ဆောင်းပါးရှင် - ဗိုလ်သိုးထိန်း (အပိုင်း -(၁) ကို ဒီနေရာ တွင်နှိပ်၍ ပြန်လည် လေ့လာဖတ်ရှုနိုင်ပါသည်..)
ကျွန်တော် (၈) တန်း ရောက်တော့ ရာထူးတိုးသွားသည်။ မုန့်ဖိုး (၂) ကျပ်လည်း မဟုတ်တော့။ (၁၀) ကျပ်လည်း မဟုတ်တော့ (၁၀၀) ကျပ် ဖြစ်သွားသည်။ (၆) တန်း၊ (၇) တန်း တုန်းကလို ရှယ်သုပ် (၁၀) ပွဲလောက် ဝယ်စားလိုက်မည်ဟု မထင်လိုက်ပါနှင့်။ ရှယ်သုပ်တစ်ပွဲ (၅၀) ဖြစ်သွားချေပြီ။ တစ်မတ်စေ့၊ ငါးမူးစေ့များ ပျောက်ခြင်းမလှ ပျောက်လာတော့သည်။ ကျွန်တော် (၄) တန်းလောက်က အသုံးပြုခဲ့သော ကျပ်စေ့လေးအတွက် တစ်ခုတည်းသော နေရာလေးကတော့ ရန်ကုန်ဘူတာကြီးပါ။ (ထိုစဉ်က ရန်ကုန်ဘူတာကြီးတွင် ကျပ်စေ့ထည့် ဆက်ရသော ဖုန်းများရှိသည်) ကျန်သည့် နေရာများတွင် ကျပ်စေ့လေးအတွက် နေရာ မရှိရှာတော့။ အချို့က ရှေးဟောင်းပစ္စည်း ဖြစ်လာမည်ဟုဆိုကာ လိုက်စုနေကြချေပြီ။
ဒီလိုနဲ့ ကျွန်တော်လည်း အထက်တန်း ကျောင်းသားဖြစ်ရော မုန့်ဖိုး တစ်နေ့ (၂၀၀) ကျပ် ဖြစ်သွားချေသည်။ လူပျိုဘဝ ဆိုင်လေးတွေ ထိုင်တတ်လာသည်။ ကြေးအိုး (၁) ပွဲ (၁၀၀) ကျပ်၊ ရှယ် (၁၂၀) ကျပ်။ ကျွန်တော် (၁၀) တန်းအောင်တော့ ကြေးအိုး (၁) ပွဲ (၁၈၀) ကျပ်၊ ရှယ် (၂၀၀) ကျပ်။ ကျွန်တော် စစ်တက္ကသိုလ်တက်ခါနီးမှာ ကြေးအိုး (၁) ပွဲ (၂၀၀) ကျပ်၊ ရှယ် (၂၂၀) ကျပ် ဖြစ်သွားချေပြီ။ ဒါနဲ့ စကားမစပ် စီးကရက်ကြိုက်သူများ သွားရည်ယိုချင်စရာ လန်ဒန် (၁) လိပ်က (၃) ကျပ်ခင်ဗျ။

ဒီလိုနဲ့ ဈေးနှုန်းတွေ အဆင့်ဆင့် ပြောင်းလဲခဲ့သည်။ သို့ရာတွင် ကျွန်တော့်ရဲ့ (၁) ကျပ်တန် အသုပ်သည် အဒေါ်ကြီးဟာ သူ့နေရာမှာ သူ့ကျောင်းသားလေးတွေနှင့် အလုပ်ရှုပ်နေဆဲပင်။ မျက်လှည့်ဆရာကြီးလည်း ဖျာလေးခင်းပြီး ကျောင်းသားလေးတွေနှင့် ပွဲကျနေဆဲပင်။ ရုပ်ရှင်ပြသော အဘိုးကြီးကိုတော့ မတွေ့မိတော့။
အားလုံးနီးပါး ကျွန်တော် မူလတန်းကျောင်းသား ဘဝကအတိုင်း တိုးတက်သော ကုန်ဈေးနှုန်းများနှင့် နပမ်းလုံးကာ ရုန်းကန် အသက်မွေး နေကြရဆဲပင်။ တိုးတက်သော ကုန်ဈေးနှုန်းများကြားမှာ ရှေ့မတက် ရပ်လျှက်ရှိသော လူနေမှု ဘဝများပင် ဖြစ်ချေသည်။ လက်ရှိ ဖြစ်ပေါ်နေသော ကုန်ဈေးနှုန်းများနှင့်တော့ ဆက်လက် ချိန်ထိုးမှု မပြုလိုတော့ပါ။ စာဖတ်သူများကသာ လက်ရှိ ကုန်ဈေးနှုန်းများနှင့် ကျွန်တော်ရဲ့တင်ပြမှုကို နှိုင်းယှဉ်ချိန်ထိုးမှု ပြုလုပ်ပါရန် မေတ္တာရပ်ခံလိုပါသည်။
ကျွန်တော့်အဖွားက မြေးကို လက်ဆင့်ကမ်း ပြောပြနိုင်ခဲ့တဲ့ ဟိုးရှေးရှေးတုန်းက ဆိုတဲ့ စကားလေးကို ယခု ကျွန်တော့်ရဲ့ ညီငယ်၊ ညီမငယ်၊ တူ၊ တူမများကို ပြန်လည် ပြောပြနေရသည်မှာ တကယ်တော့ ဝမ်းနည်းစရာ ကောင်းလှသည်။ မပြောချင်တော့ပါ။
သို့ရာတွင် စစ်အာဏာရှင်တွေက ၎င်းတို့လက်ထက် နှစ်ပေါင်း (၂၀) ကျော် အတွင်း မြန်မာပြည်ကြီးရဲ့ တိုးတက်မှုဆိုပြီး (၁၉၈၈) ခုနှစ်က တံတား ဘယ်လောက်၊ ယခု ဘယ်လောက်၊ ဆည်တွေလည်း ပါသည်၊ ကျောင်း၊ ဆေးရုံတွေလည်း ပါသည်၊ ဆေး မပါတာကိုတော့ မပြော။ သူတို့ရဲ့ တိုးတက်မှုတွေဆိုပြီး ကြေငြာချက်တွေကို ရုပ်မြင်သံကြားမှာ ပြတိုင်း မျက်စိထဲ ပြေး ပြေး မြင်နေမိတာက (၁) မတ်တန် ဆီးယိုထုတ်နဲ့ (၁) ကျပ်တန် အသုပ်လေးတို့ပါဘဲ။ ကျွန်တော် မအိုသေးပါ။ အတိအကျဆိုရသော် ကျွန်တော့်အသက် လက် (၃) ချောင်းပင် မပြည့်သေးပါ။ သို့ရာတွင် ကျွန်တော် (၁) မတ်တန် ဆီးထုတ်လေးနဲ့ ပျော်ပိုက်ဖူးသလို (၁) ကျပ်တန် အသုပ်လေးနဲ့လည်း ကျောင်းသွားခဲ့ဖူးပါသည်။ ဤကား အမှန်တရားဖြစ်သည်။ ဟိုးရှေးရှေးတုန်းက မဟုတ်ခဲ့ပါ။
ဆိုတော့ စစ်အာဏာရှင်တွေရဲ့ သူတို့ အုပ်ချုပ်ခဲ့တဲ့ နှစ်ပေါင်း (၂၀) ကျော်အတွင်း တိုးတက်မှု စာရင်းဇယားများကို ဝါဒဖြန့် ကြေငြာရာတွင် အဘယ်ကြောင့် ကုန်ဈေးနှုန်းဆိုသည့် အရာကြီးကို မေ့ချန်ခဲ့ရပါသနည်း။ ယခုဆောင်းပါး တင်ခါနီး လွတ်လပ်သော ပြည်ပသတင်းဌာနက သတင်းတစ်ခုကို ဖတ်လိုက်ရပါသည်။ အစိုးရသစ်အဖွဲ့ ၀န်ကြီးများ ဖွဲ့စည်းတာဝန်ပေးပြီး တပြိုင်နက် ရွှေဈေး၊ ဒေါ်လာဈေးနှုန်း ခုန်တက်သွားတာတော့ အစိုးရ သတင်းဌာနတွေမှာ မထည့်ရဲကြပါ။ စစ်အာဏာရှင်တွေ အမှန်တကယ် မေ့ကျန်နေခဲ့ပါက နောင်တချိန် ကြေငြာနိုင်ပါရန် အသိပေးရခြင်း ဖြစ်ပါသည်။ သို့မှသာ သဟဇာတ ဖြစ်ပေမည်။
ကျန်သည့် တံတား၊ ဆည်၊ ဆေးရုံ၊ ကျောင်းများရဲ့ တိုးတက်မှုကိုတော့ တကယ့်ကို အသိအမှတ်ပြုပါသည်။ ကူးသန်းရောင်းဝယ်ရေး အဆင်ပြေ ချောမွေ့စေဖို့ တံတားတွေ ဆောက်ပေးခဲ့သည်။ တံတားတွေက ညဘက် လုံခြုံရေးအကြောင်းပြပြီး ဖြတ်ခွင့်မပြု၊ အဲ့ဒီအတွက် ကုန်ဈေးနှုန်းက (၈၈) ခုနှစ်နဲ့ အနည်းအကျဉ်းလောက်သာ ကွာဟခဲ့သည်။ မှတ်ကျောက်တင်ပါသည်။ လျှပ်စစ်မီး ရရှိရေးအတွက် ဆည်များ ဆောက်လုပ်ပေးခဲ့သည်။ အဲ့ဒီအတွက် မြို့တော်ရန်ကုန်မှာ လျှပ်စစ်မီးကို အလှည့်ကျ ခွဲတမ်းစနစ်နဲ့ မှန်မှန် သုံးစွဲနေရပြီ၊ လေးစားပါသည်။ ပညာရည် မြင့်မားရေးအတွက် ကျောင်းတွေ ဆောက်ပေးခဲ့သည်။ ဂျာနယ်များမှ နိုင်ငံခြား တက္ကသိုလ်ဝင်ခွင့်အတွက် ပညာရေး ဝန်ဆောင်မှုတွေ အပြိုင်အဆိုင် ပေးနေကြသည်။ သမိုင်းတွင်မည့် တိုးတက်မှုများပေ။
ဆေးရုံများကိုလည်း ဆောက်လုပ်ပေးခဲ့သည်။ နိုင်ငံတကာ အဆင့်မှီ/မမှီတော့ မသိ။ တပ်ချုပ်ကြီး ချူချာလေတော့ စင်္ကာပူကို တန်းပြေးပါလေရော။ ဦးစိုးဝင်းကြီးလည်း ထိုနည်းလည်းကောင်းပင်။ တကယ်တမ်း ပြန်စဉ်းစားကြည့်လျှင် နိုင်ငံ့ခေါင်းဆောင်တစ်ဦးက သူများနိုင်ငံမှ ဆေးရုံမှာ သွားရောက်ကုသရခြင်းသည် အလွန်တရာ ရှက်ဖို့ ကောင်းသည့် ကိစ္စဖြစ်သည်။ နှစ်ပေါင်း (၂၀) ကျော်အတွင်း နိုင်ငံတကာ အဆင့်မီ ဆေးရုံလေးတစ်ရုံတောင် မထူထောင်ပေးနိုင်ခဲ့သော ခေါင်းရှောင်ကြီးက စင်ကာပူဆေးရုံကြီးမှာ အဘယ်မျက်နှာနှင့် ခန့်ခန့်ကြီး နေနေပါသနည်း။ (ပြောင်ပါပေ့ မျက်နှာရယ်)
နိုင်ငံခေါင်းဆောင်ကြီးတောင် မယုံရဲတဲ့ မြန်မာဆေးရုံတွေမှာ အဘယ်သတ္တိနှင့် ကျွန်တော်တို့ မျက်နှာမွဲတွေ ဆေးကုသခဲ့ရဲ ပါ့မလဲ။ ဗိုလ်ချုပ်အေးကျော် မြန်မာပြည်တွင် ကုသရင် ပျောက်ရက်သားနဲ့ အင်္ဂလန် ဆေးကုသွားမှ ပိုဆိုးပြီး သေဆုံးခဲ့ရသည်။ အဲ့ဒီတော့ စစ်အာဏာရှင်တွေ ကြေငြာနေသလို (၈၈) တုန်းကနှင့် မတူ။ ဘယ်ခေတ် ဘယ်အခါမှ မကြုံစဖူး၊ ယခုခေတ်မှာ များပြားလှတဲ့ တံတားတွေ၊ ဆည်တွေ၊ ဆေးရုံတွေ၊ ကျောင်းတွေ ရှိနေပြီးတော့ အသုပ်စုံ တစ်ပွဲ (၅၀၀) ကျပ် ပေးစားနေရမယ့်အစား နအဖ ပြောသလို ဘာတံတား၊ ဆည်၊ ကျောင်း၊ ဆေးရုံမှ မရှိတဲ့ (၁၉၈၈) တုန်းက (၁) ကျပ်တန် အသုပ်ကလေးကို တမ်းတမိတာတော့ အမှန်ပါဘဲလို့။
ရေးသူဆန္ဒ။ ။ ကျွန်တော် တက်ရောက် ခဲ့သော အမှတ် (၅) အခြေခံပညာ အလယ်တန်း ကျောင်းလေးနှင့် အလုံးစုံ မှတ်မိနေသော (၈၈) လူထုအရေးတော်ပုံကြီးအား အောက်မေ့ စွာဖြင့် ရေးသားအပ် ပါသည်။
| < Prev | Next > |
|---|

