F - 7 ????????????
ဆောင်းပါးရှင် - ဝေဟင် (အပိုင်း - ၁ ကို ဒီနေရာတွင် နှိပ်ပြီး ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါသည်)
တပ်မတော်(လေ)မှ သာမန်အရာရှိ/စစ်သည် မိသားစုဘ၀များရဲ့ ရင်ဖွင့်သံများ ကြားသိရပြီးနောက် အုပ်မှူး/တပ်မှူး/ဌာနမှူးတို့ရဲ့ ခံစားချက် လေတပ်အတွင်း အခြေအနေများကို စုဆောင်း တင်ဆက်ပေးလျက် ရှိရာမှာ ဒီတစ်ခါမှာတော့ လေတပ်စခန်းတစ်ခုအတွက် တထောင့်တနေရာကနေ အရေးမပါ့တပါ့ တာဝန်၇ှိနေသော လေကြောင်းညှိနှိုင်းမှု ကွပ်ကဲရေးဌာန(လညက) ဌာနမှူးများရဲ့အပေါ် အမြင်များနဲ့ သူတို့ရဲ့ ခံစားချက်တချို့ကို တင်ပြသွားပါ့မယ်။
လေကြောင်းညှိနှိုင်းမှုကွပ်ကဲရေးဌာန (လညက)ဌာနမှူးများအပေါ် ပျံသန်းရေးအုပ်မှူးများက သူတို့အပေါ် ကျစ်နိုင်/ရစ်နိုင်ခွင့် Power ရထားသူမို့ နေရာပေးဆက်ဆံကြသော်လည်း၊ နောက်ကွယ်မှာတော့ အခက်အခဲများကို ကြိတ်ပြီးဖြေရှင်းရတဲ့ အခြေအနေမျိုးအပါအ၀င် အမြင်အမျိုးမျိုးရှိနေတာကို အုပ်လေသူရဲဘ၀ကနေ အဆင့်ဆင့်တိုးပြီး လေကြောင်းညှိနှိုင်းမှု ကွပ်ကဲရေးဌာနမှူး ဖြစ်လာကြသူများမို့ ကောင်းကောင်း သိရှိနားလည်နေကြပါတယ်။ ဒါ့အပြင် (လညက)ဌာနမှူးရဲ့ အဖြစ်ကလည်း လေတပ်စခန်းမှူးနဲ့ အုပ်မှူးများအကြားမှာ အဆင်ပြေအောင် လေကြောင်းညှိနှိုင်းမှုစကားလုံးပီပီ ကြံဖန်ညှိနှိုင်းနေရတာကြောင့် သူတို့နှစ်ဦးအကြား ညှပ်နေသော အသုံးချခံ Buffer တစ်ခုပါလို့ (လညက)ဌာနမှူး တစ်ယောက်က ရင်ဖွင့်လာပါတယ်။
နေ့စဉ်ပြုလုပ်သော Flight Detail ခေါ် နောက်တစ်နေ့တာပျံသန်းမည့် လေယာဉ်ခေါက်ရေ၊ ဆီလက်ကျန်နဲ့ လေယာဉ်များ အခြေအနေကို လေတပ်စခန်းမှူးနှင့် စက်လက်တပ်မှူး၊ ပျံသန်းရေး အုပ်မှူးများ ညှိနှိုင်းသည့် အစည်းအဝေးမှာ တကယ်တော့ လေတပ်စခန်းအတွက် အခြားလိုအပ်သည်များကို ဖြည့်ဆည်းရန်ဆီများ ပြင်ပသို့ ရောင်းချနိုင်ရေးအတွက် ဆီများများချန် ပျံသန်းပေးနိုင်မည့် လေယာဉ်အုပ်မှ လေယာဉ်ခေါက်ရေကို အတည်ပြုပေးသည့် အစည်းအဝေးသာလျှင် ဖြစ်ပါတယ်။
(လညက) ဌာနမှူးအနေဖြင့် လေယာဉ်များ သတ်မှတ်ပျံသန်းချိန်အတိုင်း မပျံသန်းခြင်းအပေါ် မသိချင်ဟန်ဆောင်ကာ ကွပ်ကဲမှုပေးနေရသလို၊ မတော်တဆမှု တစ်ခုခုဖြစ်လာပါကလည်း ၄င်းကိစ္စများနှင့် မပတ်သက်ရလေအောင် တာဝန်ယူ ဖြေ၇ှင်းပေးဖို့ အမြဲပြင်ဆင်ထားရပါတယ်။ ကက(လေ)နဲ့ စစ်ဆင်ရေး၊ လေ့ကျင့်ရေးကိစ္စများ တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်ရတာကြောင့် တာဝန်ရှိမှုနဲ့တာဝန်ယူရမှုအပေါ် ပျံသန်းရေးအုပ်များမှ ထောက်ပံ့ရတာဟာမျှတတယ်လို့ တကယ်တမ်းတာဝန်ယူရတဲ့အခါမှာ ခံယူလာမိတယ်လို့ ဆိုပါတယ်။ ကြည်းတပ်က ဖြစ်စဉ်တစ်ချို့နဲ့ နှိုင်းယှဉ်ကြည့်ရရင် ကြည်းတပ်က ညီအကိုအရာရှိများ ပြောကြားချက်အရ သူတို့ရဲ့တပ်တွေမှာ စက်သုံးဆီများကို ရောင်းစားနိုင်ရေးအတွက် ၀ါးတီးကပ် (ယာဉ်နေ့စဉ် ခရီးစဉ်နှင့် သုံးစွဲမှု စက်သုံးဆီ) မှာ ကားတွေခရီးလမ်းကြောင်း ဆွဲဆန့်ကာ မိုင်နှင့် သုံးစွဲသည့် စက်သုံးဆီ အသုံး ပြပြီး ကားတွေကို ရပ်ထားတာတွေ၊ တိုက်ပွဲဖြစ်ပြီဆိုရင် စာရွက်ပေါ်တွင် တိုက်ပွဲအဖြစ်ပြပြီး လက်နက်ကြီးကျည် ဘယ်နှစ်လုံးဖြင့် ပစ်ခတ်လိုက်တယ် ဆိုကာ တပ်ရင်းမှာ အရေးပေါ် သုံးစွဲလို့ရအောင် တရားမ၀င် ချန်ထားတာကို သိရပါတယ်။
လူစွမ်းကောင်းအုပ်မှူးများက လေတပ်စခန်းဌာနချုပ်မှူး ချမှတ်တဲ့ အခေါက်ရေထက် တိုးပြီးပျံချင်တာ၊ Fighter လုပ်ချင်စိတ်တွေ တဖွားဖွားပေါ်လာလို့ စိတ်မထိန်းနိုင်တာတွေ၊ ကက(လေ)စစ်ဆင်ရေးနဲ့ ညှိပြီး ပျံသန်းခွင့် တောင်းလာတဲ့အခါမျိုးတွေမှာ လညကမှူးရဲ့ ဘ၀ဟာ အတော့်ကို စိတ်ညစ်ရပါတော့တယ်။ လေတပ်စခန်းဌာနချုပ်မှူးရဲ့ နီးရာဓါးကြောက်ရသလို မလုပ်ပေးခဲ့လို့ရှိရင် တောင်းဆိုနေတဲ့ လူစွမ်းကောင်းအုပ်မှူးရဲ့ အညိုညင်ခံရပြီး သူတစ်နေ့ လေတပ်စခန်းမှူးသော်လည်းကောင်း၊ စစ်ဦးစီးဗိုလ်မှူးကြီး သော်လည်းကောင်း ဖြစ်လာချိန်မှာ နှိပ်ကွပ်ခံရမယ့် အနာဂတ်ကိုလည်း တွေးကြောက်ရပါသေးတယ်။ စီမံကိန်းချ ပျံသန်းချိန် (PlanFlyingHour)တွေကို လေးလပတ်မှာ ဘယ်လိုပဲ ဆုံးဖြတ်အတည်ပြုထားပါစေ၊ ပို/လို ဆိုတဲ့ (သားရေကွင်းလို) ပျံသန်းချိန်ဆောင်ရွက်လို့ ရတာမို့ လေတပ်စခန်းရဲ့ အုပ်ချုပ်မှု လိုအပ်ချက်အရ၊ (ဆီသာရှိနေပါစေ) ညှိနှိုင်းပျံသန်းနေကြတာက ထုံးစံဖြစ်နေခဲ့ပါပြီ။
ဒီလို အခြေအနေတွေကြောင့် ယခင်က လညကဌာနမှူးတွေကို Senior များသာ တာဝန်ပေးပြီး၊ အုပ်မှူးပါးလည်းဝနေ၊ အုပ်ချုပ်ရေး တပ်မှူး လောက်လည်း ပေးမစားစေလိုသော၊ လေတပ်စခန်းဌာနချုပ်မှူးလည်း မဖြစ်နိုင်လောက်တော့သော သူများကိုသာ ခန့်ထားခဲ့ပြီး၊ နောက်ပိုင်းတွင်မူ တက်လမ်းရှိသူများအား ပြောင်းလဲခန့်အပ်လာပါသည်။ အကြောင်းမှာ လမ်းဆုံးနေသူများဆိုပါက လေတပ်စခန်းဌာနချုပ်မှူးများ၏ အလိုအတိုင်းမဖြစ်လာပဲ အုပ်မှူးများနှင့် ပေါင်းကာ လှည့်စားကြသောကြောင့် တက်လမ်းရှိသူများ အနေဖြင့်ဆိုလျှင် အပေါ်မှ ပေးသည့် အမိန့်အတိုင်း တသွေမတိမ်း ဆောင်ရွက်ကြသောကြောင့် ဖြစ်ပါသည်။
အပိုင်း (၃) ဆက်လက်ဖော်ပြသွားပါမည်....
| < Prev | Next > |
|---|

