ပင်မနေရာ မူဝါဒ/ဥပဒေ တပ်ပြုပြင်ပြောင်းလဲရေး စုပ်လည်းစူး...စားလည်းရူး - အပိုင်း (၆)

ပင်မနေရာ မူဝါဒ/ဥပဒေ တပ်ပြုပြင်ပြောင်းလဲရေး စုပ်လည်းစူး...စားလည်းရူး - အပိုင်း (၆)

စုပ်လည်းစူး...စားလည်းရူး - အပိုင်း (၆)

Print PDF
User Rating: / 6
PoorBest 

ဆောင်းပါးရှင် - ဝေဟင်  ( အပိုင်း (၅) ကို ဒီနေရာ တွင်နှိပ်၍ ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါသည်...)

အုပ်မှူး/ တပ်မှူး ဘ၀မှာ အောက်ခြေနဲ့ တဖြည်းဖြည်း ကင်းကွာလာသလို၊ အနီးကပ် ရှိနေသူများရဲ့ စကားသံကိုသာ ကြားရတော့တဲ့အတွက် ဒီလို အတွေးအမြင်တွေ ဖြစ်လာရပြီး၊
အမှန်တရားနဲ့ စတင် ကင်းကွာလာရခြင်းကို သတိထားမိသူတွေလည်း ရှိသော်လည်း အနည်းစုသာလျှင် ဖြစ်ပါတယ်။ ဒါတောင် လေတပ်မှာ အုပ်မှူး/တပ်မှူး များဟာ သီးခြား Commander မဟုတ်ပဲ အထက်မှာ လေတပ်စခန်း ဌာနချုပ်မှူးအောက်မှာ ရှိနေပါသေးတယ်။ ခြေလျင်တပ်ရင်းက တပ်ရင်းမှူးတွေဆိုရင် သူ့အထက်မှာ မရှိလေတော့ပိုတောင် ဆိုးပါဦးမယ်။ ဒီပြောင်းလဲမှုတွေကို ထိုအုပ်မှူး/တပ်မှူးများ ကိုယ်တိုင် သတိမထားမိပေမယ့် ငယ်စဉ်ကတည်းက အတူလက်တွဲ လုပ်ဆောင်လာခဲ့သော စစ်သည်များကတော့ ကောင်းကောင်း သိမြင်နေကြရပါတယ်။


ဒီလို အနေအထားကို သတိထားတတ်တဲ့ အဆင့်တူ အရာရှိကြီး အချင်းချင်း အနက်မှ အချို့က သတိပေးရင်း မျှမျှတတ သုံးသပ်ဆောင်ရွက်ကြရန် ညှိနှိုင်း မိခဲ့ချိန်တွင် အပေါစား စည်းရုံးရေး လုပ်သည်၊ ပေါ်လစီ ထိခိုက်သော စည်းရုံးမှု လုပ်သည်၊ အကြီးအကဲများ အပေါ် အာခံ မည့်သူဖြစ်သည် စသော တိုက်ခိုက်မှု၊ သွေးထိုးမှုများဖြင့် နောက်တဆင့် နေရာ ရရေး အတွက် ထိုးကြွေး ခံရရင်း ဒုဗိုလ်မှူးကြီး ဘ၀မှာပင် နိတ္ထိတံကြရသော အဖြစ်များကလည်းအများ အပြားရှိခဲ့ပါတယ်။

မြန်မာ့လေ တိုက်လေယာဉ်


မည်သို့ပင် ဖြစ်စေကာမူ လေတပ်မှ အုပ်မှူး/တပ်မှူး များအကြားတွင် စက်မှုလက်မှု တပ်မှူးများဟာ ကျန် စစ်တက္ကသိုလ်ဆင်း အရာရှိကြီးများကဲ့သို့ အချင်းချင်း ချနင်းရန်၊
ကျော်တက်ရန်၊ ထိုးကြွေးရန်၊ First မရရင် Last ဘဲ ဆိုတဲ့ လေ့ကျင့် ပေးမှုများ မခံခဲ့ရဘဲ၊ လူနေမှုဘ၀၊ ကျောင်းသား ဘ၀အတွေ့အကြုံ ရင့်ကျက်မှုများစွာ ရှိခဲ့သူများ ဖြစ်ပါတယ်။ စက်မှုလက်မှု တပ်မှူးများဟာ အပြင်အရပ်ဘက် တက္ကသိုလ်တွင် ကျင်လည်ခဲ့ပြီးမှ တပ်တွင်းရောက်လာသူများပီပီ အကျိုးအကြောင်း၊ အဆိုးအကောင်း စဉ်းစားပြီးမှ စစ်သည်မိသားစုများ အခြေအနေကိုလည်း ကျန်အုပ်မှူး/တပ်မှူး များထက် ပိုမိုနားလည် ပေးနိုင်သူများဖြစ်လေရာ အချို့သော အဓိပ္ပါယ်မရှိသည့် စီမံချက်များ၊ အမိန့်များ၊ လုပ်ဆောင်မှုများအပေါ် ပြန်လည်စဉ်းစား သုံးသပ်ရန် အကြံပေးခြင်း၊ မဖြစ်မနေ လုပ်ရသည့်တိုင် ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ အခြေအနေမျိုး ဖန်တီး ပေးခြင်းတို့ကြောင့် လေတပ်စခန်းမှူးများရဲ့ မျက်မာန်ရှမှု အများဆုံး ခံကြရသူများ ဖြစ်လာ ပါတော့တယ်။

 

သို့သော်လည်း လေယာဉ်များ ပျံသန်းမှုအတွက် ကောင်း/မကောင်း အဆုံးအဖြတ်ပေးခြင်း၊ လေတပ်စခန်းရဲ့ အသက်သွေးကြောဖြစ်တဲ့ လေယာဉ်ဆီ သိုလှောင် ထိန်းသိမ်းမှုမှာ စက်မှုလက်မှု တပ်မှူးရဲ့ အောက်တွင် ရှိနေခြင်းတို့ကြောင့် အစည်းအဝေးခန်းများ၊ လူအများရှေ့ စသည်တို့တွင် ပြစ်တင်ဆူပူခြင်းမှ အပ ကလန်ကဆန်တော့ မလုပ်ရဲကြပါ။ အုပ်မှူးများဟာ လေယာဉ်ခေါက်ရေ အလိုက်၊ ပျံသန်းသည့်နာရီ ကြာမြင့်မှုမှ တွက်ယူရရှိသော လေယာဉ်ဆီ အချိုးအစားမှ တဆင့် ပိုလျှံအောင် ပြုလုပ်ကာ အုပ်၏ ၀င်ငွေကို ရှာဖွေခြင်း ဖြစ်ရာ လေသူရဲတို့သည် ဆီပို များများကျန်စေရန် စွန့်စားပျံသန်းရှာဖွေ ကြရပါတယ်။

 

လေယာဉ်ဟာ မြေပြင်သို့ ပြန်လည်ဆင်းသက်စဉ်တွင် အလေးချိန် ကန့်သတ် သတ်မှတ်ချက် များရှိပါတယ်။ သတ်မှတ်အချိန်အတိုင်း မပျံပဲ ဆီများများကျန်ရန် အချိန်ခိုးပြီး အလေးချိန်များများဖြင့် ပြန်ဆင်းချိန်ဟာ အလွန်အန္တရာယ်များသော ဆင်းသက်မှုဖြစ်ပါတယ်။ ထို့အတူ ဆီပုံမှန်မထည့်ဘဲ လျှော့ထည့်ကာ လေယာဉ် ပျံတက်ထားပါကလည်း မုန်တိုင်း တိမ်ထူထပ်ကဲ့သို့ ရာသီဥတု ဆိုးရွားလာခြင်း စတဲ့ အကြောင်း အမျိုးမျိုးကြောင့် ခန့်မှန်းထားသည်ထက် လေထဲတွင် ပိုကြာသွားပါက ဆီကုန်ပြီး ဒုက္ခများနိုင်ပါတယ်။


လေတပ်စခန်း အခြေအနေ၊ လေယာဉ်အခြေအနေပေါ် မူတည်ပြီး သတ်မှတ်ဆီကို လေယာဉ်ထဲထည့်ပြီးမှ ပထမနည်းအတိုင်း ချန်ကာပြန်ဆင်းပြီးမှ ဖောက်ရောင်းခြင်း၊ သို့မဟုတ် ဆီဖြည့်သည့် Boxer ကားမှ အပြည့်မဖြည့်စေဘဲ အချိန်ခိုးမည့် အနေအထားအတွက် လိုမည့်ဆီ ပမာဏလောက်သာ ထည့်ပြီးကျန်ဆီများကို ဆီကားထဲမှာပင် ချန်ကာရောင်းပစ်ခြင်း နည်းလမ်းများကို သုံးခြင်းကြောင့် လေသူရဲများရဲ့ အသက်နှင့်ရင်းကာ ရှာဖွေကြသည်ဟု ပြောခြင်းဖြစ်ပါတယ်။ မည်သည့် နည်းလမ်းသုံးသည်ဖြစ်စေ Accident ဖြစ်နိုင်ချေရှိသည်သာ ဖြစ်ပါတယ်။


ထိုသို့အုပ်မှူးများမှ ရှာဖွေကြသော်လည်း စက်မှု/လက်မှုတပ်မှူးမှာမူ လေယာဉ်ဆီ စထုတ်သည်မှ စကာ အုပ်များမှ ပြန်ရောင်းသည့်တိုင် အချိုးကျ ခွဲတမ်းများ ရရှိနေပြီး၊
အုပ်ရှိလျှင် ရှိသလောက်၊ လေယာဉ် အမျိုးအစား စုံသလောက် အကျိုးအမြတ်များမှာ အသက် မစွန့်ရဘဲ စာရွက်စာတမ်းပေါ်မှ Risk ယူရသည်မျှသာ ရှိပြီး သပိတ်ဝင်အိတ်ဝင် ရနေပါတယ်။ ဥပမာပြရလျှင် (၂၀၀၆ ခုနှစ် ခန့်က) အုပ်မှူးများ Surf ၀ယ်စီးနိုင်သော အချိန်တွင် ထိုလေယာဉ် အုပ်မျိုး ၂ အုပ်ရှိသော ထိုလေတပ်စခန်းမှ စက်မှု/လက်မှုတပ်မှူးဟာ မင်္ဂလာဒုံမှ ခရေပင် ရိပ်မွန်အိမ်ယာတွင် လုံးခြင်းတိုက်တစ်လုံး၊ Mark II ကား ၂ စီး၊ သားသမီး ၂ ဦးအား နိုင်ငံခြားတွင် ကျောင်းသွားတက်စေနိုင်သော အခြေအနေတစ်ရပ်ကို ပိုင်ဆိုင်သည့် ဘ၀ကို ရရှိ ခဲ့စေ ပါတယ်။ အုပ်မှူး Surf ၀ယ်စီးနိုင်တာလောက်ကိုတော့ စက်မှု/လက်မှု တပ်မှူးက ပျင်းတောင် ပျင်းပါသေးတယ်။


အုပ်ချုပ်ရေးတပ်မှူးများဟာ လေတပ်စခန်း တစ်ခုလုံးမှ ပြဿနာပေါင်းများစွာကို ခေါင်းခံဖြေရှင်းပြီး တပ်အနေအထားပေါ် မူတည်ကာ အိတ်များမှာ ဖောင်းတလှည့် ပိန်တလှည့်ဖြင့်
နေနေကြသလို၊ လညကနှင့် လကက စသော ဌာနမှူးများ ဘ၀မှာလည်း အညိုငြင်ခံ ဝေမျှ စားနေရသလို၊ စက်မှု/လက်မှု တပ်မှူးများ၊ အုပ်မှူးများသည်လည်း ဆီနှင့် ဘ၀ တပ်တူအချိုးကျ ရှင်သန် လှုပ်ရှားနေကြရဆဲ ဖြစ်ပါတယ်။ အကယ်၍သာ ဆီရောင်းစရာ ဈေးကွက်လည်း မရှိတော့၊ အခြားသော သက်သာချောင်ချိရေး လုပ်ငန်းများလည်း ဆောင်ရွက်စရာမလိုဘဲ၊ အခြားသော ဒေသတွင်း တပ်မတော်များ ကဲ့သို့သော အုပ်ချုပ်ထောက်ပံ့မှု စနစ်များလည်း ရှိလာသော အခြေအနေ တစ်ရပ်ကိုသာ ရရှိမည်ဆိုပါလျှင် တင်ပြခဲ့သော မရှူနိုင် မကယ်နိုင် အခြေအနေများကြားမှ Commander များရဲ့ ဘ၀တဆစ်ချိုးများသည်လည်း ယခုကဲ့သို့သော တင်ပြချက်များ ဖြစ်မလာနိုင်တော့ဘဲ ဒဏ္ဍာရီ ပုံပြင်များအဖြစ်သာ ရှိနေတော့မည် ဖြစ်ပါတော့တယ်။

Last Updated ( Wednesday, 09 November 2011 10:24 )  

နောက်ဆုံးရသတင်းများ