ပင်မနေရာ မူဝါဒ/ဥပဒေ တပ်ပြုပြင်ပြောင်းလဲရေး အရပ်ဘက် - စစ်ဘက် ဆက်ဆံရေးနှင့် ဒီမိုကရေစီ - အပိုင်း (၄)

ပင်မနေရာ မူဝါဒ/ဥပဒေ တပ်ပြုပြင်ပြောင်းလဲရေး အရပ်ဘက် - စစ်ဘက် ဆက်ဆံရေးနှင့် ဒီမိုကရေစီ - အပိုင်း (၄)

အရပ်ဘက် - စစ်ဘက် ဆက်ဆံရေးနှင့် ဒီမိုကရေစီ - အပိုင်း (၄)

Print PDF
User Rating: / 0
PoorBest 

အရပ်ဘက် - စစ်ဘက်  ဆက်ဆံရေးနှင့် ဒီမိုကရေစီ - အပိုင်း (၄)

အဲလ်ဖရက်စတီပဲန် (Alfred Stepan) က ၀ိဂြိုလ်ပြု ပြောကြားခဲ့သော စကားလုံး တစ်ခုမှာ အရပ်ဘက်သို့ အာဏာအပ်နှင်းခြင်း (Civilian Empowerment) ဟူသည့် အရာအတွက် အချိန်လိုအပ်မည် ဖြစ်သည်။ ယင်းသို့ အရပ်ဘက်အား အာဏာ အပ်နှင်းခြင်းအားဖြင့် အရပ်ဘက်တို့သည် စစ်ဘက်ဆိုင်ရာ ဘတ်ဂျက်များရေးဆွဲခြင်း၊ သင်တန်းများ၊ ရာထူးတိုးမြှင့် ပေးခြင်း၊ စီမံချက်များ ဆောင်ရွက်ခြင်း စသည်တို့ကို ထိုးထွင်းထက်မြက်စွာနှင့် တာဝန်ယူမှုရှိရှိ အနီးကပ် ကြီးကြပ်စီမံခန့်ခွဲနိုင်သည့် ကြီးမားကျယ်ပြန့်သော အရည်အသွေးများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။

 

ကာကွယ်ရေး ဝန်ကြီးဌာန၊ နိုင်ငံရပ်ခြားဆိုင်ရာ ထောက်လှမ်းရေးအဖွဲ့၊ ဥပဒေ ပြဌာန်းသည့် လွှတ်တော်မှ ကြီးကြပ် စောင့်ကြည့်သည့်ကော်မတီ စသည်တို့တွင် ဝန်ထမ်းအင်အား ဖြည့်တင်းရန် လည်းကောင်း၊ သင်တန်းကျောင်းများ၊ မူဝါဒ ရေးရာ အဖွဲ့အစည်းများ၊ သတင်းလောကများမှ လာသောပို၍ ပုံစံတကျ မဟုတ်သည့် လမ်းညွှန်ချက်များနှင့် အသေးစိတ် စိစစ်ခြင်းများကို လေ့လာပံ့ပိုးဖြည့်တင်းပေးမှုများ ပြုလုပ်ရန်လည်းကောင်း၊ လုံလောက်သော အရပ်ဘက်ကျွမ်းကျင်မှုများ ရရှိအောင် တည်ဆောက်ရေးသည် ရေရှည် ဆောင်ရွက် ရမည့် ဖြစ်စဉ်တခုဖြစ်သည်။

 

အာဏာရှင်အုပ်ချုပ်ရေးအောက်တွင် လူ့အခွင့်အရေး ချိုးဖေါက်မှုများအတွက် တာဝန်ရှိသော စစ်ဘက်အရာရှိဟောင်းများ ထံမှ စစ်တပ်အား မိမိပညာရှင်လိုင်းကိုသာ ကန့်သတ် လုပ်ဆောင်တတ်သော အခန်းကဏ္ဍသို့ ပြောင်းလဲတည်ဆောက် ယူရာတွင် ပို၍စွမ်းဆောင်နိုင်သော ငယ်ရွယ်သောအရာရှိများဖြင့် ဆက်ခံပြောင်းလဲ လုပ်ဆောင်သွားရမည် ဖြစ်သော မျိုးဆက်အရ ပြောင်းလဲဆောင်ရွက်ရမည့် အပြောင်းအလဲ (Generation Change) သည်လည်း ရေရှည်ဆောင်ရွက်ရမည့် ဖြစ်စဉ်တခု ဖြစ်ပေသည်။ “စစ်ဘက် ပြုပြင်ပြောင်းလဲမှုများစတင်ရန် အချိန်မတန်သေးသော အရပ်ဘက်တို့၏ ကြိုးပမ်း အားထုတ်မှုများသည် ပြောင်းပြန်အကျိုးရလာဒ်များကို ထုတ်လုပ်ဖြစ်ပေါ် စေနိုင်ပါသည်။ ဒီမိုကရေစီအသွင်ကူးပြောင်းမှုများ ဖြစ်ပေါ်နေသော ပထမနှစ်ကာလများအတွင်း စစ်ဘက်အပေါ် သံသယစိတ်များ ပပျောက်စေရန်အတွက် ပြုလုပ်သည့် လိုအပ်မှုများအနက် စစ်ဘက်ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခြင်းကို အချိန်ရွှေ့ဆိုင်း ဆောင်ရွက်ကောင်း ဆောင်ရွက်ရနိုင် ပါသည်။

အထူးသဖြင့်အထိအရှမခံသော အကဲဆတ်သော ဧရိယာနယ်ပယ်များ၊ အရေးအရာကိစ္စများနှင့် ပတ်သက်၍ ဖြစ်နိုင်သည်ဟု ယူဆရပါသည်။ အာဏာပိုင်အသစ်များနှင့် စစ်ဘက်တို့ အကြား ယုံကြည်မှုကို အနည်းဆုံးအားဖြင့် အချို့သော ဒီဂရီ အတိုင်းအတာတခုအထိ တိုးမြှင့်တည်ဆောက်မှုကို လက်တွေ့ပြုလုပ်နိုင်ပါက အရပ်ဘက်ကျွမ်းကျင်မှုသည် ထိရောက်မှု ရှိသည်ဟု ဆိုရပေမည်” ဟူ၍ဖီလီပီအရူရို (Felipe Aguero) က တနှစ်ထက်တနှစ် ပိုမိုတိုးတက်လျက် ဖြစ်ပေါ်တိုးတက် သွားရေး ယုတ္တိဗေဒ (Logic of incrementalism) ၏ လွှမ်းမိုးမှုကို ရှင်းလင်းပီသစွာ ပြောဆိုထားခဲ့ပြီးဖြစ်ပါသည်။

မသိမသာပြောင်းလဲရေးဖြစ်စဉ်အလွန်တွင်မူ နိုင်ငံရေးမဟာဗျူဟာများ အနက်မှ ထင်ထင်ရှားရှားရှိသော မူဝါဒများသည် အရပ်ဘက် စစ်ဘက်ဆက်ဆံရေး၏ ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်ရေးဖြစ်စဉ်အတွက် လမ်းကြောင်းများ ပိုမိုချောမွေ့အောင် ပြုလုပ်ပေးလိမ့်မည်ဖြစ်သည်။ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းတလျှောက်မှ အရေးကြီးအမှတ်များ တခုစီတခုစီတွင် အရပ်ဘက်နိုင်ငံရေး ခေါင်းဆောင်များသည် ကုန်ကျစရိတ်များအား လျှော့ချရန်လည်းကောင်း၊ အဆိုပြု ကမ်းလှမ်းထားသော အပြောင်းအလဲများမှ စစ်ဘက်တို့ သိမြင်ခံစားလာရသော ခြိမ်းခြောက်မှုအား လျှော့ချရန်နှင့် မရှိတော့သကဲ့သို့ခံစားလာရန်လည်းကောင်း၊ အားထုတ်ကြိုးပမ်းရမည်ဖြစ်သည်။ တစိပ်တပိုင်းအားဖြင့် ဤအရာသည် သူ့အခြေအနေအလိုက် အချိန်မီဖြစ်ပျက်နေသော ထိုအရေးကြီးမှတ်တခုတခုတွင် လက်ခံနိုင်သောအပြောင်းအလဲ၏ အကန့်အသတ်များအား စမ်းသပ်ခြင်း၊ အပေးအယူ လုပ်ခြင်းအား ထိုးထွင်းသိမြင်စွာနှင့် လိမ်မာပါးနပ်စွာ ဂရုတစိုက်ပြုလုပ်ဆောင်ရွက်ရသောဖြစ်စဉ်တခုဖြစ်ပေသည်။ သို့သော်ငြားလည်းပဲ အရပ်ဘက်ခေါင်းဆောင်များသည် စစ်ဘက်တို့ကို မြင့်မားသောအဆင့်အတန်း၊ ဂုဏ်သိက္ခာ၊ ဝင်ငွေတို့အား ပေးရန် အမြဲတန်းသဘောတူပါက အရပ်ဘက်စစ်ဘက်ပဋိပက္ခအား ထိန်းချုပ်နိုင်ပေသည်။ ယုံကြည်မှု များလည်း တိုးတက်လာနိုင်ပေသည်။

သူတို့၏ လုပ်ငန်းယန္တရားများတွင်လည်းကောင်း၊ သူတို့၏ ဖွဲ့စည်းပုံအရွယ်အစားနှင့် အရင်းအမြစ်များကို လည်းကောင်း၊ သူတို့၏ အမျိုးသားရေးအခန်းကဏ္ဍနှင့် ရည်မှန်းချက် (mission) များတွင်လည်းကောင်း ခက်ခဲသောအပြောင်းအလဲများ ပြုလုပ်ခြင်းကိုလက်ခံရန် ပြောကြားခံနေရသော စစ်ဘက်အရာရှိများနှင့် စစ်သားများသည် စီစဉ်မှုအသစ် အောက်တွင် သူတို့၏ အခန်းကဏ္ဍများကို တိုင်းပြည်ကကြီးမားစွာ တန်ဘိုးထားသည်၊ သူတို့၏ တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်မှုများကို ဂုဏ်ပြုသည်၊ အသိအမှတ်ပြုသည် ဆိုသည်ကို သေချာအောင် ပြုလုပ်ခြင်းခံရလိမ့်ဦးမည်လည်း ဖြစ်ပေသည်။

စစ်သားများသည် သင့်တော်သော လစာများကိုလည်း ရရှိသင့်ပေသည်။ ယင်း၏ ရည်ရွယ်ချက်မှာလည်း ပြုပြင် ပြောင်းလဲရေးဖြစ်စဉ်အား သစ္စာရှိလာအောင် ဆွဲဆောင်ရန် သာမက၊ ခြစားမှုကိုတားဆီးရန်လည်း ရည်ရွယ်ပေသည်။ စစ်တပ်အတွင်း လစာများနှင့် ပင်စင်လစာများ တိုးတက်စေခြင်းကြောင့် တိုးမြှင့်ကုန်ကျလာမှုများကိုမူ၊ စစ်သား အရေအတွက်ကို လျှော့ချခြင်း၊ အထူးသဖြင့် အရာရှိများအားလျှော့ချခြင်းကို အချိန်ကာလတခုအား ဖြတ်သန်း၍ ဆောင်ရွက်ပြီးခုနှိမ်သွားသင့်ပေသည်။ သို့သော်ငြားလည်းပဲ နိုင်ငံပေါင်းများစွာတို့တွင် စစ်ဘက်အသုံးစရိတ်များကို ရေရှည်အတိုင်းအတာတွင် အလယ်အလတ် အဆင့်သို့ လျှော့ချသွားရမည်ဖြစ်သော်လည်း ဒီမိုကရေစီအစိုးရအသစ်များသည် စစ်ဘက်တို့၏ ယုံကြည်မှုများကို အောင်မြင်စွာ ရရှိရန်အတွက် ယာယီလိုက်လျောမှု (Temporary concession) တခုအဖြစ် အဆိုပါရည်မှန်းချက်ကို ရွှေ့ဆိုင်းထားရန် ၎င်းတို့ အနေဖြင့် အမြော်အမြင်ရှိကြရမည်ဟု ယူဆကြပေသည်။ ဟန်တင်တန်နှင့် များစွာသော ပညာရှင်များက အလေးအနက်ပြု ပြောကြားခဲ့သည့်အတိုင်း အရပ်ဘက်အရာရှိများသည် နိုင်ငံရေးပဋိပက္ခများတွင် စစ်ဘက်တို့၏ ထောက်ခံမှုကိုရရှိအောင် ဆောင်ရွက်နိုင်သော အခြေအနေများက မိမိတို့အား သွေးဆောင်ဖြားယောင်းလာပါက ထိုအခြေအနေဆိုးများကို တွန်းလှန် ဖယ်ရှားခြင်း၊ ထိန်းသိမ်းရခက်သော ပြည်တွင်းဆန္ဒပြမှုများကို နှိမ်နှင်းရန် စစ်ဘက်တို့အားအသုံးပြုခြင်းကို ပထမဆုံးနည်းလမ်းတခုအနေဖြင့် အသုံးပြုခြင်းကို တွန်းလှန် ဖယ်ရှားရှောင်ရှားခြင်း စသည်တို့ကို ပြုလုပ်နိုင်ရမည်ဖြစ်ပေသည်။

ထိုမျှသာမက အရပ်ဘက်အရာရှိများသည် စစ်ဘက်တို့အား စစ်ဘက်တို့၏ ပိုမိုသေးငယ်သောနယ်ပယ်များ (micro level) မှ လုပ်ငန်းများဖြစ်သော သင်တန်းများ ပေးခြင်း၊ စစ်ဆင်ရေးများဆောင်ရွက်ခြင်း၊ တာဝန်ပေးအပ်ခြင်း၊ ရာထူးတိုးခြင်း စသည်တို့ကို စစ်ဘက်ပညာရှင်လိုင်း၏ စံအရည်အသွေးများနှင့်အညီ နိုင်ငံရေး အရ စွက်ဖက်မှုမရှိဘဲ ဆောင်ရွက်ပိုင်ခွင့်ရှိသည့် စစ်ဘက်တို့၏ ကိုယ်ပိုင်စီမံခန့်ခွဲအုပ်ချုပ်ခွင့် (autonomy) အား အပြန်အလှန် လေးစားမှုပေးလျက် သဘောတူ ခွင့်ပြုပေးရမည် ဖြစ်သည်။

ဒီမိုကရေစီသည် အခြားသောကဏ္ဍများ အားလုံးနှင့် အလုပ်ဖြစ်နေသည် ဆိုပါက ၎င်းသည် အရပ်ဘက် - စစ်ဘက် ဆက်ဆံရေးတွင်လည်း တိုးတက်မှုများကို အချိန်ကာလတစ်ခုကို ဖြတ်သန်းလျက် ဆောင်ကြဉ်းလာနိုင်ဖွယ် ရှိပါသည်။ ဒီမိုကရေစီအဖွဲ့အစည်းများ ခိုင်ခံ့စွာ အမြစ်တွယ်နေပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေစနစ်အပေါ် ပြည်သူများ၏ အလေးအနက် ယုံကြည်သံန္နိဌာန်ပြုမှုများသည် နက်ရှိုင်းစွာတည်ရှိနေပါက စစ်ဘက်တို့၏ နိုင်ငံရေးတွင် ဝင်ရောက်စွက်နိုင်သော အတိုင်း အတာသည် လည်းကောင်း၊ ခြိမ်းခြောက်သော အမူအရာ မျိုးဖြင့် ကျူးကျော်ရန်လို စစ်အင်အား ပြင်ဆင်မှုများသည် လည်းကောင်း လျော့နည်းသွားမည် ဖြစ်သည်။

စီးပွားရေး ဖြစ်ထွန်းတိုးတက်မှုသည် ဆက်လက်ဖြစ်ပေါ် တိုးတက်နေ၍ လူ့အဖွဲ့အစည်းသည် ပိုမိုပညာတတ်လာပြီး ပိုမို ရှုပ်ထွေးလာသောကြောင့် စစ်ဘက်အစိုးရတရပ်အား အောင်မြင်စွာ တည်ထောင်စီမံခန့်ခွဲနိုင်သော ဖြစ်တန်စွမ်းများလည်း လျော့နည်းသွားပေသည်။ နိုင်ငံရေး ရေခံမြေခံသည်လည်း ပဋိပက္ခများအပေါ် ပိုမိုစိတ်ရှည်သည်းခံမှုများ တိုးတက်လာပြီး ငြိမ်းချမ်းသော အဖြေရှာမှုများ တိုးများလာခြင်းသို့ လည်းကောင်း၊ အာဏာရှင်စနစ်အား ခုခံအားကောင်းစွာ ပိုမိုတွန်းလှန် နိုင်စွမ်းရှိသော အခြေအနေမျိုးသို့ လည်းကောင်း ပြောင်းလဲလာခဲ့ပေသည်။ ဤအချက်အလက်များက ဟန်တင်တန် ဤစာအုပ်တနေရာတွင် ရှင်းပြခဲ့သော အမျိုးသားဝင်ငွေအမြင့်ဆုံး တည်ရှိမှု အနေအထားက စစ်ဘက် အာဏာသိမ်းမှု၊ အာဏာသိမ်းရန် ကြိုးပမ်းမှုများနှင့် မည်ကဲ့သို့ ဆက်စပ် ပတ်သက်နေသည် ဆိုသည်ကို ရှင်းပြခြင်းအား အကူအညီ အထောက်အပံ့ ပြုလျက်ရှိသည် ဆိုသည်ကို သံသယရှိစရာ မလိုတော့ပေ။

ထို့အပြင် ဒီမိုကရေစီသည် ဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်များကို တနိုင်ငံလုံးအနှံ့ ဖြန့်ဝေရန်လည်းကောင်း၊ ငြိမ်းချမ်းသော ဖြေရှင်းမှုများဖြင့် လူ့အဖွဲ့အစည်း၏ သော့ချက်ကျသော ပြဿနာများ၏ အဖြေများ ရရှိရန်လည်းကောင်း၊ အထောက်အကူပြု လွယ်ကူစေပါက ကမ္ဘာအရပ်ရပ်ရှိ အရပ်သားအစိုးရများထံတွင် နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်မှု သို့မဟုတ် စစ်ဘက် အာဏာသိမ်းမှုများကို ဆောင်ကြဉ်းပေးလေ့ ရှိခဲ့သော အကြမ်းဖက်ဆန္ဒပြမှုများ၊ လက်ဝဲပြောက်ကျား သူပုန်များ၊ လူမျိုးစု ခွဲထွက်ရေး လှုပ်ရှားမှုများနှင့် ဘာသာရေး အခြေခံဝါဒီများ၏ လှုံ့ဆော်အုံကြွမှုများကို ၎င်းတို့နိုင်ငံများတွင် လက်ဦးမှုရှိစွာ ဟန့်တားနိုင်လိမ့်မည်ဖြစ်သည်။

 

 

ပိုလန် ပါလီမန် အဆောက်အဦး

နောက်ဆုံးအနေဖြင့် ပြောရလျှင် ဒီမိုကရေစီနိုင်ငံအသစ်များ တည်ထောင်လာနိုင်ပြီး ပို၍လည်းစီးပွားရေးဖွံ့ဖြိုး တိုးတက် လာပါက စစ်ဘက်အပေါ် လွှမ်းမိုးတည်ရှိနေသည့် အရပ်ဘက် အုပ်ချုပ်ရေး (Civilian Supremacy) အတွက် ဒီမိုကရက်တစ် စုပေါင်းလုံခြုံရေး အစီအစဉ်များတွင် ပါဝင်မှုများ၌ ပို၍ရှင်သန်နိုင်စွမ်းသော ပါဝင်ဘက်များ (More Viable Partners) ဖြစ် လာကြမည်ဖြစ်သည်။ ထိုဒီမိုကရက်တစ် စုပေါင်းလုံခြုံရေး အစီအစဉ်များသည် နိုင်ငံရေးအရလည်းကောင်း၊ စံသတ်မှတ် ချက်များနှင့်အညီ ဖြစ်မှုအရလည်းကောင်း၊ ဖွဲ့စည်းပုံကျမှုအရ လည်းကောင်း စွမ်းအားပြည့်ဝသော ထပ်ဆောင်းဖိအားများ နှင့် အင်အားများကို ဖန်တီးဖြစ်ပေါ်စေလိမ့်မည်ဖြစ်သည်။

မြောက်အန္တလန်တိတ်စာချုပ်အဖွဲ့ (The North Atlantic Treaty Organization - NATO) သည် အထက်ပါကဲ့သို့ သြဇာ အာဏာရှိသည့် စံမှီအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ချက် ရီပါ့ဘလစ်၊ ပိုလန်နှင့် ဟန်ဂေရီတို့ကဲ့သို့သော အရှေ့ဥရောပမှ အသစ် ပေါ်ထွန်းလာသော ဒီမိုကရေစီနိုင်ငံ အသစ်များအား ထိုအဖွဲ့အစည်းအတွင်းသို့ ပါဝင်ဖွဲ့စည်းလာနိုင်စေကာ ထိုနိုင်ငံများ တွင် စည်းလုံးညီညွတ်မှုများကို ဖြစ်ပေါ်စေလိမ့်မည် ဖြစ်သည်။ ယင်းကဲ့သို့ အလားတူဖြစ်စဉ်သည် စပိန်၊ ပေါ်တူဂီနှင့် ဂရိ နိုင်ငံများတွင်လည်း ဖြစ်ပျက်ခဲ့ပြီးဖြစ်သည်။ ပိုမိုအကန့်အသတ်ရှိသော အဖွဲ့အစည်းများပင်လျှင် NATO အဖွဲ့နှင့်အတူ ငြိမ်းချမ်းရေး အစီအစဉ်များအတွက် အတူတကွဆောင်ရွက်မှု (Partnership for peace program) တွင် ပါဝင်လာခဲ့ကြ ပါသည်။

ထိုအစီအစဉ်များနှင့် ထိုအစီအစဉ်များတွင် ပါဝင်မှုများသည် အရပ်ဘက်အုပ်ချုပ်ရေး၏ စံသတ်မှတ်ချက်နှင့် စံပြဖြစ်မှုများအား ပြန့်နှံ့စေခဲ့သည့် အကျိုးဆက်ကို ဖြစ်ပေါ်စေခဲ့ ပါသည်။ ဂျာမဏီနိုင်ငံ ဂါမစ်ခ်ျပါတဲကာချဲ (Garmisch - Partenkirchen ) တွင်ရှိသော ဂျော့စီမာရှယ်စင်တာ (George C. Marshall Centre ) တွင် ဆောင်ရွက်ခဲ့သည့် နိုင်ငံတကာ ပညာပေးရေးနှင့် သင်တန်းအစီအစဉ်များသည်လည်းပဲ အထက်ပါအချက်များကို များစွာ အထောက်အကူပြု ကူညီခဲ့ပေသည်။

အခန်း (၁) တွင် ဟန်တင်တန်မှတ်စုထုတ်ခဲ့သည့် အရပ်ဘက်စစ်ဘက် ဆက်ဆံရေးမှ ယေဘူယျတိုးတက်မှုများနှင့် ဒီမိုကရေစီအပြောင်းအလဲတွင် အပေါင်းလက္ခဏာဆောင်စွာ တပြိုင်တည်းဖြစ်ပျက်သော အရာများသည် အခက်အခဲများစွာကြားမှ အသစ်ဖြစ်ပေါ်လာသော ဒီမိုကရေစီနိုင်ငံများ၌ တပေါင်းတစည်းတည်းရှိသည့် မဟာဗျူဟာတစ်ခု၏ အရေးပါမှုနှင့် ယင်းအား အကောင်အထည်ဖေါ်ရန် ခက်ခဲမှုများကို မလျော့နည်းစေခဲ့ပေ။ ကံမကောင်း အကြောင်းမလှစွာဖြင့်ပင် များစွာသော ဒီမိုကရေစီနိုင်ငံသစ်များသည် စည်းလုံးညီညွတ်သော ဒီမိုကရေစီ အဖွဲ့အစည်းများအဖြစ်သို့ ဦးတည်သည့် ကြီးမားသော တိုးတက်မှုများကို မပြုလုပ်နိုင်ခဲ့ပေ။

ဤကိစ္စများတွင် လူထု၏ နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးသမားများအပေါ် လေးစားမှု နည်းပါးသည်ကို တွေ့ရပြီး နိုင်ငံရေးအရ အကြမ်းဖက်မှုနှင့် ဆူပူသောင်းကျန်းမှုများက စစ်ဘက်တို့၏ ဝင်ရောက်စွက်ဖက်မှုများကို ဖိတ်ခေါ်ပေသည်။ ဤကဲ့သို့သော နိုင်ငံများသည် သဘာဝအလျောက်ဖြစ်ပေါ်သော သမိုင်းရေးရာဖြစ်ပေါ် တိုးတက်မှုများအရ နိုင်ငံရေးတွင် စစ်ဘက်၏ သြဇာအာဏာများ တဖြည်းဖြည်း ဆုတ်ယုတ်သွားမှုကို မစောင့်ဆိုင်းနိုင်ကြပေ။ အမှန်တကယ်အားဖြင့် ဆိုရလျှင် ဆက်လက်ဖြစ်ပေါ်နေသော နိုင်ငံရေး တွင် စစ်ဘက်၏ ပါဝင်ပတ်သက်မှုများနှင့် လူမှုရေး ဘဝများသည် ဒီမိုကရက်တစ် စည်းလုံးညီညွတ်မှုဆီသို့ ဦးတည်သော အခြားသော အတားအဆီးများနှင့် ရင်းရင်းနှီးနှီး ဆက်နွှယ်ပတ်သက်လျက် ရှိပေသည်။

အပေါင်းလက္ခဏာဆောင်စွာ ပြုမူခြင်းအားဖြင့် အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး ပြုပြင်ပြောင်းလဲမှုများကို ဦးတည်သည့် အဆက်အစပ်ရှိ၍ စည်းလုံးညီညွတ်မှုရှိသော နှစ်အလိုက် တိုးတက်သည့် မဟာဗျူဟာ (Coherent incremental Strategy) များကို ဖြတ်သန်းလျက် ဤကဲ့သို့သော ဒီမိုကရေစီနိုင်ငံသစ်များသည် သူတို့၏ နိုင်ငံရေး အဖွဲ့အစည်းများနှင့် တရားဝင်မှု ရေးရာများတွင် အထွေထွေတိုးတက်မှုများအား ပို၍ ရလာနိုင်ကြောင်း သိမြင်လာနိုင်ပါသည်။ ဒီမိုကရေစီကို အခြားသောကဏ္ဍများ အားလုံးနှင့် ယေဘူယျအားဖြင့် ကောင်းမွန်စွာ အကောင်အထည်ဖေါ်နေသော ချီလီလို နိုင်ငံမျိုးတွင်တောင်မှ စစ်ဘက်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသော အာဏာသည် ဒီမိုကရေစီ၏ အရည်အသွေးနှင့် တည်ငြိမ်မှု အား လျော့ပါးစေသော အထီးကျန်ဖြစ်လျက်ရှိသော ဒုက္ခဖြစ်မှု အသွင်တစ်ခုနှင့်ပင် မပြုပြင်ဘဲ ဆက်လက် လုပ်ဆောင်နေပေသေးသည်။

အချုပ်အားဖြင့်ဆိုရလျှင် ဤစာအုပ်တွင် ပါဝင်သည့် များစွာသော အက်ဆေးများက အလေးအနက်ပြု ပြောကြားခဲ့သည့်အတိုင်း ဒီမိုကရက်များက လုပ်ဆောင်နိုင်သည့် အန္တရာယ် အကြီးမားဆုံး အရာတစ်ခုမှာ စစ်ဘက်တို့အား သဘောတူ ခွင့်ပြုချက်ပေးရန် သို့မဟုတ် အရပ်ဘက် - စစ်ဘက်ဆက်ဆံရေးမှ ပြဿနာများသည် နောက်ဆုံးတွင် ၎င်းတို့ဘာသာ ၎င်းတို့ ဖြေရှင်းနိုင်သည်ဆိုသည့် ခန့်မှန်းမှုမျိုး ပြုလုပ်ရန်ပင်ဖြစ်သည်။

နှစ်ပေါင်းများစွာ ဖြတ်သန်းပြီးသည့်နောက် ဆယ်စုနှစ်တစ်ခု နှစ်ခုကမှ ဒီမိုကရေစီ နိုင်ငံများဖြစ်လာကြသော နိုင်ငံများနှင့် တိုက်ပွဲများဖြစ်ပွားပြီး မတည်မငြိမ် ဖြစ်လျက်ရှိသော သီရိလင်္ကာ၊ ဗင်နီဇွဲလားနှင့် ကိုလံဗီယာတို့ ကဲ့သို့သော အချို့သော နိုင်ငံဟောင်းများသည် ဒီမိုကရက်တစ် စည်းလုံးညီညွတ်မှုများနှင့်အညီ နက်ရှိုင်းသော တရားဝင်မှုနှင့် တည်ငြိမ်မှုများ အောင်မြင်စွာ ရရှိနိုင်ရန်အတွက် ရုန်းကန်တိုက်ပွဲ ဝင်ရလိမ့်ဦးမည် ဖြစ်သည်။ စစ်ဘက်အာဏာသိမ်းမှုများ၏ ဖြစ်တန်ချေများ လျှော့နည်းလာနေတာတောင်မှ စစ်ဘက်တို့၏ ဒီမိုကရေစီအရေး ပြုပြင်ပြောင်းလဲမှုများသည် သူတို့ ရင်ဆိုင်နေရသော စိမ်ခေါ်မှု၏ အဓိကကျသော အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်လက်တည်ရှိနေဦးမည် ဖြစ်သည်။ အရပ်ဘက် အုပ်ချုပ်ရေး (Civilian Supremacy) သည်လည်း အလွန်အရေးပါသော ဦးတည်ချက် ပန်းတိုင်တစ်ခုအဖြစ် ဆက်လက် တည်ရှိနေမည်ဖြစ်သည်။

အပိုင်း (၁) ခေတ်သစ်ကာလ အရပ်ဘက် - စစ်ဘက် ဆက်ဆံရေး

၁။ အရပ်ဘက် - စစ်ဘက်ဆက်ဆံရေးအား ပြန်လည်ပြုပြင် ပြောင်းလဲခြင်း

ဆယ်လ်မြူရယ်ပီဟန်တင်တန် ဆယ်လ်မြူရယ်ပီဟန်တင်တန်သည် အဲလ်ဘတ်ဂျေဝဲသာဟတ်ဒ် တက္ကသိုလ်ပါမောက္ခနှင့် ဟားဗာ့ဒ်တက္ကသိုလ် မဟာဗျူဟာလေ့လာရေးနှင့်ဆိုင်သော ဂျုန်းအမ်အိုလင်းဌာန၏ ဒါရိုက်တာ တစ်ဦးဖြစ်သည်။ သူသည် ကိုလံဘီယာတက္ကသိုလ် နှင့် တွဲဖက်ဆောင်ရွက်ခဲ့သူ တစ်ဦးလည်းဖြစ်ပြီး သမ္မတအိမ်ဖြူတော်တွင် အမျိုးသားလုံခြုံရေး ကောင်စီအတွက် လုံခြုံရေးဆိုင်ရာ စီမံကိန်းရေးဆွဲခြင်းတွင် ဆက်စပ်ညှိနှိုင်းဆောင်ရွက်သူ (Coordinator) အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးပါသည်။ သူရေးသားခဲ့သော စာအုပ်များစွာတွင် “စစ်သားနှင့်နိုင်ငံတော်” ၊ “အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး သီအိုရီနှင့် နိုင်ငံရေး (၁၉၅၇)” နှင့် “တတိယလှိုင်း” ဟု အမည်ရသော “၂ဝ ရာစုနှောင်းပိုင်း ဒီမိုကရေစီ ဖြစ်ပေါ် တိုးတက်မှုဖြစ်စဉ်(၁၉၉၁)” တို့ ပါဝင်ပေသည်။

 

ရုရှားနိုင်ငံ လွှတ်တော်အဆောက်အဦး

ကျနော်တို့အားလုံး သိကြပြီးဖြစ်သည့်အတိုင်း ၂ဝရာစု၏ နောက်ဆုံးဆယ်စုနှစ်ခုတွင် အကြမ်းဖျဉ်းအားဖြင့် နိုင်ငံပေါင်း ၄ဝ ခန့်တွင် အာဏာရှင်စနစ်မှ ဒီမိုကရေစီနစ်သို့ ဖြစ်ပွားခဲ့သည့် ထူးထူးခြားခြား သတိပြုလောက်သော နိုင်ငံရေးဆိုင်ရာ တော်လှန်ရေးတရပ် ဖြစ်ပွားခဲ့ပါသည်။ လွန်ခဲ့သော အချိန်ကာလများမှ တည်ရှိလာခဲ့သော စစ်အစိုးရများ ကြီးကြီးမားမား ပြောင်းလဲခဲ့ကြသည်။ ထိုနိုင်ငံ ၄ဝ တွင် လက်တင်အမေရိကနှင့် အခြားနေရာများမှ စစ်အစိုးရများ ပါဝင်သည်။ ထိုအခြားနေရာများဟု ဆိုရာတွင် ကွန်မြူနစ်နိုင်ငံများမှ တပါတီစနစ်နှင့် အုပ်ချုပ်သောအစိုးရများ၊ ထိုင်ဝမ်မှ တပါတီအစိုးရနှင့် စပိန်၊ ဖိလစ်ပိုင်နှင့် ရိုမေးနီးယားနိုင်ငံတို့မှ ပုဂ္ဂိုလ်ရေးဆိုင်ရာ အာဏာရှင်စနစ်များ၊ တောင်အာဖရိကမှ မျိုးနွယ်ခွဲခြားအုပ်ချုပ်သည့် အာဏာရှင်အစိုးရများ ပါဝင်ပေသည်။

ဒီမိုကရေစီသို့ အသွင်ကူးပြောင်းမှုများသည်လည်း ကြီးကြီးမားမား ခြားနားမှု ရှိပေသည်။ များစွာသော စစ်အစိုးရများ အပါအဝင်ဖြစ်သည့် တချို့သော ကိစ္စများတွင် အာဏာရှင် အစိုးရများ အတွင်း၌ပင် ပြုပြင်ပြောင်းလဲရေးသမားများ အာဏာရလာကြပြီး အသွင်ကူးပြောင်းမှုကို ဖြစ်ပေါ်စေသည့် အစပြု ဆောင်ရွက်မှုများကို ပြုလုပ်ခဲ့ကြသည်။ တခြားသော ကိစ္စရပ်များတွင်မူ အသွင်ကူးပြောင်းမှုသည် အစိုးရနှင့် အတိုက်အခံ အုပ်စုများအကြား စေ့စပ်ဆွေးနွေးညှိနှိုင်းမှုများ၏ ရလာဒ်အဖြစ် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။ အာဏာရှင်များအား အပြီးတိုင် ဖြိုချဖျက်ဆီးလိုက်ရသော တချို့သော ကိစ္စရပ်များလည်း ရှိနေဆဲဖြစ်သည်။ ကိစ္စအနည်းငယ်တွင်မူ အမေရိကန်ပြည်ထောင်စု၏ ဝင်ရောက် စွက်ဖက်မှုက အာဏာရှင်စနစ်ကျဆုံးမှုနှင့် ၎င်း၏နေရာတွင် ရွေးကောက်ပွဲအပေါ် အခြေခံသော အစိုးရတရပ်ဖြင့် အစားထိုးမှုတို့အား ဆောင်ကျဉ်းလာနိုင်ခဲ့ပေသည်။

မည်သည့်အမျိုးအစားပင် ဖြစ်ပါစေ အာဏာရှင်အစိုးရ အားလုံးလိုလိုတွင် ဘုံတူညီချက် တစ်ခုရှိပေသည်။ ယင်းမှာ သူတို့၏ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးတွင် ပြုပြင်ဆောင်ရွက် စရာရှိသည်များ အလွန်အမင်း လိုအပ်နေခြင်းပင် ဖြစ်သည်။ ၎င်းတို့ အားလုံးလိုလို နီးပါးပင် ကျွန်ုပ်တခါ ခေါ်ဝေါ် ပြောဆိုသုံးစွဲခဲ့ဖူးသည့် ဓမ္မဓိဌာန်ကျသော အရပ်ဘက်ထိန်းချုပ်မှု (Objective Civilian Control) ဟု အဓိပ္ပါယ်ရသည့် ကမ္ဘာ့စက်မှု ဖွံ့ဖြိုးတိုးတက်ပြီးသော ဒီမိုကရေစီနိုင်ငံများတွင်ရှိသော အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးဆိုင်ရာ အခြေခံဂုဏ်အင် လက္ခဏာများ လျော့နည်းနေပေသည်။ ဤဓမ္မဓိဌာန် ကျသော အရပ်ဘက်ထိန်းချုပ်မှု (Objective Civilian Control) တွင် အောက်ပါအချက်များ ပါဝင်ပေသည် -

(၁) စစ်ဘက်ဆိုင်ရာ ပညာရှင်ပီသမှုဝါဒ (Military professionalism) အဆင့်မြင့်မြင့်ရှိခြင်း၊ သူတို့၏ ပညာရှင်ပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်မှု ကန့်သတ်ချက်များနှင့် အညီ စစ်ဘက်အရာရှိများ အသိအမှတ်ပြုခံရခြင်း။

(၂) နိုင်ငံခြားရေး၊ စစ်ဘက်ရေးရာတို့နှင့် ပတ်သက်၍ အခြေခံဆုံးဖြတ်ချက်များ ချမှတ်ပေးသော အရပ်ဘက်နိုင်ငံရေး ခေါင်းဆောင်များအပေါ်၌ စစ်ဘက်တို့မှ ထိရောက်သော နာခံမှုပေးခြင်း။

(၃) စစ်ဘက်တို့၏ ပညာရှင်ပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်မှုနှင့် ကိုယ်ပိုင်အုပ်ချုပ်ရေး ရှိမှုတို့အား အထက်ပါ ခေါင်းဆောင်မှုက အသိအမှတ်ပြု လက်ခံခြင်း။

(၄) အကျိုးဆက်အနေဖြင့် နိုင်ငံရေးတွင် စစ်ဘက်တို့၏ ဝင်ရောက်စွက်ဖက်မှုနှင့် စစ်ဘက်ရေးရာတွင် နိုင်ငံရေး၏ ဝင်ရောက်စွက်ဖက်မှု အနည်းဆုံး ဖြစ်စေခြင်းတို့ ပါဝင်ပေသည်။

အာဏာရှင်အစိုးရများ၏ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေုး ပုံစံများသည် တည်ရှိပြီးဖြစ်သော ပုံစံတစ်ခုမှ အပြောင်းအလဲဖြစ်နိုင်သော ဒီဂရီအတိုင်းအတာ တစ်ခုအတွင်း ပြောင်းလဲခဲ့သည်များတော့ ရှိပေသည်။ သို့သော်ငြားလည်း စစ်ဘက် အာဏာရှင်များတွင်မူ အရပ်ဘက်ထိန်းချုပ်မှု ဟူသည် လုံးဝမရှိခဲ့ပေ။ ထိုစစ်အာဏာရှင် အစိုးရများ၏ စစ်ဘက်ခေါင်း ဆေင်များနှင့် စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများသည် ပုံမှန်ဖြစ်သော စစ်ဘက်ဆိုင်ရာ ဖွဲ့စည်းလုပ်ဆောင်မှုလုပ်ငန်း ရည်မှန်းချက်များနှင့် အလွန်ဝေးကွာစွာ ဆက်စပ်နေသည့် ကျယ်ပြန့်သော လုပ်ငန်းဆောင်တာ အမျိုးမျိုးတွင် မကြာခဏပင် ဝင်ရောက်ဆောင်ရွက် နေပေသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ အာဏာရှင်စနစ်များတွင်မူ အုပ်ချုပ်သူသည် သူ့နှင့်နီးစပ် သော ရင်းနှီးကျွမ်းဝင်သူများနှင့် ကိုယ်စားလှယ်များ စစ်တပ်အတွင်း၌ စိမ့်ဝင်ပျံ့နှံ့စေ၍ ထိန်းချုပ်နိုင်ရန်၎င်း၊ အာဏာအား တင်းကျပ်စွာ ချုပ်ကိုင်ထားမည့် ယင်း၏ ရည်ရွယ်ချက်အား စစ်တပ်ကထောက်ကူ လုပ်ဆောင်မှုကို၎င်း အစရှိသည်တို့ကို သေချာစေရန်အတွက် အာ ဏာရှင်သည် ၎င်းလုပ်ဆောင်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ပေသည်။

တစ်ပါတီအုပ်ချုပ်သော နိုင်ငံများတွင်မူ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးသည် ယင်းကဲ့သို့ တူညီသော ဖရိုဖရဲဖြစ်မှုမျိုး အတော်အတန်မရှိပေ။ သို့သော် စစ်ဘက်ကို ပါတီ၏ ကိရိယာတန်ဆာပလာ တစ်ခုအဖြစ် ရှုမြင်ကြပြီး စစ်ဘက်အရာရှိများသည် ပါတီ၏ အဖွဲ့ဝင်များ ဖြစ်ကြသည်။ (ဆိုဗီယက်ယူနီယံအဟောင်း) အဟောင်းစစ်တပ်အတွင်းမှ နိုင်ငံရေးဆိုင်ရာ အရာရှိများနှင့် ပါတီကလာပ်စည်းများသည် စစ်တပ်၏ ဆင့်ကဲအမိန့်နာခံမှု ၊ လုပ်ထုံးလုပ်နည်း လုပ်ရိုးလုပ်စဉ်အတိုင်း အမိန့်နာခံမှုစနစ် အပြိုင်ရှိနေကြသည်။ ၄င်းတို့၏ အဆုံးစွန်သော သစ္စာရှိမှုသည် နိုင်ငံတော်ထက် ပါတီဆီသို့ ပို၍ဦးတည်ပေသည်။ ထိုကြောင့် ဒီမိုကရေစီ နိုင်ငံအသစ်များသည် အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးတွင် ပြုပြင်ပြောင်းလဲရန် အပြင်းအထန် လိုအပ်နေမှုအား ကြောက်လန့်စရာကောင်းသော စိန်ခေါ်မှုအနေဖြင့် ရင်ဆိုင်ရလျက် ရှိပေသည်။

သူတို့သည် သူတို့၏ အထွေထွေ အုပ်ချုပ်ပိုင်ခွင့်အာဏာအား ပြည်သူတို့နှင့် အတူတူ ထူထောင်ခဲ့ရသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို မူကြမ်းရေးဆွဲခဲ့ရသည်။ နိုင်ငံတော်က အလွန်အမင်း ချုပ်ကိုင်ထားသော အမိန့်ပေးဗဟိုချုပ်ကိုင် စီးပွားရေးစနစ်အား ချုပ်ချယ်ကန့်သတ်ထားမှုများ ဖြေလျော့လာစေခြင်း၊ ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်း၊ ဈေးကွက် စီးပွားရေးစနစ်ဖြစ်အောင် ပြုလုပ်ခြင်းများ ပြုလုပ်ခဲ့ရသည်။ ငွေကြေးဖောင်းပွမှုနှင့် အလုပ်လက်မဲ့ဖြစ်မှုများကို ထိန်းချုပ်ခြင်း၊ ငွေကြေး လိုငွေပြမှုအား လျှော့ချခြင်း၊ ရာဇဝတ်မှုနှင့် အကျင့်ပျက် ခြစားမှုများကို ကန့်သတ်ပစ်မှုတို့ကို ဆောင်ရွက်နေစဉ်အတွင်း စီးပွားရေး တိုးတက်မှု ရှိလာအောင် ဆောင်ရွက်ပေးခဲ့ရသည်။ ထို့အပြင် တိုင်းရင်းသား အင်အားစုများ အကြားနှင့် ဘာသာရေးအုပ်စုများအကြား တည်ရှိနေသော တင်းမာမှုနှင့် အကြမ်းဖက်မှုများကို ထိန်းချုပ်ခဲ့ရပေသည်။

ထို ဒီမိုကရေစီနိုင်ငံ အသစ်များသည် အဆိုပါ ပြဿနာများကို မည်မျှအထိ ကောင်းမွန်စွာ ကိုင်တွယ်ဆောင်ရွက်ခဲ့ ပါသလဲ။

အားလုံးကို ခြုံ၍ပြောရမည်ဆိုလျှင် ၄င်းတို့နှင့် ပတ် သက်သော မှတ်တမ်းများသည် မကောင်းတချက် ကောင်းတချက် ဖြစ်နေမည်ကို တွေ့ရမည်ဖြစ်ပေသည်။ ထိုကြောင့် ဒီမိုကရေစီအား စွမ်းရည်မထက်မြက်မှုနှင့် စည်းကမ်း မရှိမှုများအား မွေးထုတ်ပေးသည့်အရာအဖြစ် ဝေဖန်ခဲ့သည့် စင်္ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်ယူ၏ အထက်ပါပြုပြင် ပြောင်းလဲမှုများ အား ဆင်ခြေတက် ငြင်းချက်ထုတ်သည့် ဝေဖန်မှုလိုမျိုးအပေါ် ယုံကြည်လာစေမှုမျိုးကို ဖြစ်ပေါ်လာစေခဲ့သည်။ အဆိုပါ နိုင်ငံ များစွာတို့တွင်ပင် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ကျရှုံးခဲ့ရပေသည်။

စီးပွားရေး ပြုပြင်ပြောင်းလဲမှုများသည် ပိတ်ဆို့နှောင့်ယှက် ခံခဲ့ရပေသည်။ ထိုစီးပွားရေး ပြုပြင်ပြောင်းလဲမှုများအပေါ် ပြည်သူလူထု မကြိုက်ဘဲ ဖြစ်လာခဲ့ပေသည်။ ထိုစီးပွားရေး ပြုပြင်ပြောင်းလဲမှုများသည် အာဏာရှင်အစိုးရဟောင်း လက် ထက်က အခွင့်ထူးခံများကို ပြန်လည် အကျိုးရှိစေမည့် အနေအထားမျိုးအထိ လွှမ်းမိုးခံရပြန်လေသည်။ ရာဇဝတ်မှုနှင့် အကျင့်ပျက်ခြစားမှုများလည်း တိုးမြှင့်များပြားလာခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်မှ လူ့အခွင့်အရေးအတွက် အာမခံချက်များသည်လည်းး ပုံမှန်ဆိုသလိုပင် ပြန်လည်ချိုးဖေါက် ခံနေရပြန်ပါသည်။ သတင်းလွတ်လပ်ခွင့်များ သည်လည်း အထိန်းချုပ်ခံရ အနှောင့်အယှက်ပြု ခံနေရမြဲပင် ဖြစ်သည်။ နိုင်ငံရေးပါတီစနစ်များသည်လည်း ကွဲအက်လွယ်ကြပြီး ပုဂ္ဂိုလ်ရေး သဘောဆန်ကြသည်။ စွမ်းရည် ရှိသော အစိုးရများ ပေါ် ထွန်ရေးသော် လည်းကောင်း၊ တာဝန်ယူတတ်သော အတိုက်အခံများ ပေါ်ထွက်လာရေးသော်ကို လည်းကောင်း၊ မလုပ် ဆောင်နိုင်ကြပေ။

 

ရုရှားလွှတ်တော်အတွင်း အစည်းအဝေးကျင်းပနေပုံ

အာဏာရှင်စနစ်၏ ထိန်းချုပ်မှုအား ဖယ်ရှားလိုက်ခြင်းသည် အမျိုးတူအုပ်စုများ၏ အုပ်စုစိတ်ဓါတ်များကို အလွန်အမင်း မြင့်မားစေခဲ့ခြင်းနှင့်အတူ ၎င်းအုပ်စုအချင်းချင်းကြား ဖြစ်ပွားသော အကြမ်းဖက်မှုများ ဖြစ်ပွားစေခြင်းကို ခွင့်ပြုခဲ့ရုံသာမက ပိုမိုဖြစ်ပွားလာစေရန် သွေးထိုးလှုံ့ဆော်မှုဖြစ်အောင်ပင် ကူညီခဲ့ပေသည်။ တချို့သောနိုင်ငံများ၏ တချို့သော နေရာများ တွင် အောင်မြင်မှုအချို့ ရှိခဲ့ရုံမှတပါး ဒီမိုကရက်တစ် အစိုးရသစ် အားလုံးလိုလိုပင် အစိုးရကောင်းများ ဖြစ်ပေါ်လာအောင် မလုပ်ဆောင်နိုင်ခဲ့ကြပေ။

ထိုကဲ့သို့သော ဒီမိုကရက်တစ် စွမ်းဆောင်ရည်များ လျော့နည်းခြင်းသည် အာဏာရှင်စနစ်အား ပြန်လည်လွမ်းဆွတ် တမ်းတခြင်းအား ဖြစ်ပေါ်စေခဲ့ပေသည်။ အာဏာရှင်အုပ်ချုပ်မှု အောက်မှ လွတ်မြောက်လာခဲ့ကြသော ပြည်သူများသည် ၎င်းတို့အတွက် အခြေခံလိုအပ်ချက်များနှင့် တချို့သောအရာများ ကောင်းအောင် ထောက်ပံ့ပြုလုပ်ပေးခဲ့သော အာဏာ ရှင်များအား လွမ်းဆွတ်မှုများနှင့် သူတို့၏ တိုင်းပြည်အား ပြန်ကြည့်လာကြသည်။ ဤအာဏာရှင် အုပ်ချုပ်မှုစနစ်အား ပြန်သွားချင်သော ဆန္ဒများကို ၁၉၉၃ ခုနှစ်တွင် ရုရှားနိုင်ငံ၌ ပြုလုပ်သော လူထုသဘောထား ကောက်ခံပွဲများတွင် သိသာထင်ရှားစွာ တွေ့မြင်ရပေသည်။ ထိုလူထုသဘောထား ကောက်ခံပွဲများတွင် မော်စကိုနှင့် စိန့်ပီတာစဘတ်မြို့တွင် နေထိုင်သူ၏ ၂၇ ရာခိုင်နှုန်း မျှသော ပြည်သူလူထုကသာ ဒီမိုကရက်တစ်စနစ်အောက်တွင် သူတို့၏ဘဝများ ပိုကောင်းကြောင်း ပြောနေစဉ်တွင် ၃၉ ရာခိုင်နှုန်းသော နေထိုင် သူများက ကွန်မြူနစ်စနစ် အုပ်ချုပ်ရေးအောက်တွင် သူတို့၏ဘဝများ ပိုကောင်းကြောင်း သဘောထားပေးကြပေသည်။

ယင်းသည် ရုရှား၏ အကောင်းဆုံးမြို့ ၂၀ မြို့၏ သဘောထား ထင်မြင်ယူဆချက်များကို ဖေါ်ထုတ်ခဲ့သည်ဆိုပါက ယင်းကဲ့သို့ဖြစ်ခြင်းသည် တခြားသောနေရာများထက် ဒီမိုကရေစီ လိုလားကြိုက်နှစ်သက်မှု နည်းပါးသည်ဟူ၍တောင်မှ တစ်ဦးတစ်ယောက်က ခန့်မှန်းပြောဆို နိုင်ပေသည်။ သို့သော်ငြားလည်း သာမန်အတန်းအစားလောက်သာ ဆောင်ရွက်နိုင်မှု (သို့မဟုတ်) မအောင်မမြင်ဖြစ်သော ဤအထက်ပါ ယေဘူယျအခြေအနေတို့နှင့် ဆန့်ကျင်လျက် ဒီမိုကရက်တစ် နိုင်ငံအသစ်များတွင် အရပ်ဘက် - စစ်ဘက်ဆက်ဆံရေး အခြေ အနေများသည် ကြေနပ်ဘွယ်ကောင်းသော ဆန့်ကျင်ဘက် အကျိုးဆက်ရှိသည့် အခြေအနေများကို အလွယ်တကူတွေ့မြင်ရမည်ဖြစ်သည်။

အဓိက ခြားနားချက်များသည် တနိုင်ငံနှင့် တနိုင်ငံ သိသိသာသာပင် မတူညီကြပေ။ အတော်အတန်ကြီးမားသော ပြဿနာရပ်များသည် ဒီမိုကရက်တစ် အစိုးရသစ်များဆီသို့ ရင်ဆိုင်ဖြစ်ပေါ်စေလျက် ရှိနေဆဲပင်ဖြစ်သည်။ သို့သော်ငြားလည်း အားလုံး လွှမ်းခြုံပြီးကြည့်လျှင်မူ တိုးတက်မှုပေါင်းများစွာကို ပြုလုပ်နိုင်ခဲ့ကြပြီးလည်း ဖြစ်သည်။ အရပ်ဘက် - စစ်ဘက်ဆက်ဆံရေးနှင့် စစ်ဘက်အပေါ် အရပ်ဘက်၏ ထိန်းချုပ်နိုင်မှုသည် အာဏာရှင်အစိုးရ လက်ထက်တွင်ထက် ယခုကာလတွင် ပို၍ဆိုးရွားသော ဒီမိုကရက်တစ် နိုင်ငံ တခုခုရှိသည်ဟု စဉ်းစားရန်ခက်ခဲပေသည်။

အရပ်ဘက် - စစ်ဘက်ဆက်ဆံရေးသည် ဒီမိုကရေစီနိုင်ငံအသစ်များ အနေဖြင့် တခြား နယ်ပယ်များတွင် ခပ်မှုန်မှုန်မှိုင်းမှိုင်းသာ ဆောင်ရွက်နိုင်မှုများနှင့် နှိုင်းစာလျှင် အတော် အတန် ကောင်းမွန်စွာ ဆောင်ရွက်နိုင်သော ချွင်းချက်တခုအဖြစ် တည်ရှိနေပေသည်။ ဤနေရာတွင် ပြောရန်တခုရှိနေသည်မှာ နိုင်ငံရေးတွင် စစ်ဘက် သြဇာအာဏာများ ကျဆင်း သွားမှုနှင့် စစ်ဘက်တွင် နိုင်ငံရေး၏ ဝင်ရောက်စွက်ဖက်မှုများ လျော့နည်းသွားခြင်းတို့သည် နှေးလိုက်၊ ရပ်လိုက် ဖြစ်နေပေသည်။

သို့သော်ငြားလည်း ယင်းဖြစ်စဉ်သည် စက်မှုဖွံ့ဖြိုးပြီး နိုင်ငံများတွင် ရှိနေ သည့် တီထွင် ဆန်းသစ်သော စနစ် ရှိသည့် အရပ်ဘက် - စစ်ဘက် ဆက်ဆံရေးနှင့်တူသော တကယ့် တိုးတက်မှု အစစ်အမှန်ဆီသို့ ဦးတည်ရှေ့ရှုသွားနေပေသည်။ အတိုချုပ် အားဖြင့် ကျွန်ုပ်၏ ရှင်းလင်းတင်ပြမှုကို ၂ ပိုင်းခွဲ၍ တင်ပြလိုပေသည် -

(၁) ဒီမိုကရက်တစ်နိုင်ငံအသစ်များသည် အရပ်ဘက် - စစ်ဘက်ဆက်ဆံရေးပြဿနာကို တခြားသောအဓိက ပြဿနာများ ထက် အားလုံးခြုံ၍ ပြောရလျှင် ပို၍ကောင်းမွန်စွာ ဆောင်ရွက်နိုင်ခဲ့သည်။

(၂) ဒီမိုကရေစီနိုင်ငံအသစ်များတွင် အရပ်ဘက် - စစ်ဘက်ဆက်ဆံရေး၏ပုံစံသည် ယခင် ၎င်းတို့အစားထိုးခဲ့ရသည့် အာဏာရှင် စနစ်များတွင် ရှိသည့်ပုံစံများထက် ပို၍ကောင်း မွန်သော အနေအထားတွင် ရှိနေသည်ဟူ၍ပင် ဖြစ်သည်။ ဤ အဆိုပြု တင်ပြချက်၏ အမှန်တရားကို အရှေ့ဥရောပတွင် သက်သေအဖြစ် အထင်အရှား တွေ့ရမည်ဖြစ်သည်။ နှစ်အတော် များများ ကြာပြီးသောအခါ၌ ဆလိုဗေးနီးယား (Slovenia) မှ အဲတန်ဘဲလာ (Antolbeler) သည် အရှေ့ဥရောပ အရပ်ဘက် - စစ်ဘက် ဆက်ဆံရေး၏ အပါးနပ် အလိမ္မာဆုံး လေ့လာသူတဦး ဖြစ်လာခဲ့သည်။ သူ ၁၉၉၄ ခုနှစ်တွင် လေ့လာမှုပြုလုပ်ခဲ့ သည့် ၁၉၈၉ မှစ၍ ဤဆက်ဆံရေးမှ အပြောင်းအလဲများသည် “သမိုင်းတွင်သော ဖွံ့ဖြိုး တိုးတက်သည့်အပိုင်းများ” (The development of historic proportion) အဖြစ်သို့ တိုးတက်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ သူက ထိုဖွံ့ဖြိုးတိုးတက်မှုများကို အဓိကပါဝင်သည့် အပိုင်း (၁၁) ခုဖြင့် တင်ပြခဲ့သည်။ ၎င်းတို့မှာ -

(၁) ကာကွယ်ရေးပိုင်းဆိုင်ရာမူဝါဒများတွင် တိုးတက်လာသော ပွင့်လင်းမြင်သာ မှုရှိလာခြင်းနှင့် ထိုမူဝါဒရေးရာများတွင် ပါလီမန်နှင့် လူထုထင်မြင်ယူဆချက်များ ပို၍ကြီးမားသော အခန်းကဏ္ဍများရှိလာခြင်း။

(၂) ကာကွယ်ရေးဝန်ကြီးဌာနတွင် အရပ်ဘက်လွှမ်းမိုးကြီးကြပ်မှု ရှိလာခြင်း။

(၃) လက်နက်ကိုင်တပ်ဖွဲ့များတွင် ထိပ်ပိုင်းအရာရှိများအတွင်း၌ သဘောထား တင်းမာသူများအား အပြောင်းအလဲပြုလုပ်ခဲ့ခြင်း။

(၄) မော်စကိုထံမှ အမျိုးသားလွတ်မြောက်မှုများရလာခြင်းနှင့် အကျိုးဆက်ဖြစ်သော လုံခြုံရေးဆိုင်ရာ မူဝါဒအသစ်များ ရှိလာခြင်း။

(၅) လက်နက်ကိုင်တပ်ဖွဲ့များအား တစ်စိတ်တစ်ပိုင်းအားဖြင့် တာဝန်ပြင်ဆင် ပြောင်းလဲခန့်ထားခြင်းနှင့် တပ်ဖွဲ့များ၏ ပုံပန်းသဏ္ဍန်များအား အပြောင်းအလဲပြုလုပ်ခဲ့ခြင်း။

(၆) စစ်ဘက်ဆိုင်ရာ ဖွဲ့စည်းထူထောင်မှုများအတွင်း ပါဝင်မှုကိုလမ်းဖွင့်ပေးထားသော စီမံခန့်ခွဲအုပ်ချုပ်ရေးပုံစံအပေါ်၌ ကြီးမားသောအလေးအနက်ပြုမှုရှိလာခြင်း။

(၇) လက်နက်ကိုင်တပ်ဖွဲ့များ၏ နိုင်ငံရေးအရ ဘက်မလိုက်ကြားနေမှုရှိလာခြင်း။

(၈) စစ်ဘက်တို့၏ ပြည်တွင်းရေးရာ လုံခြုံမှုဘက်ဆိုင်ရာ အခန်းကဏ္ဍ ပြတ်တောင်း ပြတ်တောင်း ဖြစ်လာခြင်း။

(၉) အယူဝါဒရေးရာအရ ဗဟုဝုစ်(အများ)သဘောဆောင်လာခြင်း။

(၁ဝ) ဘာသာရေးဘက်ဆိုင်ရာ ယုံကြည်မှုအားဆန့်ကျင်သည့် အတင်းအကျပ်ပြုလုပ်သော ခွဲခြားဆက်ဆံမှုများအား ဖျက်သိမ်းခြင်း။

(၁၁) တာဝန်သိတတ်သော ကန့်ကွက်မှုများကြောင့် ရာဇဝတ်မှု လျော့နည်းလာခြင်းတို့ ဖြစ်ပေသည်။

အရှေ့ဥရောပနိုင်ငံများနှင့် နှိုင်းယှဉ်ပြောကြားနိုင်လောက်သော အပြောင်း အလဲများ တောင်ဥရောပ၊ လက်တင်အမေရိက၊ အရှေ့ဥရောပနှင့် အခြားသောနေရာများမှ ဒီမိုကရေစီနိုင်ငံအသစ်များတွင်လည်း ဖြစ်ပျက်ခဲ့ပြီးဖြစ်သည်။ ဒီမိုကရက်တစ်အစိုးရ အသစ်များသည် စစ်ဘက်ထိပ်ပိုင်း ခေါင်းဆောင်အားလုံးနီးပါးကို ဘုတ်အဖွဲ့များမှတဆင့် ဖယ်ရှား သန့်စင်ခဲ့ပြီးလည်း ဖြစ်သည်။ နိုင်ငံရေးအရပါဝင်မှုအပေါ် ကန့်သတ်ချက်များနှင့် အခြားသော ကန့်သတ်ချက်များတို့ကို စစ်ဘက်တို့အပေါ်၌ ပြုလုပ်ခဲ့ပြီးလည်းဖြစ်သည်။ စစ်ဘက်တို့အပေါ်၌ ထိန်းချုပ်မှုများကို ကျင့်သုံးလုပ်ဆောင်သည့် ဗဟိုဝန်ထမ်းများနှင့် ကာကွယ်ရေးဝန်ကြီးဌာန ဖွဲ့စည်းဖြစ်ပေါ်မှုနှင့်အတူ ဖွဲ့စည်းပုံဆိုင်ရာ ဆက်ဆံရေးပုံစံ များကိုလည်း ပြန်လည်ဖွဲ့စည်း ဖြစ်ပေါ်စေခဲ့ပြီးလည်း ဖြစ်သည်။

ကာကွယ်ရေးဝန်ကြီးဌာနကို နေရာ တိုင်းတွင် အရပ်ဘက်က ထိန်းချုပ် ကွပ်ကဲနေသည်တော့ မဟုတ်ပါ။

ရုရှားနှင့် အခြား အရေးကြီးသော နေရာများတွင် ခြွင်းချက်အဖြစ် ယခင် အတိုင်း ဆက်လက် တည်ရှိနေသေးသော်လည်း လားရာများ၏ ဦးတည်ချက်မှာ ဤအရပ်ဘက် ထိန်းချုပ်မှုဆီသို့ဆိုသည့် လားရာကိုပင် ဦးတည်နေပေသည်။ ပေါ်တူဂီမှ တော် လှန်ရေး ကောင်စီကဲ့သို့သော နိုင်ငံရေးအာဏာကျင့်သုံးသည့် အထူးစစ်ဘက် အဖွဲ့များကို ဖျက်သိမ်းခဲ့ပြီးလည်း ဖြစ်သည်။ တူရကီနှင့် ပေါ်တူဂီမှ သမ္မတရာထူးကဲ့သို့သော အဆင့် မြင့်နိုင်ငံရေး ရာထူးနေရာများတွင် အရပ်သားများက စစ်ဘက်အရာရှိများ၏ နေရာများတွင် အစားထိုးဝင်ရောက် နေရာယူခဲ့ပြီးလည်း ဖြစ်သည်။ အားလုံးကိုခြုံ၍ဆိုရလျှင် တစ်စုံ တစ်ယောက်က သာမန် အားဖြင့် နိုင်ငံရေးနှင့် ပတ်သက်သည်ဟု ထင်မြင်ယူဆရသည့် ရာထူးနေရာများတွင် တာဝန်ထမ်းဆောင်သော စစ်ဘက် အရာရှိများ၏ အရေအတွက် ပို၍နည်းပါးလာနေခြင်းပင် ဖြစ်သည်။ ကွန်မြူနစ်ခေတ်လွန်နိုင်ငံများတွင် စစ်ဘက်တို့အပေါ် ကွန်မြူနစ်ပါတီ၏ ထိန်းချုပ်မှုများ ပြီးဆုံးသွားခဲ့ပြီး စစ်တပ်အား နိုင်ငံရေးဆန်စေမှု လျော့နည်းသွားစေသည့် အဓိက လုပ် ဆောင်မှုများကိုလည်း ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

ပေါ်တူဂီ ပါလီမန် အဆောက်အဦး

ဤတိုးတက်မှုများနှင့်အတူ ဒီမိုကရက်တစ်နိုင်ငံအသစ် အများစုတွင် စစ်တပ်အား စစ်ဘက်နှင့်ပတ်သက်သည့် ရည်မှန်းချက်၊ ဖွဲ့စည်းလုပ်ဆောင်မှုနှင့် လုပ်ငန်းများ (Mission) ဆီသို့ ဦးတည်ဆောင်ရွက်ရန်နှင့် စစ်ဘက်လုပ်ငန်းဆောင်တာများ ဖြစ် သည်ဟု တင်းတင်းကျပ်ကျပ် မသတ်မှတ်ထားသော လုပ်ငန်းနယ်ပယ်များတွင် စစ်ဘက်တို့၏ ကျယ်ပြန့်စွာ ပါဝင် နေမှုများမှ စစ်တပ်အား ထွက်သွားစေရန်တို့အတွက် ကြိုးပမ်းအားထုတ်မှုများ လုပ်ဆောင်ခဲ့ပြီးလည်း ဖြစ်သည်။ ဤစစ်ဘက် လုပ်ငန်း ဆောင်တာများ ဖြစ်သည်ဟု တင်းတင်း ကျပ်ကျပ် မသတ်မှတ်ထားသော လုပ်ငန်းနယ်ပယ်များတွင် လွန်ခဲ့သော ဆယ်စု နှစ်ခုက အဲလ်ဖရက်စတီဗင် (Alfred Stephan) က လက်တင်အမေရိကမှ စစ်ဘက်ဆိုင်ရာ ပညာရှင်ဝါဒအသစ်အဖြစ် ညွှန်း ဆိုသော လှုပ်ရှားမှုများပါဝင်ပြီး ဤလှုပ်ရှားမှုများတွင် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို စစ်ဘက်တို့က မြှင့်တင် ခြင်းနှင့် စစ်ဘက်တို့က ပြည်တွင်းလုံခြုံရေးအပေါ် အာရုံစိုက် လုပ်ဆောင်ခြင်းတို့ ပါဝင်ပေသည်။ လက်တင်အမေရိကနှင့် အခြားသောနေရာများတွင် စစ်ဘက်တို့သည် အလွန်တရာ အရေးကြီးသော စီးပွားရေးဆိုင်ရာ လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ခဲ့သည်။ အမျိုးသားကာကွယ်ရေးနှင့် မသက်ဆိုင်သော အတော်အတန် ကြီးမားသော စက်ရုံ အလုပ်ရုံ၊ စက်မှု လုပ်ငန်း များကိုလည်း လည်ပတ် ဆောင်ရွက်ခဲ့သည်။

ဤစစ်ဘက်နယ်လွန် လုပ်ငန်းဆောင်တာများကို အလုံးစုံ မဖျက်သိမ်းရသေးပေ။ သို့သော်လည်း နိုင်ငံပေါင်းများစွာတို့တွင်မူ စစ်တပ်မှ လည်ပတ်သော လုပ်ငန်းဆောင်တာများကို အစိုးရက ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်း (Privatization) များ အကြီးအကျယ် ပြုလုပ်ခြင်းဖြင့် ဖြတ်တောက် လျှော့ချခဲ့ပြီးလည်း ဖြစ်သည်။ အာဂျင်တီးနားအစိုးရသည် ဤလုပ်ဆောင်မှု နယ်ပယ်တွင် အမှန်ပင် တက်တက်ကြွကြွ ရှိပေသည်။ ဖြစ်ရပ်များ အားလုံးနီးပါး လိုလိုမှာပင် ဒီမိုကရက်တစ် အစိုးရအသစ်များမှ လက်နက်ကိုင် တပ်ဖွဲ့များကို အရွယ်အစားအရ လျှော့ချခဲ့ကြပြီးလည်း ဖြစ်သည်။ ယင်းလုပ်ရပ်သည် အခြေအနေအားလုံး လိုလိုအတွက် အမြော်အမြင် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ယင်းကဲ့သို့ဖြစ်လာခြင်းသည် အရပ်သား ထိန်းချုပ်နိုင်မှု ပုံစံအား အသေအချာ ပြသနိုင်မှု တစ်ခုပင်ဖြစ်သည်။

ယေဘူယျအားဖြင့်ဆိုရလျှင် ဒီမိုကရက်တစ် အစိုးရအသစ်များအတွင်းမှ အလေးထား ဆောင်ရွက်မှုများတွင် စစ်ဘက်ဆိုင်ရာ ပညာရှင်ပီသမှု ဝါဒအား အလေးအနက်ပြု လုပ် ဆောင်ရန်အတွက် စစ်ဘက်ဆိုင်ရာ သင်တန်းကျောင်းများ၊ ဗိုလ်လောင်း သင်တန်းကျောင်းများမှ သင်ရိုးညွှန်းတမ်းများအား ပြန်လည်သုံးသပ်ခြင်းနှင့် မူဝါဒ အသစ်များကို ပြန် လည်ရေးသားခြင်းတို့ကို လုပ်ဆောင်ခဲ့ပြီးလည်း ဖြစ်သည်။ အစိုးရ အသစ်များသည် သူတို့၏ လက်နက်ကိုင် တပ်ဖွဲ့အသစ်များ အတွက် ပို၍ခေတ်မှီသော အသုံးအဆောင် ပစ္စည်း များအကြောင်းကိုလည်း ဖြစ်နိုင်သမျှ လေ့လာဆည်းပူး ခဲ့ရပေသည်။ ယင်းမှာ ၎င်းတို့ လက်နက်ကိုင်တပ်ဖွဲ့များ နိုင်ငံတကာအဆင့်မီ စွမ်းဆောင်ရည် ပြည့်ဝသောတပ်ဖွဲ့များ ဖြစ်လာစေရေးအတွက် ဖြစ်ပေသည်။ ဤကဲ့သို့သော လှုပ်ရှား ဆောင်ရွက်မှုများသည် စစ်ဘက်ဆိုင်ရာ ပညာရှင်ပီသမှု ဝါဒအား တိုးတက်စေခြင်းနှင့် လူ့အဖွဲ့အစည်းအတွင်းတွင် လှုပ်ရှားလုပ်ဆောင်ခဲ့သော စစ်ဘက်တို့၏ အခန်းကဏ္ဍများအား လျှော့ချခြင်းတို့ကို ဦးတည်သည့် ကျယ်ပြန့်သော လမ်းကြောင်းအား အမှတ်အသား ပြုခဲ့ခြင်းဖြစ်ပေသည်။

အောင်မြင်မှုအတွက် အကြောင်းအရင်းခံများ

ဒီမိုကရေစီ နိုင်ငံအသစ်များသည် သူတို့၏ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး ပြန်လည်ဖွဲ့စည်း တည်ဆောက်ခြင်းတွင် မည်သည့်အတွက်ကြောင့် ဤမျှလောက်အထိ အောင်မြင်မှု ရခဲ့ပါသလဲ။ ပထမဦးစွာအားဖြင့် တင်ပြရလျှင် ကမ္ဘာတဝှမ်းမှ စစ်တပ်များက စစ်ဘက်ပညာရှင်ပီသမှု ဝါဒနှင့် အရပ်ဘက် ထိန်းချုပ်မှုဆိုင်ရာ နှုန်းစံများအား အကျယ်ပြန့် လက်ခံ လာခြင်းနှင့် ပျံ့နှံ့လာခြင်းတို့ကြောင့် ဖြစ်သည်ဟု ဆိုနိုင်ပေသည်။ လက်တင်အမေရိကမှ စစ်ဘက်အရာရှိများ စစ်အာဏာသိမ်းရန် ကြိုးစားးခဲ့ခြင်း (သို့မဟုတ်) ၎င်းတို့၏ ညှင်းပန်း နှိပ်စက်သူများအဖြစ် ဖုံးအုပ်ထားသော မျက်နှာဖုံးများ ကွာကျသွားခြင်းတို့ ဖြစ်ပျက်ခဲ့သော အတိတ်ကာလကိစ္စများတွင် လွတ်လပ်သော အမေရိကန်လွှတ်တော် အမတ်များနှင့် သတင်းထောက်တို့က ထိုစစ်ဘက်အရာရှိများ၏ ပြုမူမှုများသည် အမေရိကန် စစ်သင်တန်းကျောင်းများမှ ရရှိခဲ့သော ပညာများ၏ အကျိုးဆက်ကြောင့် ဖြစ်သည်ဟု ချက်ချင်းပင် အထောက်အထားပြု ညွှန်းဆိုပြောကြားခဲ့ပေသည်။

အမေရိကန် စစ်ဘက်အရာရှိများက ၎င်းတို့နှင့် အဆင့်တူ လက်တင်အမေရိက စစ်ဘက်အရာရှိများကို အာဏာသိမ်းမှု တစ်ခုအား မည်သို့ စည်းရုံးလုပ်ဆောင်ရမည်ကိုလည်း ကောင်း၊ အကျဉ်းသားများအား မည်သို့ ညှင်းပန်း နှိပ်စက်ရမည်ကိုသော်လည်းကောင်း သင်ကြားပေးခဲ့သည်ဆိုသည်မှာ အလွန်ပင်ဖြစ်နိုင်ဘွယ် မရှိပေ။ အမှန်အားဖြင့်ဆိုလျှင် အမေရိကန်စစ်ဘက်နှင့် ၎င်းတို့၏ စစ်သင်တန်းကျောင်းများမှ သင်တန်းများအား ထိတွေ့ဖေါ်ထုတ်ခြင်းသည် အခြားနေရာများမှ စစ်ဘက်အရာရှိများက လွတ်လပ်သော ဒီမိုကရက်တစ်စံများ စစ်ဘက်ပညာရှင်ပီသမှု ဝါဒနှင့် အရပ်ဘက်ထိန်းချုပ်မှုအား လက်ခံလာခြင်း၊ ပို၍ အပြန့်ကျယ်လာစေခြင်း၏ အကြောင်းတရား ဖြစ်လာခဲ့ပေသည်။

ဘာဘေရီးရား (Bavaria) ရှိ ဂျော့ဆီမာရှယ် (Gorge C.Marshall ) စင်တာသည် ဆိုဗီယက်လွန် ကမ္ဘာအတွင်းသို့ အားထုတ်မှု များ၏ အရေးကြီးသော တိုးချဲ့မှုတစ်ခုအဖြစ် ကိုယ်စားပြုပေသည်။ ဒုတိယ တစ်ချက်အနေဖြင့် ဓမ္မဒိဌာန်ကျသော အရပ် ဘက်ထိန်းချုပ်မှု (Objective Civilian Control) ဆီသို့ ဦးတည်လှုပ်ရှားဆောင်ရွက်မှုများသည် စစ်ဘက် နှင့် အရပ်ဘက် ခေါင်းဆောင် နှစ်ခုစလုံး၏ အကျိုးအား ဖြစ်ထွန်းစေခဲ့ပါသည်။ စစ်ဘက် အရာရှိများသည် ၎င်းတို့နိုင်ငံအသီးသီးသို့ ထိပ် တိုက်ရင်ဆိုင်မှု ပြုနေသည့် ခက်ခဲ၍ လက်ဝင်သော စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးဆိုင်ရာ ပြဿနာများအတွက် လွယ်ကူ သော အဖြေများမရှိ ဆိုသည်ကို လေ့လာသဘောပေါက်ခဲ့ကြပြီး ဖြစ်သည်။

ထို့အပြင် စစ်ဘက်တို့က နိုင်ငံရေးတွင် ရေရှည်ပါဝင်မှုများကလည်း စစ်တပ်တစ်ခု၏ တစည်းတလုံးတည်းရှိမှု၊ စွမ်းဆောင် ရည်ထက်မြက်မှု၊ စည်းကမ်းတကျရှိမှုများအပေါ် ဒုက္ခ ရောက်စေသော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေခဲ့ပြီးဖြစ်သည် ဟုလည်း လေ့လာသင်ယူနိုင်ခဲ့ပြီး ဖြစ်သည်။ လက်တင်အမေရိကမှ စစ်အစိုးရတော်တော်များများ ၎င်းတို့၏ စိတ်ဆန္ဒအလို အရပင် အာဏာစွန့်လွှတ်ခဲ့ကြသည့် အကြောင်းအရင်းများ အနက် တစ်ခုဖြစ်စေခဲ့သည့် “စစ်တပ်သည် စစ်တပ်အတွက် အစိုးရကဲ့သို့သော အဖွဲ့အစည်း တစ်ရပ်ပင် ဖြစ်သည်” ဟူသော စတီပဲန်၏ စကားလုံးအရ စစ်တပ်တို့သည် အာဏာကို အနစ်နာခံ စွန့်လွှတ်ခဲ့ကြပေသည်။

တခြားတဖက်တွင်လည်း ရွေးချယ်တင်မြှောက်ခံရသော နိုင်ငံရေးခေါင်းဆောင်များသည် စစ်တပ်နှင့် နိုင်ငံရေးကစားခြင်း အား အသွားနှစ်ဖက်ပါသော ဓါးဖြင့် ကစားခြင်းဟု လည်းကောင်း၊ စစ်တပ်အား နိုင်ငံရေးအရ ကြားနေသည့် ပညာရှင်ပီသ သော ဖွဲ့စည်းထူထောင်မှုသည်သာ သူတို့အားလုံး၏ အကျိုးစီးပွားနှင့် တထပ်တည်း ကျကြောင်းကို၎င်း အသိအမှတ်ပြုလာကြ သည်။ အကျိုးဆက်အနေဖြင့် အရပ်ဘက် - စစ်ဘက်ဆက်ဆံရေး၏ တိုးတက်မှုများအား အတိုက်အခံပြုမှုများသည် နိုင်ငံရေး တိုက်ပွဲ၏ မျဉ်းကြောင်းများ ပေါ်မှ မကျေမနပ်ဖြစ်နေသော အလယ်အလတ်အဆင့် စစ်ဘက် အရာရှိများနှင့် အလွန်အကျွံ အမျိုးသားရေးဝါဒီ နိုင်ငံရေးသမားများဆီသို့ ဦးတည်၍ အကန့်အသတ် ဖြစ်လာ ခဲ့ပါသည်။

သမ္မတနယ်ဆင်မန်ဒဲလား

တတိယတစ်ချက်မှာ အရပ်ဘက် - စစ်ဘက်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများသည် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများနှင့်မတူဘဲ လူ့အဖွဲ့အစည်းအပေါ်၌ ကုန်ကျစရိတ်အနည်းငယ် ကိုသာ ဖြစ်ပေါ်စေခဲ့ပြီး ကျယ်ပြန့်သော အကျိုးအမြတ်များကို ထုတ်လုပ် ပေးပေသည်။ ၎င်းတို့မှာ စစ်ဘက်ဝန်ဆောင်မှုများအား လျှော့ချခြင်း၊ စစ်ဘက်ဆိုင်ရာ သုံးစွဲမှုများအား ဖြတ်တောက်ခြင်း၊ စစ်ဘက်တို့၏ လူ့အခွင့်အရေး ချိုးဖေါက်မှုများအား ထိန်းချုပ်လာနိုင်ခြင်း၊ စစ်ဘက်တို့ လည်ပတ်နေသော စီးပွားရေး လုပ်ငန်းများအား ပုဂ္ဂလိကလက်ထဲသို့ လွှဲပြောင်းပေးခြင်းတို့ ဖြစ်ပေသည်။

ဤဆောင်ရွက်မှုများသည် အထင်အရှားပင် လူကြိုက်များခဲ့ပြီး စစ်တပ်အပြင်ဘက်မှ အုပ်စုများ၏ အတိုက်အခံပြုမှုများ မရှိသလောက် နီးနီးပင်ဖြစ်ခဲ့ပေသည်။ ဒီမိုကရေစီနိုင်ငံ အသစ်များ၏ အရပ်ဘက် - စစ်ဘက်ဆက်ဆံရေးတွင် သိသိသာသာ အောင်မြင်မှုများက အချို့သောနိုင်ငံများတွင် အဓိကကျသော အရပ်ဘက် - စစ်ဘက်ဆက်ဆံရေး ပြဿနာများ မရှိ ဟူ၍တော့ ဆိုလိုရာ မရောက်ပေ။ အလွန် အရေးမကြီးသော်လည်း အတိုင်းအတာတစ်ရပ်အထိ အရေးကြီးနေသေးဆဲ ဖြစ်သော ပြဿနာရပ်များ နိုင်ငံ များစွာတွင် ရှိနေဆဲဖြစ်သည်။ အတိအကျအားဖြင့် ပြောရလျှင် နိုင်ငံနှစ်ခုသည် ထူးခြား သော ပြဿနာရပ်များကို ရင်ဆိုင်နေကြရသည်။

တောင်အာဖရိက (South Africa) အာဖရိကအမျိုးသားကွန်ဂယက်တပ်ဖွဲ့ (African National Congress’s Force)၊ အမ်ကိုနိုဆစ်ဝီ (Umkhonto we Sizew - MK) တို့၏ ပြောက်ကျား တပ်ဖွဲ့များနှင့် အာဖရိကန်နာ အရာရှိတပ်ဖွဲ့များ အများအပြားပါရှိ၍ အသားအရောင် ခွဲခြားမှု အစဉ်အလာရှိသော တပ်ဖွဲ့တစ်ခုဖြစ်သည့် တောင်အာဖရိက ကာကွယ်ရေးတပ်ဖွဲ့ များကို ပေါင်းစည်းပေးရန် ရုန်းကန်ရင်ဆိုင် လုပ်ဆောင်နေရပေသည်။ သမ္မတနယ်ဆင်မန်ဒဲလား အစိုးရသည် ယာယီသာဖြစ်ဖွယ်ရှိသည်ဟု ယူဆရသော အတော်အတန်ကြီးမြင့် သည့် စစ်အသုံးစရိတ် တိုးမြှင့်မှုတစ်ခုကို ဖြစ်ပေါ်စေခဲ့သည့် အားထုတ်မှုများကို ထိုပေါင်းစည်းရေးအတွက် လုပ်ဆောင်ခဲ့ရပေသည်။

အမ်ကိုနိုဆစ်ဝီ (MK) မှ အရာရှိများအပိုင်းတွင် ထိုပေါင်းစည်းရေးသည် ရှေ့သို့ ကောင်းစွာ ဦးတည်ဖြစ်ပေါ် တိုးတက်ခဲ့ပုံတော့ ပေါ်ခဲ့ပါသည်။ သို့သော် အရာရှိမဟုတ်သည့် အောက်ခြေ ပြောက်ကျား စစ်သည်များမှာမူ သမ္မတ မန်ဒဲလား၏ ဌာနချုပ်ဆီသို့ ချီတက်ဆန္ဒပြပွဲများ၊ တပ်တွင်းပုန်ကန်မှုအငယ်စားများ၊ တပ်မှခွင့်မဲ့ပျက်ကွက် အမြောက်အမြား ဖြစ်ပျက်မှုများ စသည်တို့ကို ဖြစ်ပေါ်စေခဲ့ပေသည်။ စစ်တပ်မှ ရာဇဝတ်မှု ကျူးလွန်သူများကို သည်းခံခွင့်လွှတ်လိမ့်မည် မဟုတ်ဟူသော သမ္မတ မန်ဒဲလား၏ သတိပေးမှုများလည်း ထွက်ပေါ်ခဲ့ပြီး အမြဲတန်း တပ်ဖွဲ့များအတွက် လိုအပ်သော စစ်စည်းကမ်းတို့ကို လိုက်နာရန် ဆန္ဒမရှိသော ယခင်ပြောက်ကျားအဟောင်းများကိုလည်း စစ်တပ်မှ နှုတ်ထွက်ခွင့် ပြုမည်ဖြစ်ကြောင်းကိုလည်း သမ္မတမှ ခွင့်ပြုကြောင်း ပြောကြားခဲ့ပေသည်။

တောင်အာဖရိကတွင် အဓိကပြဿနာမှာ စစ်တပ်များ၏ ပေါင်းစည်းခြင်း (Integration) ဖြစ်ပြီး ရုရှား၏ အဓိကပြဿနာမှာ ပြိုကွဲခြင်း (disintegration) ဖြစ်ပေသည်။ ဘင်ဂျမင် လက်မဲဘက်သက် (Benjamn) ထောက်ပြခဲ့သည့် အတိုင်းဆိုရလျှင် တခြားသော ခေတ်ပြိုင် စစ်ဘက်ထူထောင်မှုများနှင့် မတူဘဲ ရုရှားမှ စစ်တပ်သည် လူအင်အား၊ ငွေကြေးနှင့် ရည်မှန်းချက်တို့ကို ဆုံးရှူံးခဲ့ရုံသာမက စစ်ပွဲ၊ မဟာမိတ် ဖွဲ့စည်းထားမှုတစ်ခုနှင့် ရည်မှန်းချက်တို့ကိုလည်း ဆုံးရှူံးခဲ့ရပေသည်။ အကျိုးဆက်မှာ စစ်တပ်အား အလွန်အမင်း စည်းလုံး ညီညွတ်မှု လျော့နည်းစေခဲ့ပြီး စိတ်ဓါတ်ရေးရာ အကြီးအကျယ် ထိခိုက်ကျဆင်း စေခဲ့သည်။ ယင်းကဲ့သို့ ဖြစ်သွားခြင်းသည် စစ်ပွဲတစ်ပွဲအား ဆင်နွှဲနိုင်သော စွမ်းဆောင်ရည်များ အားနည်းသွားအောင်သော်၎င်း၊ အာဏာသိမ်းမှုတစ်ခုကိုပင် မပြုလုပ်နိုင်တော့သည့် မိမိစစ်တပ်ကိုပင် မိမိခွဲခြမ်းပစ်လိုက်သည့် စစ်တပ်တစ်ခုမျိုး အဖြစ်ကိုသော်၎င်း ဖြစ်သွားစေ ခဲ့ပေသည်။

ရုရှားလက်နက်ကိုင် တပ်ဖွဲ့များသည် နိုင်ငံရေးသဘောဆောင်မှုများကို အသေအချာပင် ပြုလုပ်ခံခဲ့ရပုံပေါ်ပြီး ပုဂ္ဂိုလ်ရေးရာ အုပ်စုဖွဲ့မှုများအတွင်းသို့ ခွဲခြားပစ်ခြင်းလည်း ခံခဲ့ရ ပေသည်။ ရံပုံငွေလျော့နည်းမှုကို ကာမိစေရန်အတွက် စစ်သားများသည် စီးပွားရေးလုပ်ငန်းများနှင့် စစ်သုံးပစ္စည်းများ ရောင်းချသည့် လုပ်ငန်းများအား အလွန်ပင် ပြောင်းလဲ လုပ် ဆောင်ခဲ့ရပေသည်။ သူတို့သည် သမ္မတ ဘောလ်ရစ်ယယ်လ်ဆင်နှင့် ကာကွယ်ရေးဝန်ကြီး ပါဗယ်ဂရာ့ချက်ဗ် နှစ်ဦးစလုံးအပေါ်တွင် အလွန်ပင် အထင်အမြင်သေးကြပြီး သူတို့အား ခေါင်းဆောင်မှုနှင့် စည်းကမ်းပေးနိုင်မည့် ခေါင်းဆောင်သစ် ပေါ်ထွက်လာမှုကို စောင့်မျှော်နေခဲ့ကြသည်။

ထိုခေါင်းဆောင်သည် အရပ်သားဖြစ်ကောင်း ဖြစ်နိုင်သည်။ သို့သော် ထိုအရပ်သား ခေါင်းဆောင်သည် ဗိုလ်ချုပ် အလက်ဇန္ဒားလက်ဘက် အကြံပေးသည့်အတိုင်း ပြောရမည် ဆိုလျှင် ရာထူးမှ အနားယူကာစ မိမိအမည်ကို ယင်းအရပ်သား ရာထူးအတွက် မိမိကိုယ်တိုင် စာရင်းပေးသွင်းထားသော ချီလီမှ အော်ဂတ်စ်တိုပီနိုချေးလို ဗိုလ်ချုပ်မျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော်ငြားလည်း ပုံစံအမျိုးမျိုးဖြင့် အရပ်သားသြဇာအာဏာ ကျယ်ပြန့်လာနေသည့် တချိန်တည်းမှာပင် စစ်ဘက်၏ နိုင်ငံရေးသဘောဆောင်စွာ ပြုလုပ်နေမှုများလည်း အတူတွဲ၍ ပါရှိလာခဲ့သည်။

Last Updated ( Thursday, 06 October 2011 17:04 )  

နောက်ဆုံးရသတင်းများ