ရုရှားနှင့်အမေရိကန် နှစ်နိုင်ငံစလုံးရှိ အရပ်ဘက်နှင့် စစ်ဘက်ခေါင်းဆောင်များကို စိန်ခေါ်နေသော အရာမှာ စစ်အေးလွန်ကမ္ဘာ၏ ပြောင်းလဲနေသော နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ၍ လိုလားအပ်သော အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးပုံစံအား အထောက်အကူပြုသော စစ်ဘက်ဆိုင်ရာလုပ်ငန်း မစ်ရှင်အသစ်အား ရှာဖွေရန်ပင်ဖြစ်သည်၊ စစ်အေးလွန်ကမ္ဘာ၏ နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ ပတ်ဝန်းကျင် အခြေအနေသည် မရေမရာ ဖြစ်နေသောကြောင့် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးသည်လည်း မရေမရာ ပုံစံနှင့်ပင် သွားနေပေသည်၊ ဤကဲ့သို့သော အခြေအနေအောက်တွင် မူဝါဒရေးရာ ရွေးချယ်မှုနှင့် ပတ်သက်သော စိတ်ကူးစိတ်သန်းများသည် အဓိကအရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လှုပ်ရှားသွားမည် ဖြစ်ပေသည်။ နှစ်နိုင်ငံစလုံးမှ အရပ်ဘက်ခေါင်းဆောင်များသည် အောက်ပါလမ်းညွှန်ချက်များအား စိတ်ထဲတွင် ထားရှိသင့်ပေသည်။
ပထမတစ်ချက်မှာ သူတို့အနေဖြင့် စစ်တပ်အား ပို၍ကြီးမားသော ပြည်တွင်းဆိုင်ရာ အခန်းကဏ္ဍမှာ တာဝန်အပ်နှင်းခြင်းမျိုးတွင် သတိထားသင့်ပေသည်၊ သမိုင်းကြောင်းအရ ပြောရလျှင် နိုင်ငံများစွာ၏ လက်နက်ကိုင်တပ်ဖွဲ့များက အရပ်ဘက် အာဏာပိုင်များအား နာခံ၍ ပြည်တွင်းလုံခြုံရေးဆိုင်ရာ ကိစ္စများကို ဆောင်ရွက်နေစဉ်အတွင်း တချိန်တည်းတွင် အစဉ်အလာ ပြည်ပဆိုင်ရာ တိုက်ပွဲလုပ်ငန်း မစ်ရှင်များကို ဆက်လက် ထိန်းသိမ်းထားရှိနိုင်သော အချို့သော နိုင်ငံများတွင် မျှတ၍ ကျေနပ်စရာကောင်းသော ပို၍လည်း ကောင်းမွန်သော အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးပုံစံများ ရှိနေပေသည်။ ထိုကြောင့် ရုရှားနှင့် အမေရိကန်ပြည်ထောင်စု နှစ်နိုင်ငံစလုံးက အရပ်ဘက် ခေါင်းဆောင်များသည် သူတို့၏ စစ်တပ်များအား အပ်နှင်းသော ပြည်တွင်းလုပ်ငန်း မစ်ရှင်အမျိုးအစားကို ဘက်ပေါင်းစုံ ချင့်ချိန်တွက်ဆ၍ တာဝန်ပေးသင့်ပေသည်။

အထင်အရှားအားဖြင့် ပြောရလျှင် သဘာဝအားဖြင့် သော်လည်းကောင်း၊ လူကြောင့် သော်လည်းကောင်း ဖြစ်ပျက်သော ဘေးအန္တရာယ်များတွင် အသုံးပြုမှုသည် သင့်တော်သော်လည်း ပြည်တွင်း လုံခြုံရေး၊ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး၊ ဥပဒေ သက်ရောက်မှုရှိအောင် ဆောင်ရွက်ရေး၊ လူမှုသက်သာချောင်ချိရေး ( ဥပမာအားဖြင့် အတွင်းပိုင်းကျသော မြို့ကြီးများတွင် ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပတ်သက်သည့် ပို့ဆောင်ထောက်ပံ့ရေးလုပ်ငန်း) စသည့် လုပ်ငန်းများတွင် စစ်တပ်ဖွဲ့များအား ပုံမှန်တာဝန်ပေး ဆောင်ရွက်စေခြင်းများသည် စစ်တပ်ဖွဲ့များ၏ အဆင်သင့်ဖြစ်မှု (Military readiness) နှင့် ကောင်းမွန်သော အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး ပုံစံများ ဆက်လက် ထိန်းသိမ်းနိုင်ခြင်းတို့နှင့် ချိန်ထိုး စဉ်းစားကြည့်ပါက မလိုလားအပ်ပေ။ နှစ်နိုင်ငံစလုံးတွင် အရပ်ဘက်ခေါင်းဆောင်များသည် မကြာသေးမီနှစ်များ ကာလအတွင်းက မှားယွင်းသော ညွှန်ရပ်ဆီသို့ ရွေ့ရှားခဲ့ပေသည်။
၁၉၉၃ အောက်တိုဘာတုန်းက ပါလီမန်အဆောက်အဦအား သိမ်းပိုက်နိုင်ရန်အတွက် ယယ်လ်ဆင် အုပ်ချုပ်ရေး၏ စစ်တပ်အဖွဲ့များအား အသုံးပြမှုသည် စစ်တပ်အား ရှရှားပြည်တွင်း နိုင်ငံရေးတွင် အဓိက ပါဝင်လှုပ်ရှားသူ ဖြစ်သွားစေခဲ့ပေသည်၊ မကြာသေးမီ ကာလအတွင်းက ပြည်တွင်းလူမှု သက်သာချောင်ချိရေုး လုပ်ငန်းများ၊ ယင်းနှင့်ပတ်သက်သည့် အဖွဲ့အစည်းဆိုင်ရာ လုပ်ငန်းများ၊ ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းများတွင် စစ်တပ်အဖွဲ့များအား အသုံးပြုရန်အတွက် ကလင်တန် အုပ်ချုပ်ရေး အဖွဲ့ဝင်များ၏ အကြံပြုချက်များသည် အမေရိကန် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးအား ကောင်းမွန်အောင် ပြုပြင်ရန်ထက် အခြေအနေပို၍ ဆိုးရွား သွားစေနိုင်ခဲ့ပေသည်။
ဒုတိယအချက် အနေဖြင့် ပြောရလျှင် ဆန္ဒစွဲကျ ထိန်းချုပ်မှု (Subjective control) ကို ရှောင်ရှားသင့် ပေသည်။ စစ်တပ်အား နိုင်ငံရေးအရ စည်းရုံးခြင်းသည် ကျန်းမာကြံ့ခိုင်သော အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးကို မဖြစ်ပေါ်စေပေ။ အဆုံးစွန်အားဖြင့် ပြောရလျှင် တသီးပုဂ္ဂလအားဖြင့် တည်ရှိနေသော အရပ်သား အုပ်စုကွဲများအတွက်လည်း အကျိုးမဖြစ်ထွန်းစေပါ၊ ထိုထက် ဓမ္မဒိဌာန်ကျသော ထိန်းချုပ်မှု (Obejective Control ) နှင့် စစ်ဘက်ဆိုင်ရာ ပညာရှင်ပီသမှုဝါဒ (Military professionalism) တို့သည်သာ ကျန်းမာကြံ့ခိုင်သော အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး၏ အသန်မာဆုံးသော ဒေါက်တိုင်များအဖြစ် ဆက်လက်ရှိနိုင်ပေသည်၊ အရပ်ဘက် ခေါင်းဆောင်များသည် ဓမ္မဒိဌာန်ကျသောထိန်းချုပ်မှုကို ကျင့်သုံးဆောင်ရွက်လျက် စစ်ဘက်ဆိုင်ရာ ပညာရှင်ပီသမှု ၀ါဒယဉ်ကျေးမှုကို မွေးမြူပြုစု ပျိုးထောင်သင့်ပေသည်။
နောက်ဆုံးအနေဖြင့် တင်ပြရလျှင် စစ်အေးလွန်ကာတွင် ခြိမ်းခြောက်မှုဆိုင်ရာ ပတ်ဝန်းကျင်နှင့် ပတ်သက်စိန်ခေါ်မှုများ လျော့နည်းလာနေသော်ငြားလည်း အစဉ်အလာနှင့် ပြင်ပဆိုင်ရာ စစ်ဘက်မစ်ရှင်များအား တည်ရှိလုပ်ဆောင်မှုများ မှန်ကန်ကြောင်း သက်သေပြဆိုသည့် (စစ်အေးကာလတုန်းက တည်ရှိခဲ့ သကဲ့သို့သော) ကြီးကြီးမားမား ပြင်ပဆိုင်ရာ ခြိမ်းခြောက်မှုများ နောင်တွင် ဘယ်သောအခါမှ ရှိလာတော့မှာ မဟုတ်ဆိုသည့် လူထုကြေညာချက်လိုမျိုးကို အရပ်ဘက် ခေါင်းဆောင်များက ခုခံ ငြင်းဆိုသင့်ပေသည်၊ စစ်အေးလွန်ကာလတွင် စစ်တပ်ဖွဲ့များ လျော့နည်းစွာ လိုအပ်မှုအတွက် အလွန်အကျွံ့ အကောင်းမြင် လေလုံးထွားသည့် ရှရှားနှင့် အမေရိကန် အရပ်ဘက် ခေါင်းဆောင်များသည် ၎င်းတို့နိုင်ငံများ၏ စစ်တပ်ဖွဲ့အသီးသီး၏ အစဉ်အလာ ပြည်ပဆိုင်ရာ စစ်ဘက်မစ်ရှင်အား သံသယရှိခြင်းဖြင့် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး၏ ယခုကာလ ပြဿနာများကို ဖြစ်ပေါ်စေခဲ့ပေသည်၊ အရပ်ဘက် ခေါင်းဆောင်များသည် ကျန်းမာကြံ့ခိုင်သော အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးအား အားပေး ထောက်ခံထားနိုင်ရန် အလို့ငှာ အနာဂါတ် ပဋိပက္ခများ၏ မရှောင်လွှဲနိုင်မှုကို ပြည်သူလူထုအား သတိပေးထား သင့်ပေသည်။
သို့သော်ငြားလည်း ယင်းသည် ရုရှားနှင့်အမေရိကန် စစ်တပ်များမှ အဓိကကျသော သမားရိုးကျ သို့မဟုတ် နျူကလီးယားစစ်ပွဲအား မစွှန့်လွှတ်နိုင် ဖြစ်နေရမည်ဟုလည်း မဆိုလိုပေ။ ယင်းက စစ်တပ်ဖွဲ့များ၏ အဓိကကျသော လုပ်ငန်းမစ်ရှင်သည် အစဉ်အလာ ပြင်ပဆိုင်ရာ တိုက်ပွဲလုပ်ငန်း မစ်ရှင်များသာ ဖြစ်သင့်သည်ဟု အကြံပြုလိုရင်း ဖြစ်ပေသည်။
နောက်တစ်ပတ် တနင်္ဂနွေနေ့တွင် ဆက်လက်ဖေါ်ပြသွားပါမည်……..
| < Prev | Next > |
|---|

