင်းတွင် စစ်ပြီးကာစနှစ်ကာလများ၌ ကံကောင်း ကြောင်းမလှသော စတုတ္တပြည်သူ့ နိုင်ငံတော် ထူထောင်မှုများ စသည် စသည်တို့တွင် ပြင်သစ်အစိုး ရအဖွဲ့ အစည်းများသည် ပို၍ပို၍အားနည်းလာပြီး ပြည်သူ့ ထောက်ခံမှု၊ တရားဝင်မှုများ ဆုံးရှူံးလာခဲ့သည်။ ဒုတိယအချက်အနေဖြင့် ဆက်စပ်ဖြစ်ပျက် လာမှုတစ်ခုမှာ ပြင်သစ် အရပ်သားခေါင်းဆောင်များသည် စစ်ဘက်အပေါ်၌ အရပ်ဘက်၏ ဆန္ဒစွဲကျ ထိန်းချုပ်မှုအား ချမှတ်ကျင့်သုံးလာခြင်းပင် ဖြစ်သည်။
ဒုတိယကမ္ဘာစစ်ကာလအတွင်း ဗိုလ်ချုပ်ချားလ်စ်ဒီဂေါ (General Charles de Gaulle) နှင့် ဗိုလ်ချုပ်ကြီး ဖိလစ်ပီး ပီတိန် (Marshal Philippe Petain) တို့သည် ပြင်သစ်စစ်တပ်ဖွဲ့များ၏ ၎င်းတို့အပေါ်ထောက်ခံမှုနှင့် သစ္စာရှိမှုကို ရရှိရန်အတွက် ပြိုင်ဆိုင်ခဲ့ကြပြီး ယင်းသည် စစ်တပ်အား ခွဲခြမ်းပစ်ခြင်းကို ဖြစ်ပေါ်စေခဲ့သည့်အပြင်၊ ပြည်တွင်းရေးရာများသို့ တိုးမြှင့် အာရုံစိုက် လုပ်ဆောင်သွားစေရန်လည်း ဆွဲခေါ်သွားခဲ့ပေသည်။ ယင်းပုံစံသည် စစ်လွန်ကာလ စတုတ္တပြည်သူ့နိုင်ငံတော်၏ တိုတောင်းသော အစိုးရအုပ်ချုပ်ရေးကာလများအတွင်း ဆက်လက်ဖြစ်ပေါ် တည်ရှိသွားခဲ့ပေသည်။
ဒုတိယကမ္ဘာစစ်တွင် ဂျာမဏီ၏ ရှူံးနိမ့်မှုက ဥရောပရှိ ပြင်သစ်၏အစဉ်အလာ ပြိုင်ဘက်အဖြစ် တည်ရှိခဲ့သော ခြိမ်းခြောက်မှု အနေအထားအား အကြီးအကျယ် လျော့နည်းသွား စေခဲ့သောအခါ ပြင်သစ်တို့သည် အခြားဥရောပ နိုင်ငံများနှင့်မတူဘဲ ဆိုဗီယက်ပြည်ထောင်စု (USSR) ထံမှ ဖြစ်ပေါ်လာနေသော သမားရိုးကျ စစ်ဘက်ဆိုင်ရာ ခြိမ်းခြောက်မှု အသစ် (New conventional military threat) အား လုံခြုံရေးဆိုင်ရာ၊ စူးစိုက်လုပ်ဆောင်ဘွယ်ရာ အဖြစ် ရှုမြင်ပြောင်းလဲလုပ်ဆောင်ခြင်း မပြုလုပ်ခဲ့ပေ။ အမေရိကန်ပြည်ထောင်စု နှင့် ကျန်သော ဥရောပနိုင်ငံ အများစုက အနောက်ဥရောပ အသည်းနှလုံးအား ရုတ်တရက်တိုက်ခိုက်နိုင်ရန် အသင့်အနေအထား ပြုလုပ်ပြင်ဆင်ထားသည့် (၁၇၅) ဝါဆောစာချုပ် (175 Warsaw Pacts) ပါ တပ်မများကြောင့် ဖြစ်ပေါ်နေတဲ့ အန္တရာယ်အား ထိပ်တိုက်ရင် ဆိုင်ရေးအတွက် ကြိးပမ်းအားထုတ်မှုများကို အာရုံစိုက်လုပ်ဆောင်နေစဉ်တွင် ပြင်သစ် တို့သည် ပြည်တွင်းနှင့် စစ်ဘက်မသက်ဆိုင်သည့် ကွန်မြူနစ်ဝါဒဆန့်ကျင်ရေး အရေးအရာကိစ္စများအပေါ် သူတို့၏ အာရုံစိုက်မှုကို ဦးလှည့်ထားခဲ့သည်။
ယင်းသည် အနောက်ဥရောပတွင် ဆိုဗီယက်အလိုလားဆုံးနှင့် အကြီးမားဆုံး ကွန်မြူနစ် ပါတီများအနက်မှ တစ်ခုဖြစ်သည့် ပြင်သစ်ကွန်မြူနစ်ပါတီ (French Communist Party) မှ ဖန်တီးဖြစ်ပေါ်သော ပြည်တွင်းစိန်ခေါ်မှုများမှ မြစ်ဖျားခံဆင်းသက်လာခဲ့ခြင်းလည်း ဖြစ်ပေသည်။ ထို့အပြင် ပြင်သစ်တို့သည် ကျယ်ပြန့်လှသော ပြင်သစ်ကိုလိုနီအင်ပါယာအတွင်း စတင်ဖြစ်ပွားလာခဲ့သော အမျိုးသားလွတ်မြောက်ရေး စစ်ပွဲများကို နိုင်ငံတကာကွန်မြူနစ်ဝါဒ၏ ပြည်တွင်းဖြစ်သူလျှိုများ၏ အားပေးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်သည် ဟုလည်း ရှုမြင်လာခဲ့ကြပေသည်။ တခြားစကားလုံးအားဖြင့် ပြောရလျှင် ပြင်သစ် အရပ်ဘက်၊ စစ်ဘက် ခေါင်းဆောင်များသည် စစ်အေးတိုက်ပွဲအား ပြည်တွင်းနှင့် ကြီးကြီးမားမားပင် သမားရိုးကျမဖြစ်သော ပဋိပက္ခအဖြစ် သဘောထားလာကြသည်။
အယ်လ်ဂျီးရီးယန်း (Algerian) ပဋိပက္ခအတွင်း ပြင်သစ်တို့ အရပ်ဘက် - စစ်ဘက် ဆက်ဆံရေးတွင် အကြပ်အတည်း တွေ့ကြုံခဲ့ရသည် ဆိုသည်မှာ အံ့သြစရာတော့ မဟုတ်ပေ။ ကွန်မြူနစ် ဗီယက်မင်း (Vietminh) တို့ လက်အတွင်း၌ အင်ဒိုချိုင်းနား (Indochina) တွင် ပြင်သစ်တို့၏ ရှူံးနိမ့်မှုမှ နိုးထလာသည့်အချိန်တွင် အယ်လ်ဂျီးရီးယန်းစစ်ပွဲ ဖြစ်ပေါ်လာ ခဲ့ခြင်း ဖြစ်သည်။ ပြင်သစ်စစ်ဘက်က အင်ဒိုချိုင်းနားတွင် ပြင်သစ်တို့ စစ်ပွဲရှူံးနိမ့်ရသည်မှာ ပြင်သစ်တို့က အစဉ်အလာ စစ်ဘက်ဆိုင်ရာမူဝါဒများနှင့် နည်းဗျူဟာများကို အသုံးပြု၍ တိုက်ခိုက်ရန် ကြိုးပမ်းခဲ့သောကြောင့်ဖြစ်သည်ဟု ယုံကြည်ပေသည်။ ထိုကြောင့် (၁၉၅၄) တွင် ဒင်ဘင်ဖူး (Dien Bien Phu) တိုက်ပွဲတွင် ရှူံးနိမ့်ခဲ့ပြီးနောက် ပြင်သစ်အရာရှိတပ်ဖွဲ့ များသည် သူတို့က ဂူးရဲတော်လှန်ရေး (Guerre revolution) ဟု ခေါ်သည့် မူဝါဒအသစ်ကို စိတ်ကူး စတင် ရရှိလာကြသည်။
“တော်လှန်ရေးစစ်ပွဲ (Revolutionary War)” ဆိုင်ရာမူဝါဒအသစ်၏ အခရာအချက်မှာ စစ်အေးတိုက်ပွဲသည် ခြေလျင်တပ်များ၊ သံချပ်ကာတပ်ဖွဲ့များ၊ အမြောက်လက်နက်ကြီး တပ်ဖွဲ့များ အသုံးပြု၍ ပြင်ပရန်သူအား ဆန့်ကျင်တိုက်ခိုက်ရသည့် ဒုတိယကမ္ဘာစစ်ကဲ့သို့သော သမားရိုးကျစစ်ဘက် ပဋိပက္ခတစ်ခုမဟုတ်ဟု ရှုမြင်ခြင်းပင်ဖြစ်သည်။ စစ်အေးတိုက်ပွဲသည် တစိတ်တပိုင်းအားဖြင့် လက်နက်ကိုင် တပ်ဖွဲ့များအသုံးပြု၍ အဓိကအားဖြင့် ဝါဒဖြန့်ချိရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် နိုင်ငံရေးဆိုင်ရာ စည်းရုံး ဆွဲဆောင်မှုများကို အသုံးပြု၍ တိုက်ပွဲဆင်ရသော နိုင်ငံရေး၊ စီးပွားရေးနှင့် အယူဝါဒရေးရာ ပဋိပက္ခဖြစ်သည်ဟု ပို၍ရှုမြင်ပေသည်။ အတိုချုပ်အနေဖြင့် ပြောရလျှင် ဂူရဲ တော်လှန်ရေး (Guerre Revolution) မူဝါဒသည် ပြင်သစ်စစ်ဘက်မစ်ရှင်အား ပြင်ပစစ်ပွဲတိုက်ခိုက်မှုများမှ အထင်အရှားအားဖြင့် စစ်ဘက်မဟုတ်သည့် လုပ်ဆောင်မှုများကို ဖြစ်ပေါ်စေသည့် ပြည်တွင်းဆိုင်ရာ တန်ပြန်တော်လှန်ရေးစစ်ပွဲများဆီသို့ ပြောင်းလဲပေး ခဲ့ပေသည်။
အယ်လ်ဂျီးရီးယားသည် ဤမူဝါဒသစ် စမ်းသပ်ရန်အတွက် အပြည့်စုံဆုံး အစမ်းသပ်ခံကွင်း ဖြစ်ခဲ့ပုံရပေသည်။ ပြင်သစ်အများစုက အယ်လဂျီးရီးယားအား ပြင်သစ်မြို့တော် နယ်နိမိတ်၏ ပေါင်းစည်းထားသော အစိတ်အပိုင်း တစ်ခုအဖြစ် သဘောထားပေသည် (ပြင်သစ်ဌာနနှစ်ခုဖြင့်သာ ပေါင်းစည်းထားတာတောင်မှ)။ နိုင်ငံတကာ ကွန်မြူနစ်ဝါဒ၏ တပ်ဖွဲ့များနှင့် အခြေခံ အာရပ်အမျိုးသားရေးဝါဒီများ၏ တပ်ဖွဲ့များမှ ထောက်ခံထားသော ပြင်သစ်အယ်လ်ဂျီးရီးယား (French Algeria) ၏ ရန်ဘက်များသည် အမျိုးသား လွတ်မြောက်ရေးတပ်ဦး (National Libration Front – FLN) ၏ အဖွဲ့ဝင်အများစုဖြစ်သော အယ်လ်ဂျီးရီးယန်းအာရပ် (Algerian Arabs) ဌာနေတိုင်းရင်းသားအများစု ဖြစ်ပေသည်။
ထို့အပြင် ပြင်သစ်အများစုက ယုံကြည်သည်မှာ သူတို့နိုင်ငံက အယ်လ်ဂျီးရီးယားကို ဆုပ်ကိုင်ထားခြင်းအပေါ်၌ ပြင်သစ်မြို့တော်နေ ပြည်တွင်းဖြစ်ရန်သူများ အထူးသဖြင့် လက်ဝဲအင်အားစုများ၏ အင်အားချိနဲ့အောင် ပြုလုပ်မှုများကို ခံနေရသည် ဟူ၍ဖြစ်ပေသည်။ အတိုချုပ်အားဖြင့်တင်ပြရလျှင် ပြင်သစ်တို့က အယ်လ်ဂျီးရီးယန်းစစ်ပွဲအား စစ်ဘက် မဟုတ်သော နည်းလမ်းများဖြင့် တိုက်ပွဲဆင်ရသော ပြည်တွင်းရေးရာ ကိစ္စအဖြစ် အခြေခံအားဖြင့်ရှုမြင်ပေသည်။
ပြင်သစ်တို့သည် တော်လှန်ရေးစစ်ပွဲ မူဝါဒအရ အသေးစိတ် ရေးသားထား သော လုပ်ငန်းမစ်ရှင်များအတိုင်း စစ်တပ်မှ အကောင်အထည်ဖေါ် နေသည့် နှစ်များဖြစ်သော (၁၉၅၄) မှ (၁၉၆၂) ကာလအတွင်း သည်းသန်ပြင်းထန်သော အရပ်ဘက် - စစ်ဘက် ပဋိပက္ခများကို ဆက်တိုက်ဆိုသလိုအတွဲလိုက်စီကာ စဉ်ကာ ကြုံတွေ့ခဲ့ရပေသည်။ (၁၉၅၈) ဇွန်လတွင် ပျက်သုန်း လုနီးပါးဖြစ်နေသော စတုတ္တမြောက် ပြင်သစ်ပြည်သူ့နိုင်ငံတော်အစိုးရအား ဖြုတ်ချ၍ ဗိုလ်ချုပ်ဒီဂေါ အာဏာပြန်လည်ရရှိ လာအောင် စွမ်းဆောင်ရာတွင် စစ်တပ်သည် အဓိက အခန်းကဏ္ဍမှ ပါဝင်လှုပ်ရှားခဲ့ပေသည်။ (၁၉၆ဝ) ဇန်နဝါရီလတွင် ပြင်သစ် အယ်လ်ဂျီးရီးယား အရေးတွင် ဒီဂေါ၏ သံန္နိဌာန်ပြုထားမှုများနှင့် ပတ်သက်၍ ယုံကြည်မှုများ ဆုံးရှူံးလာသော ကြောင့် စစ်တပ်၏ ကြီးမားသောအပိုင်းသည် အယ်လ်ဂျီးရီးယားတွင် “အတားအဆီး အပိတ်အဆို့များအား တော်လှန် ပုန်ကန်ခြင်း” “revolt of barricades” ကို ထောက်ခံလာကြသည်။
(၁၉၆၁) ဧပြီလတွင် ဗိုလ်ချုပ် (၄) ဦး ဦးဆောင်သော စစ်တပ်တွင်း တော်လှန်ပုန်ကန်မှုဖြစ်ပွားခဲ့သည်။ ယင်းတော်လှန် ပုန်ကန်မှုသည် မအောင်မမြင် ဖြစ်ခဲ့သော်လည်း လျှို့ဝှက်လက်နက်ကိုင်အဖွဲ့အစည်း Secret Armed Organization (OAS) မွေးဖွားပေါ်ပေါက်လာမှုကိုမူ အကူအညီပေးနိုင်ခဲ့လေသည်။ အယ်လ်ဂျီးရီးယားတွင် အခြေစိုက်သည့် (ပြင်သစ်မြို့တော်တွင် မြေအောက်ကလာပ်စည်းများရှိသည့်) အကြမ်းဖက် အဖွဲ့အစည်းတစ်ခုဖြစ်သော ထို OAS အဖွဲ့သည် အယ်လ်ဂျီးရီးယန်း လွတ်လပ်ရေးအား ဆန့်ကျင်သည့် သဘောထားတင်းမာသူ စစ်ဘက်အရာရှိများနှင့် လက်ယာအရပ်သား နိုင်ငံရေးသမား များဖြင့် ဖွဲ့စည်းထားပြီး ပြင်သစ်အရပ်ဘက် ဒီမိုကရက်တစ်အုပ်ချုပ်ရေးအား ပြင်းထန်စွာ စိန်ခေါ်မှုပြုသည်။ စစ်တပ်နှင့် အစိုးရအကြား ကွာဟချက်ကြီးမားလာသောကြောင့် ဒီဂေါ၏ ကျွမ်းကျင်လိမ်မာ ပါးနပ်သော ကိုင်တွယ်ထိန်းသိမ်းမှုဖြင့်သာ အရပ်ဘက် - စစ်ဘက် ဆက်ဆံရေး၏ သိသာထင်ရှားလှသော ကျရှူံးပြိုကွဲမှုကို စီမံထိန်းသိမ်းကွပ်ကဲလာနိုင်ခဲ့ပေသည်။
ပြင်သစ် သမ္မတ ချားလ်စ်ဒီဂေါလ်
တည်ငြိမ်သော အရပ်ဘက် - စစ်ဘက် ဆက်ဆံရေးကို ပြန်လည်ထူထောင်ရန်အတွက် ဒီဂေါ၏ အစီအစဉ်မှာ အဓိကအပိုင်း (၂) ပိုင်း ပါဝင်ပေသည်။ ပထမတစ်ခုမှာ ပြင်သစ်လူထု အများစုကို အယ်လ်ဂျီးရီးယားတွင် ပြင်သစ်အခြေချနေထိုင်သူများ (the pieds - noirs) များအား ပြည်သူလူထုထောက်ခံမှု အားနည်းချိနဲ့သွားစေသည့် အယ်လ်ဂျီးရီးယားအား ပြင်သစ်နိုင်ငံ အတွင်း ပေါင်းစည်းထားသော အစိတ်အပိုင်းတစ်ခုအဖြစ် မစဉ်းစားသင့်ဆိုသည်အပေါ် လက်ခံလာစေရန် သူ့အနေဖြင့် အောင်မြင်စွာ စည်းရုံးဆွဲဆောင်ဖို့ ဖြစ်သည်။ ထိုကြောင့် အချေအတင် ဆွေးနွေးငြင်းခုံမှုများ၏ အကြောင်းအရာခေါင်းစဉ်ကို အယ်လ်ဂျီးရီးယားအား ပြင်သစ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်လက်ထိန်းသိမ်းထားရှိ၍ ပြင်သစ် အခြေချနေထိုင် သူများ (the pieds - noirs) ဆက်လက် စုဆောင်းထိန်းသိမ်းသွားရန်ဆိုသည်မှ အယ်လ်ဂျီးရီးယား လွတ်လပ်ရေးအား အသိ အမှတ်ပြုလိုက်လျော၍ ထိုအခြေချ နေထိုင်သူများအား အယ်လ်ဂျီးရီးယားအပြင်သို့ ထုတ်နိုင်ရေးအတွက် နည်းလမ်းများကို ရှာဖွေရန် ဟူသည့် ခေါင်းစဉ်သို့ ပြောင်းရွှေ့ခဲ့ပေသည်။
ဒုတိယအချက်မှာ ဒီဂေါသည် ပြင်သစ် စစ်ဘက်မဟာဗျူဟာအား ၎င်း၏ အခြေခံလုပ်ငန်း မစ်ရှင်အား ပြည်တွင်း သောင်းကျန်းမှု တန်ပြန်တိုက်ဖျက်ရေး အစီအစဉ်မှ ပြည်ပဆိုင်ရာ စစ်ပွဲအစီအစဉ်များဆီသို့ ပြောင်းလဲခြင်းအားဖြင့် ဦးလှည့် လုပ်ဆောင်သွားခဲ့ပေသည်။ ဤကြိုးပမ်းအားထုတ်မှု၏ ဗဟိုအချက်အချာ အစိတ်အပိုင်းဖြစ်သော ပြင်သစ်နျူကလီးယား အစီအစဉ်သည် ပြင်သစ်နိုင်ငံအား ဥရောပ၏ အဓိက အင်အားကြီးနိုင်ငံအဖြစ် ပြန်လည်ထူထောင်သွားရန်နှင့် တချိန်တည်း တွင် ပြင်သစ်စစ်ဘက်အား ပို၍ အစဉ်အလာနှင့် ပြည်ပဆိုင်ရာကျသည့် အရေးအရာကိစ္စအပေါ်၌ အာရုံစိုက် လုပ်ဆောင် စေမှုကို ပေးအပ်သွားရန် ပုံဖေါ်ဒီဇိုင်းဆင်ထားပေသည်။
ဒီဂေါ၏ မဟာဗျူဟာအသစ် (tous azimuts) သည် ပြင်သစ်တို့အနေဖြင့် မည်သည့်အရပ်ဒေသမှမဆို ရောက်ရှိလာနိုင်သော၊ အရှေ့မှ သာမက အနောက်မှလည်းလာနိုင်သော ပြည်ပခြိမ်းခြောက်မှုအား ရင်ဆိုင်ကြုံတွေ့ရနိုင်သည်ဟု အခြေခံ ယူဆခဲ့ပေသည်။ ဤမူဝါဒရေးရာ အပြောင်းအရွှေ့ နိုးထမှုတွင် ပြင်သစ်ပြည်တွင်းနိုင်ငံရေးတွင် စစ်ဘက်၏ ဝင်ရောက်စွက်ဖက်မှု လျော့နည်းဆုတ်ခွာ မှေးမှိန်သွားခဲ့ပေသည်။ ထိုကြောင့် ပြင်သစ်ကိစ္စက ပြည်တွင်းနှင့် စစ်ဘက်မဟုတ်သော မစ်ရှင်များသည် ဒုက္ခဖြစ်သော အရပ်ဘက် - စစ်ဘက် ဆက်ဆံရေးအား ဖြစ်ပေါ်စေခြင်းနှင့် အစဉ်အလာ ပြည်ပစစ်ဘက်မစ်ရှင်များသည် စစ်ဘက်နှင့် အရပ်ဘက် အာဏာပိုင်များအကြား ပို၍ ကောင်းမွန်သော ဆက်ဆံရေး အတွက် အခြေခံများ ထောက်ပံ့ပေးသည် ဟူသော နောက်ထပ် သက်သေသာဓကကို ပြသခဲ့ပြန်ပေသည်။
စစ်အေးတိုက်ပွဲပြီးနောက်
အမေရိကန်ပြည်ထောင်စုနှင့် ဆိုဗီယက်ပြည်ထောင်စု နှစ်နိုင်ငံစလုံးက အရပ်ဘက်အုပ်ချုပ်မှု အပေါ်၌ တည်ငြိမ်သော စစ်ဘက်တို့၏ နာခံမှုထားရှိခဲ့သည့် စံနမူနာပုံစံကို ပြသ လုပ်ဆောင်ပေးခဲ့သော စစ်အေးတိုက်ပွဲကာလနှင့် ဆန့်ကျင်လျက် စစ်အေးလွန်ကာလ (post – Cold War) သည် နှစ်နိုင်ငံစလုံး၏ အရပ်ဘက် - စစ်ဘက် ဆက်ဆံရေးတွင် မှတ်သားလောက်တဲ့ ပို၍ဆိုးရွားလာမှုများကို ဖြစ်ပေါ်စေခဲ့ပေသည်။ ယင်းကဲ့သို့ စစ်အေးတိုက်ပွဲကာလအပြီးတွင် အချိန်ကိုက်တချိန်တည်း ဖြစ်ပွားလာခဲ့ခြင်းမှာ မတော်တဆ တိုက်ဆိုင်မှုမျိုး မဟုတ်ဘဲ ပြောင်းလဲသွားသော နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ ပတ်ဝန်းကျင်အနေအထားက ရေရှည် တည်ရှိလာခဲ့သည့် စစ်အေးတိုက်ပွဲစစ်ဘက်မစ်ရှင်များကို အားနည်းချိနဲ့ သွားစေခဲ့သောကြောင့် ဖြစ်ပေသည်။ ယခုအချိန်အထိ ရုရှားက ပို၍ ဖြစ်တန်စွမ်းရှိသော အန္တရာယ်များကို အမေရိကန်ပြည်ထောင်စုထက် ရင်ဆိုင်ကြုံတွေ့ခဲ့ရ သည့်တိုင် ရုရှားနှင့် အမေရိကန် ပြည်ထောင်စုနှစ်နိုင်ငံစလုံးသည် တကယ့်တကယ် ကြီးကြီးမားမား စိန်ခေါ်မှုပြုသော ပြည်တွင်း ခြိမ်းခြောက်မှုဆိုင်ရာ ပတ်ဝန်းကျင်ကို မရင်ဆိုင်ကြရသေးပေ။
အမေရိကန် အရပ်ဘက် - စစ်ဘက် ဆက်ဆံရေး အကြပ်အတည်း။ ။ မကြာသေးမီက အမေရိကန်ပြည်ထောင်စုမှ ပညာရှင်များက နိုင်ငံသည် အရပ်ဘက် - စစ်ဘက် ဆက်ဆံရေးတွင် ကြီးကြီးမားမားပို၍ ဆိုးရွားသော အခြေအနေများကို ရင်ဆိုင်ကြုံတွေ့လာနေရပြီလား ဆိုသည်ကို စတင်မေးခွန်းထုတ်လာခဲ့ကြပေသည်။ အကြပ်အတည်း ဆိုင်ရာ ကျောင်း (crisis school) မှ အဖွဲ့ဝင်များမှ ပူးတွဲစစ်ဦးစီးချုပ်များ၏ဥက္ကဌ ဗိုလ်ချုပ်ကော်လင်းပါဝါ (General Colin Powell) က မကြုံစဖူးသော နိုင်ငံရေးအခန်းကဏ္ဍအား ရယူထားခြင်း၊ လက်နက်ကိုင်တပ်ဖွဲ့အမျိုးမျိုးမှ သမ္မတဘင်ကလင်တန် (Bill Clinton) အား အေးစက်သော လက်ခံမှုပေးခြင်း၊ ကလင်တန်အုပ်ချုပ်ရေးနှင့် စစ်ဘက်ခေါင်းဆောင်မှု တို့အကြား အပြန်အလှန် စွပ်စွဲပြောဆိုမှုများနှင့် မယုံမကြည်ဖြစ်မှုများ ဖြစ်ပေါ်နေသော ယေဘူယျရာသီဥတု စသည့် အချက်များကို ထောက်ပြကြပေသည်။ ဆန့်ကျင်ဘက်အားဖြင့် တခြားသော ပညာရှင်များနှင့် ယခင်မူဝါဒရေးရာ ဆုံးဖြတ်သူအဟောင်းများက တကယ်တန်းအားဖြင့် မည်သည့်အရာမှ မပြောင်းလဲခဲ့ပါဘူးဟု ငြင်းချက်ထုတ် ပြောဆိုကြပေသည်။ မည်သူမှန်ပါသနည်း။
အရပ်ဘက် - စစ်ဘက် ဆက်ဆံရေးတွင်ရှိနေသော အကြပ်အတည်းများအကြောင်း ပြောဆိုမှုများသည် စောလွန်းနေသေးသည်ဟု ပြောဆိုမှုများရှိနေစဉ်တွင် တချို့သော သက်သေသာဓကများကလည်း အမေရိကန်စစ်ဘက်အပေါ် အရပ်ဘက်ထိန်းချုပ်မှုသည် အရင်ကလောက် မခိုင်မာဟုလည်း အကြံပြု ပြောဆိုနေပြန်ပါသည်။ အပေါင်းဘက်မှ ရှုမြင်မှုများက အရပ်သားခေါင်းဆောင်များသည် ကာကွယ်ရေး အသုံးစရိတ် အဓိက ဖြတ်တောက်လျှော့ချမှုကို စစ်ဘက်မှ လက်ခံလာအောင်စည်းရုံးနိုင်ခဲ့ပြီးပြီ။ ထို့အပြင် ပင်လယ်ကွေ့စစ်ပွဲ (Gulf War) မတိုင်ခင်က သမ္မတဂျော့ဘုရှ် (President George Bush) နှင့် ဟေတီ (Haitian) စစ်ရေးစီမံချက်အား ဦးဆောင်ဖြစ်ပေါ်သွားစေသည့် အချိန်ကာလများ အတွင်းက သမ္မတကလင်တန် (President Clinton) နှစ်ဦးစလုံးတို့သည် ဝင်ရောက် စွက်ဖက်မှုနှင့် ပတ်သက်၍ အစပိုင်းတွင် ဖြစ်ပေါ်နေသော စစ်ဘက်တို့၏ သံသယဖြစ်မှုများကို ကျော်လွှားလွန်မြောက်နိုင်ခဲ့ကြသည်ဟု မြင်ကြပေသည်။ အနှုတ်ဘက်က ကြည့်မြင်သူများကလည်း စစ်ဘက်တို့က အုပ်ချုပ်ရေးကဏ္ဍနှင့်ဖြစ်ပွားသော မူဝါဒရေးရာ ပဋိပက္ခများတွင် စစ်အေးတိုက်ပွဲကာလတုန်းကထက် အနိုင်ရရှိပုံပေါ်နေသည်ဟု ပြောဆိုရှုမြင်ကြပေသည်။ ဥပမာအားဖြင့် ဘော့စနီးယား (Bosnia) တွင် တိုက်ရိုက် ဝင်ရောက်စွက်ဖက်ခြင်းနှင့် ပတ်သက်၍ စစ်ဘက်တို့၏ မလိုလားခြင်းက အမေရိကန်ပြည်ထောင်စုအား ပဋိပက္ခ၏ ဘေးမှာ ထိုင်လျှက်ရှိနေစေရန် (၃) နှစ်ကြာ ထိန်းသိမ်း ထားနိုင်ခဲ့သည်။
စစ်ဘက်တို့၏ အခန်းကဏ္ဍ၊ လုပ်ငန်း တာဝန်မစ်ရှင်များနှင့် ပတ်သက်၍ အဓိက ပြန်လည် သုံးသပ်မှုပြုရန် အထက်လွှတ်တော်အမတ်ဆမ်နွန်းန်ရဲ့ (Senator Sam Nunn’s) ကြိုးပမ်းအားထုတ်မှုများကိုလည်းပဲ စစ်ဘက်တို့က အစပိုင်းတွင် အတိုက်အခံ ပြုလုပ်ခဲ့ကြသည်။ (အဓိကကျသော ဒေသဆိုင်ရာစစ်ပွဲကို အောင်နိုင်ထားစဉ်တွင် ဒုတိယမြောက် ကျူးလွန်သူအား ထိန်းချုပ် ဟန့်တားထားနိုင်သဖြင့် လုံလောက်သော အင်အားကို ထိန်းသိမ်းထားခြင်း စသည့် အချက်တို့ပါသည့်) “အနိုင်ယူ၍ ဆုပ်ကိုင်ထားခြင်း” (“win plus hold”) မဟာဗျူဟာအပေါ် စစ်ဘက်တို့၏ ကန့်ကွက်မှုက အုပ်ချုပ်ရေးအနေဖြင့် ပို၍ ရည်မှန်းချက်ကြီး၍ ပို၍ အချိန်ကုန်၊ ငွေကုန်၊ အားပိုစိုက်ရသော တစ်ချိန်တည်းတွင် ဒေသဆိုင်ရာ စစ်ပွဲနှစ်ခု တိုက်ခိုက်ရေး၊ အောင်နိုင်ရေးမဟာဗျူဟာအား ပွေ့ဖက်ဆုပ်ကိုင်ရန် ဖိအားပေးခဲ့သည်။
ထို့အပြင် အမျိုးသမီးများ တိုက်ပွဲတွင် ပါဝင်ရေးအတွက် လိုအပ်သည့် ပို၍ များပြားသော တိုက်ပွဲဆိုင်ရာ အထူးပစ္စည်းများနှင့် ပတ်သက်၍ လမ်းဖွင့်ပေးသည့် အရပ်ဘက်တို့၏ ကြိးပမ်းမှုများအပေါ် စစ်ဘက်တို့က လိုလားခြင်း မရှိခဲ့ပေ။ ကလင်တန် အုပ်ချုပ်ရေး၏ စစ်ဘက် ဝန်ဆောင်မှုများအတွင်း လိင်တူဆက်ဆံသူများအား သီးသန့်ဖယ်ထားခြင်း ခံနေရမှုများ ရပ်တန့် အဆုံးသတ်သွားရေးကိစ္စ ကြိုးပမ်းအားထုတ်မှုများကိုလည်း စစ်ဘက်တို့သည် လွှတ်တော်မှ ၎င်းတို့အား ထောက်ခံသူများ၏ အကူအညီဖြင့် ကဖျက်ကယက် လုပ်ခဲ့ကြပေသည်။
အမေရိကန် အထက်လွှတ်တော်အမတ် ဆမ်နွန်းန်
ပို၍ နက်ရှိုင်းသော ကာကွယ်ရေးဆိုင်ရာ အသုံးစရိတ် ဖြတ်တောက်လျှော့ချမှု၊ စစ်ဘက်တို့၏ အခန်းကဏ္ဍနှင့် လုပ်ငန်း တာဝန်များ လေ့လာသုံးသပ်ရေးဆိုင်ရာ နိဂုံးချုပ်ချက်များ ဆောင်ရွက်ရေး စသည်တို့ အပါအဝင်ဖြစ်သော၊ အသည်းအသန် ဖြစ်နိုင်ချေရရှိသော၊ များစွာသော အကြောင်းအရာများသည် ဘွားကနဲ ပေါ်ထွက်လာရန် အလားအလာရှိနေ ဆဲပင် ဖြစ်သည်။ ဤအကြောင်းအရာများ ဖြေရှင်းဆောင်ရွက် မပြီးစီးသေးသော်ငြားလည်းပဲ အရပ်ဘက် - စစ်ဘက် ဆက်ဆံရေးမှ လမ်းကြောင်းသည် မှားယွင်းသော အရပ်ဆီသို့ ရွေ့ရှားနေပုံ ပေါ်နေပေသည်။ စစ်အေးတိုက်ပွဲပြီးဆုံးမှုက ဖြစ်ပျက်စေခဲ့ သည့် များစွာသော ပြောင်းလဲမှုများသည် အရပ်ဘက် - စစ်ဘက် ဆက်ဆံရေးအပေါ်၌ သက်ရောက်မှုများ ဖြစ်စေခဲ့ပြီးလည်း ဖြစ်ပေသည်။
ဥပမာအားဖြင့် အမေရိကန်အရပ်ဘက် အဖွဲ့အစည်းများသည် အားကောင်း၍ သန်မာနေသေးသော်လည်း မကြာသေးသော နှစ်ကာလများအတွင်း အတော်အတန် ကြီးမားသည့် မွန်းကြပ်ဖိစီးမှုများအောက် ရောက်ရှိခဲ့ပေသည်။ ထို့အပြင် နိုင်ငံရေး သမားများသည် အရင်ကရှိခဲ့သော ဓမ္မဒိဌာန်ကျသည့် ထိန်းချုပ်ရေးမူဝါဒများကို စွန့်လွှတ်ခဲ့ပုံရပြီး စစ်ဘက်က သီးသန့် လုပ်ဆောင်ရသည့် နယ်နိမိတ်အတွင်း၌ ကျရောက်သော မူဝါဒရေးရာ ဧရိယာနယ်ပယ်များစွာကို သြဇာသက်ရောက်စေရန် ယခုအခါ ကြိုးပမ်းလာနေကြပေသည်။
နောက်ဆုံးအနေဖြင့် စစ်ဘက်တို့သည် စစ်အေးကာလအတွင်းက အရေးကြီးဆုံးဖြစ်သော ပြည်ပရေးရာကိစ္စများအပေါ် အာရုံစိုက်လုပ်ဆောင်၍ အရပ်ဘက်အာဏာပိုင်များအပေါ် နာခံမှုပြုသော ပြင်ပစစ်ပွဲလုပ်ငန်းမစ်ရှင်များကို ဗဟိုပြုလုပ်ဆောင်မှုများ တဖြည်းဖြည်း နည်းပါးလာနေခြင်းပင် ဖြစ်သည်။ အမျိုးမျိုးသော ပြင်ပ လုပ်ငန်းမစ်ရှင်များသည်လည်း အစဉ်အလာမဟုတ်သော လုပ်ငန်းများအတွက် ငြိမ်းချမ်းရေးထိန်းသိမ်းခြင်း (peacekeeping)၊ လူသားချင်းစာနာရေးဆိုင်ရာ ဝင်ရောက်စွက်ဖက်ခြင်း (humanitarian intervention) စသည့် လုပ်ငန်းများကို ပို၍ ပို၍ လိုအပ်ချက် ဖြစ်နေစေလျှက် ရှိပေသည်။
ထို့အပြင် အရပ်ဘက် ခေါင်းဆောင်များသည် စစ်ဘက်တို့ အနေဖြင့် တန်ပြန် အကြမ်းဖက်တိုက်ဖျက်ရေး (counterterrorism)၊ မူးယစ်ဆေးဝါး ဆန့်ကျင်တိုက်ဖျက်ရေး (antinarcotics operations)၊ သဘာဝဘေးအန္တရယ်မှ ကာကွယ်ရေး (disaster relief)၊ အဓိကရုဏ်း နှိမ်နှင်းထိန်းချုပ်ရေး (riot control) တို့နှင့် လူမှုသက်သာချောင်ချိရေး လုပ်ငန်းများမှ ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းများ (social - welfare provision) တွင်တောင်မှ ပို၍ကြီးမားသော ပြည်တွင်းဆိုင်ရာ အခန်းကဏ္ဍဖြင့် လုပ်ဆောင်ပါဝင်ရန် ပြောလာ နေကြပေသည်။
ဤအစဉ်အလာမဟုတ်သော၊ ပြည်တွင်းဆိုင်ရာဖြစ်တဲ့ စစ်ဘက်လုပ်ငန်းမစ်ရှင်များသည် ကျန်းမာကြံ့ခိုင်သော အရပ်ဘက် - စစ်ဘက် ဆက်ဆံရေးအတွက် ကနဦး တည်ရှိ သင့်သည့် ပုံစံကို ထိန်းသိန်းထားနိုင်ခြင်းအား နည်းပါးစွာဖြင့်သာ အထောက်အကူပြုပေသည်။ အထင်အရှားအားဖြင့် အမေရိကန်စစ်ဘက်မှ အားနည်းသေး၍ နိုင်ငံအာဏာအား သိမ်းပိုက်ထားရန် ကြိုးပမ်းနိုင်သည် ဆိုသည့် အန္တရာယ်မှာ နည်းနည်းပါးပါးသာရှိပေသည်။ ထို့အတူပင် အမေရိကန်စစ်တပ်က အရပ်ဘက်အား ပွင့်ပွင့်လင်းလင်း ဗြောင်မနာခံခြင်း၊ တိုက်ရိုက်အမိန့်များကို မနာခံခြင်း ဆိုသည်တို့မှာလည်း ကျနော်တို့အနေဖြင့် မမျှော်လင့်ပါ။
အမေရိကန်အစိုးရအဖွဲ့အစည်းများ အားနည်းလာနေသော်ငြားလည်းဘဲ တတိယကမ္ဘာ (Third World) ၏ အာဏာသိမ်းမှုအန္တရာယ်ရှိနေသော (coup - plagued) နိုင်ငံများရှိ အရပ်ဘက် အဖွဲ့အစည်းများထက်မူ ပို၍ အားကောင်းနေဆဲဖြစ်သည်။ အယ်ဂျီးရီးယန်း အကြပ်အတည်း ကာလက ပြင်သစ်စစ်တပ်မှလည်းကောင်း သို့မဟုတ် “ပညာရှင်အသစ် မူဝါဒ” “(new professional) ကိုင်စွဲပြီး လက်တင်အမေရိကမှ စစ်အာဏာရှင်များက ၎င်းချမှတ်ကျင့်သုံးခဲ့သော အစဉ်အလာမဟုတ်သည့် ပြည်တွင်းလုပ်ငန်းမစ်ရှင်လိုမျိုးကိုမူ အမေရိကန်စစ်တပ်သည် တကယ်တမ်းအားဖြင့် ပွေ့ဖက်ဆုပ်ကိုင်ခြင်း မရှိသေးပေ။
အမေရိကန် အရပ်ဘက် - စစ်ဘက် ဆက်ဆံရေးအခြေအနေ ဆိုးရွားလာနေခြင်း၏ အဓိက ကျသော အချက်မှာ စစ်တပ်၏ စစ်အေးလွန်ကာလများနှင့် ပတ်သတ်၍ မသေချာ မရေရာ ဖြစ်နေခြင်း ဖြစ်သည်။ ထိုသို့ လျော့နည်းလာနေသော နိုင်ငံတကာ ခြိမ်ခြောက်မှု ပတ်ဝန်းကျင် က အရပ်ဘက်အာဏာပိုင်များ၏ ပြည်တွင်းဆိုင်ရာ အဖွဲ့အစည်းများကို အားနည်းစေခဲ့သည်။ အရပ်ဘက်ခေါင်းဆောင်မှုကို ဆန္ဒစွဲကျထိန်းချုပ်မှုဆီသို့ ရွေ့ရှားစေခဲ့သည်။
၎င်း၏ နိုင်ငံတကာရေးရာ၊ ပြည်တွင်းလုပ်ငန်းများနှင့် ပတ်သတ်၍ မရေမရာ ဝိုးတဝါး အခြေအနေများတွင် အမေရိကန် စစ်တပ်အား ချန်ထားပစ်ခဲ့သည်။ ယင်းသို့သော အပြောင်းအလဲများကြောင့် အမေရိကန်စစ်တပ်သည် စစ်အေးအချိန်ကာလထက်စာလျှင်မူ အရပ်ဘက်အပေါ် နာခံမှုပေးခြင်း နည်းပါးကောင်း နည်းပါးလာနိုင်ပေသည်။
ရုရှား အရပ်ဘက် - စစ်ဘက် ဆက်ဆံရေး ယိုယွင်းပျက်ဆီး လာခြင်း။ ။ ဆိုဗီယက်ခေတ်လွန် ကာလရှိ ရုရှား၏ အရပ်ဘက် - စစ်ဘက် ဆက်ဆံရေး အခြေအနေနှင့် ပတ်သတ်၍ အလားတူ ဆွေးနွေးငြင်းခုန်မှုသည်လည်း အကျိုးဆက် အဖြစ် ဆက်လက် ပေါ်ထွက်လာခဲ့သည်။ ဆိုဗီယက်ယူနီယံ၏ရှည်လျားသော အတော်အတန်ကောင်းမွန် သည့် အရပ်ဘက် - စစ်ဘက် ဆက်ဆံရေးအပေါ် သူတို့၏အကဲဖြတ်ချက်ကို အခြေခံသော ပညာရှင်အချို့က ဟောကိန်းထုတ်ကြပေသည်။ တချို့ပညာရှင်များကလည်း ရုရှား၏ အရပ်ဘက် - စစ်ဘက် ဆက်ဆံရေးသည် စစ်အေးတိုက်ပွဲပြီးဆုံးကတည်းက ကြီးကြီး မားမားပင် အခြေအနေ ပိုမိုဆိုးရွားလာခဲ့သည်ဟု ငြင်းချက်ထုတ်ပြောဆိုကြပါသည်။
ကျနော့်၏ကိုယ်ပိုင်အမြင်ကတော့ ဒုတိယအုပ်စုနှင့် ပို၍ သဘောတူညီပေသည်။ ရုရှားသည် မကြာသေးမီနှစ်ကာလများ အတွင်း အတော်အတန့် ဒုက္ခဖြစ်သော ဖြစ်ထွန်းမှုများကို ကြုံတွေ့ခဲ့ ရပေသည်။ ဥပမာအားဖြင့် ပြောရလျှင် ရုရှားစစ်ဘက် သည် ယယ်လ်ဆင် (Yeltsin) အစိုးရမှ ဆောင်ရွက်သော နိုင်ငံခြားရေးရာမူဝါဒအစပြု ဦးဆောင်တင်ပြချက် (initiatives) အတော်များများကို ပိတ်ဆို့ဟန့်တားခဲ့သည်။ ရုရှားစစ်တပ်သည် ကူရင်းကျွန်းစုများ (Kuril Islands) ဂျပန်လက်ထဲ ပြန်လည်ရောက်ရှိရေးအတွက် စေ့စပ် ညှိနှိုင်းရန် ယယ်လ်ဆင်အုပ်ချုပ်ရေး၏ ကြိုးပမ်းအားထုတ်မှုများကို အားနည်းချိနဲ့ သွားစေရန် ပြုလုပ်ခဲ့သည်။ ပင်လယ်နက် (Black Sea) ရေတပ်သင်္ဘော အုပ်စုများကို ယူကရိန်းနှင့် နှစ်နိုင်ငံအကြား ခွဲဝေ ယူရေးကိုလည်း နှောင့်နှေးအောင် ပြုလုပ်ခဲ့သည်။

ဗိုလ်ချုပ်ကြီး အလက်ဇန္ဒားလက်ဘက်ဒ် (Aleksandr Lebed)
အလားတူစွာပင် ဥရောပရှိ သမာရိုးကျ တပ်ဖွဲ့များစာချုပ် (Conventional Forces in Europe treaty) အတွက် အရပ်သား များ၏ ထောက်ခံမှုရှိသော်ငြားလည်းဘဲ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနသည် ကော့ကေးဆပ် (Caucasus) ရှိ ရုရှား၏ လုံခြုံရေးဆိုင်ရာ အကျိုးစီးပွားနှင့် ဆန့်ကျင်သည်ဟု ရုရှားစစ်ဘက်မှ ယုံကြည်သည့် စာချုပ်ပါ တချို့သော အပိုင်းများကို တဖက်သတ် ပယ်ဖျက်ပစ်ရန် ခြိမ်းခြောက်ခဲ့သည်။ ထို့အပြင် မြောက်အန္တလန်တိတ်စာချုပ်အဖွဲ့ (North Atlantic Treaty Organization) အဖွဲ့အတွင်း သို့ အရှေ့ဥရောပ (East European) နိုင်ငံများကို ဝင်ခွင့်ပြုမည့် အနောက်ဘက် (Western) ၏ မည်သည့် စီမံကိန်းမဆို ရုရှားစစ်ဘက်၏ အားပြင်းသော ကန့်ကွက်ချက်များက အစိုးရအနေဖြင့် အလားတူ ရပ်တည် ချက်မျိုးဖြင့် ရပ်တည်ရန် ဖိအားပေးခဲ့ပေသည်။
နောက်ဆုံးအနေဖြင့်ဆိုလျှင် ရုရှားကာကွယ်ရေး ဝန်ကြီးပါဗယ်ဂရာချက်ဗ် (Defense Minister Pavel Grachev) နှင့် သူ၏ စစ်ဘက် မဟာမိတ်များသည် ချက်ချင်း (Chechen) ပဋိပက္ခအား အင်အားသုံးဖြေရှင်းရန်သာ ဆန္ဒပြင်းပြကြပြီး ငြိမ်းချမ်း ရေးသဘောတူချက်ရရှိရန် အရပ်ဘက်တို့၏ ကြိုးပမ်းအားထုတ်မှုများကို ဖျက်ဆီးလိုစိတ်ရှိခဲ့ကြပေသည်။ စစ်ဘက်တို့သည် သူတို့၏ကြွက်သားများအား ကွေးဆန့်လှုပ်ရှားသည့် လေ့ကျင့်ခန်းများကို တခြားနည်းလမ်းများအားဖြင့်လည်း ပြုလုပ်ခဲ့ ကြပေသည်။ ဖြစ်လာနိုင်စွမ်းသော စစ်ဘက်တို့၏ စစ်သားသစ်စုဆောင်းမှုများအတွက် စစ်မှုထမ်းဆောင်ရန် ဆင့်ခေါ်မှုများ ကို ရှောင်ရှားပြုလုပ်ခြင်းကို ရပ်တန့်စေနိုင်မည့် စစ်မှုမထမ်းမနေရဥပဒေ (conscription laws) အတွင်း အရေးကြီးသည့် အပြောင်းအလဲများ တိုးမြှင့်ပြုလုပ်ရန် အရပ်သားတို့၏ ထပ်မံ ကြိုးပမ်းမှုများအပေါ် ခုခံမှုများကိုလည်း ပြုလုပ်ခဲ့ကြသည်။
ထို့အပြင် ဂရာချက်ဗ် (Grachev) ၏ တောင်းဆိုချက်ဖြစ်သော ရုရှားစစ်တပ်ဖွဲ့အားလုံး ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်တွင် ရှိရေးဆိုသည်မှာလည်း မကြာမီ ဖြစ်လာနိုင်ပေသည်။ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနသည် (၁၉၉၅) ဒီဇင်ဘာလတွင် ကျင်းပသည့် ပါလီမန်ရွေးကောက်ပွဲတွင် ပါဝင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် သူ၏ စစ်ဘက်အရာရှိ (၁၂၃) ဦးကို ယှဉ်ပြိုင်အရွေးခံရန် တင်သွင်းခြင်းဖြင့်လည်း တက်ကြွသော ရွေးကောက်ပွဲဆိုင်ရာ အခန်းကဏ္ဍကိုတောင်မှ ရယူမှု ပြုခဲ့ပြီးဖြစ်သည်။ စစ်ဘက်ခေါင်းဆောင်များသည် သူတို့၏ ဆက်လက်တည်မြဲနေသော အာဏာများကို တသီးပုဂ္ဂလရေးရာအားဖြင့်လည်း ပြသခဲ့ကြပြီးဖြစ်သည်။
ဂရာချက်ဗ် (Grachev) သည် ချက်ချင်းညာ (Chechnya) တွင် ဖြစ်ပွားသော စစ်ရေးစီမံချက်ဆိုင်ရာ ပြဿနာများနှင့် ဟိုးလေးတကျော် အပုပ်နံထွက်သော ခြစားမှုများတွင် ၎င်းပုဂ္ဂိုလ်ရေးအရ ပါဝင်နေမှုများကြောင့် ရာထူးမှ ဆင်းပေးရန် ယခုလောလောဆယ် တောင်းဆိုမှုများ ထွက်ပေါ်နေသော်လည်း ယခုအချိန်ထိ ၎င်း၏ရာထူးတွင် တည်မြဲနေဆဲ ပင် ဖြစ်သည်။ ရုရှားဟာ ဒီမိုကရေစီစနစ်သို့ သွားရန် အဆင်သင့်ဖြစ်နေပြီလားဆိုသည့် မေးခွန်းများကို မေးနေသော၊ ချီလီမှ စစ်အာဏာရှင်ဟောင်း အော်ဂတ်စတိုပီနိုချေး (Augusto Pinochet) အား ချီးကျူးမှုကို ပွင့်ပွင့်လင်းလင်းဖေါ်ပြသော၊ ရာထူးမှ အနားယူသွားပြီဖြစ်သော ဗိုလ်ချုပ်ကြီး အလက်ဇန္ဒားလက်ဘက်ဒ် (Aleksandr Lebed) သည် အရပ်သားနိုင်ငံရေးသမားများကို ရင်ဆိုင်အံတုတိုက်ခိုက်ရာတွင် နာမည်ကြီးပြီး ယနေ့ကာလ ရုရှားတွင် လူကြိုက်အများဆုံးဖြစ်သည့် နိုင်ငံရေးသမားများထဲမှ တစ်ဦး ဖြစ်နေ ပေသည်။ ဤလက္ခဏာအားလုံးက ရုရှားအရပ်ဘက် - စစ်ဘက်ဆက်ဆံရေးတွင် အရာအားလုံးသည် မကောင်းပါဟု ဖေါ်ပြရာရောက်နေပေသည်။
များစွာသော အချက်အလက်များမှာ အလုပ်ဖြစ်နေဆဲဟုတော့ ပြောနိုင်ပါသေးသည်။ ဆိုဗီယက်လွန်ခေတ်တွင်ရှိသည့် ရုရှားအရပ်ဘက်အဖွဲ့အစည်းများသည် အားနည်းနေ ဆဲဖြစ်သည်။ လောလောဆယ်ကာလတွင် ကွန်မြူနစ်ပါတီသည် လူထုထောက်ခံမှု၌ အတက်ဘက်သို့ ပြနေဆဲဖြစ်သော်လည်း အရပ်ဘက်အုပ်ချုပ်ရေး၏ အဓိက မဏ္ဍိုင်အဖြစ် တော့ ဆက်မရှိတော့ပေ။ မည်သည့်အဖွဲ့အစည်းမျှလည်း ဤအခန်းကဏ္ဍကို အစားထိုးရန် ပေါ်ပေါက် မလာသေးပေ။
ထို့အပြင် ယယ်လ်ဆင်နှင့် အခြားနိုင်ငံရေးသမားများသည် “ဆန္ဒစွဲကျ ထိန်းချုပ်မှုယန္တရား” “(subjective control mechanisms)” ကို စတင်ချမှတ်ကျင့်သုံးလာကြသည်။ ယယ်လ်ဆင်အစိုးရနှင့် ၎င်း၏ပါလီမန်အတိုက်အခံများ နှစ်ဖက်စလုံးက အကြမ်းဖက်ရင်ဆိုင်မှုများအထိပင်ဖြစ်ပွားစေခဲ့သော အရာများတွင် လက်နက်ကိုင်တပ်ဖွဲ့များအား ၎င်းတို့ဘက်ရပ်တည်ရန်အတွက် စည်းရုံးဆွဲဆောင်ရန် ကြိုးစားခံသော အချိန်ကာလဖြစ်သည့် (၁၉၉၃) ခုနှစ် စက်တင်ဘာနှင့် အောက်တိုဘာ အဖြစ်အပျက်များက စစ်တပ်အား နိုင်ငံရေးအရ စည်းရုံးသိမ်းသွင်းလိုသည့် တိုးမြင့်လာနေသော ဆန္ဒများကို ဖေါ်ပြနေပေသည်။
ပို၍ အရေးကြီးသည်မှာ စစ်ဘက်သည် စစ်အေးတိုင်ပွဲကာလက ကျန်းမာကြံ့ခိုင်သော အရပ်ဘက် - စစ်ဘက်ဆက်ဆံရေးပုံစံ ဆက်လက်ထိန်းသိမ်းထားနိုင်ရေးတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်လှုပ်ရှားခဲ့သော အစဉ်အလာ ပြင်ပ စစ်ဘက်လုပ်ငန်းမစ်ရှင်အား ဆုံးရုံးခဲ့ခြင်းပင်ဖြစ်သည်။ ရုရှားစစ်ဘက်အတွက် ကျန်ရှိနေသေးသော လုပ်ငန်းမစ်ရှင်များ မှာ ပြင်ပသို့လည်းမဟုတ်၊ စစ်ဘက်ဆိုင်ရာ လုပ်ငန်းဖြစ်သည်ဟု ရှင်းရှင်းလင်းလင်းလည်း မဟုတ်ဖြစ်နေပေသည်။
(၁၉၉၃) နှောင်းပိုင်တွင် ချမှတ်ခဲ့သော စစ်ဘက်ဆိုင်ရာလုပ်ငန်းမစ်ရှင်အသစ်သည် စစ်အေးလွန်ကာလ စစ်ဘက်မစ်ရှင်၏ မရှင်းမလင်းအနက် ထွေပြားမှုများကိုသာ ရောင်ပြန် ဟပ်ပြခဲ့ပါသည်။ ယင်းမူဝါဒများစွာသော အစဉ်အလာ ပြင်ပစစ်ဘက် တိုက်ခိုက်ရေး မစ်ရှင်များကို အခြေခံချမှတ်ထားစဉ်မှာ လုပ်ဆောင်မှုများ၏ မှတ်တမ်းမှတ်ရာ (၃) ပုံ (၂) ပုံ ကျော်ကျော်က ဥပဒေသက်ရောက်အောင် ဆောင်ရွက်ခြင်း၊ တန်ပြန်အကြမ်းဖက် တိုက်ခိုက်ရေး၊ တိုင်းရင်းသားခွဲထွက်မှုများကို တိုက်ခိုက် ခြင်း၊ မူးယစ်ဆေးဝါးကုန်ကူးမှုများကို တိုက်ဖျက်ချေမှုန်းခြင်း၊ အခွန်အကောက်ရှောင်ရှားမှုများကို နှိမ်နှင်းခြင်း စသည့် အစဉ်အလာမဟုတ်သည့် (Nontraditional) ပြည်တွင်းဆိုင်ရာ လုပ်ငန်းမစ်ရှင်များကိုသာ ဖေါ်ပြနေပေသည်။
ထိုအပြင် စစ်ဘက်၏များစွာသော အာရုံစိုက်မှုများက ယခင် ဆိုဗီယက်ယူနီယံ (USSR) အဟောင်းမှ အသစ်ဖြစ်လာသည့် လွတ်လပ်သော နိုင်ငံများအပေါ်တွင်သာ စူးစိုက်ထား ပေသည်။ ၎င်းလွတ်လပ်သည့် နိုင်ငံအသစ်များကို ရုရှားတို့က နီးစပ် သော နိုင်ငံခြားတိုင်ပြည်များဟုခေါ်ပြီး ၎င်းတို့၏ အာရုံစိုက်မှုများကို အတိအကျအားဖြင့် ပြောရလျှင် ရုရှားစစ်ဘက် အရာရှိ များသည် ထိုနိုင်ငံများတည်ရှိရာ ဧရိယာများအတွင် နေထိုင်သော ရုရှားတိုင်းရင်းသား လူနည်းစုများ၏ အဆင့်အတန်း အပေါ် စိုးရိမ်သောက ဖြစ်မှုများကို ဖေါ်ပြခဲ့ကြပေသည်။

Russia Army Drill
ယခုအခါ၌ အချုပ်အခြာအာဏာပိုင်သော နိုင်ငံများဆိုသည့်တို့နှင့် ပတ်သက်ဖြေရှင်း ဆောင်ရွက် နေရသောကြောင့် နည်းနာအားဖြင့် လုပ်ငန်းမစ်ရှင်းသည် ပြင်ပဆိုင်ရာ ဖြစ်သည်ဟု ပြောနိုင်သော်လည်း အရေအတွက် ကြီးကြီးမားမား ဖြစ်သော စစ်ဘက်အရာရှိများ အပါအဝင်ဖြစ်သည့် ရုရှားတော်တော်များများက ယုံကြည်ကြသည်မှာ ဤနယ်မြေများသည် ပို၍ ကြီးမားသော ရုရှား၏ အစိတ်အပိုင်းသာဖြစ်သည်ဟု ဖြစ်ပြီး ယင်းအမြင်အရဆိုပါက အထက်ပါမစ်ရှင်သည် ပြည်တွင်း ဖြစ်သည်ဟု သတ်မှတ်ကောင်း သတ်မှတ်နိုင်ပါသည်။
တကယ်တန်းအားဖြင့်ဆိုရလျှင် နီးစပ်သော နိုင်ငံခြားတိုင်းပြည်များတွင်ရှိသော မိမိတို့ ရုရှားတိုင်းရင်းသား ညီအစ်ကို များကို ကာကွယ်ရန်ဆိုသည့် ရုရှားတို့၏ စစ်ဘက်လုပ်ငန်းမစ်ရှင်နှင့် အယ်လ်ဂျီးရီးယား (Algeria) ရှိ ပြင်သစ်အခြေချ နေထိုင်သူများ (Pieds – noirs) ကို ပြင်သစ်စစ်ဘက်တို့၏ ကာကွယ်ပေးမှုဆိုသည့် နှစ်ခုအကြား သင့်တော်သော နှိုင်းယှဉ် မှုကိုပင် ပြုလုပ်နိုင်ပေသည်။ ကျွန်ုပ်တို့ တွေ့မြင်ခဲ့ပြီဖြစ်သည့်အတိုင်း ပြင်သစ်အရပ်ဘက် - စစ်ဘက်ဆက်ဆံရေးတွင် အန္တရာယ်ရှိသော နောက်ဆက်တွဲ အကျိုးဆက်ကို ဖြစ်ပေါ်စေခဲ့သည့် ဤလုပ်ငန်းမစ်ရှင်အမျိုးအစားသည် ရုရှားတွင်လည်း အလားတူ အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေနိုင်ပေသည်။
စစ်အေးတိုက်ပွဲပြီးဆုံးမှုနှင့် အစဉ်အလာ ပြင်ပစစ်ဘက်ဆိုင်ရာ လုပ်ငန်းမစ်ရှင်အား နောက်ဆက်တွဲအကျိုးဆက်အဖြစ် ဆုံးရှုံးမှုက အမေရိကန်ပြည်ထောင်စုနှင့် ရုရှား နှစ်နိုင်ငံ လုံးတွင် အရပ်ဘက် - စစ်ဘက်ဆက်ဆံရေး ပို၍ ဆိုးရွားလာခြင်းကို ဖြစ်ပွားလာစေရန် ကူညီခဲ့ပေသည်။ မငြင်းသာသည်မှာ ရုရှား၏ပြဿနာသည် စစ်ဘက်အာဏာသိမ်းမှု ဖြစ်ပွားမလာနိုင်သေးတောင်မှ ပို၍ အရေးတကြီး အသည်းအသန် အခြေအနေတွင် ရှိနေပေသည်။ သို့ပင်ဖြစ်သော်ငြားလည်း ရုရှားနှင့် အမေရိကန် အရပ်ဘက် ခေါင်းဆောင် များအနေဖြင့် အရပ်ဘက် - စစ်ဘက်ဆက်ဆံရေး အခြေအနေ တိုးတက်ကောင်းမွန်လာစေရန် ဘာလုပ်သင့်သနည်းဟု ကျွန်ုပ်တို့ အနေဖြင့် မေးရန်လိုအပ်နေပေသည်။
မူဝါဒဆိုင်ရာ အကြံပြုတင်ပြချက်များ
ရှင်းလင်းသော၊ အစဉ်အလာဖြစ်သော ပြင်ပဆိုင်ရာ စစ်ဘက်လုပ်ငန်းမစ်ရှင်များရှိသည့် နိုင်ငံများသည် ကောင်းမွန်သော အရပ်ဘက် - စစ်ဘက်ဆက်ဆံရေး (ဆိုလိုသည်မှာ အရပ်ဘက်ခေါက်းဆောင်မှုက စစ်ဘက်တို့အပေါ်၌ ၎င်းတို့လုပ်ချင်သော အရာများကို စည်းကြပ်လုပ်ဆောင်နိုင်စေသည့် အစွမ်းရှိခြင်း) ရှိသည်ဟု ကျွန်ုပ်အနေဖြင့် ဆွေးနွေး ပြောဆို တင်ပြခဲ့ပြီးဖြစ်သည်။ စိန်ခေါ်နေသော ပြင်ပဆိုင်ရာ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရသည့် နိုင်ငံတစ်ခုတွင် သန်မာသော၊ တစည်းတလုံးတည်းရှိသော အရပ်ဘက် အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများ၊ ဓမ္မဒိဌာန်ကျသော ထိန်းချုပ်မှု ယန္တရားများ (objective control mechanisms) ကို အားကိုးအသုံးပြုသည့် အရပ်ဘက်ခေါင်းဆောင်မှုနှင့် ပြင်ပ ဆိုင်ရာသို့သာ အာရုံပြု လုပ်ဆောင်သော စစ်ဘက်ဆိုင်ရာအဖွဲ့အစည်းများ ရှိနိုင်ပေသည်။
အခြေခံအားဖြင့် ပြည်တွင်း ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရသော တိုင်းပြည်တွင် အားနည်း၍ ခွဲခြားခံထားရသော အရပ်သား အာဏာပိုင်အဖွဲ့အစည်းများ၊ နောက်ဆုံး နည်းလမ်း အနေဖြင့် ဆန္ဒစွဲကျထိန်းချုပ်မှု ယန္တရားကို ချမှတ်ကျင့်သုံးသော အရပ်ဘက်ခေါင်းဆောင်မှုနှင့် ပြည်တွင်းသို့သာ အာရုံစိုက် လုပ်ဆောင်သည့် စစ်တပ်တို့ ရှိနိုင်ပေသည်။ စစ်အေးလွန်ကာလ (post – Cold War era) တွင် ရှိနေသော အမေရိကန်ပြည်ထောင်စုနှင့် ရုရှား နှစ်နိုင်ငံလုံသည် ဤအထက်ပါ (၂) မျိုးစလုံးကြာထဲသို့ ကျရောက်နေပုံ ရပေသည်။ နှစ်နိုင်ငံစလုံးအတွက် စစ်အေးတိုက်ပွဲပြီးဆုံးမှုက အတိုင်းအတာတစုံတရာ ကွဲပြားကောင်း ကွဲပြားနိုင်သော်လည်း အစိုးရအဖွဲ့အစည်းများ အားနည်းလာမှုဆိုသည်ကို ကြုံတွေ့စေခဲ့သည်။ အမေရိကန်နှင့် ရုရှား နှစ်နိုင်ငံစလုံးမှ အရပ်ဘက်ခေါင်းဆောင်များသည် ဓမ္မဒိဌာန်ကျသော ထိန်းချုပ်မှုမှ ဆန္ဒစွဲကျ ထိန်းချုပ်မှုတချို့သောပုံစံများသို့ ပြောင်းလဲ ကျင့်သုံးလာကြသည်။
နောက်ဆုံးအနေဖြင့်ဆိုရလျှင် နှစ်နိုင်ငံစလုံး၏ စစ်ဘက်တို့သည် စစ်အေးတိုက်ပွဲ ပြီးဆုံးမှုက သူတို့၏ ရှင်သန်ခြင်း အကြောင်းရင်းခံ (raison deter) အပေါ် အကြီးအကျယ် သံသယရှိစေခဲ့သောကြောင့် သူတို့၏ လုပ်ငန်းမစ်ရှင်နှင့် ပတ်သက်၍ တကယ်တည်းရှိနေရန် လိုမလိုဆိုသည့် မေးခွန်းမေးလာရသော မကြပ်အတည်းနီးပါးအထိ ရင်ဆိုင် ခဲ့ရပေသည်။ စစ်တပ်နှစ်ခုစလုံးသည် စစ်အေးလွန်ကာလ အခန်းကဏ္ဍသစ်ကို ကြိုးစားရုန်းကန်ရှာဖွေနေစဉ်တွင် သူတို့သည် ကံမကောင်းအကြောင်းမလှစွာဖြင့် အစဉ်အလာ မဟုတ်သော ပြည်တွင်းလုပ်ငန်းမစ်ရှင်များဆီသို့ ရွေ့ရှားနေခြင်းသော်လည်းကောင်း သို့မဟုတ် ထိုအခြေအနေ၏ ဦးဆောင်ခေါ်ယူသွားမှု၏ ခံနေရခြင်းကိုသော်လည်ကောင်း ကြုံတွေ့နေရပေသည်။ ပြင်သစ်ကိစ္စက ရှင်းလင်းစွာပြဆိုသည့်အတိုင်း အဆိုပါလုပ်ငန်းမစ်ရှင်သည် ကျန်းမာကြံ့ခိုင်သော အရပ်ဘက် - စစ်ဘက်ဆက်ဆံရေးပုံစံအား ဆက်လက် ထိန်းသိမ်းထားနိုင်ရေးတွင် အထောက်အကူပြုဘွယ်ရာ မရှိပေ။
ရုရှားနှင့် အမေရိကန်နှစ်နိုင်ငံလုံးရှိ အရပ်ဘက်နှင့် စစ်ဘက်ခေါင်းဆောင်များကို စိန်ခေါ်နေသော အရာမှာ စစ်အေးလွန်ကမ္ဘာ၏ ပြောင်းလဲနေသော နိုင်ငံတကာလုံခြုံရေးဆိုင်ရာ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ၍ လိုလားအပ်သော အရပ်ဘက် - စစ်ဘက်ဆက်ဆံရေး ပုံစံကို အထောက်အကူပြုသည့် စစ်ဘက်ဆိုင်ရာ လုပ်ငန်းမစ်ရှင် အသစ်အား ရှာဖွေရန်ပင် ဖြစ်သည်။ စစ်အေးလွန်ကမ္ဘာ၏ နိုင်ငံတကာလုံခြုံရေးဆိုင်ရာ ပတ်ဝန်းကျင် အခြေအနေသည် မရေမရာဖြစ်နေသောကြောင့် အရပ်ဘက် - စစ်ဘက် ဆက်ဆံရေးသည်လည်း မရေမရာပုံစံနှင့်ပင် သွားနေပေသည်။ ဤကဲ့သို့သော အခြေအနေအောက်တွင် မူဝါဒရေးရာ ရွေးချယ်မှုနှင့် ပတ်သက်သော စိတ်ကူးစိတ်သန်းများသည် အဓိက အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လှုပ်ရှားသွားမည် ဖြစ်ပေသည်။ နှစ်နိုင်ငံလုံးမှ အရပ်ဘက်ခေါင်းဆောင်များသည် အောက်ပါလမ်းညွှန်ချက်များကို စိတ်ထဲတွင် ထားရှိသင့်ပေသည် -
Russian Parliament Building , "the White House", Moscow
ပထမတစ်ချက်မှာ ၎င်းတို့အနေဖြင့် စစ်တပ်အား ပို၍ ကြီးမားသော ပြည်တွင်းဆိုင်ရာ အခန်းကဏ္ဍ၌ တာဝန် အပ်နှင်းခြင်းမျိုးတွင် သတိ ထားသင့်ပေသည်။ သမိုင်းကြောင်းအရ ပြောရလျှင် များစွာသော နိုင်ငံများ၏ လက်နက်ကိုင် တပ်ဖွဲ့များက အရပ်ဘက် အာဏာပိုင်များအား နာခံမှု ပေးထားလျှက် အချို့သော ပြည်တွင်းလုံခြုံရေးဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်နိုင်နေစဉ်၌ အစဉ်အလာပြည်ပဆိုင်ရာ တိုက်ပွဲလုပ်ငန်း မစ်ရှင်းများကို ဆက်လက် ထိန်းသိမ်းထားရှိသည့် နိုင်ငံများတွင် မျှတ၍ စိတ်ကျေနပ်စရာကောင်းသော ပို၍လည်း ကောင်းမွန်သော အရပ်ဘက် - စစ်ဘက် ဆက်ဆံရေးပုံစံများ ရှိနေပေသည်။
ထို့ကြောင့် ရုရှားနှင့် အမေရိကန်ပြည်ထောင်စုနှစ်နိုင်ငံစလုံးက အရပ်ဘက်ခေါင်းဆောင်များသည် သူတို့က သူတို့၏ စစ်တပ်များအား အပ်နှင်းသော ပြည်တွင်းလုပ်ငန်းမစ်ရှင် အမျိုးအစားကို ဘက်ပေါင်းစုံ ချင့်ချိန်တွက်ဆ၍ တာဝန် ပေးသင့်ပေသည်။
အထင်အရှားအားဖြင့်ပြောရလျှင် သဘာဝအားဖြင့်သော်လည်းကောင်း၊ လူကြောင့်သော် လည်းကောင်း ဖြစ်ပျက်သော အန္တရာယ်များတွင် အသုံးပြုမှုသည် သင့်တော်သော်လည်း ပြည်တွင်းလုံခြုံရေး၊ အကြမ်းဖက်မှု တန်ပြန်တိုက်ခိုက်ရေး၊ တရားဥပဒေ သက်ရောက်မှုရှိအောင် ဆောင်ရွက်ရေး၊ လူမှုသက်သာ ချောင်ချိရေး (ဥပမာအားဖြင့် အတွင်းပိုင်းကျသော မြို့ကြီးများတွင် ကျန်းမာရေးစောင့်ရှောက်မှု နှင့်ပတ်သက်သည့် ပို့ဆောင်ထောက်ပံ့ရေးလုပ်ငန်း) စသည့် လုပ်ငန်းများတွင် စစ်တပ်ဖွဲ့များအား ပုံမှန်တာဝန်ပေး ဆောင်ရွက်စေခြင်းများသည် စစ်တပ်ဖွဲ့များ၏ အဆင်သင့်ဖြစ်မှု (military readiness) နှင့် ကောင်းမွန်သော အရပ်ဘက် - စစ်ဘက်ဆက်ဆံရေးပုံစံများ ဆက်လက်ထိန်းသိမ်း ထားနိုင်ခြင်းတို့နှင့် ချိန်ထိုးစဉ်းစားကြည့်ပါက မလိုလားအပ်ပေ။ နှစ်နိုင်ငံစလုံးတွင် အရပ်ဘက်ခေါင်းဆောင်များသည် မကြာသေးမီနှစ်များကာလအတွင်က မှားယွင်းသော ညွှန်းရပ်ဆီသို့ ရွေ့ရှားခဲ့ပေသည်။
(၁၉၉၃) အောက်တိုဘာလတုန်းက ပါလီမန် အဆောက်အဦးကို သိမ်းပိုက်နိုင်ရန်အတွက် ယယ်လ်ဆင်အုပ်ချုပ်ရေး၏ စစ်တပ်အဖွဲ့များအား အသုံပြုသည့် စစ်တပ်သည် ရုရှားပြည်တွင်းနိုင်ငံရေးတွင် အဓိက ပါဝင်လှုပ်ရှားသွား စေခဲ့ပေသည်။ မကြာသေးမီကာလအတွင်းက ပြည်တွင်းလူမှုသက်သာချောင်ချိရေး လုပ်ငန်းများ၊ ယင်းနှင့် ပတ်သက်သည့် အဖွဲ့အစည်းဆိုင်ရာ လုပ်ငန်းများ၊ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများတွင် စစ်တပ်အဖွဲ့များအား အသုံးပြုရန်အတွက် ကလင်တန်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၏ အကြံပြုချက်များသည် အမေရိကန် အရပ်ဘက် - စစ်ဘက်ဆက်ဆံရေးအား ကောင်းမွန်အောင် ပြုပြင်ရန်ထက် အခြေအနေ ဆိုးရွားသွားစေနိုင်ခဲ့ပေသည်။
ဒုတိယအချက်အနေဖြင့်ပြောရလျှင် ဆန္ဒစွဲကျသော ထိန်ချုပ်မှု (subjective control) ကို ရှောင်ရှားသင့်ပေသည်။ စစ်တပ်အား နိုင်ငံရေးအရ စည်းရုံးခြင်းသည် ကျန်မာကြံ့ခိုင်သော အရပ်ဘက် - စစ်ဘက် ဆက်ဆံရေးကို မဖြစ်ပေါ်စေပေ။ အဆုံးစွန်ပြောရလျှင် တသီးပုဂ္ဂလအားဖြင့် တည်ရှိနေသော အရပ်သားအုပ်စုကွဲများအတွက်လည်း အကျိုးမဖြစ်ထွန်းစေပါ။ ထိုထက် ဓမ္မဒိဌာန်ကျသော ထိန်းချုပ်မှု (objective control) နှင့် စစ်ဘက်ဆိုင်ရာ ပညာရှင်ပီသမှုဝါဒ (military professionalism) တို့သည်သာ ကျန်းမာကြံ့ခိုင်သည့် အရပ်ဘက် - စစ်ဘက်ဆက်ဆံရေး၏ အသန်မာဆုံး ဒေါက်တိုင်များအဖြစ် ဆက်လက် ရှိနေနိုင်ပေသည်။
အရပ်ဘက်ခေါင်းဆောင်များသည် ဓမ္မဒိဌာန်ကျသော ထိန်းချုပ်မှုကို ကျင့်သုံးဆောင်ရွက်လျှက် စစ်ဘက်ဆိုင်ရာ ပညာရှင်ပီသမှု ဝါဒယဉ်ကျေးမှုကို မွေးမြူပြုစု ပျိုးထောင်သင့်ပေသည်။ နောက်ဆုံးအနေဖြင့် တင်ပြရလျှင် စစ်အေးလွန်ကာတွင် ခြိမ်းခြောက်မှုဆိုင်ရာ ပတ်ဝန်းကျင်နှင့် ပတ်သက်၍ စိန်ခေါ်မှုများ လျော့နည်းလာနေသော်ငြားလည်း အစဉ်အလာနှင့် ပြင်ပဆိုင်ရာ စစ်ဘက်မစ်ရှင်များအား တည်ရှိလုပ်ဆောင်မှုများ မှန်ကန်ကြောင်း သက်သေပြဆိုသည့် (စစ်အေးကာလတုန်းက တည်ရှိခဲ့သကဲ့သို့သော) ကြီးကြီးမားမား ပြင်ပဆိုင်ရာ ခြိမ်းခြောက်မှုများ နောင်တွင် ဘယ်သောအခါမှ ရှိလာတော့မှာ မဟုတ်ဆိုသည့် လူထုကြေညာချက်လိုမျိုးကို အရပ်ဘက်ခေါင်းဆောင်များက ခုခံငြင်းဆိုသင့်ပေသည်။
စစ်အေးလွန်ကာလတွင် စစ်တပ်ဖွဲ့များ လျော့နည်းစွာ လိုအပ်မှုအတွက် အလွန်အကျွံ အကောင်းမြင်လေလုံးထွားသည့် ရုရှားနှင့် အမေရိကန် အရပ်ဘက် ခေါင်းဆောင်များသည် ၎င်းတို့နိုင်ငံများရှိ စစ်တပ်ဖွဲ့အသီးသီး၏ အစဉ်အလာအရ ပြင်ပဆိုင်ရာ စစ်ဘက်မစ်ရှင်အား သံသယရှိခြင်းဖြင့် အရပ်ဘက် - စစ်ဘက် ဆက်ဆံရေး၏ ယခုကာလ ပြဿနာများကို ဖြစ်ပေါ်စေခဲ့ပေသည်။ အရပ်ဘက်ခေါင်းဆောင်များသည် ကျန်းမာကြံ့ခိုင်သော အရပ်ဘက် - စစ်ဘက် ဆက်ဆံရေးကို အားပေးထောက်ခံထားနိုင်ရန် အလို့ငှာ အနာဂတ် ပဋိပက္ခများ၏ မရှောင်လွှဲနိုင်မှုကို ပြည်သူလူထုအား သတိ ပေးထားသင့်ပေသည်။
သို့သော်ငြားလည်း ယင်းသည် ရုရှားနှင့် အမေရိကန်စစ်တပ်များမှ အဓိကကျသော သမားရိုးကျ သို့မဟုတ် နျူးကလီးယားစစ်ပွဲအား မစွန့်လွှတ်နိုင် ဖြစ်နေရမည်ဟုလည်း မဆိုလိုပေ။ ယင်းက စစ်တပ်ဖွဲ့များ၏ အဓိကကျသော လုပ်ငန်းမစ်ရှင်သည် အစဉ်အလာအရ ပြင်ပဆိုင်ရာ တိုက်ပွဲလုပ်ငန်း မစ်ရှင်များသာ ဖြစ်သင့်သည်ဟု အကြံပြုလိုရင်း ဖြစ်ပေသည်။
| < Prev | Next > |
|---|

