ပင်မနေရာ မူဝါဒ/ဥပဒေ တပ်ပြုပြင်ပြောင်းလဲရေး အော်နာ (Honour) မရှိတဲ့ ဗိုလ်ချုပ်များ - အပိုင်း (၁)

ပင်မနေရာ မူဝါဒ/ဥပဒေ တပ်ပြုပြင်ပြောင်းလဲရေး အော်နာ (Honour) မရှိတဲ့ ဗိုလ်ချုပ်များ - အပိုင်း (၁)

အော်နာ (Honour) မရှိတဲ့ ဗိုလ်ချုပ်များ - အပိုင်း (၁)

Print PDF
User Rating: / 5
PoorBest 

ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်း

ဆောင်းပါးရှင် - ဂါမဏိ

ပညာရေးဝန်ကြီးဌာနထုတ် အင်္ဂလိပ်-မြန်မာအဘိဓာန်မှ အဓိပ္ပာယ်ဖွင့်ဆိုရာမှာ အော်နာ(Honour) ဟူသော စကားလုံးကို ရိုးဖြောင့်သောဂုဏ်၊ ရိုးဂုဏ်၊ဂုဏ်သိက္ခာ  ဆိုပြီး အဓိပ္ပာယ် ဖွင့်ဆိုထားပါတယ်။ စစ်တက္ကသိုလ် DSA မှာဖြစ်ဖြစ်၊ ဗိုလ်သင်တန်းကျောင်း OTS မှာဖြစ်ဖြစ် ဗိုလ်လောင်းဘဝ စရောက်ချိန်ကနေ အရာရှိ ကြီးဘဝနဲ့ ပင်စင်ယူတဲ့အထိ မိမိစိတ်ဓာတ် နဲ့ အမူအကျင့်ကို "အော်နာ" နဲ့ "ပရိုက်ဒ်" ဆိုတဲ့ ဂုဏ်ဒြဗ်နှစ်ပါးက လွှမ်းခြုံ နေစေဖို့ အထက်ဌာနများနဲ့ နည်းပြများက တောက်လျှောက်ရိုက်သွင်းခဲ့ပါတယ်။ အော်နာကို ယခင် ဗိုလ်ချုပ်ကြီး ရွှေမန်း (အခု ပြည်သူ့လွှတ်တော် ဥက္ကဌ) က "ရိုးသားခြင်း၊ အမှန်တရားကို မြတ်နိုးဆောင်ရွက်တတ်ခြင်း၊ မှားလျှင် ဝန်ခံပြောဆို၍ အမှန်ရောက်အောင် ပြုပြင်ဆောင်ရွက်ခြင်း" လို့ ၂၀၀၄ ခု သြဂုတ်လထုတ် စစ်တက္ကသိုလ် ရွှေရတု နှစ်လည်မဂ္ဂဇင်း အမှာစာမှာ အဓိပ္ပာယ် ဖွင့်ထားပေးပါတယ်။ အော်နာကို "စာရိတ္တမဏ္ဍိုင်" လို့လဲ ပါလီမန်ဒီမိုကရေစီ ခေတ်တုံးက ခေါ်ခဲ့ဖူးပါတယ်။

တကယ်တော့ အော်နာ ဆိုတာ နိုင်ငံတကာ တပ်မတော်တွေမှာလဲ ဗိုလ်လောင်းတွေကို လူကြီးလူကောင်း သူရဲကောင်းတွေ ဖြစ်စေဖို့ ချမှတ်ထားတဲ့ တင်းကြပ်တဲ့ကျင့်ဝတ်၊ နောင်တချိန်မှာ အများပြည်သူရဲ့ ယုံကြည်ကိုးစားမှု ယူရမယ့် ပြန်တမ်းဝင် အရာရှိလောင်းတွေ အတွက် ပင်မစံကျင့်ထုံး ဖြစ်ပါတယ်။ တချို့ အရပ်ဖက်တက္ကသိုလ်တွေမှာလဲ အော်နာကျင့်ဝတ် သတ်မှတ်ထားတာတွေ ရှိပါတယ်။ အမေရိကန်ပြည်ထောင်စု ဝက်စ်ပွိုင့်စစ်တက္ကသိုလ်မှာ ဗိုလ်လောင်းအော်နာကျင့်ဝတ် cadet honor code ကို ကျောက်ပြားပေါ် ရေးထိုးထွင်းထုထားပါတယ်။ အမေရိကန် ဗိုလ်လောင်းတွေရဲ့ အော်နာကတိသစ္စာက "ဗိုလ်လောင်းသည် မလိမ်မညာ၊ အကောက်မကြံ၊ မခိုးမဝှက်။ လိမ်ညာ ကောက်ကျစ် ခိုးဝှက်သူကိုလဲ ခွင့်မလွှတ်" လို့ ချမှတ်ထားပါတယ်။ အမေရိကန် လေတပ်၊ ရေတပ်တွေမှာလဲ အော်နာ ကျင့်ဝတ်က ဒီအခြေခံဘဲ ဖြစ်ကြပါတယ်။

အော်နာကို ဖြောင့်မတ်မှုအပေါ် အခြေခံတဲ့ ဂုဏ်သိက္ခာလို့ ပြောနိုင်ပါတယ်။ အင်္ဂလိပ်အဘိဓာန် ပြုစုခဲ့တဲ့ ဒေါက်တာ ဆင်မြူယယ်ဂျွန်ဆင်က အော်နာ ကို စိတ်နေစိတ်ထား မြင့်မြတ်စင်ကြယ်မှု၊ သဘောထားကြီးမြင့်မှု၊ အောက်တန်း ကျခြင်းကိုရွံရှာမှု လို့ဖွင့်ဆိုခဲ့ပါတယ်။ အော်နာ ဟာ ယုံကြည်စိတ်ချနိုင်စွမ်း credibility နဲ့လဲ ဆက်စပ်နေပါတယ်။ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံအရ ကြည့်ရင် အော်နာ ဟာ ဖြောင့်မတ်မှုဂုဏ်ရည်၊ ဣနြေ္ဒ၊ သိက္ခာ၊ မျက်နှာ၊ 'အရှက်' တို့နဲ့ ပတ်သက်နေပါတယ်။

အချစ်နဲ့စစ်မှာ မတရားတာမရှိလို့ ပြောကြပေမဲ့ စစ်ဗိုလ်စစ်သားတွေမှာ အော်နာ ဆိုတာကတော့ ရှိနေပါတယ်။ ရန်သူကို အလစ်အငိုက် နောက်ကျောက မတိုက်တာ၊ လက်ရည်တူ သေနတ်ချင်း ယှဉ်ပစ်တာတွေ ရှိတဲ့ ရှေးခေတ်က စစ်သူရဲကောင်းတွေမှာ အော်နာကို အထူးတလည် တန်ဖိုးထားပါတယ်။ ဒီနေ့ခေတ်မှာတော့ အော်နာကို အတိအကျ လိုက်နာခြင်း မရှိတော့ပေမဲ့ တဦးချင်းဖြောင့်မတ်မှုဂုဏ် ဆိုတဲ့ အော်နာကတော့ ရှိနေပါတယ်။ ဂျနီဗာစာချုပ်မှာ စစ်သုံ့ပန်းတွေ၊ လက်နက်မဲ့အရပ်သားလူထုတွေအပေါ် ပြုကျင့်ဖို့ သတ်မှတ်ပြဋ္ဌာန်း ချက်တွေဟာ အော်နာကို နိုင်ငံတကာအဆင့်မှာ လက်ခံချမှတ်ထားတာဘဲ ဖြစ်ပါတယ်။

ဒါပေမဲ့ မြန်မာ့တပ်မတော်စစ်ဗိုလ်ချုပ်တွေဟာ လက်တွေ့ဘဝမှာ အော်နာ ကိုဖောက်ဖျက်ခဲ့ပြီး တပ်မတော်သမိုင်း ညိုးနွမ်းခဲ့အောင် ဆယ်စုနှစ်နဲ့ချီပြီး လုပ်ခဲ့ပါတယ်။ ၁၉၆၂ ခုက စပြီး မရိုးမဖြောင့် လိမ်ညာတာ၊ အကောက်ကြံတာ၊ ပြည်သူ့ဥစ္စာဓနခိုးတာတွေ တောက်လျှောက် လုပ်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် နောက်ပိုင်းမှာတော့ အော်နာဆိုတာ စကားလုံးဘဲ ကျန်ပါတော့တယ်။ သမိုင်းတလျှောက်မှာ ဒီကနေ့လောက် အော်နာ ကျ၊ ပရိုက်ဒ် ပျောက်တာ မရှိပါဘူး။ အော်နာ ဆိုတာ အနိမ့်ဆုံးအားဖြင့် စာမေးပွဲမှာ ခိုးမချတာကို ပြောပေမဲ့ စစ်တက္ကသိုလ် စာမေးပွဲတွေ၊ ရုရှားပညာတော် သင်စာမေးပွဲတွေတင်မက စစ်ဦးစီးတက္ကသိုလ်၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် စာမေးပွဲတွေမှာတောင် အော်နာ မထိန်းသိမ်းတာတွေ ပွထနေပါတယ်။ တကယ်တမ်း အော်နာကို ထိန်းသိမ်းကြရင် တော် ၃ တော်၊ တော် ၄ တော် ဆိုတာ ပေါ်လာမှာ မဟုတ်ပါဘူး။

နဝတ-နအဖ စစ်ခေါင်းဆောင်တွေဟာ အော်နာ ကိုဘေးချိတ်ပြီး ၉၀ ရွေးကောက်ပွဲကို ဖောက်ဖျက်ခဲ့သလို တိုင်းရင်း သားတွေကိုလဲ သဘောထားကျဉ်းမြောင်းစွာနဲ့ အသေးအဖွဲ အခွင့်အရေးကအစ ပိတ်ပင်၊ နိုင်ငံရေးပြဿနာ ဖြေရှင်း ရေးတွေမှာ လိမ်ညာကောက်ကျစ် ခဲ့ပါတယ်။ နိုင်ငံရေးမပြောနဲ့ ကိုယ့်တပ်ထဲမှာတောင်မှ အချင်းချင်း အော်နာမရှိတာကို ပြောပြချင်ပါတယ်။ ဒါကတော့ စစ်သမိုင်းပြတိုက်တွင် မှတ်တမ်း ဖော်ပြဖို့ တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဓါတ်ပုံတွေချိတ်ဆွဲခဲ့ရာမှာ ယခင်ဗိုလ်ချုပ်ကြီးသူရတင်ဦး၊ ဗိုလ်ချုပ်မှူးကြီး စောမောင်တို့ကို မသိမသာဖြုတ်ခိုင်းတာဟာ အော်နာမရှိတာဘဲ ဖြစ်တယ်။ စစ်ရုံးနဲ့ တိုင်းရုံးတွေမှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်ချုပ်ကြီး နေ၀င်းတို့ ဓါတ်ပုံတွေကို ဖြုတ်ဖို့ တရားဝင် အမိန့်မပေးဘဲ တိုးတိုးတိတ်တိတ် ဖြုတ်ခိုင်းတာဟာလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာ အော်နာမရှိလို့ ပဲ့ တယ်လို့ တပ်အရာရှိများကိုအရပ်သားများက ဝေဖန်ပြစ်တင်ကြပါတယ်။

ဗိုလ်ချုပ်မှူးကြီး စောမောင်ဟာ ရွေးကောက်ပွဲပြီးရင် စစ်တန်းလျားပြန်မယ်ဆိုတဲ့ ဂတိက၀တ် စကားကို လက်အောက်ခံ ဗိုလ်ချုပ်များက အော်နာ မရှိဘဲ မလိမ့်တပတ်လုပ်ခဲ့ပါတယ်။ တကယ်တော့ စစ်တပ်မှာ အထက်အကြီးအကဲများရဲ့ ဆောင်ပုဒ်၊ မူဝါဒ အဆိုအမိန့်များကို တသွေမတိမ်း လိုက်နာအကောင်အထည်ဖော်ရမဲ့ တာဝန်ရှိပါတယ်။ ပြည်သူလူထုအပေါ် တလျှောက်လုံး အမျိုးမျိုးလိမ်ညာခဲ့သလို ပြည်သူ လူထုရဲ့ လယ်ယာမြေတွေ၊ သီးနှံတွေ၊ လုပ်အားတွေ၊ ငွေကြေးတွေကိုလဲ အဓမ္မအေးဓမြတိုက်ခဲ့ပါတယ်။ အော်နာကို ခေါင်းထဲ မထည့်တော့တဲ့အတွက် အမျိုးသားညီလာခံကို ဇွတ်အတင်းပုံသွင်း၊ ၂၀၀၈ ဆန္ဒခံယူပွဲနဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ မျက်နှာပြောင်တိုက် မဲလိမ် မဲခိုး လုပ်ခဲ့ပါတော့တယ်။

ပြည်သူလူထုရဲ့ ချွေးနည်းစာတွေတင်မက အောက်ခြေရဲဘော်တွေရဲ့ ရပိုင်ခွင့်တွေကို လျစ်လျှူရှုပြီး အလွဲသုံးစားလုပ် အဂတိလိုက်စားနေတာဟာ အော်နာကို လုံးဝချိုးဖောက်တာ ဖြစ်ပါတယ်။ ဆင်မင်းဘိလပ်မြေအိတ်တွေ၊ ဒီဇယ်တွေ၊ ဓာတ်ဆီတွေ၊ ဖုံးတွေ၊ ကား ပါမစ်တွေ၊ ဝစ်သောက်ကား၊ ဝစ်သောက် ဆိုင်ကယ်တွေဟာ တပ်မတော်အရာရှိဆိုတဲ့ အော်နာ ကို နင်းချေပစ်လိုက်ပါပြီ။ အော်နာ ဆိုတာ မမှန်တာကိုမလုပ်၊ လုပ်မိရင် အမှားကိုဝန်ခံရတာ ဖြစ်ပေမဲ့ ၂၀၀၇ သြဂုတ်-စက်တင်ဘာတုံးက ပခုက္ကူမှာ သံဃာတော်တွေအပေါ် မလုပ်သင့်တဲ့အမှားကျူးလွန်ခဲ့ပြီး ဒီအမှားကို ဝန်မခံရုံတင်မက ရန်ကုန် မန္တလေး စစ်တွေတို့မှာ နောက်ထပ်ပိုလို့ အမှားတွေ ဆက်တိုက်လုပ်ခဲ့ပြန်ပါတယ်။ နောက်တခါ ၂၀၁၀ စက်တင်ဘာမှာလဲ ပဲခူးမှာ လူငယ်လေးတွေအပေါ် မမှန်တာလုပ် လူသတ်ခဲ့ပြီး အမှားကို ဝန်မခံခဲ့ပါဘူး။

အော်နာ     ဆိုတာ အမှန်တရားကို မြတ်နိုးဆောင်ရွက်ခြင်းလို့ ဆိုထားပေမဲ့ ဒီပဲယင်း လူသတ်ပွဲရဲ့ အမှန်တရားကို ဖုံးဖိထားတာ၊ တက္ကသိုလ်ရိပ်သာလမ်း ၅ လောင်းပြိုင် လူသတ်မှုရဲ့ အမှန်တရားကို ကွယ်ဝှက်ထားတာတွေကို ဗိုလ်ချုပ်ဆိုးသူတွေက ဆောင်ရွက်ခဲ့ပါတယ်။ ဥပဒေအထက်မှာ ဘယ်သူမှ မရှိရဘူး ဆိုတဲ့ ဗိုလ်ချုပ်ရွှေမန်းပြောခဲ့တာကို ဦးရွှေ မန်းကိုယ်တိုင် အော်နာ မလုပ်တော့တာ တွေ့ရပါတယ်။ သားဖြစ်တဲ့ တိုးနိုင်မန်း ဗထူးမှာ ဆေးချ လူသတ်မှု/လူသေမှု ကိစ္စ၊ DSA မှာ ဗိုလ်ကျသောင်းကျန်းတဲ့ကိစ္စတွေမှာ အော်နာတွေ ဘယ်ရောက်သွားပါသလဲ။

အပိုင်း (၂) ကို ဆက်လက် ဖော်ပြသွားပါမည်...

Last Updated ( Tuesday, 18 October 2011 09:10 )  

နောက်ဆုံးရသတင်းများ