ပင်မနေရာ မူဝါဒ/ဥပဒေ တပ်ပြုပြင်ပြောင်းလဲရေး စုပ်လည်းစူး...စားလည်းရူး... အပိုင်း(၃)

ပင်မနေရာ မူဝါဒ/ဥပဒေ တပ်ပြုပြင်ပြောင်းလဲရေး စုပ်လည်းစူး...စားလည်းရူး... အပိုင်း(၃)

စုပ်လည်းစူး...စားလည်းရူး... အပိုင်း(၃)

Print PDF
User Rating: / 2
PoorBest 

တပ်မတော်(လေ) ပီစီ တိုက်လေယာဉ်

ဆောင်းပါးရှင် - ဝေဟင် (အပိုင်း - ၂ ကို ဒီနေရာ တွင် နှိပ်ပြီး ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါသည်)

ယခင်က ရာထူးတိုးတက်လမ်းမရှိတဲ့ အရာရှိများကိုသာ လညက ဌာနမှူးများအဖြစ် တာဝန်ပေးထားရာမှ ပြောင်းလဲလာပြီး ၂၀၁၁ခုနှစ်အတွင်း ဒုဗိုလ်မှူးကြီးအပွင့်တင်ထားပြီးတဲ့ သူများအား လညကဌာနမှူးများအဖြစ် ရာထူးပေးခန့်ထားခြင်းက ပိုမိုထင်ရှားစေခဲ့ပါတယ်။ မည်သို့ပင်ဖြစ်စေ အရာရှိသင်တန်းများသို့ သင်တန်းသားစေလွှတ်ခြင်း၊ လေသူရဲများရဲ့ ပျံသန်းချိန်ဆိုင်ရာ ကိစ္စများ၊ လေယာဉ်များရဲ့ ပျံသန်းမှုကိစ္စရပ်များ၊ လေယာဉ်ကြုံလိုက်ပါစီးနင်းခွင့် ကိစ္စရပ်များကိုပါ လညကဌာနမှူးရဲ့ လုပ်ပိုင်ခွင့်အာဏာအတွင်း တိုးတက်ရရှိနေပေရာ အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာ ရပိုင်ခွင့်များအား စိတ်တိုင်းကျ ကိုင်တွယ်စီမံခွင့်ရှိသော အုပ်မှူး/တပ်မှူး တစ်ဦးမဟုတ်သည့်တိုင် သွယ်ဝိုက်ရရှိခံစားရပြီး၊ တာဝန်ယူမှုနှင့်လျှော်ညီတဲ့ အခွင့်အရေးတို့ကြားမှ ဒုမှူးကြီးတစ်ဦးအဖြစ်ဖြင့်မူ နေသာထိုင်သာ ရှိလာပါကြောင်း ဆိုပါတယ်။

ဆက်လက်ပြီး တပ်မှူး level နောက်တစ်ဦးရဲ့ ခံစားချက်ကို တင်ပြရရင် လေတပ်စခန်းတစ်ခုလုံးရဲ့ အသက်ဆက်ရာ စက်သုံးဆီ၊ ရိက္ခာ များအပါအ၀င် အုပ်ချုပ်မှု ကိစ္စအ၀၀ကို ကိုင်တွယ်ထားရတဲ့ အုပ်ချုပ်ရေးတပ်မှူးများရဲ့ အခြေအနေကို ရင်ဖွင့်ပါ့မယ်။ ယခင်က လေတပ်သားတို့ ရင်ဖွင့်ခဲ့ပြီးဖြစ်တဲ့ ဆောင်းပါးများမှာ အုပ်ချုပ်ရေးတပ်အောက်မှာ ပါဝင်သောဌာနများကို သိခဲ့ကြလောက်ပြီးပြီမို့ တပ်မှူးတွေရဲ့ အနေအထားကိုပဲ ပြောပါတော့မယ်။

ညီနောင်အရာရှိများရဲ့  “ဖရိုဖရဲ..အလဲလဲ..အကွဲကွဲ” ဆိုတဲ့ ဆောင်းပါးနဲ့ “ဖွတ်မိကျောင်းဖြစ်..မြစ်မချမ်းသာ” ဆောင်းပါးများဟာ လက်ရှိ တပ်မတော်(လေ)ရဲ့ အုပ်ချုပ်ရေးတပ်ရဲ့ အနေအထားကို မြင်သာစေမှာပါ။ ယခင်ကတော့ အုပ်ချုပ်ရေးတပ်မှူးများဟာ အလွန် Senior ကျသော လေသူရဲအိုကြီးများကို နေရာပေးထားခဲ့တာဖြစ်ပြီး ဓါးသွားထက်က ပျားရည်စက်များလို့ ဆိုရမယ့် အုပ်ချုပ်မှု အထောက်အပံ့များကို လေတပ်စခန်းဌာနချုပ်မှူးများက တဆင့်ခံ စားသုံးနေခဲ့ကြပါတယ်။ နောက်ပိုင်းကာလများမှာတော့ အဲ့ဒီအဆင့်ကို မတင်းတိမ်နိုင်တော့တဲ့ လေတပ်စခန်းဌာနချုပ်မှူးများဟာ ကိုယ်တိုင်စီမံနိုင်မှု နည်းလမ်းများကို ရှာကြံလာကြတာမို့ junior ကျသော အုပ်ချုပ်ရေးတပ်မှူးအများစုဟာ အမည်ခံလောက်သာရှိတော့ပြီး လေတပ်စခန်းမှူးကသာ Boss အဖြစ် သူခြေသူ့လက် စီမံခန့်ခွဲနေကြတာဖြစ်ကြောင်း ရင်ဖွင့်လာပါတယ်။

ယခင်က မော်တော်ယာဉ်သုံးစွဲမှုအတွက် 658 ပုံစံနဲ့ မော်တော်ယာဉ်အရာရှိထံတင်ပြကြရပါတယ်။ တနေ့စာ ယာဉ်စီမံမှုကို DetailIncharge အရာခံတစ်ယောက်က ပြုလုပ်ပြီး အုပ်ချုပ်မှုဆီခွဲတမ်းနဲ့ အသုံးပြုမှုတို့ အ၀င်အထွက်ကို ဆောင်ရွက်ကြပါတယ်။ တော်ရုံအခြေအနေနဲ့ အုပ်ချုပ်ရေးတပ်မှူးက ၀င်တောင်မကြည့်ပါဘူး၊ ယာဉ်ပြင်ဆင်မှုနဲ့ အခြားသော အသေးစား အုပ်ချုပ်မှုအစီအမံများကို မော်တော်ယာဉ်အရာရှိဖြစ်တဲ့ ဗိုလ်မှူး(သို့) ဗိုလ်ကြီးကသာ နည်းလမ်းတကျဆောင်ရွက်သွားပြီး၊ တလစာထဲကမှ အပိုအလျှံတွေကို စာရင်းချုပ်ပြီး အုပ်ချုပ်ရေးတပ်မှူးထံ တင်ပေးလိုက်တာပါဘဲ။

အဲဒီအဆင့်ကျမှ တပ်မှူးက လေတပ်စခန်းဌာနချုပ်မှူးထံ မော်တော်ယာဉ်မှ ဆီအပိုဖြင့် အုပ်ချုပ်မှုကိစ္စ ဆောင်ရွက်နိုင်မှု အခြေအနေကို ဆက်အပ်လိုက်တာ ဖြစ်တယ်။ တပ်ရဲ့ လိုအပ်ချက်ထက် မလျှော့သမျှ လုပ်ငန်းအဆင်ပြေနေအောင် ဖြတ်သင့်တာ၊ ယူသင့်တာတွေ ယူထားပြီး နောက်ဆုံးအကျန်ကို လေတပ်စခန်းဌာနချုပ်မှူးထံ အပ်လိုက်တဲ့ သဘောပါဘဲ။ ဝေစားမျှစားကြသလို တပ်ရဲ့ယာဉ်လိုအပ်ချက်ဖြစ်တဲ့ ကျောင်းကား၊ဈေးကား အပါအ၀င် အုပ်ချုပ်မှုကိစ္စ ယာဉ်သုံးစွဲမှုတွေမှာ အသံမထွက်အောင် စီမံနိုင်ခဲ့ကြပါတယ်။

လက်ရှိအနေအထားမှာတော့ မော်တော်ယာဉ်အရာရှိနဲ့ အုပ်ချုပ်ရေးတပ်မှူးဆိုတာ မော်တော်ယာဉ်မှ ဆီနဲ့ယာဉ် Detail ကိုတောင် ထိခွင့်မရှိတော့တဲ့ လေတပ်စခန်းတွေ များလာပါပြီ။ လေတပ်စခန်းဌာနချုပ်မှူးကိုယ်တိုင် စီမံကွပ်ကဲနေတာမို့ ဆီထုတ်လာပြီးချိန်မှာ ကြိုတင်ရောင်းပစ်ခိုင်းတာကြောင့် လတ၀က်လောက်တင် ဒီဇယ်မကျန်တော့တာ၊ ဓါတ်ဆီကုန်နေတာ၊ ဓါတ်ဆီနဲ့ဒီဇယ်ဖလှယ်သုံးရတာ စတဲ့ အထူးအဆန်းစကားတွေ ကြားနေရပါတယ်။

မိသားစုဝင် ၂၀၀ လောက်ရှိတဲ့ တပ်မှာ ဈေးကားအဖြစ် လန်ဂျန်းတစ်စီးထဲကို တပတ်မှာ စနေတစ်ရက်ဘဲ ပေးနေရတဲ့အခြေအနေမှ ၂ ပတ်မှ တခါလောက်ပဲဖြစ်သွားတာ၊ အရာရှိ စစ်သည်သင်တန်းတက်၊ ကြိုပို့စတာတွေမှာ ဗိုလ်မှူး အဆင့်အောက်ဆို ကားမစီစဉ်ပေးတာ၊ လမသလို တပ်ကနေသာစည်ဘူတာသွားရမယ့် စစ်သည်သင်တန်းဆင်းများမှာ မိမိအစီအစဉ်ဖြင့် ဆီထည့်ရပြီး ကားချည်းပဲပေးတာ၊ ပျံသန်းရေးအုပ်များမှ လိုအပ်လို့ ကားတောင်းခဲ့ရင် ကားပဲပေးပြီး ဆီမပေးတာ စသောစသော တပ်မတော်ရဲ့ ဘယ်လုပ်ထုံးလုပ်နည်းမှာမှ မပါသော လုပ်ငန်းစဉ်များ ဖြစ်နေပါတယ်။ အောက်ခြေက ပူညံပူညံ အသံတွေကို အနီးကပ်ဆုံးရှိနေတဲ့ အုပ်ချုပ်ရေးတပ်မှူး တစ်ယောက်အနေနဲ့ သိနေကြားနေရသလို တာဝန်ရှိနေပေမယ့်လည်း လုပ်ပိုင်ခွင့်က လေတပ်စခန်းဌာနချုပ်မှူးက အလုံးစုံ စီမံနေတာမို့ အောက်ခြေကို ချပြလို့ကလည်းမဖြစ်၊ ကိုယ်တိုင်ကလည်း ဖြေရှင်းမပေးနိုင်နဲ့ အတော်ခက်ခဲသော အခြေအနေများဖြစ်ပါတယ်။ လေတပ်စခန်းဌာနချုပ်မှူးအနေနဲ့ကျတော့ “ငါဒီလဘယ်လောက် လိုချင်တယ် အုပ်ချုပ်မှု ဆီထဲက ဘယ်လောက်ရောင်းလိုက်” ဆိုပြီး တပါတည်း တွက်ချက်အမိန့်ပေးလိုက်တာမို့ အောက်ကလူတွေ အမြင်မှာတော့ အုပ်ချုပ်ရေးတပ်မှူးက ဆီတွေကို လဆန်းကတည်းက ရောင်းထုတ်လိုက်တာလို့ အထင်အမြင် လွှဲမှားခံရပါတော့တယ်။

အပိုင်း (၄) ကို ဆက်လက်ဖော်ပြသွားပါမည်..

Last Updated ( Tuesday, 25 October 2011 16:21 )  

နောက်ဆုံးရသတင်းများ