How do I apply payday loan Your Finances are your own Business
ပင်မနေရာ မူဝါဒ/ဥပဒေ တပ်ပြုပြင်ပြောင်းလဲရေး အော်နာ (Honour) မရှိတဲ့ ဗိုလ်ချုပ်များ - အပိုင်း (၂)

ပင်မနေရာ မူဝါဒ/ဥပဒေ တပ်ပြုပြင်ပြောင်းလဲရေး အော်နာ (Honour) မရှိတဲ့ ဗိုလ်ချုပ်များ - အပိုင်း (၂)

အော်နာ (Honour) မရှိတဲ့ ဗိုလ်ချုပ်များ - အပိုင်း (၂)

Print PDF
User Rating: / 3
PoorBest 

စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ

ဆောင်းပါးရှင် - ဂါမဏိ (အပိုင်း - ၁ ကို ဒီနေရာ တွင် နှိပ်ပြီး ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါသည်)

၈၈ အရေးတော်ပုံတုံးက ကုန်းမြင့်သာယာကို ရေတပ်က အမြောက်နဲ့ပစ်မယ်၊ လေတပ်က ဗုံးကြဲမယ်ဆိုတဲ့ စာထုတ်ခဲ့တာ (ထိုစဉ်က) မဆလ တနင်္သာရီတိုင်းဒေသပါတီကော်မတီ ဥက္ကဌ (ဗိုလ်မှူးကြီးဟောင်း) ဦးရဲဝင်း ဖြစ်ပေမဲ့ ဘာမှမဆိုင်တဲ့ ဗကပ ၄၈၂၈ အဖွဲ့က ပုဂံသန်းနိုင်ကို ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်ပြီး သူရေးကြောင်း ဝန်ခံခိုင်းခဲ့ပါတယ်။ ၁၉၈၉ ခုမှာလဲ သံလျင်ရေနံချက်စက်ရုံ ဗုံးခွဲတယ်ဆိုပြီး သံလျင်မြို့နယ် NLD လူငယ်လေးတွေနဲ့ ဒေါက်တာထွန်းသူကို ညှဉ်းပန်းနှိပ်စက်ပြီး ဇွတ်အတင်း ဝန်ခံခိုင်းခဲ့ပါတယ်။ တကယ်ဗုံးခွဲသူအစစ် ပေါ်လာတော့လဲ အမှားကိုဝန်မခံ၊ အမှန်ရောက်အောင် မပြင်ခဲ့ဘဲ အော်နာကို ရာနှုန်းပြည့် ဖောက်ဖျက်ခဲ့ပါတယ်။

မြောက်ကိုးရီးယားကိစ္စ၊ နျူကလီးယားကိစ္စတွေမှာလဲ အော်နာ မဲ့မဲ့ မျက်နှာပြောင်ပြောင်နဲ့ လိမ်ညာခဲ့ပါတယ်။ လူသားချင်းစာနာမှုအရ ကူညီရပါတယ်ဆိုပြီး နိုင်ငံတကာကို ပြောခဲ့ပေမဲ့ တကယ်တော့ အဲဒီမြောက်ကိုးရီးယား သင်္ဘောတွေမှာ စစ်တပ်ကို ထောက်ပံ့ပေးမဲ့ စစ်လက်နက်ပစ္စည်းများ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ အစိုးရဆန့်ကျင်ရေး နိုင်ငံရေးလုပ်တာကို မကျေနပ်လို့ ရာဇဝတ်မှုနဲ့ အမှုဆင်ဖမ်းတာ၊ ကျန်ရစ်သူမိသားစုကိုပါ ဘဝပျက်အောင်နှိပ်စက်တာ၊ ကိုယ့်နေရပ်နဲ့ ဝေးကွာလှမ်းလှတဲ့ ထောင်တွေကိုပို့တာတွေဟာ စိတ်နေစိတ်ထား မြင့်မြတ်စင် ကြယ်မှု၊ သဘောထားကြီးမြင့်မှုဆိုတဲ့ အော်နာအဓိပ္ပာယ်ကို ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေပြီး အော်နာနဲ့ ဆန့်ကျင်ဖက်ဖြစ်တဲ့ ကလိမ်ကကျစ် အောက်တန်းကျမှု အဓိပ္ပာယ် ဆောင်နေပါတယ်။ ကလေးစစ်သားတွေကို အသက်လိမ်ပြ လက်ခံထားတာကလဲ အမှန်ရောက်အောင် ပြုပြင်ဆောင်ရွက်ခြင်း၊ လိမ်ညာကောက်ကျစ်သူကို ခွင့်မလွှတ်ခြင်း ဆိုတဲ့ အော်နာကျင့်ဝတ်နဲ့ ပြောင်းပြန်ဖြစ်နေပါတယ်။

ကိုလိုနီခေတ်ပုလိပ်တွေ ဘိန်းပစ်ဖမ်းသလို အတိုက်အခံတွေ တိုင်းရင်းသားလက်နက်ကိုင်တွေကို ချဲစာရွက်ချ၊ ယာမား ဆေးပြားပစ်၊ ဘိန်းဖြူပစ် သိက္ခာချတာတွေကလဲ အော်နာ့ဆန့်ကျင်ဖက် အောက်တန်းကျမှုဖြစ်ပါတယ်။ မူးယစ်ဆေး မီးရှို့ပွဲမှာ ဧည့်သည်တွေပြန်သွားတာနဲ့ချက်ခြင်း မီးတွေအမြန်ငြှိမ်းပြီး မူးယစ်ဆေးထုပ်တွေ ပြန်သိမ်းသွားတာဟာ အော်နာမရှိတော့တဲ့ ဗိုလ်ချုပ်တွေခိုင်းတာ ဖြစ်ပါတယ်။ နိုင်ငံတကာဧည့်သည်များ ရုတ်တရက်လာရန်ရှိလို့ ဖျက်ဆီးပြမယ့် မူးယစ်ဆေးဝါး နည်းနေတာကြောင့် နယ်စပ်က အားချင်း မှာယူဖြည့်တင်းတာတွေဟာ အော်နာမရှိတာဘဲ ဖြစ်တယ်။ ကချင်စစ်သုံ့ပန်းတွေကို သတ်ပစ်တာ၊ အနက်ရောင်နယ်မြေ မှာ "အစိတ်သားတောင်မချန်"ဘဲ အကုန်သတ်၊ အကုန်လု၊ အကုန်ရှို့ လုပ်ခိုင်းတာတွေဟာ အော်နာ စိတ်ဓာတ်ကို လုံးဝဆန့်ကျင်နေပါတယ်။ လက်နက်နဲ့ငြိမ်းချမ်းရေးလဲတယ် ဆိုတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို နောက်တခါ ထပ်လက်နက်ချခိုင်းတာတွေကလဲ အော်နာပျက်ယွင်းမှု ဖြစ်ပါတယ်။

နိုင်ငံ့အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်၊ နိုင်ငံ့တက်လမ်းဖြစ်တဲ့ သဘာဝဓာတ်ငွေ့တို့ကို ပွင့်လင်းမြင်သာမှုမရှိ၊ စာရင်းပျောက် ရောင်းစားတာတွေဟာ ဗိုလ်ရွှေမန်းပြောတဲ့ ရိုးသားမှု၊ အမှန်တရားကို မြတ်နိုးဆောင်ရွက်မှု ဆိုတဲ့ အော်နာနဲ့ လုံးဝကွဲလွဲနေသလို ကိုယ့်အာဏာတည်မြဲရေးအတွက် နိုင်ငံ့သယံဇာတ၊ နိုင်ငံ့အချုပ်အခြာအာဏာတို့ကို ပြည်ကြီးတရုတ်လက် ဈေးပေါပေါနဲ့ ထိုးအပ်တာကတော့ ပရိုက်ဒ် မရှိတော့တာကိုလဲ ပြနေပါတယ်။ ကိုရွှေမန်းက ဥပဒေအထက်မှာ မည်သူမျှ မရှိစေရပါဘူးလို့ ဆိုပေမဲ့ ရွှေဝါရောင်တော်လှန်ရေး ဖြစ်စဉ်များနဲ့ နာဂစ်မုန်တိုင်းကယ်ဆယ်ရေး ဖြစ်စဉ်များမှာ ဥပဒေအထက်မှာ ဥပဒေမဲ့ လုပ်ချင်ရာ လုပ်သွားတာကိုတော့ အော်နာ မရှိတာဘဲ ဖြစ်ပါတယ်။ မိမိရဲ့ စကားကိုတည်ဖို့ ကိုရွှေမန်းတစ်ယောက် အမှတ်ရစေဖို့ လိုပါတယ်။

ကိုယ့်အောက်ခြေ အရာရှိအရာခံ အကြပ်တပ်သားတွေအပေါ် အော်နာမဲ့တဲ့ နောက်လုပ်ရပ်ကြီး တခုကတော့ အထောက်တော်သတင်း၊ အခြားသတင်း၊ အထက်ဌာနချပြသတင်းဆိုပြီး နယ်စပ်အတိုက်အခံတွေ၊ တိုင်းရင်းသား လက်နက်ကိုင်တွေ၊ ဥပဒေတွင်းအတိုက်အခံတွေနဲ့ ပတ်သက်တဲ့ ဗုံးခွဲ အကြမ်းဖက် နှောင့်ယှက်ဖျက်ဆီး ဆူပူရေး လံကြုတ်သတင်းတွေ ဖန်တီးတာ၊ အောက်ခြေရဲဘော်တွေ အရာရှိငယ်တွေကို ဒီသတင်းတွေနဲ့ ခြောက်လှန့် မှိုင်းတိုက်ပြီး "နိုင်ငံတော်ကာကွယ်ရေး" အတွက် တပ်ချုပ်ကြီးတို့ကို အစဉ်သစ္စာရှိ နာခံနေအောင်၊ စစ်စိတ်စစ်သွေးကြွအောင် မမှန်ကန်တဲ့နည်းလမ်းတွေနဲ့ လိမ်ညာလီဆယ်နေတာဘဲ ဖြစ်ပါတယ်။

ဥပမာပြရရင်- ထိုင်းနိုင်ငံဝင်ခွင့် ပိတ်ထားခံရတဲ့ စင်ပြိုင်အစိုးရဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းက ဘာအဆောက်အဦး ဘာစခန်းမှ မရှိတော့တဲ့ ဒေါင်းဂွင်မှာ ရန်ကုန်-မန္တလေး ဖောက်ခွဲဖို့ အစည်းအဝေးလာတက်တဲ့သတင်း၊ ယခုစာရေးသူ ဂါမဏိကို ကေအဲန်ယူ ဗဟိုထောက်လှမ်းရေးက ဗိုလ်မှူးအဖြစ် ဖော်ပြပြီး မဲဆောက်မြို့ မယ်ပရပ်ကွက် နေအိမ်ကနေ ပြည်တွင်းကို ဖောက်ခွဲရေးသမားတွေ စေလွှတ်တဲ့သတင်းမျိုး ဖြစ်ပါတယ်။ တခါတရံမှာလဲ ဇာတ်လမ်းဆင်တာ လွန်သွားလို့ ကွယ်လွန်ပြီးဖြစ်တဲ့ ကေအဲန်ယူ တပ်မဟာ(၆)မှူး ဗိုလ်ချုပ်ရွှေဆိုင်းက ဖောက်ခွဲရေးအစည်းအဝေး တက်တယ်လို့ ရေးထုတ်မိတာမျိုး ဖြစ်ခဲ့ပါသေးတယ်။ အရင်တုံးက ကကလှမ်းဘဲဖြစ်ဖြစ်၊ ဒီကနေ့ စရဖဘဲဖြစ်ဖြစ် သတင်း ထောက်လှမ်းရာမှာ ဒါလောက်အထိညံ့တာ မဟုတ်ပါဘူး။ တမင်သက်သက် သတင်းအတုတွေ လုပ်ကြံထုတ်လွှတ်နေတာသာ ဖြစ်ပါတယ်။

တကယ်တော့ ဒီကနေ့ အထက်ကချပြတဲ့ ရန်သူ့သတင်းလို့ သတ်မှတ်ထားပြီး ထောက်လှမ်းရေးသတင်းများကို စစ်သုံးသင်္ကေတဖြင့် ဖော်ပြထားသော ဦး ၄ သတင်း ၉၀% လောက်ဟာ အတုတွေဖြစ်နေပါတယ်။ ကြားဖူးနားဝ လူနာမယ်တွေ၊ အဖွဲ့အစည်းနာမယ်တွေ၊ နေရာဒေသနာမယ်တွေနဲ့ ဇာတ်လမ်းဆင်ပြီး ဗုံးခွဲမယ့်ဇာတ်လမ်း၊ အဖျက် လုပ်ရပ်ဇာတ်ထုပ်၊ ဆူပူမယ့်ဇာတ်ကွက်၊ ပြည်ထောင်စုဖြိုခွဲမယ့်ကြံစည်ချက်၊ တပ်မတော်ကိုဖျက်ဆီးမယ့်ပလော့တ် တွေ ရေးထုတ်ဖြန့်ချီတာဟာ အဓိကအားဖြင့် ၁၉၈၈ ခု နောက်ပိုင်းမှာ စလာခဲ့ပါတယ်။ အဓိက ကတော့ ဖောက်ခွဲရေး လုပ်မယ့်သတင်းတွေ ဖြစ်ပါတယ်။ ဒီ့အရင်ကတော့ သတင်းအတုဖန်တီးတာ သိတ်မရှိခဲ့ဘဲ သတင်းမှားတာတွေဘဲ တခါတလေရှိခဲ့ဖူးပါတယ်။  သတင်းအတုရေးတဲ့အခါ ပြည်ပအသံလွှင့်ဌာနသတင်းတွေမှာ ပါလေ့ရှိတဲ့ အဝေးရောက် အတိုက်အခံခေါင်းဆောင် နာမယ်တွေ အဖွဲ့တွေကို အခြေတည်၊ ပြည်တွင်းကိုလွှတ်လိုက်တဲ့ ဖောက်ခွဲရေးသမားတွေရဲ့ နာမယ်၊ လူပုံပန်း သဏ္ဍာန်၊ အရပ်အမောင်း မျက်နှာပေါက်ကအစ အသေးစိတ်ဖန်တီးရေးသားပြီး ဦး ၄ သတင်းတွေကို တပ်တွေဆီ ထုတ်လွှတ်ပါတော့တယ်။

ဒီသတင်းအတုတွေကို စိတ်ဓါတ်စစ်ဆင်ရေး နည်းဗျူဟာဖြင့် ကကကြည်း၊ အခု စရခ (အရင် ကကလှမ်း) နဲ့ ကကပြည် တို့က တာဝန်ယူရေးထုတ်နေတာ ဖြစ်ပါတယ်။ တချိန်ကဆို ပြန်ကြားရေး ဒုဝန်ကြီးဟောင်း ဦးသိန်းစိန်က အောင်မင်း ကလောင်နာမည်နဲ့လည်းကောင်း၊ ဖိုးကံကောင်း (ညိုမင်းလွင်)၊ တင်သန်းဦး၊ ချစ်စံဝင်း၊ ချစ်နိုင်၊ တက္ကသိုလ်မြတ်သူ၊ တက္ကသိုလ်တင်ခတို့ကလည်းကောင်း ကလောင်နာမည်အမျိုးမျိုးဖြင့် ရှဲဒိုးရေးခဲ့ကြပါတယ်။ နောက်ပိုင်းမှာ လုပ်ငန်းလည်ပတ် အသားကျသွားတဲ့အခါကျမှ သူတို့ကို နားလိုက်တာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်စောမောင်၊ ဗိုလ်ချုပ်ခင်ညွန့်၊ ဗိုလ်ချုပ်သန်းရွှေတို့ကိုယ်တိုင် ကြီးကြပ်ရေးသားတာတွေ ဂိုက်လိုင်းပေးတာတွေလဲ ရှိခဲ့ပါတယ်။

ဒီလိုရန်သူသတင်းအတုတွေနဲ့ တပ်ကို ခြောက်ခြားနေအောင်၊ အငြိမ်မနေရအောင်၊ နိုင်ငံရေး ဒီမိုကရေစီရေး တပ်မတော်သားအခွင့်အရေး စဉ်းစားချိန်မရအောင်၊ အတိုက်အခံတွေ တိုင်းရင်းသားတွေကို အမြဲမယုံသင်္ကာဖြစ် ရန်လိုနေအောင် လုပ်ထားပြီး စစ်အုပ်စု ထိပ်သီးတွေအလိုကျ လက်ညှိုးထိုးခိုင်းနိုင်အောင် အစဉ်တစိုက် ကြိမ်တို့နေတာ ဖြစ်ပါတယ်။ အော်နာ မရှိတဲ့ စစ်ခေါင်းဆောင်တွေနဲ့ အရပ်ဝတ်လဲ စစ်ခေါင်းဆောင်တွေကို ပြည်သူလူထုက ယုံကြည်နိုင်စွမ်း မရှိပါဘူး။ ဖြောင့်မတ် စကားတည် မလိမ်မကောက်တဲ့လူကိုဘဲ ရဲဘော်အများ ပြည်သူအများက ယုံကြည်စိတ်ချနိုင်စွမ်း ရှိမှာ ဖြစ်ပါတယ်။

ဒါကြောင့် တပ်မတော်အရာရှိတွေဆီမှာ ပျက်စီးပျောက်ဆုံးသွားတဲ့ အော်နာ ပြန်လည်ထူထောင်ဖို့ဆိုရင် အော်နာကို ဖျက်ဆီးခဲ့တဲ့ အာဏာရူး ကိုယ်ကျိုးသမား စစ်ထိပ်သီးတွေကို ဖယ်ရှားပစ်ဖို့လိုပါတယ်။ ဒါမှသာ အရာရှိတွေရဲ့ အော်နာ နဲ့ ပရိုက်ဒ် တင်မကဘဲ တပ်မတော်တခုလုံးရဲ့ ဂုဏ်သိက္ခာကိုပါ ပြန်ပြီးအဖတ်ဆယ်နိုင်မှာ ဖြစ်ပါတယ်။ အော်နာကို တန်ဖိုးထားတဲ့ တပ်မတော်အရာရှိ ကြီးလတ်ငယ်တွေအနေနဲ့ အော်နာမရှိတော့တဲ့ စစ်ခေါင်းဆောင်ထိပ်သီးတွေနေရာကို တက်ယူဖို့ အချိန်တန်ပါပြီ။

Last Updated ( Friday, 05 April 2013 00:13 )  

နောက်ဆုံးရသတင်းများ

နောက်ဆုံးရဆောင်းပါးများ