ဆောင်းပါးရှင် - တပ်ကြပ်ကြီး တစ်ဦး
အထူးသဖြင့် အခြားအဆင့် စစ်သည်များ၏ ခံစားချက်များကို တဆင့်ပြန်လည် တင်ပြပေးစေလိုပါသည်။ တပ်မတော်သားများ၏ ဘ၀မှာ ဖိနှိပ်မှုမျိုးစုံကို ခါးသီးစွာ ခံစားရင်း ဖြတ်သန်း နေခဲ့ကြရပါသည်။ ယခင်စစ်အစိုးရ လက်ထက်မှာ အဆိုးဆုံး ဖြစ်ပါသည်။ ယခုအချိန်တွင် တပ်မတော်၏ ပြင်ပအရပ်ဘက်တွင် ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး မှန်ရာကို မှန်သည့်အတိုင်း လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ပြီး ပြောဆိုနိုင်ကြသည့် စနစ်သစ်ကို အကောင်အထည်ဖော် ဆောင်ရွက် နေကြပြီဟု ဆိုပါသည်။
တပ်မတော်အတွင်းမှာရော ဒီလို မှန်ရာကို မှန်သည့်အတိုင်း ဆန္ဒဖော်ထုတ်ပြီး ပြောဆိုနိုင်ခွင့် ရရှိပါမည်လား။အထက်လူကြီးများ၏ မတရားမှုကို မတရားသည့်အတိုင်း ပြန်လည်ချေပ ပြောဆိုနိုင်ခွင့် ရရှိပါမည်လား။ရမည်မထင်ပါ။ယခုအချိန်အထိ တပ်မတော်သားများ (အထူးသဖြင့် အခြားအဆင့်များ) ၏ရင်ထဲတွင်အကြောက်တရားများကစိုးမိုးထားနေဆဲဖြစ်ပါသည်။
တပ်မတော်အတွင်းတွင် ထုံးစံအရပြုလုပ်သော ဒါဘာ (ဆန္ဒ) ဖော်ထုတ်ပွဲ အခမ်းအနားများတွင်လည်း (poilcy) အရသာ ပြုလုပ်နေကြခြင်း ဖြစ်ပါသည်။ စစ်သည်များအား တင်ပြရန် ရှိမရှိ မေးကြတဲ့အခါ မရှိပါဘူး ဆိုတဲ့စကားလုံးက အလိုလို ထွက်ပြီးသားဖြစ်ပါသည်။

လေသူရဲများ
မည်သူမှ မှန်ရာကို မတင်ပြရဲကြပါ။ မပြောရဲကြပါ။ ပြောသည့်သူမှာလည်း အချုပ် (သို့) ထောင် (သို့) အဝေးနယ်သို့ ပို့ဆောင်ခြင်း ခံရမည် ဖြစ်ပါသည်။ တပ်မှ ထွက်ခွင့်လည်း တရားဝင် မပေးပါ။ တပ်တွင်း ဖိနှိပ်မှုများကို မခံနိုင်ကြသဖြင့် မိမိကိုယ်ကို အဆုံး စီရင်သွားကြသူလည်း များလှပါပြီ။ တပ်က ထွက်ပြေးပါကလည်း ပြန်ဖမ်းမိလျှင် တပ်အချုပ် (သို့) စစ်ထောင်ချကာ အဆင့်လျှော့ချပြီး ပြန်လည် အမှုထမ်းခိုင်းပါသည်။ အဆင့်ချသည် ဆိုသည်မှာ အရစ်ရှိလျှင် အရစ်ဖြုတ်ပြီး တပ်သားဘ၀မှ ပြန်အမှုထမ်းခိုင်းခြင်းကို ဆိုလိုပါသည်။ တပ်မတော်အတွင်းသို့ စတင်ဝင်ရောက်စဉ်က မပျော် (၅) နှစ်၊ ပျော် (၅) နှစ် (၁၀) နှစ် အမှုထမ်းဆောင် ရမည်ဟု စာချုပ် ချုပ်ခဲ့ရပါသည်။
သို့သော်လည်း ၄င်းစစ်သက် (၁၀) နှစ် ပြည့်သော်လည်း တရားဝင် နှုတ်ထွက်ခွင့် မရတော့ပါ။ အချို့ဆိုလျှင် စစ်သက် အနှစ် (၃၀) ကျော် (၄၀) နီးပါး ရှိနေကြပြီ ဖြစ်ပါသည်။
ထွက်ခွင့် မရသဖြင့် ကြိတ်မှိတ် နေကြရပါသည်။ အချို့ကလည်း ရရှိနေကြပြီးသော မိမိတို့၏ စစ်သက်များကို နှမျှောသဖြင့် မထွက်ပဲ နေနေကြပါသည်။ တပ်မတော်အတွင်းမှာ တစ်သက်လုံးနီးပါး လစာနှင့်ရပိုင်ခွင့် မစို့မပို့လေးဖြင့် ဒုက္ခပေါင်းစုံရင်ဆိုင်ရင်း နေထိုင်ခဲ့ကြရပြီး နိုင်ငံတော်အတွက် ရွပ်ရွပ်ချွံချွံ ပေးဆပ်ခဲ့ကြရသော စစ်သားအိုကြီးများ တပ်ကထွက်သောအခါ နေစရာ အိုးပိုင်အိမ်ပိုင်မရှိဘုန်းကြီးကျောင်းမှာ သွားကပ်နေ၊ အိမ်ငှားပြီး နေကြရသည့် အဖြစ်များမှာ လွန်စွာ ရင်နင့်စရာ ကောင်းလှပါသည်။ အိမ်ထောင်သည်များမှာ ပိုဆိုးပါသည်။ သားသမီး အလုပ်အကိုင် ရှိသူများမှသာ လှုပ်သာလူးသာ အသက်ကလေး ရှုနိုင်ရုံသာ ရှိပါသည်။
တစ်နိုင်ငံလုံးမှာ ကိုယ်ပိုင်အိမ်၊ တိုက်တာကြီးများ လက်ညှိးထိုးလို့ မလွဲကြသော၊ နိုင်ငံခြား ဘဏ်များ အထိပင် ငွေသန်းပေါင်းများစွာ အပ်ထားနိုင်ကြသော၊ နိုင်ငံ၏ဘဏ္ဍာငွေကို အသုံးပြုပြီး ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းကြီးများ ထူထောင် ထားနိုင်ကြသော အချို့သော စစ်အာဏာရှင်များ၏ ဘ၀နှင့်ကား များစွာ ကွာခြား လှပေစွတကား။ ဂျာနယ်တစ်ခုမှာ ဖတ်ဖူးပါသည်။ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အကြောင်းကို ရေးထားခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် တပ်မတော်သားများ၏ ကိစ္စကအစ ရင်ဆိုင်ခံစား သိရှိ ထားသည်ဟု ဆိုသည်။
အပိုင်း (၂) ကို ဆက်လက်ဖော်ပြသွားပါမည်....
| < Prev | Next > |
|---|

