ပင်မနေရာ မူဝါဒ/ဥပဒေ တပ်ပြုပြင်ပြောင်းလဲရေး အရပ်ဘက် - စစ်ဘက် ဆက်ဆံရေးနှင့် ဒီမိုကရေစီ - အပိုင်း (၂)

ပင်မနေရာ မူဝါဒ/ဥပဒေ တပ်ပြုပြင်ပြောင်းလဲရေး အရပ်ဘက် - စစ်ဘက် ဆက်ဆံရေးနှင့် ဒီမိုကရေစီ - အပိုင်း (၂)

အရပ်ဘက် - စစ်ဘက် ဆက်ဆံရေးနှင့် ဒီမိုကရေစီ - အပိုင်း (၂)

Print PDF
User Rating: / 0
PoorBest 

အရပ်ဘက် - စစ်ဘက်  ဆက်ဆံရေးနှင့် ဒီမိုကရေစီ - အပိုင်း (၂)

 

ဆောင်းပါးရှင် - ကိုကျော်ထင်

ရီးရယ်၏ အဆိုအရ လက်တင် အမေရိက နိုင်ငံများ၏ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးသည် စက်မှု ဖွံ့ဖြိုး တိုးတက် ပြီးသော ဒီမိုကရေစီ နိုင်ငံများတွင်ရှိသော အရပ်ဘက် စစ်ဘက် ဆက်ဆံရေး ကဲ့သို့ အလား သဏ္ဍန်တူ ပုံစံတကျ ဖြစ်လာ စေရေး အတွက် အရာကိစ္စ နှစ်ခုသည် မဖြစ် မနေဖြစ်ပျက်ခဲ့ ရသည် ဟူ၍ဖြစ် ပါသည်။ ထိုအချင်း အရာနှစ်ခုမှာ လက်နက်ကိုင် တပ်ဖွဲ့များအား စစ်အေး လွန်ကမ္ဘာ (post-Cold War world) ကြီးနှင့် လိုက်လျော ညီထွေမှုရှိသော ဖွဲ့စည်းပုံနှင့် တာဝန် (Mission) အသစ် ပေးရန်နှင့် အရပ်ဘက် အုပ်ချုပ်ရေးအား သေချာစေမည့် ယန္တရားများအား ထူထောင်ရန် ပင်ဖြစ်သည်။ သို့သော်ငြားလည်း ဟေတီ၊ ပနားမားနှင့် ကော်စတာရီကာကဲ့သို့ အချို့သော လက်တင် အမေရိက နိုင်ငံများသည် သူတို့၏ လက်နက်ကိုင် တပ်ဖွဲ့များကို အတူတကွ ဖျက်သိမ်းခဲ့ ကြသည်။

U.S.A Army

အများစုမှာ စစ်တပ်ဖွဲ့တစ်ခု အနေဖြင့် ဆက်လက် ထိန်းသိမ်းထား ခဲ့ကြသည်။ ထိုစစ်တပ်ဖွဲ့များသည် ကျယ်ပြန့်သော တာဝန်အမျိုးမျိုးကို ထမ်းဆောင်ခဲ့ကြသည်။ ပထမဦးစွာ အနေဖြင့် သူတို့သည် အိမ်နီးနားချင်း နိုင်ငံများ၏ နယ်စပ် ချိုးဖေါက်မှုများကို အထူးသဖြင့် အငြင်းပွားရာ ဒေသများတွင် ကာကွယ်မှုများ ပြုလုပ်ပေးခဲ့ကြသည်။ ဒုတိယ အနေဖြင့် များစွာသော လက်တင်အမေရိက လက်နက်ကိုင် တပ်ဖွဲ့များသည် တက်ကြွသော ပြောက်ကျား လှုပ်ရှားမှု များ၏ စိမ်ခေါ်မှုများကို ရင်ဆိုင် နေရဆဲ ဖြစ်သည်။ အထူးသဖြင့် ပီရှုး၊ ကိုလံဘီယာနိုင်ငံများနှင့် များမကြာသေးမီက ဖြစ်ပျက်ခဲ့သည့် မက္ကဆီကို နိုင်ငံတို့တွင် ဖြစ်သည်။ တတိယ အချက် အနေဖြင့်မူ အထင်အရှား ပြောရလျှင် မက္ကဆီကို၊ အဲန်ဒီးနိုင်ငံများ (the Adean countries) အချို့သော ဗဟိုအမေရိက နိုင်ငံများမှ များစွာသော လက်နက်ကိုင် တပ်ဖွဲ့ များသည် တရားမဝင်သော မူးယဇ် ဆေးဝါးမှောင်ခို ကုန်ကူးမှု လုပ်ငန်းများကို တိုက်ဖျက်ရာတွင် ပုလိပ် အဖွဲ့များအား အကူအညီပေးခဲ့သည်။ အချို့ တို့မှာ လူမှုရေး မငြိမ်မသက် ဖြစ်သည့်အချိန် ကာလများ၌ ပြည်သူ့အုပ်ချုပ်ရေး လုပ်ငန်းများ တည်ငြိမ်မှုရှိရှိ ဆက်လက် ထိန်းသိမ်း လုပ်ဆောင်နိုင်စေရန် အကူအညီ ပေးခဲ့သည်။ စတုတ္ထ အချက် အနေဖြင့်မူ လက်တင် အမေရိက စစ်တပ်ဖွဲ့များသည် အစိုးရများမှ လုပ်ဆောင်နေသော လူထု အကျိုးပြု လုပ်ငန်း အစီအစဉ်များကို ကူညီခဲ့သည်။

 

ထိုလူထု အကျိုးပြုလုပ်ငန်း အစီအစဉ်များသည် ဆင်းရဲသော ဒေသများတွင် ပြောက်ကျား လှုပ်ရှားမှုများက လူထုအား စည်းရုံး ဆွဲဆောင်ထားသည်များကို တန်ပြန်ဆန့်ကျင် တိုက်ခိုက်သည့် ကြိုးပမ်းအားထုတ်မှုများ ဖြစ်လေ့ရှိပြီး လူထုမှ စစ်ဘက်တို့အပေါ် အမြင်တိုးတက် ကောင်းမွန်လာစေရန် ဖြစ်ပေသည်။ Read More ပဉ္စမအချက်အနေဖြင့်မူ အနည်းငယ်သော လက်တင်အမေရိက စစ်တပ်ဖွဲ့များသာ အထင်အရှားအားဖြင့် အာဂျင်တီးနားနှင့် ယူရူဂွေးတို့မှ စစ်တပ်ဖွဲ့ များသည်သာ နိုင်ငံတကာငြိမ်းချမ်းရေး ထိန်းသိမ်းရေးလုပ်ငန်း အစီအစဉ်များတွင် ပါဝင်ကြသည်။ နောက်ဆုံးအနေဖြင့် ပြောရလျှင် များစွာသော လက်တင် အမေရိက စစ်တပ်ဖွဲ့များသည် မိမိတို့ဘာသာမိမိတို့ ဘဏ္ဍငွေရှာဖွေသည့် နည်းလမ်းများကို အသုံးပြုသည့်အနေဖြင့် ကျယ်ပြန့်သော စီးပွားရေး လုပ်ငန်း ဆောင်တာ အမျိုးမျိုးကို လုပ်ဆောင်နေကြသည်။ သို့သော်ငြားလည်း ဤနေရာတွင် သူတို့၏လမ်းကြောင်းမှာ လက်နက်နှင့်သက်ဆိုင်သည့် စက်ရုံလုပ်ငန်းများဆီသို့ ဦးတည်သည် ဆိုသော်ငြားလည်း ပို၍ စီးပွားရေး သဘောဆောင်သော ရောင်းဝယ် ဖေါက်ကားမှုလုပ်ငန်းများဆီသို့လည်း ဦးတည်ပေသည်။ အစဉ်အလာအားဖြင့်ဆိုလျှင် ဒေသတွင်းမှ အရပ်သား အုပ်ချုပ်သူများသည် အမျိုးသား စစ်တပ်များ အပေါ်တွင် အားနည်းသော ထိန်းချုပ်မှုမျှသာ ကျင့်သုံးခဲ့ကြသည်။ ကာကွယ်ရေးဝန်ကြီးဌာန များသည် စစ်မှုထမ်း အရာရှိများ၏ စီမံခန့်ခွဲမှုလုပ်ငန်းများ၊ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ကူညီမှုလုပ်ငန်းများ၊ စစ်မှုထမ်းအရာရှိများအတွက် ကျန်းမာရေး စောင့်ရှောက်မှု ကဲ့သို့သော အခြေခံ ဝန်ဆောင်မှုလုပ်ငန်းများ စသည်တို့အတွက် ဘဏ်ငွေသွင်းငွေထုတ် ချက်လက်မှတ်များကို ငွေသားဖြင့် အပေးအယူလုပ် ရှင်းလင်းပေးသည့်ရုံးးထက် အနည်းငယ်သာ ပိုသောဌာနများအဖြစ် နိုင်ငံ့တာဝန် ထမ်းဆောင် ခဲ့ရပေသည်။ တချို့သော ရာထူးခန့်အပ်မှုများကို စီမံခန့်ခွဲမှု သို့မဟုတ် တရားဥပဒေပြဌာန်းရေးအပိုင်းမှ တရားဝင်အတည်ပြုချက် လိုအပ်သော်ငြားလည်းပဲ စစ်ဘက်ဆိုင်ရာ ဖွဲ့စည်း ထူထောင်ထားမှုများက စစ်ဘက်အရာရှိများအား ပညာပေးခြင်း၊ ရာထူးတိုးမြှင့်ပေးခြင်း တို့ကို ထိန်းချုပ်ထားလေ့ရှိသည်။

တရားဥပဒေ ပြဌာန်းရေးအပိုင်းသည် စစ်ဘက်တို့ကို ကြီးကြပ်မှုအားကျင့်သုံးရာ၌ သူတို့၏ထိန်းချုပ်မှုကို မသုံးစွဲခဲ့ကြပေ။ သို့သော် ၄င်းတရားဥပဒေ ပြဌာန်းရေး အပိုင်းသည် စစ်ဘက်၏ လူ့အခွင့်အရေး ချိုးဖေါက်မှု ဆိုင်ရာကိစ္စရပ်များ၊ ငြိမ်းချမ်းရေးထိန်းသိမ်းရေး တပ်ဖွဲ့များတွင်ပါဝင်ခြင်းများနှင့် ပတ်သက်၍ ဆွေးနွေးငြင်းခုန်မှုများတွင် အကန့်အသတ်ဖြင့် ပါဝင်ရန် ပို၍နှစ်သက်ခဲ့သည်။ ရီးရယ်က ဆွေးနွေးခဲ့သေးသည်မှာ မြင်နိုင်လောက်သော အနာဂါတ်ကာလအတွင်းမှာ လက်တင် အမေရိကနိုင်ငံ အများစုတို့သည် စစ်တပ်ဖွဲ့တို့ ဆက်လက်တည်ရှိမှုကို ထိန်းသိမ်းရန် လိုအပ်လိမ့်ဦးမည်ဟူ၍ ဖြစ်သည်။ စစ်ဘက်တို့၏ အခြေခံ လုပ်ငန်းတာဝန်များသည် ပြည်ပရန် ကာကွယ်ရေး ဖြစ်သော်လည်း အချို့သောဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့များသည် ရဲတပ်ဖွဲ့များ၏ သောင်းကျန်းသူလှုပ်ရှားမှုများအား တန်ပြန်တိုက်ခိုက်ရန်နှင့် တရားမဝင် မူးယစ် ဆေးဝါးကုန်ကူးမှုများကို တိုက်ဖျက်ရေး လုပ်ငန်းများအတွက် အကူအညီတောင်းမှုများကို မလွှဲမရှောင်သာစွာ ကြုံတွေ့ကြရဦးမည် ဖြစ်သည်။ ထိုတာဝန်များ အပေးခံရသော စစ်တပ်ဖွဲ့များသည် စစ်ဘက်အသုံးအဆောင်များ ကောင်းကောင်းတပ်ဆင်ထားရန်၊ ကောင်းစွာ လေ့ကျင့်ထားရန်၊ လုံလောက်စွာ ဘဏ္ဍာငွေ ထောက်ပံ့ထားရန် လိုအပ်ပြီး ရဲဘက်လုပ်ငန်းများတွင် အလွန်တိုးတက်စွာ ပါဝင်ခြင်းများ မဖြစ်ပွားလာစေရန်အတွက် အရေအတွက်ကို ကန့်သတ်ထားရန်လည်း လိုအပ်ပေသည်။

 

ထိုစစ်တပ်ဖွဲ့များသည် နိုင်ငံတကာ ငြိမ်းချမ်းရေး၊ ထိန်းသိမ်းရေး တပ်ဖွဲ့များ၏ လုပ်ငန်းစဉ် များတွင် ပါဝင်ခြင်းဖြင့် အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။ ထိုငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်ဖွဲ့များ လုပ်ငန်းစဉ်များသည် အဆိုပါ စစ်တပ်ဖွဲ့များအား ကမ္ဘာ့ယဉ်ကျေးမှုဆိုင်ရာ ကွဲပြား ခြားနားမှုများအား နက်နက်ရှိုင်းရှိုင်း နားလည်မှုရရှိစေရန်နှင့် အရပ်ဘက် ထိန်းချုပ်မှုအောက်တွင် အခိုင်အမာ တည်ရှိနေပြီ ဖြစ်သော အနောက်တိုင်းစစ်တပ်ဖွဲ့များ (Western militaries) နှင့်နီးစပ်သော ဆက်သွယ်မှုများ ထိုစစ်တပ်ဖွဲ့များတွင် ရရှိလာစေ နိုင်သောကြောင့် ဖြစ်ပေသည်။ နောက်ဆုံးတွင်မူ အရပ်ဘက် အာဏာပိုင်များသည် သူတို့၏ စစ်ဘက်ဆိုင်ရာ ထူထောင်မှုများ အပေါ်၌ ပို၍ကြီးမားသော ကြီးကြပ်မှုများကို ကျင့်သုံးလာကြရသည်။ များစွာသော လက်တင်အမေရိက အစိုးရများသည် အခြားတဖက်တွင် စစ်ဖက်ဆိုင်ရာ အဆင်သင့်ဖြစ်မှုကို ချိနဲ့စေခြင်းနှင့် လက်နက်ကိုင် တပ်ဖွဲ့များအား တရားမဝင် စီးပွားရေး လုပ်ငန်းများ ဆီသို့ တွန်းပို့ခြင်း အကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေခဲ့သော စစ်ဘက် ဘတ်ဂျက် သိသိသာသာ လျှော့ချခြင်းဖြင့် သူတို့၏ ထိန်းချုပ်မှုကို မကြာသေးမီက ပြောင်းရွေ့ ကျင့်သုံး ကြပြီးပြီဖြစ်သည်။ ရှင်းလင်းစွာ အဓိပ္ပါယ်ဖွင့်ထားသော ကာကွယ်ရေးမူဝါဒများကို ဖြတ်သန်းလျက် စစ်တပ်၏ ဖွဲ့စည်းပုံနှင့်လုပ်ငန်း၊ ရည်မှန်းချက် (Mission) အသစ်ကို ရှင်းလင်းပီသခြင်းရှိစေရန် အတွက် အရပ်ဘက်အုပ်ချုပ်သူများသည် ပြည်တွင်းလုံခြုံရေးဆိုင်ရာ အရေးကိစ္စများတွင် စစ်ဘက်တို့ ပါဝင်မှုအတွက် ဥပဒေဆိုင်ရာ လမ်းညွှန်မူဘောင်များကို ချမှတ်ခြင်း၊ ကြီးကြပ်မှုနှင့် ထိန်းချုပ်မှုတို့ကို လုပ်ဆောင်နိုင်မည့် ထိရောက်သော ကာကွယ်ရေးဝန်ကြီးဌာန များကဲ့သို့ ဖွဲ့စည်းမှုယန္တရားများကို ထူထောင်ခြင်းများ ပြုလုပ်သင့်ပေသည်။ ဤလုပ်ငန်းတာဝန်များကို အောင်မြင်ပြီးဆုံးအောင် ဆောင်ရွက်နိုင်စေရန် အလို့ငှာ လက်တင်အမေရိက အစိုးရများသည် စစ်ဘက်ရေးရာ ကိစ္စများတွင် ဗဟုသုတ ပြည့်စုံသော အရပ်သား ကျွမ်းကျင်သူများကို တာဝန်ပေး ခေါ်ယူထားနိုင်ရန် လိုအပ်ပါသည်။ နောက်ဆုံးအနေဖြင့်မူ လက်တင်အမေရိက စစ်တပ်ဖွဲ့များသည် အရပ်ဘက် အဖွဲ့အစည်းနှင့် ကြီးကြီးမားမား ဝေးကွာအထီးကျန်မှု ဆက်လက်ရှိနေစဉ်တွင် အစိုးရ အဖွဲ့များသည် ယုံကြည်မှု တည်ဆောက်ရေးနှင့်ဆိုင်သော လုပ်ငန်းဆောင်တာများ (Confidence-building measure) နှင့် ပညာရပ် ဖလှယ်မှု ကဲ့သို့သော စစ်ဘက် အရပ်ဘက် အပြန်အလှန် ဆက်ဆံဆောင်ရွက်မှု ပုံစံများဖြင့် ဤကွာဟချက်ကို တံတားထိုးရန် ကြိုးပမ်းသင့်ပါသည်။ ကာရိုလ်လိုင်နာဂျီဟာနန်ဒက်ဇ် (Carilina G.Hernandez) က အရှေ့၊ အနောက်၊ တောင်နှင့် တောင်အာရှတို့ရှိ အရပ်ဘက်- စစ်ဘက် ဆက်ဆံရေးတို့အပေါ် သူမ၏ အက်ဆေးတွင် အလားသဏ္ဍန်တူ အရေးကိစ္စတို့ကို ဖေါ်ထုတ်တင်ပြခဲ့သည်။

၁၉၅ဝခုနှစ်ကျော် ခုနှစ်များနှင့် ၁၉၆ဝ ခုနှစ်ကျော် နှစ်များ၌ နိုင်ငံတည်ဆောက်ရေး ကိစ္စများတွင် ပေါ်ပေါက်လာခဲ့သော ကွဲပြားခြားနားသည့် စိန်ခေါ်မှုများနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကိစ္စများတွင် စီမံခန့်ခွဲရန် အရပ်ဘက်အစိုးရများ၏ မစွမ်းဆောင်နိုင်မှုများ ကြီးမားစွာ တည်ရှိခဲ့မှုကြောင့် အာရှတိုက်၏ ဤဒေသများတွင် စစ်ဘက်အစိုးရများ အလားတူ ပေါ်ပေါက် တည်ရှိခဲ့ပြီးဖြစ်သည်။ လက်တင်အမေရိက နိုင်ငံများအတိုင်း စစ်ဘက်က ကျားကန်ထားသော အာဏာပိုင် အစိုးရများက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ရှင်သန် တိုးတက်အောင် ပြုစုပျိုးထောင်ရန်၊ လာဘ်ပေး လာဘ်ယူမှု ခြစားမှုများကို တိုက်ဖျက်ပစ်ရန်၊ နိုင်ငံရေး တည်ငြိမ်မှုများကို သေချာစေရန်၊ ယင်းတို့နှင့်အတူ အလယ်အလတ် တန်းစား လူတန်းစား အရွယ်ပမာဏ ကြီးကြီးမားမား ပေါ်ထွက်လာစေရန် စသည့် ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်မှု (Democratization) လမ်းကြောင်းဆီသို့ ဦးတည်သော အဖြစ်အပျက်များသည် အာရှနိုင်ငံများဖြစ်သည့် ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်းလဲန်နှင့်ဖိလစ်ပိုင် စသည်တို့ကဲ့သို့သော နိုင်ငံများတွင် မဖြစ်ပျက်ခဲ့ပေ။ ဆန့်ကျင်ဘက်အားဖြင့် တောင်ကိုးရီးယားနှင့် တိုင်ဝမ်နိုင်ငံများတွင်မူ အာဏာပိုင် အစိုးရများ၏ လက်အောက်တွင် အလွန်ကြီးမားသော စီးပွားရေး အောင်မြင်မှုများက ဒီမိုကရေစီ ဖြစ်ပေါ် တိုးတက်မှုကို တွန်းတင်သော လူမှုရေးနှင့်စီးပွားရေး အင်အားစုများကို ဖန်တီးပေးခဲ့သည်။ သို့သော်ငြားလည်း လက်တင်အမေရိကတွင်လို မဟုတ်ပဲ အာရှနိုင်ငံများတွင် စစ်အစိုးရများသည် နိုင်ငံအာဏာကို ဆက်လက်ချုပ်ကိုင်ထားကြသည်။ လက်နက်ကိုင်တပ်ဖွဲ့ များသည် အသစ်ပေါ်ထွက်လာသော ဒီမိုကရေစီ နိုင်ငံများစွာ၏ နောက်ကွယ်တွင် အစွမ်း အာဏာရှိသော အခန်းကဏ္ဍအဖြစ် ဆက်လက်တည်ရှိနေဆဲ ဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသဆိုင်ရာ လုံခြုံရေး ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်လာခဲ့သော အပြောင်းအလဲများက စစ်ဘက်၏ အခန်းကဏ္ဍအား အဓိက သက်ရောက်မှု တစ်ခုဖြစ်စေခဲ့သည်။ မဟာအင်အားကြီးနိုင်ငံများ၏ ပြိုင်ပွဲအဆုံးတွင် မူရင်းဌာနေ တိုင်းရင်းသားများ၏ ကွန်မြူနစ် လှုပ်ရှားမှုများအတွက် ပြင်ပထောက်ပံ့မှုတွင် ကျဆင်းလာနေမှုသည် များစွာသော နိုင်ငံတို့တွင် အတွင်းနှင့်အပြင် ခြိမ်းခြောက်မှု နှစ်မျိုးစလုံးကို ယေဘူယျအားဖြင့် လျော့နည်းလာ စေခဲ့သည်။

သို့သော်ငြားလည်း အနည်းငယ်သောနိုင်ငံများတွင် ပြင်ပခြိမ်းခြောက်မှု ကြီးကြီးမားမားကို ရင်ဆိုင်လာနေရဆဲ ဖြစ်သည်။ အထင်အရှားအားဖြင့် တိုင်ဝမ်နှင့် တောင်ကိုးရီးယားနိုင်ငံ တို့ဖြစ်သည်။ အခြားသော အချက်နှစ်ချက်က ဒေသအတွင်းရှိ အရပ်ဘက်စစ်ဘက် - ဆက်ဆံရေး အပေါ်တွင် ဆန့်ကျင်ဘက် သက်ရောက်မှုကို ဖြစ်စေခဲ့သည်။ ဘက်တဘက်တွင်တော့ စစ်ဘက်တို့သည် ပြင်ပဆိုင်ရာလုံခြုံရေးအတွက်သာမက ပြည်တွင်း ဆိုင်ရာလုံခြုံရေး၊ နိုင်ငံတည်ဆောက်ရေး၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုတို့အတွက်ပါ ဖြစ်သည်ဆိုသော ဒေသတွင်းကာလ တာရှည်ခေတ်စားနေသော ကျယ်ပြန့်သည့် အမြင်က အရပ်သားအစိုးရများမှ စစ်ဘက်တို့၏ ပြည်တွင်းအခန်းကဏ္ဍကို အတိုချုံ့ပစ်ရန် ခက်ခဲစေခဲ့သည်။ အခြားတဘက်တွင်မူ များစွာသော အင်အားကြီးနိုင်ငံများ အထင်အရှားအားဖြင့် အမေရိကန်ပြည်ထောင်စု၊ အင်္ဂလန်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့က ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်ရေး ဖြစ်စဉ်ကို စစ်ဘက်တို့၏ နိုင်ငံရေး အခန်းကဏ္ဍလျော့နည်းစေမှုနှင့် စစ်ဘက် ဘတ်ဂျက် လျော့ချမှုတို့အား ဖွံ့ဖြိုးတိုးတက်မှု အကူအညီဖြင့် ချည်နှောင်ခြင်းဖြင့် ရှေ့ဆက်တိုးတက်စေရန် ကြိုးစားခဲ့ကြသည်။ လက်တင်အမေရိက ဒေသက အလားတူနိုင်ငံများလို မဟုတ်ပဲ အာရှဒေသရှိ နိုင်ငံများမှ စစ်တပ်များသည် သူတို့၏စီးပွားရေး အကျိုးစီးပွားကို ကာကွယ်ရာ တွင် အတော်အတန် အောင်မြင်ခဲ့ကြသည်။ အသစ်ဖြစ်ပေါ်လာသော ဒီမိုကရေစီများတွင်တောင်မှ စစ်ဘက် ဘတ်ဂျက်များက ဆက်လက်မြင့်တက် နေခဲ့သည်။ ထို့အပြင် ပြည်တွင်းစီးပွားရေးတွင် နည်းအမျိုးမျိုးဖြင့် ထိုးဖေါက်လာခဲ့သည်။ စစ်ဘက်အခွင့်အထူးခံများသည် ပြည်သူပိုင် လုပ်ငန်းများနှင့် ပုဂ္ဂလိကပိုင်လုပ်ငန်းများတွင်ပါ အမြတ်အစွန်းရသော နေရာများ အရင်းအနှီးများ ရရှိခဲ့ကြသည်။ အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ ထိုင်း၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံ များတွင် ဖြစ်သည်။ စစ်ဘက်အခွင့်ထူးခံများသည် မိမိအိုးအိမ်မြေကြီးပေါ်တွင် အစွမ်းကုန် ရှာဖွေလုပ်ကိုင်သောလုပ်ငန်း (rent-seeking activities) အမျိုးမျိုးဖြစ်သည့် အကောင်းဆုံး သဘာဝ အရင်းအမြစ် အဆီအနှစ်ထုတ်ယူရေး လုပ်ငန်း၊ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးလုပ်ငန်း စသည့် လုပ်ငန်းအမျိုးမျိုးကို လုပ်ကိုင်ခဲ့ကြသည်။ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးလုပ်ငန်းများ ဆိုလျှင် ထိုင်း၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင်ဖြစ်သည်။ ထိုလုပ်ငန်းများတွင် လာဘ်ပေးလာဘ်ယူမှု၊ ခြစားမှုများ ကြီးကြီးမားမား ဖြစ်ခဲ့ကြသည်။

စစ်ဘက်ဘတ်ဂျက် လျှော့ချခြင်းဖြင့် လက်နက်ကိုင်တပ်ဖွဲ့များ၏ သြဇာအာဏာကို လျှော့ချရန် ကြိုးစားခဲ့ကြရာ အကျိုးဆက်အနေဖြင့် တင်းမာသောခုခံမှုကို မမျှော်လင့်ပဲ ဆုံတွေ့ခဲ့ကြရသည်။ ယင်းသို့မဟုတ်ပါကလည်း စစ်ဘက်တို့အား ၄င်းတို့၏ ဘဏ္ဍာငွေကြေး ရရှိရေး လုပ်ငန်းများကို နည်းအမျိုးမျိုးဖြင့် ရှာဖွေလုပ်ဆောင်ရေးအား အရှိန်နှင့် တွန်းပို့ လုပ်ဆောင် လိုက်စေသလို ဖြစ်သွားစေခဲ့သည်။ သို့ပင်ဖြစ်သော်ငြားလည်း အာဏာရရှိလာကြသော ဒီမိုကရေစီ ခေါင်းဆောင်များသည် စစ်ဘက်၏ ပြည်တွင်းသြဇာအာဏာကို လျှော့ချရန်အတွက် ပုံသွန်းသော မူဝါဒများကို မကြာခဏ ဥပဒေအဖြစ် ပြဌာန်းခဲ့ကြသည်။ ထို့အပြင် စစ်ဘက်ဘတ်ဂျက် ဖြတ်တောက်ခြင်းအပြင် စစ်ဘက်မှ ကိုယ်ပိုင်အုပ်ချုပ် စီမံပိုင်ခွင့်ရသော စီးပွားရေး လုပ်ငန်းများကို အတိုချုံ့ ပစ်ခြင်း၊ အရပ်ဘက် နေရာများမှ စစ်ဘက် အခွင့်ထူးခံများအား ဖယ်ရှားခြင်း၊ အဆင့်မြင့် စစ်ဘက် အရာရှိများကို အတင်းအကြပ် အနားယူစေခြင်း၊ လူ့အခွင့်အရေး ချိုးဖေါက်မှုများ၊ ရာဇဝတ်မှုများအတွက် စစ်ဘက်အရာရှိများကို အရေးယူခြင်း တို့ကိုလည်း လုပ်ဆောင်ခဲ့ကြသည်။ အချို့သောအစိုးရများသည် စစ်ဘက်က ၄င်းတို့၏ ပညာရပ်နယ်ပယ်ဟု သတ်မှတ် နားလည်ထားသော အရာများကို ကျူးကျော်ဝင်ရောက် လုပ်ကိုင် တတ်ကြသည်။ သာဓက အားဖြင့် သောင်းကျန်းမှု ဆန့်ကျင်တိုက်ဖျက်ရေးလုပ်ငန်းများကို တာဝန် ထမ်းဆောင်ရန် စစ်ဘက်တို့၏ စွမ်းရည်အား သတ်မှတ် ကန့်သတ်ခြင်း ကဲ့သို့သော အရာမျိုးဖြစ်သည်။ သို့မဟုတ် အချို့သော အစိုးရများသည် စစ်ဘက်က လက်မခံသော အရပ်သားများကို အစိုးရ၏ ထိပ်ပိုင်း နေရာများ ခန့်အပ်ချင် ခန့်အပ်တတ်ကြခြင်း ဖြစ်သည်။ ဖိလစ်ပိုင်တွင် သမ္မတ ကိုရာဇန်အာကွီနို အတွေ့အကြုံက ထိပ်တိုက်ရင်ဆိုင်သော ချဉ်းကပ်မှုသည် စစ်ဘက်တို့အား ရန်သူဖြစ်သွားစေခဲ့ခြင်းနှင့် စစ်ဘက်က နိုင်ငံရေးတွင် စွက်ဖက်ခြင်းအား ပို၍ မြင့်တက်ဖြစ်ပေါ် စေခြင်းကဲ့သို့သော မလိုအားအပ်သည့် အကျိုးတရားများကို ဖြစ်ပေါ်စေခဲ့သည်ကို ပြသခဲ့သည်။ ဆန့်ကျင်ဘက် ချဉ်းကပ်မှု တစ်ခုဖြစ်သော ကိုရာဇန်အာကွီနိုနောက် ဆက်ခံသော ဖိဒယ်ရာမို့စ် ကိစ္စက အရပ်သား ခေါင်းဆောင်များသည် စစ်ဘက်အရေးကိစ္စများကို အလေးအနက် အာရုံထားရန် လိုအပ်ကြောင်းနှင့် ယင်းကဲ့သို့ဖြစ်ခြင်းက စစ်ဘက်နှင့် ဒီမိုကရေစီအင်အားစု အကြားတွင် ပြန်လည်သင့်မြတ်ရေး မူဝါဒများကို ရှာဖွေခြင်းတွင် ပို၍ကောင်းမွန်ကြောင်း ပြသခဲ့သည်။

ဟာနန်ဒက်ဇ်က ရီးရယ်လ်နှင့် သဘောတူညီသည်မှာ အကယ်၍ စစ်ဘက်ပညာရပ်ကဏ္ဍ၏ ကိုယ်ပိုင်အုပ်ချုပ်ရေးနယ်ပယ် (military professional autonomy) ကို ကောင်းစွာ အဓိပ္ပါယ်ဖွင့်ဆိုထားသော စစ်ဘက်ရည်မှန်းချက်၊ တာဝန်နှင့်ဖွဲ့စည်းပုံ၊ စစ်ဘက်တပ်ဖွဲ့များ တည်ရှိမှုကို အာမခံခြင်းနှင့် သင့်တော်လုံလောက်သော စစ်ဘက်ဆိုင်ရာဘတ်ဂျက်၊ စစ်ဘက်ဆိုင်ရာ စွမ်းရည်နှင့် ပတ်သက်သော နယ်ပယ်များတွင် ဝင်ရောက်စွက်ဖက်မှုအား ရှောင်ရှားခြင်း၊ စသည်တို့ကို အရပ်ဘက် ခေါင်းဆောင်များက ရှင်းလင်းပီသစွာ ပြောဆိုလုပ်ကိုင်နိုင်ပါက အရပ်ဘက် - စစ်ဘက် ဆက်ဆံရေးသည် တိုးတက်လာနိုင်သည် ဟူ၍ ဖြစ်ပါသည်။ သူမက ဂွတ်ဒ်မဲန်နှင့် သဘောတူသည်မှာ စစ်ဘက်တို့အား ပြည်ပလုံခြုံရေးထက်ပိုသော အခြားသော တာဝန်များလည်း ပေးအပ်နိုင်သည် ဟူ၍ ဖြစ်ပေသည်။ ထိုတာဝန်များမှာ ကပ်ဘေးများ ဆိုက်ရောက်လာလျှင် ကပ်ဘေးများမှ ကယ်တင်လွတ်မြောက်ရေး တာဝန်၊ နိုင်ငံ၏ စီးပွားရေးကာကွယ်ရေး အတွက် အခြေခံဖြစ်သော အမြဲတမ်းဆောက်အဦးများ စခန်းများ၊ လမ်းပန်းဆက်သွယ်ရေး၊ ဆက်သွယ်ရေး (communication) တို့ကို တည်ဆောက်ခြင်း (building of infrasturcture) တို့ ဖြစ်ပေသည်။ အဆိုပါကာကွယ်ရေး မဟုတ်သောအရေးကိစ္စများတွင် စစ်ဘက်တို့၏ ပါဝင်ပတ်သက်မှုကို တင်းတင်းကျပ်ကျပ် နယ်နိမိတ်သတ်မှတ်ပြီး အချိန်တိုအတွင်းမှာ တာဝန် ထမ်းဆောင်စေခြင်း၊ အရပ်သားပြည်သူများနှင့် ကြီးမားကျယ်ပြန့်သော အပြန်အလှန် ဆက်ဆံဆောင်ရွက်ခြင်းများတွင် မပါဝင်စေခြင်း၊ စစ်ဘက် တို့အား အရပ်ဘက်၏ တင်းကျပ်သော ထိန်းချုပ်မှု အောက်တွင် ရှိစေခြင်းတို့ ပြုလုပ်နိုင်ရန်လည်း လိုအပ်သည်ဟု ဟာနန်ဒက်ဇ်နှင့် ဂွတ်ဒ်မဲန်တို့က ဆက်လက် သဘောတူညီခဲ့ကြသည်။ သူမက အမျိုးသားလက်နက်ကိုင် တပ်ဖွဲ့များအတွက် စစ်အေးလွန်ကမ္ဘာ (Post-cold war world) တွင် နိုင်ငံတကာငြိမ်းချမ်းမှု ထိန်းသိမ်းရေးလုပ်ငန်း (international peackeeping) များ၌ ပါဝင်ခြင်းတွင် သင့်တော်သော လုပ်ငန်းတာဝန်များကိုလည်း တွေ့မြင်ခဲ့ကြသည်။ နောက်ဆုံးတွင် ဟာနန်ဒက်ဇ်က ရီးယဲလ်၏ ယင်းကိုဖြတ်သန်းလျက် အရပ်ဘက်အုပ်ချုပ်ရေး အာဏာပိုင်များက လက်နက်ကိုင် တပ်ဖွဲ့များအပေါ်တွင် ထိရောက်သော ထိန်းချုပ်မှုကို ကျင့်သုံးဆောင်ရွက်နိုင်သော ဖွဲ့စည်းပုံဆိုင်ရာ ယန္တယားတစ်ရပ် ထူထောင်ရန် လိုအပ်သည် ဆိုသော အမြင်ကိုထောက်ခံခဲ့သည်။

ဂျက်ကီစီလီယာက ဆာဗ်ဆာဟာရ အာဖရိကဒေသ (sub-Saharan Africa) ၏ ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်ရေးဖြစ်စဉ်နှင့် ပုံစံတကျဖြစ်သော အရပ်ဘက် - စစ်ဘက် ဆက်ဆံရေး ဖြစ်စဉ်ရှေ့အလားအလာအတွက် ပို၍အဆိုးမြင်ကျသော အကဲဖြတ်ချက် တစ်ခုကို ပေးခဲ့သည်။ ယင်းမှာ အဆိုပါဒေသသည် များစွာသော အဓိက ပြည်တွင်းစစ်ပွဲများနှင့် အမျိုးမျိုးသော လူမျိုးစုပဋိပက္ခများ အပါအဝင်ဖြစ်သော အကြမ်းဖက်မှုများ၏ ဖိစီးနှိပ်စက်မှုကို ခံရလျက်ရှိသည် ဟူသော အကဲဖြတ်ချက်ပင် ဖြစ်သည်။ နိုင်ငံခြားကြွေးမြီများ၏ ဖိစီးနှိပ်စက်မှုနှင့် သမားရိုးကျ ပြည်ပတင်ပို့မှု ဈေးကွက်များ၏ ဆုံးရှူံးမှုက ဖြစ်ပေါ်စေသော စီးပွားရေး ပြဿနာများက စစ်ပွဲနှင့် ဥပဒေမဲ့မှုများကြောင့် ဖြစ်ပေါ်စေသော ဒုက္ခခံစားရမှုများကို ပိုမို ဆိုးဝါးစေခဲ့သည်။ စစ်အေးတိုက်ပွဲကို ဖြတ်သန်းခြင်း နှင့်အတူ အဓိကအင်အားကြီး နိုင်ငံများက ဒေသတွင်း၌ အကျိုးစီးပွားများ ဆုံးရှူံးခဲ့ကြသည်။ ယင်းက မည်သည့်အရာကို ဆိုလိုသနည်း ဆိုလျှင် ထိုအင်အားကြီး နိုင်ငံများသည် ဤဒေသတွင်း၌ နိုင်ငံခြား ထောက်ပံ့မှုများကို ဆက်လက်မပြုလုပ်တော့ခြင်း သို့မဟုတ် နယ်စပ်ချိုးဖေါက်မှု မပြုလုပ်တော့ခြင်း တို့ကို သေချာစေခြင်းဟူ၍ တနည်းတလမ်းအားဖြင့် အဓိပ္ပါယ်ထွက်စေပါသည်။ စစ်ပွဲများမှထွက်ပြေးလာသော ထောင်ပေါင်းများစွာသော ဒုက္ခသည်များ၏ ရွေ့ရှားမှု၊ ဆင်းရဲ မွဲတေမှုနှင့် ပြည်ပရောက် လူမှုအဖွဲ့အစည်းများ တည်ရှိမှုက ဝန်ပိခြင်း၏ ထပ်ဆောင် အရင်းအမြစ်များ ဖွဲ့စည်းဖြစ်ပေါ်စေခဲ့သည်။ သို့သော်လည်း အချို့သော မျှော်လင့်ချက် ရောင်ခြည်တန်းများကိုလည်း တွေ့ရှိနေရ ပေသည်။ ကိုယ်စားပြုတိုက်နေရသော စစ်ပွဲများ အတွက် ပြည်ပထောက်ပံ့မှုများ ဆုတ်ခွာသွားမှု၊ အာဏာပိုင်ဝါဒကျင့်သုံးသော အစိုးရများ လျော့နည်း သွားမှု ဒီမိုကရေစီစနစ်ဆီသို့ စမ်းတဝါးဝါး ရှာဖွေချီတက်နေသော နိုင်ငံများ တိုးတက်များပြားလာမှု တို့ပင်ဖြစ်သည်။ စီလီယာက အလေးအနက်ပြုပြောကြားခဲ့သည်မှာ အာဖရိကလူမှုအဖွဲ့အစည်း အများစုသည် ကျန်းမာသန်စွမ်းသော အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး အခြေခံများ လျော့နည်းခြင်းပင် ဖြစ်သည် ဟူ၍ဖြစ်သည်။ အနောက်ဘက် (Western countries) မှာတော့ ပြည်သူ့ တပ်မတော်များသည် (Citizen Armies) နိုင်ငံတည်ဆောက်ရေး တာဝန်များနှင့် ရင်းနှီးစွာ ဆက်သွယ်မှု ရှိနေ၍ စစ်ဘက်၏ တာဝန်ထမ်းဆောင်မှုသည် သမတစနစ်ကို လိုလားသော နိုင်ငံသားများ ၏ အစိတ်အပိုင်း တစ်ပိုင်းဖြစ်လာခဲ့သည်။

အရပ်သား အရန်တပ်ဖွဲ့ဝင်များဖြင့် ကျောထောက် နောက်ခံပြုထားသော ပြည်သူ့ တပ်မတော်သည် နိုင်ငံခြားရန်သူများကို ဆန့်ကျင်ကာကွယ်သည့် ဒိုင်းတစ်ခု အနေနှင့် လည်းကောင်း၊ ပြည်သူ့ဆန္ဒကို ဖေါ်ဆောင်သည့် ကိရိယာ တန်ဆာပလာ တစ်ခုအဖြစ်နှင့် လည်းကောင်း တာဝန်ထမ်းဆောင်ရုံမျှမက နိုင်ငံရေးထိန်းချုပ်မှုအောက်က စစ်ဘက် ပညာရှင် ပီသမှု (military professional) ကိုလည်း ဆက်လက် ထိန်းသိမ်းလျက် ရှိပေသည်။ ဆန့်ကျင်ဘက် အားဖြင့် အာဖရိက စစ်တပ်ဖွဲ့များသည် ကိုလိုနီခေတ် လွတ်လပ်ရေး လှုပ်ရှားမှု ခေတ်ကာလက ဖွဲ့စည်းဖြစ်ပေါ်ခဲ့ပြီး လူမှုအဖွဲ့အစည်းနှင့် ဝေးရာတွင် ရပ်တည်ကာ အရွယ်အစားလည်း ကြီးမားလာခဲ့ပြီး စုစည်းခြင်း၊ ကာကွယ်ခြင်း၊ ငွေကြေးရရှိမှုများအတွက် ဖြန့်ခွဲလုပ်ဆောင်ခြင်းများ အတွက် ကိရိယာ တန်ဆာပလာများ ဖြစ်လာခဲ့ကြသည်။ အတိုချုပ်အားဖြင့် ပြောရလျှင် ထိုအာဖရိကစစ်တပ်ဖွဲ့များသည် နိုင်ငံရေးနှင့်လူမျိုးစု အာဏာများ ဆက်လက် ထိန်းသိမ်းရာတွင် အကူအညီပေးရန် ရပ်တည်ခဲ့ကြသည်။ ထို့အပြင် အာဖရိကသည် ကမ္ဘာပေါ်တွင် တခြားနေရာများတွင် တွေ့ရသည့် ၄င်းအပေါ်တွင် ထိရောက်၍ မိမိ၏ဆန္ဒဖြင့် မိမိပြုလုပ်သော လုံခြုံရေးရာ ပူးပေါင်းဆောင်ရွက်မှုကို တည်ဆောက်နိုင်သည့် နိုင်ငံရေးအခြေခံ လျော့နည်းလျက်ရှိသည်။ အာဖရိကတွင် လွတ်လပ်သော နိုင်ငံများနှင့် မလွတ်လပ်သော နိုင်ငံများအကြားတွင် လည်းကောင်း၊ ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးသောနိုင်ငံများနှင့် ဗဟိုက ချုပ်ကိုင်သော စီးပွားရေးစနစ် ကျင့်သုံးသော နိုင်ငံများ အကြားတွင်လည်းကောင်း တွေ့ရတတ်သည့် ၄င်းအပေါ်တွင် အခြေခံ၍ မဟာမိတ်စနစ် တည်ဆောက်ရသည့် ထင်ရှားသော ကွဲပြားခြားနားမှု များလည်းမရှိပါ။ ထို့အပြင် အကြမ်းမဖက်သည့် ယဉ်ကျေးမှုကို အထောက်အပံ့ပြုသည့် သတင်းအချက်အလက် ဗဟုသုတရှိသော အခြေခံနိုင်ငံသား အင်အားစုလည်းမရှိပေ။ ယင်းထက် လူမျိုးစု ကွဲပြားခြားနားမှု များပြားမှုနှင့် အလွန်ချမ်းသာသော အခွင့်ထူးခံ လူတန်းစားများနှင့် ဆင်းရဲတွင်းနွံ့က မလွတ်နိုင်သော ပြည်သူလူထု အကြားရှိ ထင်ရှားသော မညီမျှမှု ခြားနားမှုက အာဖရိကနိုင်ငံများအား ကျိုးပျက် ကွဲအက်စေခဲ့ပေသည်။ ဥပဒေ စိုးမိုးရေး (Rule Of Law) သည် အဓိပ္ပာယ် အနည်းငယ်မျှသာ ရှိပေသည်။

မိသားစုနှင့် ရိုးရာစဉ်လာ အာဏာပိုင်စိုးမှုသည်လည်း တဖြည်းဖြည်း အားနည်းလာခဲ့သည်။ လူမှုရေးနှုန်းစံများမှာလည်း တဖြေးဖြေး တိုက်စား အားနည်းလာခဲ့ပေသည်။ ထိုအချက်များစွာတို့သည် အကြမ်းဖက်မှုကို မွေးမြူ ဖွဲ့စည်းဖြစ်ပေါ် စေခဲ့ပြီး ဂိုဏ်းဂဏများ၊ စစ်ဘုရင်များ ရှင်သန်ဖွံ့ဖြိုး ကြီးထွား စေခဲ့ပေသည်။ ဆီလီယာက ဆက်လက်ဆွေးနွေး ပြောဆိုသည်မှာ အားကောင်းသော အရပ်ဘက် - စစ်ဘက် ဆက်ဆံရေးသည် အရှည်သဖြင့် တည်ရှိလာခဲ့သော အမျိုးသားရေးဆိုင်ရာ ဓလေ့ထုံးတမ်း စဉ်လာများနှင့် အစိုးရ၊ လူထု အခြေပြု လူ့အဖွဲ့အစည်းနှင့် စစ်ဘက် ကိုယ်တိုင်တို့အပေါ် သက်ရောက်သည့် ပုံစံတကျ ဖြစ်စေ၊ အလွတ်သဘောအရ ဖြစ်စေ ဆောင်ရွက်သည့် အရေးယူ ဆောင်ရွက်မှုများ အားလုံး ပါဝင်သည့် ရောပြွန်းနေသည့် အစုအပေါင်း တစ်စုံတို့ ဖြစ်ပေသည်။ ထို့အပြင် စစ်ဘက်အား မောင်းနှင်လည်ပတ်သော တရားဝင် ဥပဒေများတွင် သတင်းမီဒီယာ၏ အခန်း၊ လွတ်လပ်သော ပညာရှင်များ၏ အဖွဲ့အစည်း အသင်းအဖွဲ့များ၊ စစ်ဘက် ကိုယ်တိုင်တို့၏ စည်းမျဉ်းစည်းကမ်း ဥပဒေသများ၊ မူများနှင့် အတွင်းပိုင်းယဉ်ကျေးမှုများ အားလုံး ပါဝင်ပေသည်။ အားကောင်းမောင်းသန် ဖြစ်သော အရပ်ဘက်စစ်ဘက် ဆက်ဆံရေး စနစ်ဘောင် တစ်ရပ် ဖြစ်ရန်ဆိုပါက မရှိမဖြစ် လိုအပ်ချက်များအဖြစ် နိုင်ငံတော်အစိုးရသည် စစ်ဘက် အခန်းကဏ္ဍ၏ အကန့်အသတ်ကို တိတိကျကျ ရှင်းရှင်းလင်းလင်း နယ်နိမိတ် သတ်မှတ်ထားရန် လိုအပ်ပါသည်။ ထို့အပြင် ကျယ်ပြန့်သော ပြည်သူလူထုနှင့် စစ်ဘက် နှစ်ဘက်စလုံးတို့က ထိုအခန်းကဏ္ဍအား တရားဝင်ဖြစ်သည်ဟု ခံစား သိရှိထားရန် လိုအပ်ပါသည်။ ဤအရာက အရပ်ဘက် ခေါင်းဆောင်များမှ စစ်ဘက်၏ မဟာဗျူဟာ တစ်ခုလုံးအား အဓိပ္ပာယ် ဖွင့်ဆိုရန်နှင့် ကာကွယ်ရေးဆိုင်ရာ စီမံခြင်းများတွင် လည်းကောင်း၊ လက်နက်ကိုင် တပ်ဖွဲ့များ၏ အခန်းကဏ္ဍနှင့် လုပ်ငန်း ရည်မှန်းချက်များအား တင်ပြခြင်းတွင် လည်းကောင်း၊ စစ်ဘက် ဘတ်ဂျတ်များ၊ စစ်သားသစ်များ စုဆောင်းခြင်းများ၊ သင်တန်းနှင့် လေ့ကျင့်မှုများ၊ စစ်တပ်ဖွဲ့စည်းပုံနှင့်စစ်တပ်ဖွဲ့များကို လက်နက် တပ်ဆင်ခြင်းများကို စည်းကမ်း ဥပဒေ သတ်မှတ်၍ ထိန်းချုပ်ခြင်းများတွင်လည်းကောင်း ခေါင်းဆောင်မှုယူရန် လိုအပ်ပေသည်။

အာဖရိကတွင် မဟာဗျူဟာဆိုင်ရာ လေ့လာမှု၊ အမျိုးသား လုံခြုံရေး၊ ပဋိပက္ခ စီမံခန့်ခွဲမှု၊ မူရင်းဌာနေ တိုင်းရင်းသားများနှင့် ပတ်သက်သည့် သုတေသန လုပ်ငန်းဆိုင်ရာ အဖွဲ့အစည်း ထူထောင်မှုများတွင် ဗဟုသုတ ကွာဟမှုကို ကြုံတွေ့ ခံစားနေရသောကြောင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများသည် ထိုအရေးကိစ္စများအား ပြန်လည် စဉ်းစား ဆောင်ရွက်ရန်နှင့် တက်ကြွသော ဆွေးနွေး ငြင်းခုန်မှုများတွင် ပါဝင်လာရန် လိုအပ်ပေသည်။ ဖွံ့ဖြိုးပြီး နိုင်ငံများသည် ၄င်းတို့၏စစ်တပ်ဖွဲ့များနှင့် အာဖရိက စစ်တပ်ဖွဲ့များအကြား နီးစပ်သော ဆက်ဆံမှုများအား တိုးတက်စေခြင်းဖြင့် လည်းကောင်း၊ စစ်ဘက်အရာရှိများအတွက် ပြည့်စုံ လုံလောက်သော အရပ်ဘက်ဆိုင်ရာ ပညာပေးရေး အစီအစဉ်များ ဆောင်ရွက်ပေးခြင်းဖြင့် လည်းကောင်း၊ စစ်တပ် ဖျက်သိမ်းခြင်းဆိုင်ရာ အစီအစဉ်များတွင် ကူညီ ဆောင်ရွက်ပေးခြင်း အားဖြင့်သော်လည်းကောင်း အကူအညီများပေးနိုင်ပါသည်။ ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်ရေးဖြစ်စဉ်(Democratization) နှင့် အားကောင်းသော အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးဆိုင်ရာ ဖွဲ့စည်းထူထောင်မှုများ အတွက် အလားအလာသည် ဒီမိုကရေစီ စနစ်ဆီသို့ တိုးတက်မှုများအား ပြုလုပ်နေသည့် နိုင်ငံများစွာရှိသည့် အာဖရိကတွင် ပို၍ ကောင်းမွန်ပါသည်။ ဤဒေသ၏ အဓိက ပဋိပက္ခ ဖြေရှင်းပြီးခဲ့ပုံရခြင်းနှင့်အတူ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး အရှည်သဖြင့် တည်ရှိနိုင်မှုအတွက် ယခုအခါ၌ လှမ်းမြင်နေရသော မြင်ကွင်းသည် ပို၍တောက်ပစွာ ပေါ်ထွက်လာနေပါသည်။ များစွာသော အရာများသည် ဒေသတွင်း၌ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု များအား ဖေးမထောက်ကူမည့် တောင်အာဖရိက၏ စွမ်းရည်အပေါ်တွင် တည်မှီနေပါသည်။ အပြန်အလှန်အားဖြင့် တောင်အာဖရိက၏ ကံကြမ္မာသည် ၄င်း၏အိမ်နီးနားချင်း နိုင်ငံများ၏ အနာဂါတ် နိုင်ငံရေး တည်ငြိမ်မှုအပေါ်တွင် ကြီမားစွာမှီခိုနေပါသည်။ ဆီလီယာက ဆက်လက် ဆွေးနွေး ပြောဆိုသည်မှာ ထိရောက်မှု၏ အခက်အခဲ အကြပ်အတည်းသည် တောင်အာဖရိကတွင် ရဲတပ်ဖွဲ့နှင့်စစ်တပ်ဖွဲ့တို့အား ခြိမ်းခြောက်ခြင်းပင် ဖြစ်သည်ဟူ၍ ဖြစ်သည်။

အသားအရောင်ခွဲခြားရေး (Apartheid) ပြီးဆုံးကတည်းက တိုးတက်မှု ရှိလာခဲ့သော်လည်း တောင်အာဖရိကသည် စိုးရိမ်စရာကောင်း၍ ဖြစ်နိုင်ချေ အလားအလာ ရှိသော မတည်မငြိမ်ဖြစ်စေသည့် လူမှုရေးပြဿနာများကို ရင်ဆိုင်နေရဆဲဖြစ်သည်။ မြင်နိုင်လောက်သော အနာဂါတ်ကာလ အတွက် တောင်အာဖရိက ရဲဌာနသည် ပြည်တွင်း ဥပဒေ သက်ဝင်အောင် ဆောင်ရွက်ရေး လုပ်ဆောင်မှုတွင် တောင်အာဖရိက အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ South African National Defense Force (SANDF) ၏ အကူအညီကို လိုအပ်လိမ့်မည်ဖြစ်သည်။ ရဲတပ်ဖွဲ့နှင့်စစ်တပ်ဖွဲ့တို့ အခန်းကဏ္ဍ၏ ဤသို့ မှုန်ဝါးဝါး ဖြစ်ခြင်းသည် ရေရှည်ကာလတွင်မူ အားနည်းသွားမည်ဖြစ်သည်။ သို့သော် ယင်းသည် အနှောင့်အယှက်ပြုသည့် ပြိုင်ဘက်များ၊ လက်နက်ကိုင် တပ်ဖွဲ့များ၏ နိုင်ငံရေးဆန်စွာ လုပ်ဆောင်လာမှုများ၊ ပညာရှင်ပီသစွာ ဆောင်ရွက်သည့်စံများ နိမ့်ကျခြင်းများကို ထွက်ပေါ်လာစေမည် ဖြစ်သည်။ ထို့အပြင် လက်နက်ကိုင်တပ်ဖွဲ့များသည် လူမှုစီးပွားရေး (Socioeconomic) ဖွံ့ဖြိုးမှုအစီအစဉ်များ ထောက်ပံ့ပေးရန် လိုအပ်နေသော ဒေါက်တိုင် အဖွဲ့အစည်းများကြောင့် ဝန်ပိပြီး ဖြစ်နေပြီဖြစ်သည်။ ရဲတပ်ဖွဲ့တို့၏ တာဝန်များအတွက် စစ်တပ်ဖွဲ့အပေါ်တွင် အမှီအခိုပြုမည့်အစား နိုင်ငံတော်သည် စစ်တပ်ဖွဲ့မှ အရင်း အမြစ်များကို အရပ်ဘက်ဆိုင်ရာ ရဲတပ်ဖွဲ့များသို့ ပြောင်းလဲပေးသင့်သည်။ တိတိကျကျပြောရလျှင် ပြည်သူ့ ငြိမ်ဝပ် ပိပြားမှုအတွက် ရဲတပ်ဖွဲ့လုပ်ငန်းများနှင့် နယ်စပ်လုံခြုံရေးတို့တွင် ပို၍ ကြီးမားသော အရင်းအမြစ်များကို လျာထား ချမှတ်ထားရန် လိုအပ်နေပါသည်။

အဘယ်ကြောင့်ဆိုသော် လူအုပ်နှင့်ချီ၍ ဖြစ်ပွားသော အကြမ်းဖက်မှုများ၊ လူထုချီတက် ဆန္ဒပြပွဲများ၊ တရားမဝင် လူဝင်မှုများ၊ နယ်စပ်ဖြတ်သန်း လက်နက်နှင့်မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုများနှင့် တခြားသော တရားမဝင် သွင်းကုန်ပို့ကုန်များ တင်ပို့တင်သွင်းမှုများ မြင့်တက်သောကြောင့် ဖြစ်သည်။ ထို့အပြင် ပုလိပ်တပ်ဖွဲ့နှင့် လက်နက်ကိုင်တပ်ဖွဲ့ဌာန လုပ်ငန်းများအတွင်း လူမျိုးနွယ်နှင့် လိင်အရမျှတစွာ ဆောင်ရွက်ရေး အရေးကိစ္စအား ဦးစားပေး ဆောင်ရွက်ကြရမည်ဟု ဆီလီယာက ဆက်လက်ဆွေးနွေး ပြောဆိုပါသည်။ ထိုပုလိပ် တပ်ဖွဲ့များနှင့် လက်နက်ကိုင် တပ်ဖွဲ့များ၏ ပညာရှင်ပီသစွာ ဆောင်ရွက်မှုစွမ်းရည်များ တိုးတက်အောင် ဆောင်ရွက် ရေးတွင် ပို၍ကြီးမားသော အာရုံစူးစိုက်မှုကို ပြုလုပ်ကြရမည်ဖြစ်သည်။ လက်နက်ကိုင်တပ်ဖွဲ့များနှင့် စပ်လျဉ်း၍ အသားအရောင်ခွဲခြားရေးခေတ်က ရှိခဲ့သော တောင်အာဖရိက ကာကွယ်ရေးတပ်ဖွဲ့ South African Defense Force ( SADF )၊ အာဖရိက အမျိုးသားကွန်ဂယက် African National Congress ( ANC ) နှင့် ပဲန်အာဖရိကန် အမျိုးသားရေးဝါဒီများ၊ ကွန်ဂယက် Pan-Africanist Congress (PAC) တို့၏ ယခင် ပြောက်ကျားတပ်ဖွဲ့ များနှင့် တောင်အာဖရိကမြေပေါ်ရှိ အမျိုးမျိုးသော စစ်တပ်များ ပေါင်းစည်းခြင်းတွင် တိုးတက်မှုများ ပြုလုပ်ထားခဲ့ပြီး ဖြစ်သည်။ သို့သော်ငြားလည်း အလုပ်ပေါင်းများစွာ ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေပါသေးသည်။ ခန့်မှန်းခြေအားဖြင့် တပ်အင်အား ၅ဝဝဝဝ ခန့်ရှိနေသော စစ်တပ်ဖွဲ့များအား တပ်အင်အား လျှော့ချရဦးမည်။ အလုပ်လက်မဲ့ ၅ဝ % ရှိနေသော စီးပွားရေးဘဝထဲသို့ သူတို့အား စစ်တပ်မှ ထွက်စေ၍ မရောက်ရှိစေသေးမှီ အသက်မွေးဝမ်းကြောင်းသင်တန်းများ ဖွင့်လှစ် သင်ကြားပေးရဦးမည်။ ထို့အပြင်များစွာသော ပြောက်ကျားစစ်သားများသည် စုပေါင်းတပ်ဆင် အလုပ်လုပ်ကြ ရသည့်နေရာများ (Assembly Point) အတွက်လည်း အံဝင်ဂွင်ကျမဖြစ်သေးပါ။

လက်နက်များကို မဖြုတ်သိမ်းရသေး ဟုလည်း ဆိုပါသည်။ ဘဝင်မကျဖြစ်နေသော ပြောက်ကျားဟောင်းများ ဤမျှကိန်းဂဏန်းများပြားစွာ တည်ရှိနေခြင်းသည် တော်လှန်ရေး ဖြစ်ပေါ်နိုင်သည့် ခြိမ်းခြောက်မှုများကို မဖွဲ့စည်း မဖြစ်ပေါ်စေလင့်ကစား ဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေး ပြဿနာများ ဖြစ်ပွားရန် အလားအလာ ရှိနေပါသည်။ လူဖြူအရာရှိများ၏ လွှမ်းမိုးမှု ရှိနေသေးသည် ဆိုသော်ငြားလည်း တောင်အာဖရိက အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (SANDF) သည် အာဖရိက အမျိုးသားကွန်ဂယက် ဦးဆောင်သည့် အစိုးရအပေါ် သစ္စာရှိမှုကို အချိန်အခါများစွာတွင် ပြသခဲ့သည်။ ၁၉၉၄ ခုနှစ် အစောပိုင်းကာလ တွင် တောင်အာဖရိက ကာကွယ်ရေးတပ်ဖွဲ့ (SADF) သည် လူမည်းများအတွက် သီးသန့် သတ်မှတ်သည့်နေရာရှိ ဘိုဖြူသာတ်စ်ဝါနာ (Bothuthatswana ) မှ လက်ျာကျေးလက် အာဖရိကန်တို့၏ ပုန်ကန်မှုကို ထိန်းသိမ်းခဲ့သည်။ ဂိုဏ်းကွဲမှုနှင့် လူမျိုးစုအကြမ်းဖက်မှုတို့ ကြောင့် အရှေ့ရဲဒ် (East Rand) နှင့် ကွာဇူလာနေတယ် (KwaZula-Natal) နေရာတို့တွင် မတည်မငြိမ်ဖြစ်ခဲ့ရသည်များကို ဥပဒေစိုးမိုးမှုနှင့် တည်ငြိမ်မှုရှိလာစေရန် ကူညီခဲ့သည်။ ထို့အပြင် တောင်အာဖရိက ကာကွယ်ရေးတပ်ဖွဲ့ (SADF)သည် ၁၉၉၄ ခုနှစ် ရွေးကောက်ပွဲ အကြိုကာလအတွင်း လျှို့ဝှက်မဲပေးစနစ်ဖြင့် မဲပေးရသောမဲပြားများ ဖြန့်ဝေခြင်းတွင် ကူညီခဲ့ သည်။ ယနေ့ကာလအထိ တိုးတက်မှုတွေ ရှိလာလင့်ကစား လက်နက်ကိုင်တပ်ဖွဲ့များအတွင်း အကျင့်သိက္ခာကောင်းမွန်သည့် စိတ်ဓါတ်ရေးရာများ မြှင့်တင်ရန်အတွက် ထောက်ကူပေးရန်၊ အားကောင်းသော ကာကွယ်ရေးမူဝါဒများ ချမှတ်ရန်အတွက် ကူညီရန်၊ အရပ်ဘက် ဒီမိုကရေစီ အဖွဲ့အစည်းများ၏ ဦးဆောင်မှုအောက်တွင် စစ်တပ်မှ ရှိနေစေရန် တို့အတွက် အားကောင်းသော ခေါင်းဆောင်မှုကို လိုအပ်နေပါသေးသည်။

စီလီယာ ယုံကြည်သည်မှာ ဒေသတွင်းလုံခြုံမှုသည် အခြေခံမှစ၍ တည်ဆောက်ရမည် ဟူ၍ဖြစ်သည်။ အာဖရိကနိုင်ငံများသည် ပထမဦးစွာအနေဖြင့် သူတို့နိုင်ငံများကိုယ်တိုင်၏ လုံခြုံရေးပြဿနာများကို ဖြေရှင်းရေးနှင့် နိုင်ငံရေးတည်ငြိမ်မှု တည်ဆောက်ရေးကို အာရုံစိုက် ရန်လိုအပ်သည်။ ပထမဦးစွာ ဒေသအတွင်းက နိုင်ငံများအကြား ထိုနောက် ဒေသများအကြား နှစ်ဘက်ပူးပေါင်းဆောင်ရွက်ရေး၊ အကန့်အသတ်ရှိသော ဘက်စုံပူးပေါင်းဆောင်ရွက်ရေးသည် ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားပြုနေသော ဘုံလုံခြုံရေးပြဿနာရပ်များ အပေါ်တွင် ဖြစ်ပျက် ပေါ်ပေါက်လာနိုင်ပါသည်။ ဤကြိုးပမ်းမှုများ အကောင်အထည်ဖေါ် အောင်မြင်ပြီးစီးမှသာ အာဖရိကတိုက်တခုလုံးအတွက် အထွေထွေလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် အခြေခံလုပ်ငန်းများ ချမှတ်လာနိုင်မည် ဖြစ်သည်။ ဖွံ့ဖြိုးပြီးကမ္ဘာ့နိုင်ငံများသည် ဤဖြစ်စဉ်အား အာဖရိကတွင် နျူကလီးယား၊ ဇီဝနှင့် ဓါတုလက်နက်များ အလျင်အမြန် တိုးပွားလာခြင်းအား ရပ်တံ့ခြင်းအပေါ် အာရုံစိုက်ခြင်းဖြင့် မဟုတ်ဘဲ အာဖရိကလက်နက်ကိုင် တပ်ဖွဲ့များ၏ ပညာရှင် ပီသစွာ လုပ်ဆောင်ရေးစံ (Professional Standard) များ မြှင့်တင်ရေးအတွက် အာဖရိက စစ်တပ်ဖွဲ့များနှင့် အနောက်တိုင်း လက်နက်ကိုင်တပ်ဖွဲ့များအကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုကို အားပေးမြှင့်တင်ခြင်းဖြင့် အကောင်းဆုံး ကူညီပေးနိုင်ပါသည်။ ကွန်မြူနစ်လွန်ကမ္ဘာ ကွန်မြူနစ်ဝါဒမပြိုလဲမီ အရင်ဦးစွာ ယခင် ဆိုဗီယက်ယူနီယံနှင့် အရှေ့ဥရောပနိုင်ငံများသည် လက်နက်ကိုင်တပ်ဖွဲ့များက ကွန်မြူနစ်ပါတီ အာဏာပိုင်များ၏ လက်အောက်ခံအဖြစ် တင်းတင်းကျပ်ကျပ် ဆက်ဆံရသော တည်ငြိမ်သည့် အရပ်ဘက် စစ်ဘက် ဆက်ဆံရေးစနစ် ထဲတွင် ရှိခဲ့ကြသည်။ ကွန်မြူနစ်စနစ်အောက်တွင် ပါတီသည် စစ်တပ်အပေါ်တွင် ၎င်း၏ ထိန်းချုပ်မှုကို နိုင်ငံရေးကော်မစ်ဆာ (Commissars) နည်းလမ်းဖြင့် ကျင့်သုံးခဲ့သည်။ နိုင်ငံရေး ကော်မစ်ဆာ (Commissars) ဆိုသူမှာ ပါတီစောင့်ကြည့်သူများအဖြစ် တာဝန်ထမ်းရပြီး စစ်တပ်၏ အမြင့်ဆုံးအရာရှိထံသို့ အစီရင်မခံရပဲ ပါတီဗဟိုကော်မတီထံသို့ တိုက်ရိုက် အစီရင်ခံရသူများ ဖြစ်ပါသည်။ ထို့အပြင်ပါတီသည် စစ်သားများကို ၎င်း၏ အဆင့်ဆင့်သော အရာရှိများ အဖြစ်သို့ ပါတီဝင်အသစ်များအဖြစ် သိမ်းသွင်းရန်ကြိုးပမ်းပါသည်။ အထူးသဖြင့် ဖြစ်နိုင်သမျှ အရာရှိများကို ဖြစ်ပါသည်။ ပါတီ၏ သြဇာကြီးခြင်းကို စစ်တပ်၏ လုံခြုံရေးတပ်ဖွဲ့မှ ကျယ်ပြန့်သော စောင့်ကြည့်မှုများက ကျားကန် အထောက်အပံ့ပြုထားပါသည်။

ထို့အပြင် အရှေ့ဥရောပနိုင်ငံများမှ လက်နက်ကိုင်တပ်ဖွဲ့များသည် မော်စကိုတွင်ရှိသော ဝါဆောစစ် စာချုပ် (Warsaw Pact ) အမိန့်၏လက်အောက်ခံဖြစ်ပါသည်။ ဂျဲနာ့စ်အော်န်စကီဝစ်ဇ် (Janusz Onyszkiewicz) က စစ်တပ်ဖွဲ့များအပေါ်၌ အရပ်ဘက်၏ ထိန်းချုပ်မှု စနစ်အသစ်တစ်ခုကို အသေးစိတ်စီစဉ်ရန် ပိုလန်၏ ကြိုးပမ်း အားထုတ်မှုများသည် ဆက်လက်ဖြစ်ပွားနေသော ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်ရေးဖြစ်စဉ် (Democratization process) ၏ မရှိမဖြစ် လိုအပ်သောရှုထောင့် တစ်ခုဖြစ်သည်ဟု ပြသပါသည်။ ပိုလန်စစ်တပ် သည် ရှည်ကြာသော အစဉ်အလာရှိခဲ့၍ ပြည်သူ၏လေးစားမှုကိုလည်း အဆင့်မြင့်ဆုံး ခံစားရရှိခဲ့ပါသည်။ သို့သော် အတိတ်ကာလတွင် ပြည်တွင်းနိုင်ငံရေးတွင် ဝင်ရောက် စွက်ဖက်ခြင်းကို ကြိုက်နှစ်သက်ခြင်း ရှိသည်ဟုလည်း ပိုလန်စစ်တပ်က ပြသခဲ့ပါသည်။ အမှန်အားဖြင့် ဆိုရလျှင် ၁၉ ရာစုအတွင်းက အမျိုးမျိုးသော အမျိုးသားရေးအုံကြွမှုများနှင့် ပြည်တွင်းစစ်ပွဲ ဖြစ်ပွားစေခဲ့သော နိုင်ငံရေး အကြပ်အတည်း ကာလများအတွင်း မာရှယ်ဂျိုးဇက်ဖ် ပင်လ်ဆူဒ်စ်ကီ (Marshal Jozef Pilsudski) ကဲ့သို့ စစ်ခေါင်းဆောင်များ အာဏာရှင်နီးပါး ဖြစ်သော လုပ်ပိုင်ခွင့်အာဏာများကို တာဝန်ယူ လုပ်ကိုင်ဆောင်ရွက်ခဲ့သည်။ ကွန်မြူနစ် ခေတ်ကာလအတွင်းကတောင်မှ အလုပ်သမားပုန်ကန်မှုများကို နှိမ်နှင်းရန် စစ်တပ်ဖွဲ့များသည် ဆင့်ခေါ်ခံခဲ့ရပါသည်။ အထင်အရှားအားဖြင့် ၁၉၅၆၊ ၁၉၇ဝ၊ ၁၉၇၆ နှင့် ၁၉၈၁ တို့တွင်ဖြစ်ပွား သော အလုပ်သမားပုန်ကန်မှုများ ဖြစ်ပါသည်။ ထိုကြောင့် ၁၉၈၉ ခုနှစ်တွင် နိုင်ငံ့အာဏာကို ရရှိလာခဲ့သည့် သွေးစည်းညီညွတ်ရေးအဖွဲ့ ဦးဆောင်သည့် အစိုးရ (Solidarity-led government) ၏ ဦးစားပေး လုပ်ငန်းများစွာအနက် တစ်ခုမှာ စစ်တပ်ကို ပြုပြင်ရန်နှင့် အရပ်ဘက်ထိန်းချုပ်မှု စနစ်သစ်တစ်ခုကို တည်ထောင်ရန် ဖြစ်သည်။ ရေတိုကာလအတွင်း ဤအစီအစဉ်သည် အောက်ပါ အခြေခံကျသော ဦးတည်ချက် ၆ ခုကို လိုအပ်ချက်ဖြစ်စေမည် ဖြစ်သည် -

(၁) အစိုးရအဖွဲ့အသစ်အပေါ် စစ်တပ်၏သစ္စာရှိမှုကို သေချာအောင်ပြုလုပ်ခြင်း။

(၂) စစ်တပ်အတွင်း ကွန်မြူနစ်ပါတီ၏ ထိန်းချုပ်မှုကို ဖယ်ရှားပစ်ခြင်း။

(၃) လက်နက်ကိုင်တပ်ဖွဲ့များ အမျိုးသားရေး ထိန်းချုပ်မှုအောက်သို့ လုံးလုံးရောက်ရှိစေခြင်း။

(၄) စစ်တပ်အဆင့်မြင့်အရာရှိများ အပြောင်းအလဲကို ပြုလုပ်ခြင်း။

(၅) စစ်တပ်၏ လုပ်ငန်းရည်မှန်းချက်များကို ပြန်လည်ပုံသစ်သွန်းလောင်းခြင်း။

(၆) အမျိုးမျိုးသော အထူးလုပ်ငန်းဌာနများကို ပြန်လည်ဖွဲ့စည်းခြင်း။

ဤ အစီအစဉ်အနက် များစွာတို့ကို အောင်မြင်စွာနှင့် လျင်မြန်စွာ အကောင်အထည်ဖေါ်နိုင်ခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် စစ်တပ်သည် အခြေအနေအရ လုပ်ငန်း အောင်မြင်ရန်အတွက် နိုင်ငံရေးနှင့် စီးပွားရေး အသွင်ကူးပြောင်းရေးကာလအတွင်း စွဲစွဲမြဲမြဲရှိသော နိုင်ငံရေးမဆန်သည့် ရပ်တည်မှုကိုယူရန် ၎င်းကို၎င်း တွေ့ရှိခဲ့သော ကြောင့်လည်းကောင်း၊ သမ္မတ ဝိုးစီခ်ျဂျဲရူဇဲစကီး (Wojciech Jarujzelski) သည် ဤဖြစ်စဉ်အတွင်း ဝင်ရောက်မစွက်ဖက်ရန် ရွေးချယ်ခဲ့သောကြောင့်လည်းကောင်း ဖြစ်ပါသည်။ ၁၉၉၁ - ခုနှစ်မှစ၍ ပြုပြင်ပြောင်းလဲရေးသည် အောက်ပါ လမ်းကြောင်းနှစ်ခုနှင့် ဆက်လက် ဖြစ်ပွားနေခဲ့သည် -

(၁) လက်နက်ကိုင်တပ်ဖွဲ့များ၏ နိုင်ငံရေးအရ ကြားနေမှုကို သေချာစေသည့် လုပ်ဆောင်မှုများအား အသေးစိတ် စီစဉ်လုပ်ဆောင်ရန်၊

(၂) စစ်တပ်တည်ဆောက်မှုအပေါ် အရပ်ဘက် ကြီးကြပ်မှုအား လွယ်ကူချောမွေ့စေရန် အတွက် ကာကွယ်ရေး ဝန်ကြီးဌာနအတွင်း ဖွဲ့စည်းပုံဆိုင်ရာ အပြောင်းအလဲအား လက်တွေ့ အကောင်အထည်ဖေါ်ဆောင်ရွက်ရန် တို့ဖြစ်သည်။ အစိုးရနှင့် ပါလီမန်တို့၏ ထပ်ဆင့် တိုးမြှင့်လုပ်ဆောင်ခဲ့သော ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှု များသည် သမ္မတ၏ အတိုက်အခံပြုမှုနှင့် အရပ်ဘက်ထိန်းချုပ်မှုမှ တချို့သောကိုယ်ပိုင်အုပ်ချုပ် လုပ်ဆောင်ခွင့် အခွင့်အရေးများကို ဆက်လက် ထိန်းသိမ်းလိုသည့် စစ်တပ်၏ဆန္ဒတို့ကြောင့် အခက်အခဲများစွာ ရင်ဆိုင်ရသည့် အခြေအနေသို့ ရောက်ရှိ သွားခဲ့သည်။ ဥပဒေပြဌာန်းရေးက ၁၉၉၁ ခုနှစ်တွင် လက်နက်ကိုင် စစ်ဘက်အရာရှိများ အကြား နိုင်ငံရေးအရ စည်းရုံး လုပ်ဆောင်ခြင်းနှင့် ဝါဒဖြန့်ချိခြင်းအား တားမြစ်ရန် ဥပဒေပြုခဲ့ခြင်းနှင့် ယခုလက်ရှိ တာဝန်ထမ်းဆောင်နေဆဲဖြစ်သော မည်သည့် စစ်အရာရှိကမှ နိုင်ငံရေးဆိုင်ရာရုံးများကို ဦးဆောင်လုပ်ကိုင်ခွင့် မရှိဟု ညွှန်ကြားခြင်းများကို ပြုလုပ်ခဲ့ သော်လည်း သမ္မတ လက်ဝဲလ်ဆာ (Lech Walesa) သည် ၁၉၉၃ ခုနှစ်တွင် ပြုပြင်ပြောင်းလဲရေးထောက်ခံမှုတွင် မည်သည့် ပါတီစွဲမျှမရှိ (Nonparty Bloc in Support of Reform) ဆိုသည့် သူ၏ နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုအတွက် စစ်ဘက်၏ ထောက်ခံမှုကို တက်ကြွစွာ မဲဆွယ်ခဲ့သည်။ အလားတူစွာပင် အရပ်ဘက် ဦးဆောင်လမ်းညွှန်မှုများကို မှန်ကန်စွာ လည်ပတ်ဆောင်ရွက်သော ကာကွယ်ရေး ဝန်ကြီးဌာန လုပ်ငန်းဆောင်တာများ ထူထောင်ခြင်းနှင့် စစ်ဘက် ဖွဲ့စည်းပုံအဆင့်ဆင့်အား အရပ်ဘက်အစိုးရ အရာရှိများ၏ လက် အောက်ခံ ဖြစ်စေခြင်းတို့ကို ဆောင်ရွက်သည့် ကြိုးပမ်းလုပ်ဆောင်မှုများသည် ဆန့်ကျင်ခုခံမှုများကို ကြုံတွေ့ခဲ့ရသည်။

အဘယ်ကြောင့်ဆိုသော် သမ္မတဝဲလ်ဆာက သူသည် စစ်သေနာပတိချုပ် ဖြစ်သောကြောင့် ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် သူ့ထံသို့ တိုက်ရိုက် အစီရင်ခံရန် အတင်းတိုက်တွန်းခဲ့သောကြောင့် ဖြစ်သည်။ အော်န်စကီဝစ်ဇ်က သတိရှိစွာဖြင့် အကောင်းမြင် ကြည့်မြင်ရမည့်အရာများ ဆက်လက် ရှိနေသေးသည်ဟု ပြောဆိုခဲ့သည်။ ၎င်းးမှာ ပိုလန်တွင် အရပ်ဘက် စစ်ဘက်ဆက်ဆံရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲရေးသည် ရှေ့ဆက် မသွားတချက် သွားတချက် တုံ့ဆိုင်း တုံ့ဆိုင်း ခရီးဆက်ခဲ့ရသည်ဟု ဆိုသော်ငြားလည်း စစ်တပ်ဖွဲ့အပေါ် အရပ်ဘက်ထိန်းချုပ်မှုကို သေချာ စေသည့် ဖွဲ့စည်းပုံယန္တရားများ ယခုအခါသူ့နေရာနှင့်သူ ရှိနေပြီ ဖြစ်သည်။ အကယ်၍ ပိုလန်သည် ထိုပြုပြင်ပြောင်းလဲရေး လမ်းမပေါ်တွင် နောက်ထပ် တိုးတက်မှုများကို ဆက်လက် လုပ်ဆောင် မည်ဆိုပါက အောက်ပါအတိုင်း လုပ်ဆောင်ရပါမည် -

(၁) ဘတ်ဂျက်ဖြစ်စဉ်အား ပြုပြင်ပြောင်းလဲရမည်။

(၂) ပြည်တွင်းအရေးပေါ် ကာလအတွင်း စစ်ဘက်အခန်းကဏ္ဍအတွက် ဦးဆောင်လမ်းညွှန်မှု (Guidelines) များကို လုပ်ထုံးလုပ်နည်းများ အတိအကျ ချမှတ်တည်ထောင်ရမည်။

(၃) အရေးကြီးဆုံးသော အရပ်ဘက်အရာရှိများသည် စစ်ဘက်ဆိုင်ရာ အရေးကိစ္စနှင့် ပတ်သက်၍ ပို၍ကောင်းမွန်သော သတင်းအချက်အလက်ရရှိခြင်း ပုံစံမျိုး ကြုံတွေ့ ရရှိလာစေရမည်။ စသည်တို့ကို ဆက်လက်လုပ်ဆောင်သွားရမည် ဖြစ်သည်။ လီလီယာရှက်တ်ဆိုဗာ (Lilia Shevtsova) ၏ ပြောဆိုချက်အရဆိုလျှင် ရုရှားသည် အရပ်ဘက်ဆက်ဆံရေး စနစ်သစ်ကို တည်ထောင်ရန် ဖြစ်လာသောအခါ ယခင် ဆိုဗီယက် မဟာမိတ်အုပ်စုထက်တောင် ပို၍ကြီးမားသော စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်ဟုဆိုသည်။ တိုင်းပြည်သည် တချိန်တည်း တပြိုင်တည်းတွင် ပြဿနာရပ်ပေါင်း များစွာကို ရင်ဆိုင်ခဲ့ရပြီးပြီ ဖြစ်သည်။ ၎င်းပြဿနာများမှာ နိုင်ငံတည်ဆောက်ရေး၊ ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်ရေး ဖြစ်စဉ်၊ ဈေးကွက်စီးပွားရေး ပြုပြင်ပြောင်းလဲမှု၊ အသစ်ဖြစ်သော အမျိုးသားရေးကိုယ်ပိုင် အမှတ်သရုပ် (National identity) ကို ဖေါ်ထုတ်ခြင်းနှင့် တခြားပြဿနာတစ်ခုနှင့် သဟဇာတ မဖြစ်သည့် ကွဲပြားခြားနားသော ပြဿနာများအား ဆက်ဆံကိုင်တွယ်သည့် နည်းနာများတို့ ဖြစ်ပေသည်။

နိုင်ငံရေးအုပ်စုများ အကြားတွင် လည်းကောင်း၊ စီမံခန့်ခွဲရေးနှင့် ဥပဒေပြုရေးတို့ အကြားတွင် လည်းကောင်း တည်ရှိနေသော အာဏာအားပြိုင် လွန်ဆွဲမှုများသည် ဆိုဗီယက်အုပ်စု အဟောင်း၏ တခြားသောနိုင်ငံများတွင်ရှိသည့် အာဏာအားပြိုင်မှုများထက် ပို၍ ပြင်းထန်ပေသည်။ အသွင်ကူးပြောင်းရေးကာလ အစောပိုင်းတွင် ရုရှားစစ်တပ်သည် အခြေအနေတစ်ခုနှင့် ထိပ်တိုက် ရင်ဆိုင်နေရသည့် အခြေအနေအား မိမိကိုယ်တိုင် တွေ့ရှိခဲ့ရသည်။ ထိုအခြေအနေမှာ နိုင်ငံရေး အခွင့်ထူးခံများ (Political elites) က တိုက်ပွဲအတွင်း၌ ပိတ်လှောင်ခံထားရခြင်း၊ လူမှုရေး အင်အားစုများကလည်း စည်းရုံးမှု မရှိဘဲဖြစ်နေခြင်း၊ ရာဇဝတ်မှုခင်း ဖြစ်ပွားမှုများကလည်း မြင့်တက်နေခြင်း၊ အမျိုးသားရေး စိတ်ဓါတ်ရေးရာများကလည်း အနိမ့်ဆုံးအမှတ်သို့ ရောက်ရှိနေခြင်း စသည်တို့ ဖြစ်ပျက်နေခြင်းပင် ဖြစ်သည်။ ထို့အပြင် စစ်တပ်သည် ပြဿနာအရပ်ရပ်များ၏ ဝိုင်းရံတိုက်ခိုက်မှုကို ခံနေရပေသေးသည်။ ထိုပြဿနာများမှာ စိတ်မကောင်းစရာ ကောင်းလောက်အောင် မလောက်ငှသော လခနှင့် လူမှုဖူလုံရေးစရိတ် အလွန်နည်းပါးသော သင်တန်းနှင့် စည်းကမ်း၊ ပုံမှန်စစ်တပ်နှင့် အခွင့်ထူးခံ စစ်တပ်ဖွဲ့များ အကြားတွင်လည်းကောင်း၊ အရာရှိများနှင့် စစ်ထဲဝင်လာသူများ အကြားတွင်လည်းကောင်း၊ အပျော်ထမ်းများနှင့် စစ်ထဲ မဝင်မနေရ စနစ်ဖြင့် ဝင်လာသူများ အကြားတွင်လည်းကောင်း၊ စစ်သားသစ်များနှင့် စစ်သားဟောင်းများ အကြားတွင် လည်းကောင်း၊ ခွဲခြားမှုများ မြင့်တက်ကြီးထွားနေခြင်း တို့ပင်ဖြစ်သည်။

ရုရှားစစ်တပ်သည် အထူးသဖြင့် အရာရှိများအထဲတွင် မိန်းမထက် ယောက်ျားက မြတ်သည်ဟူသော ဖိုဝါဒ၊ ရှေးရိုးစွဲ အယူအဆဝါဒ၊ ဗဟိုကချုပ်ကိုင်သည့်ဝါဒ စသည့် အယူဝါဒများအားဖြင့် အယူအဆ ရေးရာအရ ခွဲခွဲခြားခြား ဖြစ်လျက်ရှိပေသည်။ ကွန်မြူနစ်စနစ်ကျဆုံးမှုနှင့် ဆိုဗီယက်ယူနီယံ ပြိုလဲမှုတို့သည် ရုရှားစစ်တပ်အား လုပ်ငန်း ရည်မှန်းချက်ဆိုင်ရာ စိတ်ခံစားမှုမရှိ ဆိုသည့် အနေအထားမျိုးဖြင့် ချန်ထားပစ်ခဲ့ပြီး မကျေမနပ် ဖြစ်စိတ်နှင့် ကျရှူံးစိတ်ဆိုင်ရာ စိတ်ခံစားမှုကိုလည်း ဖြစ်ပေါ်စေခဲ့သည်။ ရှက်စ်တိုဗာက အဖြစ်အပျက်နှစ်ခုကို ဆွေးနွေးတင်ပြသည်။ ၁၉၉၃ ခုနှစ်တွင် သမ္မတနှင့် ၎င်း၏ ပါလီမန်အတွင်းရှိ ဆန့်ကျင်ဘက် အုပ်စုတို့အကြား ဖြစ်ပျက်ခဲ့သည့် လက်နက်ကိုင် ပဋိပက္ခနှင့် ချက်ချင်းနီးယားတွင် ဖြစ်ပျက်သော စစ်ပွဲတို့သည် စစ်ဘက်တို့က နိုင်ငံရေးအတွင်း သို့ ရှောင်လွှဲမရစွာဖြင့် ပါဝင်ပတ်သက်လာစေရန် ဆွဲသွင်းခဲ့သည်။ ၁၉၉၃ ခုနှစ် စက်တင်ဘာ အဖြစ်အပျက် မတိုင်ခင်ကဆိုလျှင် လက်နက်ကိုင်တပ်ဖွဲ့များသည် ရုရှား ပြည်တွင်းနိုင်ငံရေး၏ သရုပ်သဏ္ဍန်ဖြစ်သော နိုင်ငံရေးတိုက်ခိုက်မှုများတွင် ဘက်တစ်ဘက်မှ ရပ်တည်ခြင်းအား ရှောင်ရှားခဲ့သည်။

ထိရောက်သော အရပ်ဘက်ထိန်းချုပ်မှု ယန္တရားများ တကယ်မရှိခြင်း၊ ဖွဲ့စည်းပုံဆိုင်ရာ ပဋိပက္ခများ ဆက်လက်ရှိနေခြင်း၊ စစ်ဘက်၏ အတိုက်အခံပြုမှုများ အစိုးရ၏ နိုင်ငံခြားရေးနှင့် ပြည်တွင်းမူဝါဒ စတင်ဆောင်ရွက်ချမှတ်မှုများတွင် အကျယ်အပြန့် ရှိနေသေးခြင်း၊ အမျိုးမျိုးသော နိုင်ငံရေးအုပ်စုများက စစ်ဘက်တို့အား ရန်ပွဲအတွင်းသို့ ပါဝင်လာစေရန် တက်ညီလက်ညီဆွဲသွင်းခြင်း စသည်တို့ ဖြစ်ခဲ့ကြသော်ငြားလည်းပဲ စစ်တပ်ဖွဲ့များသည် ကိုယ်တိုင်မပါဝင်ဘဲ ဘေးမှ လက်ပိုက်ကြည့်နေသူ အနေအထားကို ဆက်လက် ရရှိနေအောင် ထိန်းသိမ်းခဲ့သည်။ ရှက်စ်တိုဗာက အကြောင်းပြ ပြောဆိုသည်မှာ အခြေခံကျစွာဖြင့် စစ်ဘက်၏ ကြားနေမှုသည် ယှဉ်ပြိုင်တိုက်ခိုက်နေသော နိုင်ငံရေးပါတီ အဖွဲ့အစည်းအားလုံးအား ယုံကြည်စွဲလန်းမှု မရှိစွာဖြင့်လည်းကောင်း၊ စစ်ဘက်တို့အတွင်းရှိ ၎င်းတို့ ကိုယ်တိုင်၏ ခွဲခွဲခြားခြား ဖြစ်နေခြင်းများသို့လည်းကောင်း သက်ရောက်မှု ရှိစေခဲ့သည်။ အမှန်တကယ်အားဖြင့်မူ စစ်ဘက်ရာထူးကြီးသူများအတွင်း ခွဲခွဲခြားခြား ဖြစ်နေခြင်းသည် စစ်ဘက်၏ အဖွဲ့သားတိုင်းနှင့် ဆိုင်သည့် အသင်းအဖွဲ့၏ အကျိုးစီးပွားကို သေချာအောင်ပြုလုပ်ရာတွင် ခက်ခဲစေခဲ့သည်။ ထို့အပြင် စစ်ဘက်တို့ ဝင်ရောက်စွက်ဖက်သော အဖြစ်အပျက်များရှိ အတွင်းပဋိပက္ခကို ပို၍ အားကောင်းမောင်းသန် ဖြစ်သွားစေရန်အတွက် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်။

ရှက်စ်တိုဗာ၏ အမြင်အရမူ ၁၉၉၃ ခုနှစ် စက်တင်ဘာလတွင် ဖြစ်ပျက်သော အကြပ်အတည်းတွင် ယက်လ်ဆင် (Yeltsin) ဘက်ခြမ်းမှ စစ်တပ်၏ အင်တင်တင်ဖြစ်ကာ ဝန်လေးစွာဖြင့် ဆောင်ရွက်ပေးရသော ဝင်ရောက်စွက်ဖက်မှုသည် သမ္မတအပေါ် သစ္စာမခံခြင်းမျှသာ မဟုတ်ပါ၊ တကယ်တမ်းအားဖြင့် ပါလီမန်ဦးဆောင်မှုကို အတိုက်အခံ ပြုခြင်းလည်းဖြစ်ပြီး ယင်းကြိုးပမ်း အားထုတ်မှုသည် စစ်ဘက်အဆင့်မြင့်အရာရှိ အာဏာပိုင်များကို သပ်လျှိုခဲ့ပေသည်။ သို့သော် ဤအဖြစ်အပျက်အတွင်းမှ နိုးထလာပြီးသည့် နောက်တွင်မှာတော့ စစ်ဘက်သည် ယက်လ်ဆင် အုပ်ချုပ်ရေး အပေါ် ထားရှိသော ၎င်းတို့ ကိုယ်ပိုင်မူဝါဒ အစီအစဉ်များ တွန်းတွန်းတိုက်တိုက် တင်ပြခြင်းတွင် ပိုမို၍ မိမိကိုယ်မိမိ ယုံကြည်မှုရှိရှိ တင်ပြ ပြောဆိုလာခဲ့သည်။ အထူးသဖြင့် အနီးအနားတွင် ရှိသော နိုင်ငံခြားတိုင်းပြည်များဟု ခေါ်ဆိုနိုင်သော နိုင်ငံများ၏ အရေးကိစ္စနှင့် ပတ်သက်၍ ဖြစ်ပေသည်။ စစ်ဘက်အဆင့်မြင့် ခေါင်းဆောင် များကြောင့် မဟုတ်ဘဲ သမ္မတ၏ အတွင်းပိုင်း အဝန်းအဝိုင်းအတွင်းရှိ နိုင်ငံရေး အကြံပေးအရာရှိများကြောင့် ဆင်နွှဲသော ချဲချင်းညားစစ်ပွဲသည် လက်နက်ကိုင် တပ်ဖွဲ့များအား ယက်ဆင်လ်အုပ်ချုပ်ရေးမှ ပို၍ ဖယ်ကြဉ် ဝေးကွာ သွားစေခဲ့သည်။ အရေးကြီးသော့ချက်ကျသော စစ်ဘက်အရာရှိများက စစ်ပွဲအကောင်အထည်ဖေါ် ဆောင်ရွက်မှုနှင့် ကရင်မလင်နှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ အကြား ဆုံးဖြတ်ချက်ပြုလုပ်သော ဖြစ်စဉ်တို့နှင့် စပ်လျဉ်း၍ ဆန့်ကျင်သည့် စကားများကို ပြင်းထန်စွာ ပြောဆိုခဲ့သည်။

Last Updated ( Thursday, 06 October 2011 17:14 )  

နောက်ဆုံးရသတင်းများ