ပင်မနေရာ မူဝါဒ/ဥပဒေ တပ်ပြုပြင်ပြောင်းလဲရေး အရပ်ဘက် စစ်ဘက်ဆက်ဆံရေး နှင့် ဒီမိုကရေစီ - အပိုင်း (၅)

ပင်မနေရာ မူဝါဒ/ဥပဒေ တပ်ပြုပြင်ပြောင်းလဲရေး အရပ်ဘက် စစ်ဘက်ဆက်ဆံရေး နှင့် ဒီမိုကရေစီ - အပိုင်း (၅)

အရပ်ဘက် စစ်ဘက်ဆက်ဆံရေး နှင့် ဒီမိုကရေစီ - အပိုင်း (၅)

Print PDF
User Rating: / 0
PoorBest 


ဖိလစ်ပိုင် သမ္မတ ဂလိုရီယာ အာရိုယို

အရပ်ဘက် စစ်ဘက်ဆက်ဆံရေး နှင့် ဒီမိုကရေစီ - အပိုင်း (၅)

ဆောင်းပါးရှင် - ကိုကျော်ထင်

အရပ်သား သြဇာအာဏာ ကျယ်ပြန့် လာနေသည့် ပုံစံ အမျိုးမျိုးတွင် ပို၍ များပြားလာသော ပွင့်လင်း မြင်သာမှု (transparency)၊ ဒူးမား (Duma) လွှတ်တော်၏ ကြီးကြပ်မှု၊ စစ်ဘက်နှင့် ပတ်သက်သော မူဝါဒ ရေးရာများ အပေါ်၌ လူထုနှင့် ဥပဒေပြုမှု ကဏ္ဍ၏ ငြင်းခုံ ဆွေးနွေးမှု (debate)၊ စစ်ဦးစီးရေးရာ ဘောင်အလွန်၌ ရှိနေသော စစ်ဘက်ဆိုင်ရာ အထူး ကျွမ်းကျင်မှုများ ပျံ့နှံ့မှု စသည့် ပုံစံများဖြင့် ဖြစ်ပေသည်။ မည်သို့ပင်ဖြစ်စေ ယနေ့ကာလတွင် ရုရှားတွင် တည်ရှိနေသော အရပ်ဘက် ထိန်းချုပ်မှု ယန္တရား (civilian control mechanism) သည် ဆိုဗီယက် ယူနီယံခေတ်က တည်ရှိခဲ့သော ယင်းအရာ များထက် ပို၍ ကောင်းမွန်သော ပုံစံတွင် တည်ရှိ နေသည် ဆိုသည်ကို ငြင်းချက် ထုတ်ရန် ခက်ပေ လိမ့်မည်။

ဒီမိုကရေစီနိုင်ငံ အသစ်များတွင် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးတွင် သက်ရောက် ဖြစ်ပေါ်နေသော အထွေထွေ ပြဿနာ (၄) ရပ်ကို ကျွန်ုပ်အနေဖြင့် ရည်ညွှန်း၍ အတိုချုပ် ပြောဆိုပါရစေ။ ယင်းအရာများမှာ နိုင်ငံရေးတွင် စစ်ဘက်၏ ပါဝင်စွက် ဖက်မှု၊ တင်ကူးတည်ရှိနေသော စစ်ဘက် အခွင့်ထူးခံများ၊ အခန်းကဏ္ဍနှင့် ရည်မှန်းချက်များ အဓိပ္ပါယ် ဖွင့်ဆိုခြင်း၊ စစ်ဘက် ဆိုင်ရာ နည်းပညာ အသစ်များ ပျံ့နှံ့မှုနှင့် ဖွံ့ဖြိုး တိုးတက်မှု စသည်တို့ ဖြစ်ပေသည်။

 

ပထမဦးစွာအနေဖြင့် ကျနော်၏ ရေတွက်ထားမှုအရ ပြောရလျှင် ဒီမိုကရက်တစ် အစိုးရအသစ်များအား ဆန့်ကျင်ဖြစ်ပွား နေသော အာဏာသိမ်းရန် ကြိုးပမ်းမှု (Coup attempts) ပေါင်း ၃ဝ မှ ၄ဝ ခန့်အကြား ဖြစ်ပွားခဲ့ပြီဖြစ်သည်။ အာဂျင်တီးနား၊ ဖိလစ်ပိုင်၊ စပိန်နှင့် ဂရိ ကဲ့သို့သော အချို့နိုင်ငံများတွင် အာဏာသိမ်းရန်ကြိုးပမ်းမှု အကြိမ်များစွာ ဖြစ်ပျက်ခဲ့ပြီး ဖြစ်သည်။ ချွင်းချက်အနည်းငယ်အနေဖြင့် ဖြစ်ပွားခဲ့သည့် အာဏာသိမ်းရန် ကြိုးပမ်းခြင်း ကျရှူံးမှုများ နိုက်ဂျီးရီးယား၊ ဆူဒန်နှင့် ဟေတီ နိုင်ငံများတွင် သတိပြုစရာ အကောင်းဆုံး ဖြစ်ပွားခဲ့ခြင်းပင် ဖြစ်သည်။ ယင်းကဲ့သို့ ဖြစ်ပွားခဲ့ခြင်းအတွက် စိတ်ဝင်စားစရာ အကောင်းဆုံးမေးခွန်းမှာ “ဘာကြောင့်လဲ” ဟူသည်ပင် ဖြစ်သည်။ ကွဲအက်လွယ်သော အခြေအနေ အတိုင်းအတာ တစ်စုံတရာရှိ သည့်အပြင် တည်ငြိမ်နိုင်စွမ်းလည်း မရှိသော အစိုးရအသစ် များအား ကောင်းစွာ ဖွဲ့စည်းတည်ထောင်ထားသော လက်နက်ကိုင်တပ်ဖွဲ့များက စိန်ခေါ်သော်လည်း အဘယ်ကြောင့် ၎င်းတို့ ရှူံးနိမ့်ရသနည်း။ ဤမေးခွန်းအတွက် အဖြေမှာ ဤနိုင်ငံတစ်ခုစီ၏ စီးပွားရေး တိုးတက်မှု အနေအထားနှင့် ခေတ်မီမှုအပေါ်တွင် အခြေခံ အားဖြင့် တည်မှီပေသည်။ ၁၉၅ဝ ခု လွန်နှစ်များမှ ၁၉၇ဝ လွန် အစောပိုင်း နှစ်များအတွင်း ဖြတ်သန်းဖြစ်ပေါ်ခဲ့သော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်က ၁၉၇ဝ ကျော် အလယ်ပိုင်း နှစ်များအတွင်း ဖြစ်ပွားလာသော ဒီမိုကရေစီ စတင် ဖြစ်ပေါ်မှုများသို့ ဦးတည်သည့် အခြေခံများကို ချမှတ်ပေးခဲ့သည်။


စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် နောက်ပိုင်းတွင် ဖြစ်ပွားလာသော အာဏာသိမ်းရန် ကြိုးပမ်းမှု အားလုံးလိုလိုနီးပါး၏ ကျရှူံးမှုကို သေချာစေခဲ့ပေသည်။ စီးပွားရေး အမြင် သက်သက်နှင့် မကြည့်ဘဲလျက်နှင့်ပင် တစ်ဦးတစ်ယောက်သည် ရှေ့တွင်ဖေါ်ပြမည့် စီးပွားရေးဆိုင်ရာ လမ်းညွှန်သဘောတရားတစ်ခုကို အထောက်အထားပြု ပြောဆိုနိုင်ပေ သည်။ ယင်းမှာ တစ်ဦးချင်း အမျိုးသား အသားတင်ထုတ်လုပ်မှု (Per-capita GNP) အနည်းအများ အပေါ် မူတည်ပြောဆိုနိုင်သော အာဏာသိမ်းရန် ကြိုးပမ်းမှုအမြင့်ဆုံး သတ်မှတ်ချက် (Coup-attempt ceiling ) နှင့် အာဏာသိမ်းမှု အောင်မြင်မှုအမြင့်ဆုံး သတ်မှတ်ချက် ( Coup-success ceiling ) တို့ ရှိပါသည်။

၎င်းကို အကျယ်ချဲ့၍ ရှင်းလင်းပြောဆိုရမည်ဆိုလျှင် တစ်ဦးချင်း အမျိုးသား အသားတင်ထုတ်လုပ်မှု ဒေါ်လာ ၁ဝဝဝ သို့မဟုတ် ၁ဝဝဝ ထက် ပိုရှိသော နိုင်ငံများတွင် အောင်မြင်သော အာဏာသိမ်းမှု မရှိပေ။ တစ်ဦးချင်း အမျိုးသား အသားတင် ထုတ်လုပ်မှု ဒေါ်လာ ၃ဝဝဝ သို့မဟုတ် ယင်းထက်ပိုရှိသောနိုင်ငံများတွင် အာဏာသိမ်းရန် ကြိုးပမ်းမှုပင် မရှိပေ။ ယင်းမှာ တစ်ဦးချင်း အမျိုးသား အသားတင်ထုတ်လုပ်မှု ဒေါ်လာ ၅ဝဝ ရှိသောနိုင်ငံများဖြစ်သည့် နိုက်ဂျီးရီးယား၊ ဆူဒန်၊ ဟေတီ စသောနိုင်ငံများတွင် အောင်မြင်သော အာဏာသိမ်းမှုများ ဖြစ်ပွားနေစဉ်တွင် တစ်ဦးချင်း အမျိုးသား အသားတင်ထုတ်လုပ်မှု ဒေါ်လာ ၁ဝဝဝ နှင့် ၃ဝဝဝ အကြားရှိသည့် နိုင်ငံများသည် မအောင်မြင်သော အာဏာသိမ်းမှုများ ဖြစ်ပွားသော နေရာများဖြစ်သည်ဟု ဆိုနိုင်ပေသည်။

၁၉၉၂ ခုနှစ်တွင် ဗင်နီဇွဲလားနိုင်ငံတွင် ဖြစ်ပျက်ခဲ့သည့်အာဏာသိမ်းမှု (၂) ခု အပါအဝင်ဖြစ်သော ဒီမိုကရက်တစ် အစိုးရအသစ်များကို ဆန့်ကျင်၍ဖြစ်ပျက်ခဲ့သည့် အာဏာသိမ်းရန် ကြိုးပမ်းမှုများသည် စီးပွားရေး မဖွံ့ဖြိုး မတိုးတက်ခြင်း၏ အမွေအနှစ်ပင်ဖြစ်သည်။ ယင်း အာဏာသိမ်းမှုများသည် ကြံရာမရဖြစ်နေ၍ လုပ်ဆောင်လိုက်သော လုပ်ဆောင်မှုများပင် ဖြစ်သည်။ ဤအာဏာသိမ်း အားလုံးနီးပါးပင် ဒုဗိုလ်မှူးကြီးများက ဦးဆောင်ပြုလုပ်ခဲ့ကြခြင်းမှာ ထူးထူးခြားခြား သတိပြုလောက်စရာပင် ဖြစ်သည်။ ဖိလစ်ပိုင်၊ အာဂျင်တီးနားနှင့် ဗင်နီဇွဲလားနိုင်ငံများတွင် ၎င်းဒုဗိုလ်မှူးကြီးများကပင် အာဏာသိမ်းရန် ထပ်ခါထပ်ခါ ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။ ဗင်နီဇွဲလားနိုင်ငံတွင် ၁၉၉၂ ဖေဖေါ်ဝါရီလ ပထမအကြိမ် အာဏာ သိမ်းရန် ကြိုးပမ်းမှုအပြီး၌ ဒုထိယဗိုလ်မှူးကြီး ထောင်ချခံခဲ့ရသည်။

သို့သော်ငြားလည်း သူသည် သူ့ကိုယ်စား နိုဝင်ဘာလတွင် ဆန့်ကျင်တော်လှန်မှုတစ်ခု ပြုလုပ်ရန် တပ်ဖွဲ့တစ်ခုအား လှုံ့ဆော်သည့် ကြေညာချက်ကို ၎င်းတပ်ဖွဲ့ထံသို့ နည်းလမ်း တစ်မျိုးဖြင့် ခိုးထုတ်ပေးပို့နိုင်ခဲ့သည်။ သူသည် စီစဉ်ထားသည့်အတိုင်း နောက်ထပ် အာဏာသိမ်းမှုတစ်ခုကို ကြိုးပမ်းသော်လည်း မအောင်မြင်ခဲ့ချေ။ ဒုတိယဗိုလ်မှူးကြီးများ ဦးဆောင်သော အာဏာသိမ်းမှုများသည် အောင်မြင်လေ့ မရှိခဲ့ပေ။ မည်သည့် စစ်ဦးစီးချုပ်က အာဏာသိမ်း၍ သမ္မတဖြစ်လာသော ဒုတိယဗိုလ်မှူးကြီးများ၏ အမိန့်ကို နာခံချင်ပါ သနည်း။ ဒီမိုကရက်တစ် အစိုးရအသစ်များသို့ ဦးတည်ဖြစ်ပျက်ခဲ့သည့် အာဏာသိမ်းမှုအန္တရာယ်ကို လွန်ကဲစွာ ထည့်တွက်ခဲ့ကြပေသည်။

ဒုတိယအချက်မှာ စစ်အစိုးရများက မိမိအလိုဆန္ဒ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ၎င်း မိမိဆန္ဒအရ အာဏာ စွန့်လွှတ်ခဲ့ ကြသော နိုင်ငံများတွင် ထိုစစ်တပ်ဖွဲ့များသည် အာဏာ စွန့်လွှတ်ပြီးနောက်၌ပင် လူ့အဖွဲ့အစည်းပေါ်၌ အတော်အတန် ကြီးမားသော သြဇာလွှမ်းမိုးမှုကို ထားရှိခဲ့ကြပေသည်။ သတိပြုလောက်သော ဥပမာပြ၍ရသည့် နိုင်ငံများမှာ တူရကီ၊ တောင်ကိုးရီးယား၊ နိုင်ကွာရာဂွာနှင့် ချီလီတို့ ဖြစ်ကြပေသည်။ သို့သော်ငြားလည်း နိုင်ကွာရာဂွာတွင် ဟန်ဘာတိုအော်တေဂါ သည် နှုတ်ထွက်သွားခဲ့ပြီ ဖြစ်သည်။ ဘရာဇီး စစ်တပ်၏ နိုင်ငံရေးသြဇာအာဏာသည်လည်း တဖြည်းဖြည်း လျော့ပါးသွားခဲ့ပြီ ဖြစ်သည်။ ဘရာဇီးစစ်တပ်၏ နိုင်ငံရေးသြဇာအာဏာသည်လည်း ယခင်ကရှိခဲ့သလို မရှိတော့ပေ။

 

 

တူရကီ ပါလီမန် အဆောက်အဦးပုံ


လက်တင်အမေရိကနှင့် တခြားသော အစိုးရများသည် စစ်ဘက်အရာရှိကြီးများ ခန့်ထားမှုများ၊ စစ်ဘက်ဘတ်ဂျက် အသုံး စရိတ်၊ တပ်ဖွဲ့စည်းပုံများ စသည်တို့အပေါ်၌ သြဇာ အာဏာ တဖြည်းဖြည်း ကျင့်သုံးလာနိုင်ခဲ့ပြီ ဖြစ်သည်။ ယင်းဖြစ်စဉ်များ တွင် ရာစုနှစ်ချီ ကြာမြင့်တည်ရှိလာခဲ့သော စစ်ဘက် အခွင့်ထူးခံမှုများ တဖြည်းဖြည်း လျော့ပါးလာနေ ပေသည်။ စစ်ဘက် အရာရှိများသည် တရားဝင်အမိန့်အပေါ်၌ နာခံမှုပေးလာနေပြီ ဖြစ်သည်။ စစ်တပ်မှ အာဏာဆုတ်ခွာပြီး စစ်တန်းလျားတွင် နေရေးအတွက် အပြန်အလှန် အဖြစ် ပေးရသော စစ်တပ်မှ တောင်းဆိုမည့် လွတ်ငြိမ်းချမ်းသာခွင့်လိုမျိုး ကဲ့သို့သော စိန်ခေါ် အကဲစမ်းမှုများကိုပင် ထိုအစိုးရများမှ ကိုင်တွယ်ဆောင်ရွက်လာနိုင် ခဲ့ကြပေသည်။

သို့သော်ငြားလည်း ချီလီတွင် ဗိုလ်ချုပ် မန်နူရယ်ကွန်ထရီရာ့စ်နှင့် ပဲဒရိုအက်စ်ပီနိုဇာတို့က ထိပ်တိုက် ရင်ဆိုင်မှုများ ပြသလာ ခဲ့ကြသောကြောင့် “ ‘တရားစွဲဆိုခြင်းနှင့် အပြစ် ပေးခြင်း’ နှင့် နှိုင်းယှဉ်စဉ်းစားရသော ‘ခွင့်လွှတ်ခြင်းနှင့် မေ့ပစ်ခြင်း’ ” “ ‘prosecute and punish’ versus ‘forgive and forget’ ” အရေးကိစ္စအား ရဲစွမ်းသတ္တိဆိုသည်ထက် ပို၍ ကောင်းသော လုပ်ဆောင်ဘွယ်ရာ အဖြစ် “ ‘တရားမစွဲဆိုနဲ့၊ အပြစ်မပေးနဲ့’ ၊ ‘ခွင့်မလွှတ်နဲ့၊ အားလုံးထက်အရေးကြီးတာက မေ့မပစ်နဲ့’ ” လမ်းကြောင်းက ဆက်လက် ကျန်ရှိ နေသေးဆဲ ဖြစ်သည်။ ရည်မှန်းချက်အသစ်များဆိုင်ရာ မေးခွန်း

စစ်တပ်မှ ဝင်ရောက်စွက်ဖက်ခြင်းနှင့်ပတ်သက်သော ခြိမ်းခြောက်မှုသည် နိုင်ငံရေးအရ အားနည်းသော စစ်တပ်များထံမှ ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး နိုင်ငံရေးအရ အားသန်သော စစ်တပ်များထံမှ စစ်ဘက် အခွင့်ထူးခံများ ဖြစ်ပေါ်လာပေသည်။ တတိယပြဿနာတခုမှာ စစ်အေးလွန်ကမ္ဘာက စစ်တပ်ဖွဲ့များအားလုံးသို့ ရင်ဆိုင်မှုပြုနေသော စစ်တပ်ဖွဲ့များ၏ အခန်းကဏ္ဍနှင့် ရည်မှန်းချက်များ (roles and missions) ဆိုင်ရာကိစ္စပင် ဖြစ်သည်။ အမေရိကန်ပြည်ထောင်စု၊ ရုရှား တရုတ် တို့ကဲ့သို့သော ၎င်းတို့၏ ဒေသဆိုင်ရာ အရေးကိစ္စ များကို ဖြေရှင်းဆောင်ရွက်နိုင်စေမည့် စစ်တပ်ဖွဲ့များပုံစံသို့ ပြန်လည်ပုံသွင်းနေရသော ကမ္ဘာ့အင်အားကြီးနိုင်ငံများ အကြားတွင်မူ အထက်ပါ အခန်းကဏ္ဍနှင့် ရည်မှန်းချက်များ ဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ အခက်အခဲအနည်းငယ်တော့ ရှိကောင်း ရှိနိုင်ပါသည်။

စစ်ဘက်အာဏာသိမ်းမှုများ အလွယ်တကူဖြစ်ပွားခဲ့ပြီး ပို၍သေးငယ်သော ဒီမိုကရေစီ နိုင်ငံအသစ်များ အတွက်မူ အထက်ပါပြဿနာသည် ပို၍အသည်းအသန် အခြေအနေတွင် ရှိပေသည်။ ဒီမိုကရေစီနိုင်ငံအချင်းချင်း စစ်မက် မဖြစ်ပွား ဟူသော ခိုင်လုံကောင်း ခိုင်လုံနေပါသည်။ ကမ္ဘာပေါ်တွင် ဒီမိုကရေစီနိုင်ငံအသစ်များ တိုးတက်ဖြစ်ပေါ်လာနေခြင်းသည် ပြဿနာရပ်များကို တိုးမြှင့် ဖြေရှင်းလာစေနိုင်ပါသည်။ စစ်အုပ်ချုပ်ရေးအောက်တွင် အာဂျင်တီးနား သည် ဗြိတိန်နှင့် စစ်တိုက်ခဲ့ပါသည်။ ချီလီနှင့် စစ်မက် ဖြစ်ပွားလုနီးပါး အထိ ဖြစ်ခဲ့သည်။ ယခုအခါ၌ ဤ (၃) နိုင်ငံ စလုံးသည် ဒီမိုကရေစီနိုင်ငံများ ဖြစ်လာကြသောကြောင့် ၎င်းတို့အကြားတွင် ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဆက်ဆံဖြေရှင်းမှု ပုံစံများ တည်ရှိ လာခဲ့ပြီဖြစ်သည်။

ဒီမိုကရေစီနိုင်ငံဖြစ်လာပြီးနောက် အာဂျင်တီးနားလက်နက်ကိုင်တပ်ဖွဲ့များအတွက် မည်သည့် လုပ်ငန်းဆောင်တာများ (functions) ဖြစ်ပေါ်တည်ရှိလာခဲ့သနည်း။ ယင်းမေးခွန်း၏ အဖြေတွင် ငြိမ်းချမ်းရေးထိန်းသိမ်းခြင်း (peacekeeping) သည် အခန်းကဏ္ဍတခုအဖြစ် ရှင်းလင်းစွာပါဝင်လျက်ရှိသည်။ အာဂျင်တီးနားတပ်ဖွဲ့များကို ထိုရည်မှန်းချက်များအတွက် ပါရှန်ပင်လယ်ကွေ့၊ ခရိုအေရှား၊ ကမ္ဘောဒီးယား၊ အင်ဂိုလာ၊ မော်ရိုကိုနှင့် ဆိုင်းနိုင်း တို့တွင် တပ်ဖြန့်ချထားခဲ့ကြသည်။ တခြားသော ဒီမိုကရေစီ နိုင်ငံအသစ်များသည်လည်း ဤလားရာသို့ ရှေ့ရှုလာနေပြီ ဖြစ်သည်။ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းနှင့် ရည်မှန်းချက်များသည် စစ်မက်ဖြစ်ပွားတိုက်ခိုက်ခြင်း ဆိုင်ရာ ရည်မှန်းချက်ရှိသော လုပ်ငန်းများနှင့် အထင်အရှား ကွဲပြားခြားနားသော်ငြားလည်းဘဲ ၎င်းတို့အနေဖြင့် ပစ်ခတ်မှုပြုလုပ်ရန် လိုအပ်အခံရကောင်း အခံရနိုင်ခြင်း၊ ၎င်းတို့အနေဖြင့်လည်း အပစ်ခံရနိုင်ခြင်း စသည့် အခြေအနေတွင် ကျရောက်နေဆဲ ဖြစ်သည့် နိုင်ငံရပ်ခြား တိုင်းပြည်များတွင် ၎င်းတပ်ဖွဲ့များအား တပ်ဖြန့်ချထားခြင်း ဖြစ်ပေသည်။

မဟာမိတ်အဖွဲ့အစည်းအသစ်များနှင့် ပူးပေါင်းဆက်ဆံ လုပ်ဆောင်ရမှုများတွင် စစ်တပ်များ၏ ပါဝင်မှုများက အပြုသဘောဆောင်၍ ကျွမ်းကျင်မှု စိတ်ရှည်မှု အားထုတ်မှုတို့ လိုအပ်သော ရည်မှန်းချက်အသစ်များနှင့်အတူ ဖြစ်ပေါ်လာမည့် စစ်ဘက်ထူထောင်မှုများကို အထောက်အပံ့ ပေးနိုင်ခဲ့ပေသည်။ စစ်တပ်ဖွဲ့များသည် ပညာရှင်ပီသမှုများ တိတိ ကျကျ တိုးတက်ဖြစ်ပေါ်လာသောကြောင့် တချို့သော စစ်တပ်ဖွဲ့များသည် ၎င်းတို့အား ထိုကဲ့သို့ ပညာရှင်ပီသလာစေရန် အတွက် ပေးအပ်လာသော လုပ်ငန်းဆောင်တာများ အပေါ် အစဉ်အလာအားဖြင့် ခုခံမှုပြုခဲ့သည့် တပ်ဖွဲ့များလည်း ရှိပေသည်။ (ဥပမာအားဖြင့် ရုရှားနှင့် အီရန်တို့တွင် ဖြစ်ပျက်ခဲ့သကဲ့သို့ ဖြစ်ပေသည်)

စတုတ္တတစ်ချက်မှာ စစ်ဘက်နည်းပညာအသစ်များ ပျံ့နှံ့လာမှု၊ ဖွံ့ဖြိုးတိုးတက်လာမှုနှင့် တမျိုးသားလုံး အတိုင်းအတာဆောင်သော စည်းရုံးလှုံ့ဆော်မှုပြုရန် လိုအပ်သည့် အလုံးစုံ စစ်ပွဲ (all-out war) ဖြစ်ပွားမှု အလားအလာ လျော့နည်းလာမှုများက စစ်ဘက် ထူထောင်မှုများနှင့် ဒီမိုကရေစီနိုင်ငံအသစ်များ၊ အဟောင်းများ၊ အာဏာရှင်စနစ်သို့ သွားနေသေးဆဲ ဖြစ်သော နိုင်ငံများ၏ လူ့အဖွဲ့အစည်းများအကြားက ဆက်ဆံရေးတို့အား ပြောင်းလဲစေခဲ့ခြင်းပင် ဖြစ်သည်။

ဥပဒေအရ စစ်မှုမထမ်းမနေရ (Conscriptions) စနစ်သည် တဖြည်း ဖြည်း ခေတ်ကုန်လာနေပြီ ဖြစ်သည်။ စပိန်၊ ဂျာမနီ၊ ရုရှား အပါအဝင် အထက်ပါစနစ် ကျင့်သုံးသော နိုင်ငံတဝက်ကျော်ကျော်တို့သည် စစ်မှုထမ်းဆောင်စေခြင်းကို ရှောင်ရှား သည့် နည်းလမ်းများကို ရှာဖွေလာကြသည်။ တကယ်တမ်းအားဖြင့်ပင် ဗဟိုနှင့် အရှေ့ဥရောပနိုင်ငံများ သည် လိုအပ်သော စစ်မှုထမ်းဆောင်မှုကာလ ရှည်ကြာမှုကိုလည်း အတော်ပင်လျှော့ချလာခဲ့ကြပေသည်။ ဘယ်လ်ဂျီယံသည် စစ်မှုမထမ်းမနေရ စနစ်ကို ဖျက်သိမ်းခဲ့သည်။ ဗင်နီဇွဲလား၊ အာဂျင်တီးနားနှင့် တောင်အာဖရိက နိုင်ငံများသည်လည်း ထိုကဲ့သို့ ပြုလုပ်သောဖြစ်စဉ်အတွင်း (Process) ရှိနေကြပေသည်။ ရုရှားစစ်တပ် ခေါင်းဆောင်များတောင်မှ အပျော်ထမ်းတပ်ဖွဲ့များ (မိမိစိတ်ဆန္ဒအရ တာဝန်ထမ်းဆောင် သော တပ်ဖွဲ့များ - Volunteer Forces) ထားရှိခြင်း၏ ဖြစ်နိုင်ချေရှိမှုကို စဉ်းစားလာကြသည်။ ပြင်သစ် တော်လှန်ရေးမှ စတင်လာခဲ့သည့် ဤစစ်မှုမထမ်းမနေရ စနစ်ဖြင့် ဖွဲ့စည်းထားသော စစ်တပ်များ (Conscription Army) ခေတ်ကာလသည် သမိုင်းတွင် မှေးမှိန်လာနေပြီ ဖြစ်သည်။ ယင်းကဲ့သို့ စစ်မှုမထမ်းမနေရစနစ် မှေးမှိန်လာနေခြင်းနှင့်အတူ နိုင်ငံသားနှင့် စစ်သားအကြား၌လည်းကောင်း၊ ပြည်သူနှင့် စစ်တပ်အကြား၌လည်းကောင်း နီးစပ်သော အဓိပ္ပါယ်ဖွင့်ဆိုမှု ဖြစ်ပေါ်လာနိုင် ပေသည်။ တစ်ခုနှင့် တစ်ခု ကွဲပြားခြားနားမှု မရှိတော့သည့် ပုံစံမျိုးဖြစ်ပေသည်။

 

ဘယ်လ်ဂျီယံ ပါလီမန် အဆောက်အဦးပုံ

ဂျက်ဖါဆန် (Jefferson) ၏ စကားဖြစ်သည့် (Every citizen a soldier, every soldier a citizen) “နိုင်ငံသားတိုင်းသည် စစ်သားဖြစ်သည်၊ စစ်သားတိုင်းသည် နိုင်ငံသားဖြစ်သည်” ဆိုသကဲ့သို့ဖြစ်သော အထက်ပါ နီးစပ်သည့် အဓိပ္ပါယ်ဖွင့်ဆိုမှု သည် အလွန်ပင် လိုလားစရာ ကောင်းပေသည် ဟူ၍ အချို့ ဒီမိုကရေစီ သီအိုရီသမားများက ပြောဆိုတင်ပြကြ ပေသည်။ ထိုစံထားချက်ဆီသို့ ဦးတည်လှုပ်ရှားမှုများက ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းအတွင်းရှိ အရပ်ဘက် - စစ်ဘက်ဆက်ဆံရေး၏ သဘာဝကို ပြန်လည် စဉ်းစားမှုပြုလုပ်ရန် လိုအပ်လျှက်ရှိပေသည်။ ဒီမိုကရေစီ နိုင်ငံအသစ်များတွင်ရှိမည့် အရပ်ဘက် - စစ်ဘက်ဆက်ဆံရေး နယ်ပယ်မှ အနာဂတ် ပြဿနာများသည် စစ်ဘက်မှ လာမည်မဟုတ်ဘဲ အရပ်ဘက်မှ ဖြစ်ပေါ်လာမည် ဖြစ်သည်။

ယင်းအနာဂတ် ပြဿနာများသည် ဒီမိုကရက်တစ်အစိုးရများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်ပြုလုပ်ခြင်း၊ တရားဥပဒေ ထိန်းသိမ်းခြင်း စသည့်လုပ်ငန်းများကို အောင်မြင်စွာ မဆောင်ရွက်နိုင်ခြင်းတို့ထံမှ ဖြစ်ပေါ်လာမည်ဖြစ်သည်။ အားနည်း သော နိုင်ငံရေးအဖွဲ့အစည်းများသည် စစ်တပ်အား သူတို့၏ ကြံရာပါ အပေါင်းအပါများအဖြစ် သဘောထားကာ ဒီမိုကရေစီ အား သေးသိမ်အောင်ပြုလုပ်ခြင်း၊ ဖျက်ဆီးခြင်းတို့တွင် ထိုစစ်တပ်တို့ထံမှ ထောက်ခံမှုယူကာ ဆောင်ရွက်သော ရည်ရွယ် ချက်ကြီးမားသည့် နိုင်ငံရေးခေါင်းဆောင်များ စသည်တို့ထံမှ အထက်တွင် တင်ပြခဲ့သည့် ထိုအနာဂတ်ပြဿနာ ဆိုသည်များ ဖြစ်ပေါ်လာမည် ဖြစ်သည်။ အယ်လ်ဘတ်တိုဖူဂျီမူရီက ပီရူးနိုင်ငံတွင်ဆောင်ရွက်ခဲ့သကဲ့သို့ ဘောရစ်ယယ်လ်ဆင်၊ လက်ခ်ျ ဘာဝဲလ်ဆာနှင့် အခြားသော ခေါင်းဆောင်များသည် သူတို့နိုင်ငံတွင် ဆောင်ရွက်မိသွားစေရန် အဆွဲဆောင် ခံရကောင်း ခံရနိုင်ပါသည်။

ဒီမိုကရေစီနိုင်ငံအသစ်များသည် အရပ်ဘက် - စစ်ဘက်ဆက်ဆံရေးပြဿနာကို ကိုင်တွယ် ဖြေရှင်းရာတွင် ၎င်းတို့ရင်ဆိုင်နေရသော တခြားပြဿနာများနှင့် နှိုင်းစာလျှင် ပို၍ အောင်မြင်မှု ရရှိခဲ့ကြပေသည်။ ယင်းကဲ့သို့ အောင်မြင်မှုအား ရေရှည်ဆက်လက် ထိန်းသိမ်းသွားနိုင်ရန်မှာ စစ်တပ်၏ပြင်ပရှိ သူတို့၏ လူ့အဖွဲ့အစည်းအတွင်းရှိ ပြဿနာရပ်များကို မည်မျှအထိ တိုးတက်အောင်မြင်မှုရှိအောင် ကိုင်တွယ် ဆောင်ရွက်နိုင်သလဲ ဆိုသည့် ထိုဒီမိုကရေစီနိုင်ငံအသစ်များ၏ စွမ်းရည်အပေါ်တွင် အများအားဖြင့် တည်မှီနေပေသည်။

ခြိမ်းခြောက်မှုရှိသော ပတ်ဝန်းကျင်နှင့် စစ်ဘက်ဆိုင်ရာ ဖွဲ့စည်းလုပ်ဆောင်ပုံ ရည်မှန်းချက် (မိုက်ကယ်စီဒက်ခ်ျ)

Threat environments and military missions (Michael C. Desch)

မိုက်ကယ်စီဒက်ခ်ျသည် ဟားဗာ့ဒ်တက္ကသိုက် မဟာဗျူဟာလေ့လာရေးအတွက် ဖွဲ့စည်းထားသောဂျုန်းအမ် အိုလင်း (John M. Olin Institute for Strategic Studies at Havard University) အဖွဲ့အစည်းမှ လက်ထောက် ဒါရိုက်တာနှင့် အကြီးတန်း သုတေသနပညာရှင် တစ်ယောက်ဖြစ်သည်။ သူသည် “တတိယကမ္ဘာအရေးပါလာသောအခါ - When the Third World Maters” အမည်ရှိ စာအုပ်ကိုလည်းကောင်း၊ “လက်တင်အမေရိကနှင့် အမေရိကန်၏ အဂ္ဂမဟာဗျူဟာ (၁၉၉၃) - Latin America and U.S Grand Strategy” ကို လည်းကောင်း ရေးသားခဲ့သော စာရေးဆရာတစ်ယောက်ဖြစ်ပြီး၊ စစ်ဘက်ဆိုင်ရာနှင့် ပတ်သက်သော ဆောင်းပါးများစွာကိုလည်း ရေးသားခဲ့သည်။ (လုံခြုံရေးဆိုင်ရာ လေ့လာရေး စာစောင်တွင် အယ်ဒီတာအဖွဲ့ဝင် အဖြစ်လည်း တာဝန်ထမ်းဆောင်ပေသည်)

စစ်အေးတိုက်ပွဲ အဆုံးသတ်သွားမှုသည် အမေရိကန်နှင့် ရုရှား နှစ်နိုင်ငံစလုံး၏ အရပ်ဘက် - စစ်ဘက်ဆက်ဆံရေး အခြေအနေ ပို၍ ဆိုးရွားပျက်စီးလာခြင်းနှင့် ဝိရောဓိကျစွာဖြင့် တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပျက်ခဲ့ပေသည်။ ၁၉၉၁ သြဂုတ်လ မအောင်မြင်သော အာဏာသိမ်းမှုနှင့် နောက်ဆက်တွဲ ဖြစ်ပျက်လာခဲ့သော ဆိုဗီယက်ယူနီယံ ပြိုကျမှုများ ဖြစ်ပျက် လာခဲ့ကတည်းက ရုရှားစစ်တပ်အား အရပ်ဘက်ထိန်းချုပ်မှု တဖြည်းဖြည်း ပျက်စီးယိုယွင်းလာမှုများနှင့် ပတ်သက်၍ ဆက်လက်ဖြစ်ပွားလာခဲ့သော စိုးရိမ်ရမှုများ မြင့်တက်လာ ခဲ့သည်။ အမေရိကန်၏ အရပ်ဘက် - စစ်ဘက် ဆက်ဆံရေး လက်ရှိအခြေအနေသည် အကြပ်အတည်း အနေအထားသို့ ကျရောက်နေပြီလားဆိုသည့် အကြောင်းနှင့် ပတ်သက်၍ အမေရိကန်ပြည်ထောင်စုတွင် မေးခွန်းများ မေးမြန်းပြောဆိုသံ ထွက်လာခဲ့သည်။ နှစ်နိုင်ငံစလုံး၏ စစ်တပ်ဖွဲ့များသည် အရပ်ဘက် ထိန်းချုပ်မှုပြင်ပသို့ ရောက်ရှိနေသည်ဟု မပြောနိုင်သေးခင်မှာ နှစ်နိုင်ငံစလုံး၏ အရပ်ဘက် - စစ်ဘက်ဆက်ဆံရေးတို့သည် တည်ငြိမ်မှုစံဘက်မှ ကြည့်ပါက ပို၍ဆိုးရွားသော အခြေအနေနှင့် ပြဿနာများအတွက် အပြောင်းအလဲတစ်ခုကို တွေ့ကြုံဖြတ်သန်းခဲ့ပြီးပြီဟု ဆိုနိုင်ပေသည်။

အရပ်ဘက် - စစ်ဘက်ဆက်ဆံရေးနှင့် ပတ်သက်၍ ရေးသားမှုများက ဟာရိုးလက်စ်ဝ်(Harold Lasswell) ၏ “နိုင်ငံတကာ ခြိမ်းခြောက်မှုဆိုင်ရာ စိန်ခေါ်မှု မြင့်မြင့်မားမားရှိသော နိုင်ငံများတွင် ၎င်းထက် ပျော့ပျောင်းစွာရှိသော နိုင်ငံများထက် စစ်ဘက်၏ သြဇာသက်ရောက်မှု ရှိသည်” ဟူသော သဘောထားအမြင်ကို မျှဝေရေးသားလေ့ ရှိပါသည်။ ယင်းအချက်သည် အံ့သြစရာအဖြစ် ပေါ်ပေါက်ကောင်း ပေါ်ပေါက်ဟန် ရှိပေသည်။ အဘယ်ကြောင့်ဆိုသော် စစ်အေးတိုက်ပွဲပြီးဆုံးမှုက အရပ်သားများက စစ်ဘက်ထူထောင်မှုများ အပေါ် သြဇာအာဏာကျင့်သုံးမှုကို ပို၍လွယ်ကူအောင် ပြုလုပ်ပေးခဲ့သင့်သော်လည်း ပြောင်းပြန် အဖြစ်အပျက်များက အမှန်ဖြစ်ပျက်လာခဲ့သောကြောင့် ဖြစ်သည်။

ဤအက်ဆေးတွင် ကျနော်က အဘယ်ကြောင့် ပြောင်းပြန် အဖြစ်အပျက်များ ပေါ်ပေါက်ခဲ့ရကြောင်း စစ်ဆေးတွေ့ရှိသည်ကို တင်ပြထားပါသည်။ ရုရှားနှင့် အမေရိကန်တို့၏ အရေးကိစ္စများနှင့် ပတ်သက်၍ လေ့လာရသလောက် ပြဿနာ၏ အရင်းအမြစ်မှာ ၎င်းနှစ်နိုင်ငံစလုံး၏ စစ်တပ်ဖွဲ့များသည် အသစ်ဖြစ်သည့် နိုင်ငံတကာလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုနည်းပါးသော အခြေအနေနှင့် လိုက်လျောညီထွေမှုရှိအောင် ညှိနှိုင်းပြုပြင်ပြောင်းလဲမှုများ ပြည့်ပြည့်ဝဝ မပြုလုပ်ရသေးခြင်းပင် ဖြစ်သည်။ စစ်အေးတိုက်ပွဲ ကာလတုန်းက ကဲ့သို့ အရပ်ဘက် - စစ်ဘက် ဆက်ဆံရေးအခြေအနေအား အကျိုး ဖြစ်ထွန်းစေခဲ့သည့် ဖွဲ့စည်းပုံ၊ ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန် (Mission) ရှိခဲ့သလိုမျိုး နှစ်နိုင်ငံစလုံးသည် ၎င်းတို့၏ စစ်တပ်ဖွဲ့များ အတွက် အခြေအနေအသစ်နှင့် လိုက်လျောညီထွေမှုရှိမည့် ဖွဲ့စည်းပုံ၊ ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန် (Mission - မစ်ရှင်) (နောင်တွင် မစ်ရှင် ဟုသာ ဆက်လက်ဖေါ်ပြသွားပါမည်) အား အသေးစိတ် မရေးဆွဲကြရသေးပေ။

ရှေ့တွင်ဖေါ်ပြမည့်အတိုင်း ပြည်ပနှင့် ပြည်တွင်း ခြိမ်ေးခြာက်မှုများ၏ ကွဲပြား ခြားနားသော ပေါင်းစပ်မှုက စစ်ဘက် ဆိုင်ရာ မစ်ရှင်နှင့် အရပ်ဘက် - စစ်ဘက်ဆက်ဆံရေး ပုံစံများအား ပုံသွင်းမည်ဖြစ်ပေသည်။ မစ်ရှင်များသည် -

(၁) စစ်ဘက်အား ပေးအပ်လာသော အဓိက သော့ချက်တာဝန်များသည် ပြည်တွင်း၌လား၊ ပြည်ပ၌လား ဆိုသည် အပေါ်တွင်လည်းကောင်း၊

(၂) စစ်ပွဲများ၌ အကန့်အသတ်နှင့် ပါဝင်တိုက်ခိုက်နေရသည့် တာဝန်လား၊ သို့မဟုတ် နိုင်ငံတည်ဆောက်ရေး၊ ပြည်တွင်း လုံခြုံရေး၊ လူသားချင်း စာနာထောက်ထားသည့် အကူအညီပေးရေးဆိုင်ရာ ကိစ္စများ၊ လူမှုသက်သာချောင်ချိရေး ဆိုင်ရာ ကိစ္စများ စသည်တို့ ကဲ့သို့သော စစ်ဘက်နှင့် မသက်ဆိုင်သည့် လုပ်ငန်းဆောင်တာများ ဖြစ်နေသလား ဆိုသည်တို့ အပေါ်၌ လည်းကောင်း မူတည်၍ ကွဲပြားခြားနားသွားပေသည်။

စစ်ဘက်နှင့် မသက်ဆိုင်သည့် ပြည်တွင်းဆိုင်ရာမစ်ရှင်များက အရပ်ဘက် - စစ်ဘက်ဆက်ဆံရေးနှင့် ပတ်သက်၍ ဒုက္ခ အမျိုးမျိုး ဖြစ်ပေါ်နေစေချိန်တွင် ပြည်ပဆိုင်ရာ စစ်ဘက်မစ်ရှင်များသည် အရပ်ဘက် - စစ်ဘက် ဆက်ဆံရေးအား အကျိုး ဖြစ်ထွန်းစေလျက် ရှိပေသည်။ ပြည်တွင်းနှင့် ပြည်ပ ခြိမ်းခြောက်မှု နှစ်မျိုး စလုံးရှိခြင်း သို့မဟုတ် ၎င်းတို့ နှစ်မျိုးစလုံး မရှိခြင်း တို့ကို ရင်ဆိုင်ကြုံတွေ့ရလျက်ရှိသော နိုင်ငံများသည် ၎င်းတို့၏ အရပ်ဘက် - စစ်ဘက် ဆက်ဆံရေးအား အနည်းငယ်သာ အဆုံးအဖြတ်ပြုနိုင်သည့် ခြိမ်းခြောက်မှုဆိုင်ရာ ပတ်ဝန်းကျင်အား ရင်ဆိုင်ရပေသည်။ ထိုကဲ့သို့သော ကိစ္စများ၌ အခြား အချက်အလက်များ အထူးသဖြင့် နိုင်ငံ၏ စစ်ဘက်မူဝါဒများအပေါ် အခြေခံထားသော အယူအဆများက လွတ်လပ်သော အခန်းကဏ္ဍအဖြစ် လှုပ်ရှား၍ အရပ်ဘက် - စစ်ဘက် ဆက်ဆံရေးအား ရုပ်လုံးဖေါ်ပေသည်။

အထက်ပါ ဆွေးနွေးချက်အား အထောက်အကူပြုသည့် လေ့လာရေးပုံစံ (Case Study) ၄ ရပ် အား ထုတ်နှုတ် တင်ပြထား ပါသည်။ စစ်အေးတိုက်ပွဲကာလ အတောအတွင်း ဆိုဗီယက်ပြည်ထောင်စုနှင့် အမေရိကန်ပြည်ထောင်စု တို့၏ အတွေ့အကြုံ အသီးသီးက ပြည်ပဆိုင်ရာ စစ်ဘက်မစ်ရှင်များသည် ကွဲပြားခြားနားကောင်း ကွဲပြားခြားနားနိုင် သော်လည်း ကျန်းမာကြံ့ခိုင် သော အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးအား ထုတ်လုပ်ပေးကြောင်း ပြဆိုနေပေသည်။ ဆန့်ကျင်ဘက်အနေဖြင့် လက်တင် အမေရိကတောင်ပိုင်း ကတော့ပုံဒေသ (Latin America's Southern) မှ စစ်အာဏာရှင်နိုင်ငံအဟောင်းများသည် ပြည်တွင်း နှင့် စစ်ဘက်မဟုတ်သည့် မစ်ရှင်များက ဆင်းရဲချူချာသော အရပ်ဘက် - စစ်ဘက် ဆက်ဆံရေးကို မည်သို့မည်ပုံ ဦးဆောင် ဖြစ်ပျက်သွားစေသည်ကို ပြဆိုလျက်ရှိပေသည်။

၁၉၅ဝ ခုနှစ်လွန်နှင့် ၁၉၆ဝ ခု အစောပိုင်းနှစ်များ အတွင်းက အယ်လ်ဂျီးရီးယန်း (Algerian) အကြပ်အတည်း တွင် ပြင်သစ်တို့၏ အတွေ့အကြုံများသည် စိန်ခေါ်နေသော ပြည်ပနှင့် ပြည်တွင်း ခြိမ်းခြောက်မှုအခြေအနေများက ရှုတ်ထွေးသော အရပ်ဘက် - စစ်ဘက် ဆက်ဆံရေးအနေအထားကို မည်ကဲ့သို့ ဖြစ်ပေါ်စေပုံကို လည်းကောင်း၊ စစ်ဘက်မူဝါဒများမှ ဖြစ်ပေါ်သောအယူအဆများက လွတ်လပ်သော အခန်းကဏ္ဍအဖြစ် မည်သို့မည်ပုံ လှုပ်ရှားလျက် အရပ်ဘက် - စစ်ဘက် ဆက်ဆံရေးအား သက်ရောက်ပုံကို လည်းကောင်း ပြဆိုနေ ပေသည်။ ထိုနောက် ကျနော့်အနေဖြင့် မည်သည့် စိန်ခေါ်မှုအသစ်များ ဖြစ်ပေါ်လာနိုင်ပုံကို ပြဆိုရန်အတွက် စစ်အေးကာလပြီးမှစ၍ အမေရိကန်နှင့် ရုရှား အတွေ့အကြုံများအား ဆွေးနွေးတင်ပြထားပါသည်။

ဓမ္မဒိဌာန်ကျသောထိန်းချုပ်မှုနှင့် ဆန္ဒစွဲကျသောထိန်းချုပ်မှု (Objective versus Subjective Control)

အရပ်ဘက် - စစ်ဘက်ဆက်ဆံရေးကို လေ့လာသည့် နိုင်ငံရေးခွဲခြားစိပ်ဖြာသုံးသပ်သူများက မည်သည့်လက္ခဏာ သတ်မှတ်ချက်များက အရပ်ဘက် - စစ်ဘက်ဆက်ဆံရေးကို ကောင်းမွန်စေသည် မည်သည့်လက္ခဏာများက ဆိုးရွားစေသည်ဟု လက္ခဏာအရည်အသွေး များကို အသုံးပြုအကဲဖြတ်ခြင်းများနှင့်ပတ်သက်၍ မကြာခဏပင် သဘောမတူ ဖြစ်တတ်ကြပေသည်။ တချို့သောပညာရှင်များက စစ်ဘက်တို့သည် ၎င်းတို့၏ ပညာရှင်ပိုင်းဆိုင်ရာ နယ်ပယ်အတွင်း၌သာ တင်းကျပ်တိကျစွာ နေထိုင်ပါက ကောင်းမွန်သော အရပ်ဘက် - စစ်ဘက် ဆက်ဆံရေးသည် တည်ရှိပြီး အကယ်၍ စစ်ဘက်တို့သည် ၎င်းတို့ပညာရှင်ပိုင်းဆိုင်ရာထက် ကျော်လွန်၍ လမ်းလွဲရပ်တည်လာပါက ဆင်းရဲနုံချာသော အရပ်ဘက် - စစ်ဘက်ဆက်ဆံရေး ဖြစ်လာတတ်ကြသည် ဟု အကြံပြုပြောဆိုကြပါသည်။

တချို့ အလွန်အကျွံဖြစ်သော ကိစ္စရပ်များတွင် အထူးသဖြင့် စစ်ဘက်တို့၏ တိုက်ရိုက် အာဏာသိမ်းမှု ဖြစ်ပွားသောတိုင်းပြည်များသည် အဆင်းရဲအနုံချာဆုံးသော အရပ်ဘက် - စစ်ဘက် ဆက်ဆံရေးရှိသော နိုင်ငံများဖြစ်သည်ဟု အပြောဆိုခံကြရပါသည်။ တခြားသောပညာရှင်များက ဖြစ်ရှိနေသောစနစ်က စစ်ဘက်နယ်ပယ်အတွင်း၌ ကောင်းမွန်သော မူဝါဒရေးရာ ရွေးချယ်နိုင်မှုများကို ထုတ်လုပ်ပေးမှုရှိမရှိကို ကြည့်ရှုရန် အကြံပေးကြပါသည်။ သို့သော်ငြားလည်း ကျနော့်၏အမြင်တွင်မူအရပ်ဘက် - စစ်ဘက် ဆက်ဆံရေးအား တိုင်းတာရန် အကောင်းဆုံးနည်းမှာ အရပ်သားနှင့် စစ်ဘက်ခေါင်းဆောင်များက သူတို့အကြားရှိ မူဝါဒရေးရာခြားနားချက်များကို မည်သို့ကိုင်တွယ်ဖြေရှင်းသလဲဆိုသည်ကို စုံစမ်းစစ်ဆေးကြည့်ရန်ဖြစ်ပြီး စစ်ဘက်နှင့်အငြင်းပွားမှုများကို အရပ်သားခေါင်းဆောင်များက အောင်မြင်စွာဖြေရှင်းနိုင်စွမ်းရှိသော နိုင်ငံများတွင် အကောင်းဆုံးသော အရပ်ဘက် - စစ်ဘက်ဆက်ဆံရေးကို တွေ့ရှိကြရပေသည်။

နိုင်ငံ၏စစ်ဘက်က အပ်နှင်းခံရသောမစ်ရှင် (ဖွဲ့စည်းပုံ၊ ရည်မှန်းချက်၊ အလုပ်) ၌ အရပ်ဘက် - စစ်ဘက်ဆက်ဆံရေးအပေါ် အဓိက သက်ရောက်စေနိုင်မှုများ ရှိပေသည်။ စစ်ဘက် မစ်ရှင်သည် ၎င်းကိုင်တွယ်ဖြေရှင်းဆောင်ရွက်ရမည့် ခြိမ်းခြောက်မှု (စစ်ဘက်နှင့် ပတ်သက်တာရော၊ မပတ်သက်တာရော) ၏ သဘာဝနှင့် ခြိမ်းခြောက်မှု (ပြည်တွင်း သို့မဟုတ် ပြည်ပ) တည်ရှိသည့်နေရာ နှစ်မျိုးစလုံးအပေါ် အခြေတည်ရေးဆွဲထားသော အခြေခံကျသည့် ပင်မလုပ်ငန်းတာဝန်အား ရည်ညွှန်းပေသည်။

စစ်ဘက်မစ်ရှင်အား အဓိပ္ပါယ်ဖွင့်ရန်အတွက် အကောင်းဆုံးနည်းလမ်းမှာ စစ်ဘက်ဆိုင်ရာ လုပ်ငန်းအမာ (Military Hardware) များကို လည်ပတ်စေမည့် စစ်ဘက်ဆိုင်ရာ အပျော့ထည် (Military Software) များအဖြစ် နားလည်ယူနိုင်သည့် စစ်ဘက်မူဝါဒများကို စစ်ဆေးကြည့်ရန်ပင်ဖြစ်သည်။ တစုံတခုသောနိုင်ငံတခု၏ စစ်ဘက်မစ်ရှင်သည် ၎င်းးနိုင်ငံ အနေဖြင့် ရင်ဆိုင်နေရသော နိုင်ငံတကာနှင့် ပြည်တွင်းလုံခြုံရေးဆိုင်ရာ ပတ်ဝန်းကျင် အခြေအနေ၏ ကြီးကြီးမားမား ဆုံးဖြတ်သတ်မှတ်ခြင်းကို ခံရပေသည်။

အထက်တွင် တင်ပြခဲ့သည့်အတိုင်း နိုင်ငံတစ်နိုင်ငံ ရင်ဆိုင်နေရသည့် ခြိမ်းခြောက်မှုဆိုင်ရာ ပတ်ဝန်းကျင် အခြေအနေ (Threat Environment) က မည်ကဲ့သို့သော စစ်ဘက် မစ်ရှင် ဖြစ်မည်ကို အဆုံးအဖြတ်ပေးရာတွင် ကြီးမားသော အခန်းမှ ပါဝင်လျှက်ရှိပြီး ယင်း၏ အကျိုးဆက်အဖြစ် စစ်ဘက်အနေဖြင့် အရပ်ဘက်အုပ်ချုပ်ရေး၏ လက်အောက်ခံ ဖြစ်မှု မဖြစ်မှု ကိုလည်း အဆုံးအဖြတ်ပေးပေသည်။ သမားရိုးကျ ပြည်ပစစ်ဘက်ဆိုင်ရာ စိန်ခေါ်မှုကို ရင်ဆိုင်နေရသော နိုင်ငံတစ်နိုင်ငံ သည် တည်ငြိမ်သော အရပ်ဘက် - စစ်ဘက် ဆက်ဆံရေး ရှိနိုင်ဘွယ်ရှိပေသည်။ ဤကဲ့သို့သော ခြိမ်းခြောက်မှုဆိုင်ရာ ပတ် ဝန်းကျင်အခြေအနေသည် အရပ်ဘက်အာဏာပိုင်များအား ပို၍ တစည်းတလုံးတည်း ရှိလာစေရန် တွန်းအားပေးပြီး ယင်းတို့ အချင်းချင်း ပို၍ စည်းလုံးညီညွတ်သောပုံစံဖြင့် စစ်ဘက်တို့နှင့် ပို၍ ဆက်ဆံဆောင်ရွက်နိုင်စွမ်းအောင် ပြုလုပ်ပေးပေသည်။

ဤကဲ့သို့သော အခြေအနေအောက်တွင် ရှိသော အရပ်ဘက် ခေါင်းဆောင်မှုသည် ဓမ္မဒိဌာန်ကျသော ထိန်းချုပ်ရေး ယန္တရားများ (Objective Control Mechanisms) ကို ချမှတ်လေ့ရှိပေသည်။ ယင်းယန္တရားများတွင် ပြီးပြည့်စုံသော နိုင်ငံရေး ဆိုင်ရာသစ္စာရှိမှု အတွက် အပြန်အလှန်အဖြစ် ပေးရသော၊ ကျဉ်းမြောင်းသော စစ်ဘက်နယ်ပယ်အတွင်းက အတော်အတန် ကြီးမားသော စစ်ဘက်၏ ကိုယ်ပိုင်အုပ်ချုပ်ရေးအား အာမခံထားမှုလည်း ပါဝင်ပေသည်။ ဆယ်မြူ ရယ်ဟန်တင်တန်က အကျိုးအကြောင်းပြ၍ တင်ပြသည်မှာ ဤကဲ့သို့ ဓမ္မဒိဌာန်ကျသော အရပ်ဘက်ထိန်းချုပ်မှု သည် အားကောင်းမောင်းသန် အရပ်ဘက် - စစ်ဘက် ဆက်ဆံရေးအား ထုတ်လုပ်ပေးရန် အဖြစ်နိုင်ဘွယ် အရှိဆုံးဖြစ်သည် ဟူ၍ ဖြစ်ပေသည်။ ထို့အပြင် ပြင်ပခြိမ်းခြောက်မှုသည် စစ်ဘက်တို့အား အပြင်ဘက် (ပြည်ပ) သို့သာ အာရုံစိုက်လုပ်ဆောင်စေခြင်းကို ဖြစ်ပေါ်စေပြီး ပြည်တွင်းနိုင်ငံရေးတွင် ဝင်ရောက် စွက်ဖက်ခြင်းကို လျော့နည်းစေပေသည်။

ယင်းကဲ့သို့ ဖြစ်ရခြင်းမှာ အထူးသဖြင့် အလုံးစုံစစ်ပွဲ (Total Warfare) ဖြစ်ပွားနေစဉ်ကာလ၌ စစ်ဘက်သည် နိုင်ငံ၏ မယိမ်းမယိုင်သော ထောက်ခံမှုကို မှီတည်နေရသောကြောင့် ဖြစ်ပေသည်။ အရပ်ဘက်ခေါင်းဆောင်မှုသည် ဤကဲ့သို့သော အခြေအနေအောက်၌ ပို၍ကြီးမားများပြားသော တရားဝင်မှုများကို ရရှိကြပြီး အောင်မြင်သော စစ်ပွဲကို အကောင် အထည် ဖေါ်ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သော၊ အရင်းအမြစ်များကို ထောက်ပံ့နိုင်သော၊ ပို၍ကြီးမားများပြားသော စွမ်းရည် များလည်း ရှိကြပေသည်။ အတိုချုပ် တင်ပြ ရသော် ပြည်ပသို့ အာရုံစိုက်လုပ်ဆောင်မှု တစ်ခုသည် သင့်တော်သော အရပ် ဘက် - စစ်ဘက် ဆက်ဆံရေးကို ထုတ်လုပ်ပေးတတ်ပြီး ထိုအခြေအနေတွင် အရပ်ဘက် ခေါင်းဆောင်မှုသည် စစ်ဘက်၏ နာခံမှုအား အမှီပြုနိုင်ပေသည်။

ဆန့်ကျင်ဘက်အနေဖြင့် နိုင်ငံတစ်နိုင်ငံသည် အတော်အတန်ကြီးမားသော ပြည်တွင်းဆိုင်ရာ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေ ရပါက အရပ်ဘက် အာဏာပိုင်အဖွဲ့အစည်းများသည် အားနည်းလေ့ရှိပြီး နက်နက်ရှိုင်းရှိုင်း ကွဲပြားနေကြကာ ယင်း အခြေအနေသည် အရပ်သားများအနေဖြင့် စစ်ဘက်အားထိန်းချုပ်ရန် အခက်အခဲ ဖြစ်စေပေသည်။ အရပ်သား နိုင်ငံရေး သမားများသည် စစ်တပ်အား ၎င်းးတို့ပြိုင်ဘက် နိုင်ငံရေးအုပ်စုများနှင့် ဖြစ်ပွားနေသော နိုင်ငံရေးတိုက်ပွဲများ အတွင်းမှ တစ်စုံတစ်ခုသော နိုင်ငံရေး လုပ်ဆောင်ချက် တစ်ခုအား ထောက်ခံလာစေရန်လည်းကောင်း၊ စစ်တပ်အပေါ်၌ ၎င်းတို့ အုပ်စု၏ ထိန်းချုပ်မှုအား သေချာစေရန်လည်းကောင်း ထိုတိုက်ပွဲများအတွင်းသို့ စစ်တပ်အား ခေါ်သွင်း လာရန် အတွက် သွေးဆောင်ဖြာယောင်းမှုများကို မကြာခဏပင် သည်းခံစောင့်ထိန်း မနိုင်တတ်ကြပေ။ ဟန်တင်တန်က အကျိုးကြောင်းပြ ပြောဆိုသည်မှာ ဆန္ဒစွဲကျစွာ ထိန်းချုပ် သည့် (Subjective Control) ဤကဲ့သို့သော အလွန်အကျွံပုံစံများသည် မသန်စွမ်း ချို့တဲ့သည့် အရပ်ဘက် - စစ်ဘက် ဆက်ဆံရေးဆီသို့ ရှောင်လွှဲမရစွာ ဦးဆောင်ခေါ်ယူ သွားပေသည်။

ဆန္ဒစွဲကျသော ထိန်းချုပ်မှု ဟူသည်မှာ စစ်တပ်အားနိုင်ငံရေးဆန်အောင် ပြုလုပ်ကာထိန်းချုပ်ရန် ကြိုးပမ်းမှုနှင့် စစ်တပ်အား အရပ်ဘက် ကဏ္ဍများနှင့် ပို၍နီးကပ်စွာ တူညီသွား စေရန် ပြုလုပ်ခြင်းတို့ကို ရည်ညွှန်းပေသည်။ အတော်အတန် ကြီးမားသော ပြည်တွင်းခြိမ်းခြောက်မှုသည် စစ်တပ်အား နိုင်ငံရေးတွင် စစ်တပ်၏ ဝင်ရောက်စွက်ဖက်မှုကို ရှောင်လွှဲမရနိုင်လုနီး အခြေအနေ ရောက်ရှိစေရန် ပြုလုပ်သည့် ပြည်တွင်းရေးရာများဆီသို့ အာရုံစိုက်လုပ်ဆောင်မှု (Internal Orientation) ချမှတ်လာစေရန် ဆွဲဆောင်ပေသည်။ ထိုအခြေအနေတွင် စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်း များသည် နိုင်ငံ၏ အရပ်ဘက် ခေါင်းဆောင်များထံမှ ထောက်ခံမှုကို တောင်းဆိုရန် အနည်းငယ်သာ လိုအပ်ပြီး ယင်းက စစ်တပ်အနေဖြင့် ထိုခေါင်းဆောင်များအပေါ်၌ နာခံမှုအနည်းငယ်သာ ပေးရန် လိုအပ်ခြင်းကို ဖြစ်စေပေသည်။

အတိုချုပ်အားဖြင့်ဆိုရသော် စစ်တပ်နှင့် မပတ်သက်သော ပြည်တွင်းဆိုင်ရာမစ်ရှင် (ရည်မှန်းချက်၊ တာဝန်နှင့် လုပ်ဆောင်မှု) များသည် အဆိုးရွားဆုံးသော အရပ်ဘက် - စစ်ဘက် ဆက်ဆံရေးပုံစံအား ဖြစ်ပေါ်စေပေသည်။ ပြည်တွင်းနှင့် ပြည်ပ ခြိမ်းခြောက်မှု နှစ်မျိုးစလုံးကို ရင်ဆိုင်နေရသော နိုင်ငံတစ်နိုင်ငံနေဖြင့်မူ ပြည်တွင်းခြိမ်းခြောက်မှုကိုသာ ရင်ဆိုင် နေရသော နိုင်ငံလောက် အရပ်ဘက် - စစ်ဘက်ဆက်ဆံရေး အခြေအနေ မဆိုးရွားသော်လည်း ယေဘူယျအားဖြင့်ဆိုရလျှင် ခက်ခဲသော အရပ်ဘက် - စစ်ဘက်ဆက်ဆံရေးအား ရင်ဆိုင်ကြုံတွေ့ကြရသည်ဟု ဆိုနိုင်ပေသည်။ ပြည်တွင်းနှင့် ပြည်ပ ခြိမ်းခြောက်မှု နှစ်မျိုးစလုံးကို ရင်ဆိုင်နေရသောအခါ တစ်စုံတစ်ခုသော လမ်းညွှန် ဦးတည်ရာတစ်ခုခုသည် မရေမရာဖြစ်နေသော်လည်း စစ်ဘက်တို့သည် ၎င်းတို့၏ စည်းလုံးညီညွတ်မှုကို အလေးအနက်ပြုနိုင်ကြပေသည်။

ယင်းအခြေအနေတွင် စစ်ဘက်တို့သည် ပြည်တွင်းရေးရာများကို အာရုံပြုလုပ်ဆောင်ပါက အရပ်ဘက် - စစ်ဘက်ဆက်ဆံရေး အခြေအနေသည် ဆိုးရွားသွားပေသည်။ သို့သော် စစ်ဘက်တို့သည် ပြည်ပခြိမ်းခြောက်မှုများကို အာရုံပြု ဖြေရှင်းလုပ်ဆောင်ပါက အရပ်ဘက် - စစ်ဘက် ဆက်ဆံရေး အခြေအနေသည် ကြေနပ်စရာကောင်းလာမည် ဖြစ်ပေသည်။ ထိုကဲ့သို့ ပြည်တွင်းနှင့်ပြည်ပ ခြိမ်းခြောက်မှုနှစ်မျိုးစလုံးကို ရင်ဆိုင်နေရသော အခြေအနေမျိုးတွင် အစိုးရဘက်ဆိုင်ရာ အဖွဲ့အစည်းများသည် မကြာခဏပင် ကွဲကွဲပြားပြား ဖြစ်နေတတ်ပြီး ဆန္ဒစွဲကျသည့် ထိန်းချုပ်မှု ယန္တရားများကို ကျင့်သုံးလာတတ်ကြပေသည်။ ယင်းကဲ့သို့သော အခြေအနေမျိုးတွင် တခြားသော အချက်အလက်များသည် အရပ်ဘက် - စစ်ဘက်ဆက်ဆံရေးတွင် ဘယ်လောက် ပြဿနာဖြစ်နိုင် မဖြစ်နိုင် ဆိုသည်ကို အဆုံးအဖြတ်ပြုသည့်အခန်းကဏ္ဍ၌ လှုပ်ရှားပါဝင်လာ တတ်ကြပေသည်။

ပြည်တွင်းနှင့် ပြည်ပ ခြိမ်းခြောက်မှု နှစ်မျိုးစလုံးကို ရင်ဆိုင်နေရခြင်း မရှိသော နိုင်ငံများတွင်မူ အရပ်ဘက် - စစ်ဘက် ဆက်ဆံရေးပုံစံများကို ကျယ်ကျယ်ပြန့်ပြန့်ပင် တွေ့မြင်နိုင် ပေသည်။ တခါတရံတွင် အရပ်ဘက်အာဏာပိုင်များကို အတူ တကွ ရှိစေရန် တွန်းအားပေးသည့် ထင်ရှားသိသာသော ပြည်ပြခြိမ်းခြောက်မှု မရှိသောအခါ အရပ်ဘက် အာဏာပိုင် တို့ သည် မညီမညွတ် ဖြစ်လာတတ်ပြီး ဓမ္မဒိဌာန်ကျသော အရပ်ဘက် ထိန်းချုပ်မှုကို ကျင့်သုံးရန် ကြီးမားသော မက်လုံးမရှိခြင်း မျိုးလည်း ဖြစ်လာနိုင်ပေသည်။ အလားတူစွာပင် ထင်ရှားသော ပြည်ပဆိုင်ရာစစ်ဘက်မစ်ရှင် မရှိဖြစ်နေသောအခါ စစ်ဘက် တို့သည် ၎င်းတို့ကိုယ်တိုင်အား အရပ်ဘက်တို့၏ အမိန့်ကို နာခံစေရန်အတွက် သေးငယ်သော မက်လုံးသာ ရှိနိုင်ပေသည်။

သို့သော်ငြားလည်း တခြားကိစ္စများတွင်မူ အရပ်ဘက် အဖွဲ့အစည်းများသည် အတော်အတန် ညီညွတ်ကြပြီး အရပ်သား ခေါင်းဆောင်များသည် စစ်ဘက်တို့အပေါ်၌ ဓမ္မဒိဌာန် ကျသော ထိန်းချုပ်မှုများကို ချမှတ်ကျင့်သုံး နိုင်ကြကာ စစ်ဘက်တို့ သည် ပြည်ပဆိုင်ရာ စစ်ဘက်ရေးရာတို့ အပေါ်၌သာ အာရုံစိုက် လုပ်ဆောင် တတ်ကြပေသည်။ ဤကဲ့သို့ အဖြစ်များသော ခြိမ်းခြောက်မှုဆိုင်ရာ ပတ်ဝန်းကျင်ရှိသော အခြေအနေများတွင် နိုင်ငံတစ်နိုင်ငံ၏ အရပ်ဘက် - စစ်ဘက်ဆက်ဆံရေး ပုံစံ အား တခြားသော အချက်အလက် များက အဓိပ္ပါယ် ပို၍ သက်ရောက်ကောင်း သက်ရောက်နိုင်ပေသည်။

အမေရိကန် ကွန်ဂရက်လွှတ်တော် အဆောက်အဦး

တကယ်ဖြစ်ရှိနေသော ခြိမ်းခြောက်မှုဆိုင်ရာ ပတ်ဝန်းကျင် အခြေအနေက အဓိက အခန်းကဏ္ဍအဖြစ် ပါဝင်လှုပ်ရှား နေစဉ်မှာပင် အထူးသဖြင့် ပြည်တွင်းနှင့် ပြည်ပခြိမ်းခြောက်မှု နှစ်ခုစလုံး ရှိနေသည့် အခြေအနေနှင့် နှစ်ခုစလုံး မရှိနေသည့် အခြေအနေများတွင် ၎င်းတစ်ခုတည်းဖြင့် စစ်ဘက်မစ်ရှင်အား အဆုံးအဖြတ် ပြုသည်တော့ မဟုတ်ပေ။

ဤသို့သော အခြေအနေများတွင် တစ်စုံတစ်ခုသော အရပ်ဘက် - စစ်ဘက်ဆက်ဆံရေး ပုံစံအား အဓိပ္ပါယ်ဖွင့်ဆို ရှင်းပြရန် အတွက် ကျွန်ုပ်တို့သည် သင့်တော်သော စစ်ဘက် မစ်ရှင်များနှင့် ပတ်သက်၍ ရေပန်းစားနေသော အယူအဆ၊ စိတ်ကူး စိတ်သန်းများ၏ အပိုင်းနှင့် ၎င်းတို့၏ လူ့အဖွဲ့အစည်းအတွင်း နေရာယူ လှုပ်ရှားနေသည့် အခန်းကဏ္ဍတို့ကို စဉ်းစားရန် လိုအပ်ပေသည်။ ယင်းကဲ့သို့သော အယူအဆများသည် နိုင်ငံ၏ စစ်ဘက်ရေးရာ မူဝါဒများတွင် ထည့်သွင်းခံထားရလေ့ ရှိပေသည်။

ပြည်ပဆိုင်ရာစစ်ဘက်မစ်ရှင် (စစ်အေးတိုက်ပွဲကာလပြိုင်ဘက်များ)

စစ်အေးတိုက်ပွဲ ကာလအတွင်းက အမေရိကန်ပြည်ထောင်စုနှင့် ဆိုဗီယက်ယူနီယံ ကိစ္စနှစ်ရပ်တို့က သမားရိုးကျ ပြည်ပဆိုင်ရာ စစ်ဘက်မစ်ရှင်များက အလွန်ကောင်းမွန်သော အရပ်ဘက် - စစ်ဘက်ဆက်ဆံရေးအား ထုတ်လုပ်ပေးသည် ဟူသော အယူအဆကို အခိုင်အမာ အထောက်အပံ့ ပြုပေသည်။ ယင်းစစ်အေးတိုက်ပွဲကာလ အကြီးအကဲ နှစ်နိုင်ငံ သည် သူတို့၏ နိုင်ငံရေးစနစ်များ၊ ယဉ်ကျေးမှုနှင့် သမိုင်းတို့ ထင်ထင်ရှားရှား ကွဲပြားခြားနား ကြသော်ငြားလည်းဘဲ သူတို့နှစ်နိုင်ငံတွင် အရေးကြီးသော တူညီချက် ၂ ရပ် ရှိခဲ့ပေ သည်။ ယင်းမှာ နှစ်နိုင်ငံစလုံး၏ စစ်ဘက်တို့တွင် (Traditional) အစဉ်အလာ ပြည်ပဆိုင်ရာ စစ်ဘက်အော်ပရေးရှင်းက သူတို့၏ အခြေခံကျသော မစ်ရှင်ဖြစ်နေခြင်းနှင့် နှစ်နိုင်ငံ စလုံး၏ စစ်ဘက်များက အရပ်ဘက်ထိန်းချုပ်မှုအား နာခံမှုပေးခြင်းတို့ကို စံပြအဖြစ် ပြုလုပ်ပေးခဲ့ခြင်းတို့ ဖြစ်ပေသည်။

အမေရိကန်ပြည်ထောင်စုကိစ္စ။ ။ စစ်အေးတိုက်ပွဲ ကာလအတွင်းက အမေရိကန်ပြည်ထောင်စုသည် ဆိုဗီယက်ပြည်ထောင်စုထံမှ အတော်အတန်ကြီးမားသော ပြည်ပဆိုင်ရာ ခြိမ်းခြောက်မှုကို ရင်ဆိုင်ခဲ့ရပေသည်။ အမေရိကန်ပြည်ထောင်စုမှ အချို့သော ဆုံးဖြတ်ချက် ချမှတ်လုပ်ဆောင်သူများက ဆိုဗီယက်စိန်ခေါ်မှုအား အခြေခံအားဖြင့် စိတ်ဓါတ် ရေးရာနှင့် စစ်ဘက် မဟုတ်သော သဘာဝအဖြစ် ရှုမြင်နေစဉ်တွင် အရပ်ဘက် ခေါင်းဆောင်အများစုနှင့် စစ်ဘက်ခေါင်းဆောင်များက ယင်းစိန်ခေါ်မှုအား စစ်ဘက်ရေးရာအဖြစ် တင်းတင်းကျပ်ကျပ် ရှုမြင်ပေသည်။ အမေရိကန်စစ်ဘက်သည် ပြင်သစ်စစ်ဘက်နှင့် မတူဘဲ ပို၍ သမားရိုးကျဖြစ်သော ပြည်ပဆိုင်ရာ စစ်ဘက်မစ်ရှင်အား ကျွန်ုပ်တို့အနေနှင့် ရှုမြင်သည့်အတိုင်း နှစ်နှစ်သက်သက် ကိုင်စွဲခဲ့ပြီး ယင်းအချက်က အဆုံးတွင် ကျန်းမာသန်စွမ်းသော အရပ်ဘက် - စစ်ဘက် ဆက်ဆံရေး ဖြစ်ပေါ်စေရန် အထောက်အပံ့ပြုခဲ့ ပေသည်။

စစ်ဘက်ဆိုင်ရာ မဟာဗျူဟာ ကိစ္စရပ်များမှစ၍ လူမှုရေးဆိုင်ရာ မူဝါဒများအဆုံး အရေးအရာကိစ္စ အားလုံး လိုလိုတွင် အမေရိကန် အရပ်ဘက်ခေါင်းဆောင်များသည် စစ်ဘက် အပေါ်၌ သူတို့၏ အလိုဆန္ဒများကို အမြဲတမ်းလိုလိုပင် စည်းကြပ် လုပ်ဆောင်စေနိုင်ခဲ့သည်။ ဥပမာအားဖြင့် ပြောရမည်ဆိုလျှင် သမ္မတ ဟဲရီအက်စ်ထရူးမင်း (HarryS. Truman) လက်နက်ကိုင် တပ်ဖွဲ့များအတွင်း လူမျိုးပေါင်းစုံ ပေါင်းစည်းရေးအား သံန္နိဌာန်ချမှတ်ခဲ့ရာ ယင်းရည်မှန်းချက်အတွက် ၁၉၄၈ ခုနှစ် ဇူလိုင်လတွင် စီမံလုပ်ဆောင်ရေး အမိန့်အမှတ် ၉၉၈၁ (Executive Order 9981) ကို ထုတ်ပြန်ခဲ့ပေသည်။ အစပိုင်းတွင် စစ်ဘက်တို့သည် ယင်းအမိန့်အား ဆောင်ရွက်ရန် ခုခံဆန့်ကျင်ခဲ့ကြသော်လည်း နောက်ဆုံးတွင် ကိုးရီးယားစစ်ပွဲတွင် အရာရှိများ မလုံမလောက် ဖြစ်လာမှုက စစ်ဘက်ခေါင်းဆောင်များမှ ယင်းပေါင်းစည်းရေးသည် စစ်ဘက်၏ စွမ်းဆောင်ရည်များကို ထိခိုက်စေသည် မဟုတ်ဘဲ တိုးတက်စေခြင်းသာ ဖြစ်စေသည်ကို နားလည်သဘောပေါက် သွားစေခဲ့ပေသည်။

ကိုရီးယားစစ်ပွဲသည် စစ်ဘက်အပေါ် အရပ်ဘက်ထိန်းချုပ်မှုအား အကဲစမ်းသည့် စစ်အေးကာလ၏ အကြီးမားဆုံး စိန်ခေါ်မှုတစ်ခု ဖြစ်ခဲ့ပေသည်။ ကိုရီးယားစစ်ပွဲတွင် အမေရိကန်နှင့် ကုလသမဂ္ဂတပ်ဖွဲ့ နှစ်ခုစလုံး၏ အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်ဒေါက်ဂလပ်မက်အာသာ (Douglas Mac-Authur) သည် တင်းကျပ်သော အမိန့်များကို ဆန့်ကျင်ခဲ့၍ စစ်ပွဲအတွင်း အားထုတ်မှုများ၏ အကန့်အသတ် သဘာဝများ လူသိရှင်ကြား ဝေဖန်ခဲ့သည်။ စေ့စပ်ဆွေးနွေးမှု စတင်ရန် အုပ်ချုပ်ရေးအဖွဲ့၏ အားထုတ်မှုများကို တမင်ဖျက်ဆီး ခဲ့သည်။ ၎င်း၏ အာဏာပိုင်များအပေါ် ယင်းသို့သော စိန်ခေါ်မှုဖြင့် အမျက်ဒေါသ ထွက်စေခဲ့သဖြင့် သမ္မတထရူးမင်းသည် ၁၉၅၁ ခုနှစ် ဧပြီလတွင် ဗိုလ်ချုပ်မက်အာသာအား ၎င်း၏ အကြီးအကဲရာထူးမှ အနားယူရန် အမိန့်ထုတ်ပြန်ခဲ့ပေသည်။ မက်အာသာသည် ရီပါဗလီကင်များနှင့် လူထုတို့ထံမှ ခိုင်မာသော ထောက်ခံမှုရသော်လည်း ဒုစစ်ဦးစီးချုပ်က သမ္မတထရူးမင်းအား ထောက်ခံမှုပေးခဲ့သဖြင့် အရပ်ဘက် အာဏာပိုင်များအား ပြုလုပ်ခဲ့သော ဤစစ်သားအိုကြီး၏ စိန်ခေါ်မှုသည် လျှင်မြန်စွာပင် မှေးမှိန်ပျောက်ကွယ် သွားခဲ့ ပေသည်။

သမ္မတ ဒွိုက်ဒီ အိုင်စင်ဟောင်ဝါ (Dwight D.Eisenhower) သည်လည်း သူ၏ ထုထည်ကြီးမားသော တုံ့ပြန်မှု စစ်ဘက်မဟာဗျူဟာ (သမားရိုးကျတပ်ဖွဲ့များ (conventional forces) ထက် နျူကလီးယား လက်နက်များအပေါ် သူ၏မြင့်မားသော မှီခိုမှု) နှင့် ခြိုးခြံချွေတာရေး စစ်ဘက်ဘတ်ဂျက် မူဝါဒများနှင့် ပတ်သက်၍ စစ်ဘက်၏ ခုခံဆန့်ကျင်မှုကို ကျော်လွှား ခဲ့ရပေသည်။ သူ၏ သမ္မတသက်တမ်း ကာလအတွင်း သမ္မတအိုင်စင်ဟောင်ဝါသည် ဒုဦးစီးချုပ်အပေါ်၌ ၎င်းးတို့ နှိုင်းချိန်မျှော်ခေါ်ထားသည်ထက် အလွန် နည်းပါးနေသော စစ်သုံး ဘတ်ဂျက်အား အတင်းအကျပ် လက်ခံခိုင်းစေခဲ့သည်။ အမှန်တကယ်အားဖြင့် ဆိုရလျှင် စစ်အေးတိုက်ပွဲကာလ အများစုအတွင်း အမေရိကန် အရပ်ဘက်အာဏာပိုင်များသည် စစ်ဘက်တို့ ကြိုက်နှစ်သက်သော ဘတ်ဂျက်ပမာဏထက် ပို၍ နည်းပါးသော ပမာဏကိုသာ သုံးစွဲလုပ်ဆောင်စေရန် စီမံခန့်ခွဲနိုင်ခဲ့ပေသည်။

ဗီယက်နမ်စစ်ပွဲ ကာလအတွင်း အမေရိကန် အရပ်ဘက် - စစ်ဘက် ဆက်ဆံရေးတွင် သည်းသန်သော တင်းမာမှုများ ပေါ်ပေါက်ခဲ့ သော်လည်း ၎င်းတို့အား ဖြေရှင်းနိုင် ခဲ့သည် ဆိုသည့်အချက်က စစ်အေးတိုက်ပွဲ ကာလတလျှောက်၌ အရပ်ဘက် ထိန်းချုပ်မှု မည်မျှခိုင်မာကြောင်း ပြဆိုနေခဲ့ပေသည်။ အမေရိကန် စစ်ဘက်သည် အရှေ့တောင်အာရှတွင် စစ်ရေးအရ အစပိုင်းမှာ ကောင်းစွာ ပါဝင်လိုစိတ် မရှိခဲ့ပေ။ သို့သော် အရပ်ဘက် ဆုံးဖြတ်ချက် ချမှတ်လုပ်ဆောင်သူများက ကွန်မြူနစ် မဟုတ်သော တောင်ဗီယက်နမ်အား ထောက်ခံခြင်းသည် အမျိုးသားအကျိုးစီးပွား ဘောင်အတွင်း၌ ရှိနေသည်ဟု ကောက်ချက်ချလိုက်သောအခါ အမေရိကန်စစ်တပ်သည် အမိန့်များကို နာခံလာခဲ့သည်။

စစ်ပွဲအတောအတွင်းကာလ၌ပင် များစွာသော အမေရိကန် ခေါင်းဆောင်များသည် မြေပြင်၊ ဝေဟင် စစ်ပွဲများတွင် ဆောင် ရွက်ရသည်များနှင့် ပတ်သက်၍ အရပ်ဘက်က စည်းကြပ် သတ်မှတ်ပေးသော ကန့်သတ်ချက်များအပေါ် နက်ရှိုင်းသော သံသယများ ရှိခဲ့ကြပေသည်။ တချိန်တွင် စစ်ဘက်၏ မကြေနပ်မှုသည် ဒုစစ်ဦးစီးချုပ်မှ အစုလိုက် အပြုံလိုက် နှုတ်ထွက်ရေး နှင့် ပတ်သက်၍ ဆွေးနွေးလာသည်အထိ ပြင်းထန်လာခဲ့ပေသည်။

ဖြစ်ရပ် အနည်းငယ်လောက်သာ စစ်ဘက်သည် အရပ်ဘက် အာဏာပိုင်များအား အောင်မြင်စွာ ခုခံမှုပြုလုပ် နိုင်ခဲ့ပေသည်။ သို့သော် ယင်းသည် အုပ်ချုပ်ရေးအတွက် ချွင်းချက်ဖြစ်ရုံမျှသာ ဖြစ်ခဲ့ပေသည်။ အမှန်တကယ် အားဖြင့် ပြောရမည်ဆိုလျှင် အမေရိကန် အရပ်ဘက်အာဏာပိုင်များသည် စစ်ဘက်ခေါင်းဆောင်များအပေါ်၌ အသည်းအသန် သဘောထားကွဲလွဲသော အကြောင်းအရာကိစ္စ အားလုံးလိုလို နီးပါးတွင် အောင်မြင်စွာ အနိုင်ရရှိခဲ့ပေသည်။ ယင်းအချက်သည် အမေရိကန်စစ်တပ်မှ ဤကာလများအတွင်း အစဉ်အလာ ပြည်ပဆိုင်ရာ စစ်ဘက်မစ်ရှင်များကို မြတ်နိုးစွာ ထွေးပွေ့ခဲ့သည် ဆိုသည့်အချက်မှ မြစ်ဖျားခံ ဆင်းသက်လာခဲ့ခြင်း ဖြစ်ပေသည်။

ဆိုဗီယက်ကိစ္စ။ ။ ယခုဆွေးနွေးနေသည့် အကြောင်းအရာအပေါ်၌ ဆွေးနွေးငြင်းခုံမှုအချို့ ရှိနေသေးသော်လည်း ဆိုဗီယက်ပြည်ထောင်စုသည် နှိုင်းယှဉ်ချက်အားဖြင့် ပြောရလျှင် စစ်အေးကာလအတွင်း ကောင်းမွန်သော အရပ်ဘက် - စစ်ဘက်ဆက်ဆံရေးကို ရရှိခံစားခဲ့ရသည် ဆိုသည်ကို ဝေဖန်သုံးသပ်သူ အများစုက သဘောတူညီ ကြပေသည်။ ကဏ္ဍ များစွာတို့ အလုပ်ဖြစ်ခဲ့သည်။ အရပ်ဘက် အုပ်ချုပ်ရေး၏ ဗဟိုအဖွဲ့အစည်းများမှ စတင်၍ ပြောရမည်ဆိုလျှင် ကွန်မြူနစ်ပါတီ သည် အထူးသဖြင့် စတာလင် သေဆုံးပြီးနောက် အတော်ပင် ခိုင်မာ၍ စည်းလုံးညီညွတ်မှု ရှိသည်ကို တွေ့ရပေသည်။

ထို့အပြင် ပါတီခေါင်းဆောင်မှုသည် စစ်တပ်အား ထိန်းချုပ်ရာတွင် ယေဘူယျအားဖြင့် ဓမ္မဒိဌာန်ကျသော ထိန်းချုပ်မှု ယန္တရားများ အပေါ်၌ မှီခိုအားကိုးခဲ့ပေသည်။ လက်နက်ကိုင် တပ်ဖွဲ့များသည် ပြည်သူ့ရဲအလုပ်နှင့် ကွန်မြူနစ် နိုင်ငံရေးခေါင်းဆောင်များ အကြား အာဏာအားပြိုင်ပွဲများတွင် တစိတ်တပိုင်းအားဖြင့် ပါဝင်ခြင်းဖြင့် ပြည်တွင်းနိုင်ငံရေးတွင် အခါအားလျော်စွာ ပါဝင်လှုပ်ရှားခဲ့သော်လည်း နောက်ဆုံးတွင်မူ သူတို့သည် သူတို့၏ ပင်မတာဝန် ပြည်ပစစ်ဘက်တိုက်ပွဲရေးရာ မစ်ရှင်များကိုသာ ဆက်လက် ထိန်းသိမ်းခဲ့စမြဲ ဖြစ်ပေသည်။

ဆိုဗီယက်ပြည်ထောင်စု၏ အရပ်ဘက် - စစ်ဘက်ဆက်ဆံရေး အားကောင်းသည် ဆိုသည်ကို ဂေါ်ဗာချက် (Gorbachev) လက်ထက်ကာလတွင် ဝရုန်းသုန်းကားဖြစ်မှု အခြေအနေများ ရှိခဲ့သော်လည်း ဆိုဗီယက် စစ်တပ်သည် အရပ်သားအာဏာပိုင်များ အုပ်ချုပ်မှု၏ လက်အောက်ခံဖြစ်မှုအား ဆက်လက် ထိန်းသိမ်းခဲ့သည် ဆိုသည့်အချက်တွင် အခိုင်အမာ သက်သေခံနေသည်ကို တွေ့ရှိရပေသည်။ အနည်းဆုံး ၁၉၉၁ သြဂုတ်လက အင်အားသုံး၍ အစိုးရကိုဖြုတ်ချရန် ရုတ်တရက် ကြိုးစားမှုတွင် ဆိုဗီယက်စစ်တပ်၏ အရပ်သား အာဏာပိုင်များ အပေါ် နာခံမှုကို တွေ့ရှိရမည် ဖြစ်ပေသည်။

ယင်းကဲ့သို့ စစ်ဘက်၏ အရပ်ဘက်အပေါ် ဆက်လက် နာခံမှုသည် အရပ်ဘက် - စစ်ဘက် ဆက်ဆံရေးအား တင်းမာစေသည်ဟု မျှော်လင့်ရသော ဖြစ်ပျက်မှုများစွာ ဖြစ်ခဲ့လင့်ကစား ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။ ဥပမာအားဖြင့် ပြောရလျှင် မီးခေးဂေါ်ဗာချက်၏ မူဝါဒများဖြစ်သော ပါရာစထရိုက်ကာ (Perestroika) နှင့် ဂလတ်စနော့ (Glasnost) မူဝါဒများသည် စစ်ဘက်ဆိုင်ရာ ဝေဖန်သုံးသပ်သူများအား နှိုင်းယှဉ်ချက်အရ ပြောရလျှင် လက်နက်ကိုင်တပ်ဖွဲ့များနှင့် ပတ်သက်၍ သူတို့၏ ဝေဖန်သုံးသပ် ဆင်ခြေတက်မှုများကို လွတ်လွတ်လပ်လပ် ထုတ်ဖေါ်ပြောဆို ဖြန့်ချီခွင့် ပေးခဲ့ပေသည်။

အမျိုးသားရေးဝါဒီများနှင့် ခွဲထွက်ရေးသမားများ၏ လှုပ်ရှားမှုများ ပျံ့နှံ့လာမှုက နိုင်ငံ၏ တစည်းတလုံးတည်း ဖြစ်မှုကို ခြိမ်းခြောက်လာခဲ့ပြီး စစ်ဘက်အသိုင်းအဝိုင်း အတွင်းတွင်လည်း အတော်အတန် ကြီးမားသော စိုးရိမ်စိတ်များကို အသေအချာပင် အားကောင်းလာစေခဲ့ပေသည်။ ဂေါ်ဗာချက် အနေဖြင့် ကာကွယ်ရေးဆိုင်ရာ ဘတ်ဂျက်ကို သိသိသာသာ လျှော့ချနေစဉ်တွင် ရေရှည်ရပ်တည်လာခဲ့သော ဓမ္မဒိဌာန်ကျသည့် အရပ်ဘက် ထိန်းချုပ်မှု လမ်းကြောင်းမှ ခွဲထွက်လာပြီး စစ်ဘက်တို့ စွမ်းဆောင်ရမည့် နေရာများစွာတွင် စွက်ဖက် ဆောင်ရွက်မှုများ စတင်လာခဲ့သည်။ ထို့အပြင် သူ၏ နိုင်ငံခြားရေးမူဝါဒများသည် အနောက်ဘက်နှင့် ကြီးမားအရေးပါသော လက်နက်ထိန်းချုပ်ရေး ဆိုင်ရာ သဘောတူညီချက် များစွာပြုလုပ်ခဲ့ပြီး ဝါဆော (Warsaw) စစ်စာချုပ်အဖွဲ့ ပြိုကွဲမှုကိုလည်း သဘောတူညီခဲ့ကာ ဂျာမဏီ ပေါင်းစည်းမှုကိုလည်း ခွင့်ပြုခဲ့ပေသည်။

တကယ့် ပဟေဠိဖြစ်နေသည့် အရာတစ်ခုမှာ ဆိုဗီယက်စစ်တပ်သည် ပါရာစထရိုက်ကာနှင့် အတူတကွ တွဲသွား နေသည်သာမက တခါတရံ၌ စိတ်အားထက်သန်စွာ ဖက်လှဲတကင်းတောင်မှ ပြုလုပ်ခဲ့ခြင်းမှာ အဘယ်ကြောင့်နည်း ဆိုသည့် အချက်ပင်ဖြစ်ပေသည်။ အဖြေမှာ ဆိုဗီယက်စစ်တပ်သည် များစွာသော ဂေါ်ဗာချက်၏ ပြုပြင်ပြောင်းလဲမှုများကို စစ်ဘက်ရေးရာအားဖြင့်ပင် မရှိမဖြစ် လိုအပ်ခဲ့သည်ဟု ရှုမြင်ခဲ့သည် ဆိုသည့်အချက်တွင် သွား၍တည်မှီနေသည်ကို တွေ့ရပေသည်။ (၁၉၇ဝ) ခုလွန် နှောင်းပိုင်းနှစ်များတွင် များစွာသော ဆိုဗီယက် စစ်ဘက်သီအိုရီသမားများက စစ်ဘက် အဆင့်မြင့်နည်းပညာ တော်လှန်ရေးသည် ဖြစ်လာရန် အလားအလာရှိသည်ဟု ယုံကြည်လာခဲ့ကြသည်။

ပြုပြင်ပြောင်းလဲထားသည့် အရပ်ဘက်ကဏ္ဍသည်သာ စစ်ဘက်ရေးရာတွင် ပို၍ အရေးတကြီး ဖြစ်လာမည်ဟု သူတို့ယုံကြည်သော နောက်ဆုံးပေါ် နည်းပညာများကို ဖြည့်ဆည်းပေးနိုင်လိမ့်မည်။ စစ်ဘက်ခေါင်းဆောင်များက ဆိုဗီယက်ပြည်ထောင်စုသို့ ဦးတည်ဖြစ်ပေါ်သည့် ပြည်ပ၏ခြိမ်းခြောက်မှုများက ဆိုဗီယက်ပြည်ထောင်စုနှင့် အနောက်ဘက်တို့ အကြား၍ ကျယ်ပြန့်လာသော နည်းပညာကွာဟချက်များကြောင့် ပို၍ တိုးတက်ဖြစ်ပေါ်ခဲ့ပြီး ဖြစ်သည်ဟု ယုံကြည်လာခဲ့ကြသည်။ ယင်းကြောင့် များစွာသော စစ်ဘက်အရာရှိများ အထူးသဖြင့် စစ်ဦးစီးချုပ် တစ်ကြိမ်တည်းဖြစ်သော ဗိုလ်ချုပ်ကြီး နီကိုလိုင်အိုဂါကော့ဗ် (Marshall Nikolai Ogarkov) က ပို၍အခြေခံကျသော ပြုပြင်ပြောင်းလဲမှု (racicalreform) သည်သာ တစ်ခုတည်းသောအဖြေ ဖြစ်သည်ဟု ကမ်းလှမ်းတင်ပြခဲ့ခြင်းဖြစ်ပေသည်။

Last Updated ( Thursday, 06 October 2011 17:06 )  

နောက်ဆုံးရသတင်းများ