ပင်မနေရာ မူဝါဒ/ဥပဒေ တပ်ပြုပြင်ပြောင်းလဲရေး ဘယ်ခေတ် ဘယ်အခါနှင့်မျှ မတူသော တိုးတက်မှု - အပိုင်း (၁)

ပင်မနေရာ မူဝါဒ/ဥပဒေ တပ်ပြုပြင်ပြောင်းလဲရေး ဘယ်ခေတ် ဘယ်အခါနှင့်မျှ မတူသော တိုးတက်မှု - အပိုင်း (၁)

ဘယ်ခေတ် ဘယ်အခါနှင့်မျှ မတူသော တိုးတက်မှု - အပိုင်း (၁)

Print PDF
User Rating: / 0
PoorBest 

ဆောင်းပါးရှင် - ဗိုလ်သိုးထိန်း

ငယ်စဉ်က အဖွားပြောခဲ့တဲ့ စကားလေးကို ကြားယောင်ပြီး ဒီဆောင်းပါးလေးကို စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်မှာ ရေးဖြစ်လိုက်တာပါ။

“အဖွားတို့တုန်းက ဘိန်းမုန့်တစ်ချပ်ကို တစ်ပြား၊ မုန့်ဟင်းခါး တစ်ပွဲကို ငါးပြားလောက် ရှိတာဟဲ့” စသဖြင့် အဖွားတို့ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံမျိုးတွေပေါ့။ အဲ့ဒီလို စကားတွေ ကြားပြီး အံ့သြဘနန်း ဖြစ်ခဲ့ရတာက မြေးဖြစ်တဲ့ကျွန်တော်။ အမေတို့ကတော့ သိပ်ပြီး အံ့သြလှဟန် မပြ။ အမေတို့လည်း ဒီကုန်ဈေးနှုန်းနှင့် မတိမ်းမယိမ်း ကြီးပြင်းလာခဲ့ရပုံ ပေါ်သည်။ ကျွန်တော့်အတွက်ကတော့ အဖွားပြောသမျှ စကားတွေဟာ တကယ့် သွားရည်ယိုချင်စရာ။ တကယ့် မစားရ ဝခမန်းပါဘဲ။ “မြေးတို့လက်ထက်များ အဲ့ဒီလို ဖြစ်ရင် သိပ်ကောင်းမှာဘဲဗျာ” ဟု ဆိုကာ ပြောရတာ အမော။ ဒါကို စာဖတ်သူတွေလည်း ကြုံခဲ့ဘူးကြမှာပါ။ ရှေ့လူကြီများ ကြုံခဲ့တဲ့ ကုန်ဈေးနှုန်းနဲ့ လက်ရှိ ကြုံနေရတဲ့ ကုန်ဈေးနှုန်းရဲ့ ကွာခြားချက်။ ဒါတွေကို နှိုင်းယှဉ်ပြီး မချိတင်ကဲ ခံစားမှုမျိုးပေါ့။ (မကျေနပ်တဲ့ ခံစားမှုမျိုးထက် ကွာခြားလွန်းတဲ့ ဈေးနှုန်းများကြောင့် အံ့သြမင်သက်ရတဲ့ ခံစားမှုမျိုး)

ဒါပေမယ့် အစကဆိုခဲ့သလို အဖွားရဲ့ စကားကို အမေတို့က သိပ်မအံ့သြလှ။ အဖွားခမျာ သနားစရာ။ မယုံနိုင်စရာ ကောင်းလွန်းလှတဲ့ ဈေးနှုန်းကွာဟချက်တွေကို မြေးတွေ လက်ထက်ကျမှ အာဘောင်အာရင်း သန်သန် ပြောပြခွင့် ရရှာသည်ကိုး။ ထိုစဉ်က ကျွန်တော်တို့ရဲ့ အတွေးထဲမှာ အဖွားပြောတဲ့ တစ်ပြားတန် ဘိန်းမုန့်ကြီးက မျက်စိထဲမှာ ဟီးခနဲ့။ “လက်ရှိ ငါတို့ရတဲ့ မုန့်ဖိုးနဲ့ဆို ဘိန်းမုန့် ဘယ်နှစ်ချပ်တောင် ဟ” ဆိုတဲ့ အတွေးလေတွေ ကိုယ်စီပေါ့။

ကျွန်တော် ငယ်စဉ်က အဖွားနှင့်ကျွန်တော့်ရဲ့ ခံစားချက်ပါ။ဒါပေမယ့် ကျွန်တော် ကံဆိုးတယ် ပြောရမလားဗျာ။ အိမ်ရှေ့က (ရ) နှစ်၊ (၈) နှစ် အရွယ်ရှိတဲ့ ကလေးတစ်ယောက်ကို အဖွားပြောတဲ့ လေသံလေးနဲ့ ပြောကြည့်တာ အဆိုပါ ကလေးက “ဒီလူကြီး ဘာလာရွှီးနေလဲ” ဆိုတဲ့ အမူအယာနဲ့ ပြန်ကြည့်တာ ခံလိုက်ရတယ်ဗျာ။ အဲ့ဒီကလေးက ကျွန်တော့် သမီးထက် (၃) နှစ်လောက်ဘဲ ကြီးသည်လေ။ ကျွန်တော့်သမီးသာ နှိုင်ယှဉ်နားလည်တတ်တဲ့ အရွယ်များရောက်ရင် အဖေအဖြစ်ကနေများ စွန့်လွှတ်သွားမလား မသိ။ ကျွန်တော်ပြောမိတဲ့ စကားမှာ မုသားတစ်ခုမှ မပါပါ။ “ဦးတို့ ငယ်ငယ်တုန်းက ဘိန်းမုန့်တစ်ချပ် ငါးမူး” လို့။

အဖွားက မြေးဖြစ်တဲ့ ကျနော့်လက်ထက်ကျမှ အံ့သြစရာ ငယ်စဉ်ဘဝတွေကို ပြန်ပြောခွင့် ရခဲ့သည်။ ကျွန်တော်ကျမှ သမီးပင် ကျောင်းမနေရသေး။ ဟိုး ရှေးရှေးတုန်းကပေါ့ကွယ် ဆိုတဲ့ စကားနဲ့ ငယ်စဉ်က ဘဝကို နှုတ်ရွတ်ပြရမလို ဖြစ်နေသည်။ အဖွားနှင့်ကျွန်တော် မည်သူ ကံဆိုးခဲ့သနည်း။ ဘာဘဲပြောပြော မလောက်လေး မလောက်စားနဲ့ ရှေ့မှီနောက်မှီ ပုဂ္ဂိုလ်ကွ ဆိုပြီးတော့ ကိုယ့်ကိုယ်ကို ကြိတ်ပြီး ဘဝင်မြင့်မိရတာတော့ အမှန်။ ဆိုတော့ နောက်မှီခဲ့တဲ့ ကျွန်တော်က ရှေ့မမှီခဲ့တဲ့ ညီ၊ ညီမ၊ တူ၊ တူမများကို ကျွန်တော့်အဖွားလေသံနဲ့ လွမ်းမောဖွယ်ကောင်းအောင် ပြန်ပြောပြပါမယ်။

အရင်ဦးဆုံး မြန်မာကျပ်ငွေရဲ့ သင်္ကေတ။ ဥပမာ - တစ်ကျပ်ဆိုရင် ၁ိ/- ။ ဒါကိုတော့ အားလုံး သိကြမှာပါ။ အဲ့ တစ်ကျပ်ခွဲဆိုရင် ဘယ်လို ဘာသင်္ကေတနဲ့ ရေးမတုန်း။ ၁ိ/- ၅ဝါး ပါ။ ကျွန်တော်ထင်တယ် အခုခေတ် လူငယ်များ ၎င်းသင်္ကေတများကို သိနိုင်တော့မည် မထင်။ ကျွန်တော်တို့ လက်ထက်တုန်းက ၎င်းသင်္ကေတများကို အထူးအထွေ လိုက်လေ့လာစရာ မလို။ နေရာတိုင်းမှာ ၎င်းသင်္ကေတနဲ့ ဈေးနှုန်းများ မမြင်ချင်မှ အဆုံး။

ဆီးထုပ်တစ်ထုပ်မှ တစ်မတ်။ ဒီနေရာမှာ ကြားဖြတ်ပြောရရင် ကံစမ်းမဲ ဖခင်ကြီး ရွှေပြည်နန်းထက်အရင် ယင်းဆီးယိုထုတ်များက ကံစမ်းမဲကို တွင်တွင်ကျယ်ကျယ် သုံးခဲ့တာဗျ။ တစ်မတ်တန် ဆီးယိုထုတ် ဝယ်စား။ ကံကောင်းလျှင် ၎င်းဆီးထုတ်ထဲမှ ၁၀ ပြားစေ့၊ ၁ မတ်စေ့ကနေ တစ်ကျပ်စေ့အထိ ဆီးယိုနဲ့ ထည့်ပေးထားတာ။ ပါစပ်ထဲ ရောက်မှ ပိုက်ဆံပါမှန်း သိတယ်။ ဒီလိုနဲ့ မဲပေါက်လိုက် ၎င်းဆီးထုတ် ပြန်ဝယ်စားလိုက်နဲ့ သံသရာလည်နေတာ။ အိမ်က လူကြီးတွေ ရိုက်နှက် တားဆီးရတဲ့ အထိပါဘဲ။ ဒါပေမယ့် လစ်တာနဲ့ ဝယ်စားကြတာပါဘဲ။

အမေတို့ အဖွားတို့ဆီက မုန့်ဖိုးတောင်းရင် ပေးတဲ့ ပိုက်ဆံက ၅ မူးစေ့ကို လက်မှာ ကျစ်နေအောင် ကိုင်ပြီးတော့ကို အားရဝမ်းသာ မုန့်ဆိုင်ကို ပြေးရတာ အမောဆို့မတတ်။ မုန့်ပြားသလက်တစ်ခု တစ်မတ်။ တို့ဟူးကြော် တစ်ခုကို ၁၀ ပြား။ တစ်ကျပ်လောက်ရှိရင် ဗိုက်ကားအောင် စားရတယ်ဗျာ။

ဆိုင်မှာ တင်ရောင်းတဲ့ ဂေါ်လီ (ကျောက်ဒိုး) တစ်လုံးကို ၁၀ ပြား။ ကစားရင်းနဲ့ အချင်းချင်း ပြန်ရောင်းရင် တစ်မတ်ဖိုးဆို ၄-၅ လုံးရတယ်။ ဒီလိုနဲ့ ၈၈ အရေးအခင်းကြီး ဖြစ်ပါလေရော။ ကျွန်တော်တို့က မူလတန်းကျောင်းသား အဆင့်ပေါ့။ ဘာမှ နားမလည်ပါဘူး။ ဘာကြောင့် ဖြစ်တယ်ဆိုတာကိုလည်း တွေးဖို့ ဥာဏ်မမီခဲ့ပါဘူး။ ကျွန်တော် သိတာတော့ ကျောင်းတွေ တစ်နှစ်အောက်လိုက်ရတယ်။ အရေးအခင်းကြီး ပြီးသွားလို့ ကျောင်းတွေ ပြန်တက်တော့ ကျွန်တော့်ရဲ့ ကျောင်းသွား မုန့်ဖိုးအဖြစ် တစ်နေ့ နှစ်ကျပ်ရတယ်။ ကျောင်းရဲ့ မုန့်ဈေးတန်းမှာ ဈေးအကြီးဆုံးဆိုင်က တစ်ပွဲ နှစ်ကျပ်တန် အသုပ်ဆိုင်။ ဆီချက်လေးနဲ့ သေသေချာချာ သုပ်တာမို့ ဈေးပိုယူတာ ထင်ပါတယ်။ ကျွန်တော်တို့ မူလတန်းကျောင်းသားတွေက ၎င်းအသုပ်သည်နားမကပ်။

ဒါပေမယ့် သူ့နားမှာ အတန်းကြီးက ကျောင်းသား/သူတွေ ဝိုင်းလို့။ ကျွန်တော်တို့ကတော့ ငရုတ်သီးစိမ်း၊ နံနံပင်၊ သခွားသီး ရောမွှေထားတဲ့ အချဉ်နဲ့ ကြာဇံကို ဆမ်းထားတဲ့ တစ်ပွဲ တစ်ကျပ်တန် အသုပ်သည်ကသာ ဖောက်သည်ပါ။ အသုပ်ပန်းကန်ရတာနဲ့ အချဉ်လေး ထည့်ပါဦး၊ ငရုတ်သီးမှုန့်လေး ထည့်ပါဦး။ ချဉ်သွားလို့ အဖတ်နည်းနည်းလောက် ထည့်ပါဦးနဲ့ မုန့်စားဆင်းချိန်မှာ ဗိုက်ကားအောင် ဖြည့်တာဘဲ။ ဒါနဲ့ မှတ်မှတ်ရရ အဲ့ဒီအသုပ်သည် လက်မှာ ဝဲတွေနဲ့ဗျ။ ဒါပေမယ့် ဝယ်စားတာဘဲ။

မုန့်စားဆင်းချိန် အသုပ်လေး စားပြီးတော့ ကပ်စေးနှဲနဲ့ ထန်းသီးမုန့်တွေဘက် လှည့်တယ်။ ကပ်စေးနှဲ တစ်ခု ငါးမူး၊ ထန်းသီးမုန့် တစ်ခု တစ်ကျပ်။ များသောအားဖြင့်တော့ ထန်းသီးမုန့်နဲ့ အချိုတည်းတာများပါတယ်။ တခါတလေ ကျောင်းရှေ့မှာ မျက်လှည့်ဆရာလိုလို လူကြီးတစ်ဦး မျက်လှည့်ပစ္စည်းတွေ လာရောင်းရင်ဘဲဖြစ်ဖြစ်၊ ရုပ်ရှင်ပြတဲ့ အဘိုးကြီးဘဲဖြစ်ဖြစ် (အချို့ မြင်ဖူးကြပါလိမ့်မည်၊ ရုပ်သေဖလင်တွေ ထည့်ပြီး တစ်ပုံချင်းကို ခလုတ်လေးတွေ နှိပ်ပြီး ရွှေ့ကြည့်ရသည်။ ကိုယ်က ဘာကားကြည့်ချင်သနည်း။ ရမ်ဘိုလား၊ စူပါမင်းလား၊ သရဲကားလား စသဖြင့် ကတ်လေးတွေ ပြောင်းထည့်ပေးရသည်။ အဘိုးကြီးတွင် ရှိသော ကားများအားလုံး ကျွန်တော် ကြည့်ပြီးသားချည်းပင်။ ကားသစ်ပါလျှင်တော့ ထပ်ကြည့်သည်) ရောက်လာလျှင်တော့ ကပ်စေးနှဲလောက်နဲ့ အချိုတည်းပြီး ကျန်တဲ့ပိုက်ဆံကို ခုနက ပုဂ္ဂိုလ်များထံတွင် အသုံးချပစ်လိုက်သည်။

ဤကား မုန့်ဖိုးနှစ်ကျပ်နှင့် ကျွန်တော်၏ ကျောင်းသားဘဝ။ အတိအကျဆိုရသော် လွန်ခဲ့သည့် နှစ်ပေါင်း (၂၀) ဝန်းကျင်က။ ကျွန်တော့်ရဲ့ မုန့်ဖိုး (၂) ကျပ်စား မူလတန်း ကျောင်းသား ဘဝကနေ အလယ်တန်း ကျောင်းသားဘဝရောက်တော့ မုန့်ဖိုး (၁၀) ကျပ်စား ဖြစ်သွားသည်။ (၅) ဆလောက် ပိုရပေမယ့် ကျွန်တော့်အတွက်တော့ မထူးခြားပါ။ (၁) ကျပ်တန် အဒေါ်ကြီးရဲ့ အသုပ်က (၅) ကျပ် ဖြစ်သွားချေပြီ။ ရှယ်အသုပ်လေးကတော့ (၁၀) ကျပ်ပေါ့။ အတန်းကြီးလာတော့ ကျွန်တော်တို့လည်း ရှယ်သုပ်လေးနားဘဲ ကပ်သည်။ မုန့်ဖိုးကုန်ပြီး အပိုမကျန်တော့။ (၅) ကျပ်တန် အသုပ်သည်ဘေးမှာတော့ ကျောင်းသား/သူလေးတွေ၊ မျက်လှည့်ဆရာကြီးရော ရုပ်ရှင်ပြတဲ့ ဆရာကြီးရော သူ့နေရာနှင့်သူ ပုံမှန်ဖေါက်သည်၊ ပုံမှန်ဝင်ငွေလေးနှင့် ပုံမှန် လှုပ်ရှားနေကြဆဲပင်။

အပိုင်း (၂) ကို နောက်တစ်ပတ် အင်္ဂါနေ့တွင် ဆက်လက်ဖော်ပြသွားပါမည်။

Last Updated ( Thursday, 06 October 2011 17:01 )  

နောက်ဆုံးရသတင်းများ