????????????????? ?????????????? ??????????
အခု ၂၀၁၂ ခုနှစ်ဆိုတဲ့ အချိန်ကာလ အတောအတွင်းမှာ မြန်မာ့နိုင်ငံရေး အခင်းအကျင်းဟာ လျင်မြန်စွာဘဲ ပြောင်းလဲ ဖြစ်ပေါ်နေပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီသို့ ဦးတည်နေပါတယ်ဆိုတဲ့ အစိုးရအဖွဲ့သစ်ရဲ့ ပြုပြင်ပြောင်းလဲရေးတွေကို ပြည်သူလူထုက စိုးရိမ်ကြီးစွာဖြင့် စောင့်ကြည့်နေပါတယ်။ တချို့ကတော့ ယခင်ကနဲ့မတူဘဲ မီဒီယာလွတ်လပ်ခွင့် အတန်ရရှိလာတာမို့ ဒီမိုကရေစီဘဲ အမှန်တကယ် ရရှိနေသယောင် ကျေနပ်နေကြပါတယ်။ သမ္မတဦးသိန်းစိန် ကိုယ်တိုင်က စစ်တပ်ကို နယ်ဘက် အုပ်ချူပ်ရေးဌာနတွေမှာ နေရာမပေးတော့ဘဲ မီဒီယာစာမျက်နှာတွေပေါ်မှာလည်း ကန့်သတ် ဘေးဖယ်လာပါတယ်။
တချို့တပ်ရင်းတွေမှာ တပ်ရင်းဧရိယာ ပတ်ဝန်းကျင်ကို အုတ်တံတိုင်းခတ်ပြီးတော့ အရာရှိစစ်သည်များအား ပြင်ပမထွက်စေရေးနဲ့ လေ့ကျင့်ရေးကိုသာ ဖိလုပ်ခိုင်းနေပါတယ်။ အဲဒီလို သီးခြားကမ္ဘာလေးမှာ ရောက်နေကြတဲ့ တပ်မတော်သားတွေအဖို့ မွန်းကျပ်နေရတဲ့ အခြေအနေတွေ တနေ့တခြား ဖြစ်ပေါ်နေပါတယ်။ မြန်မာ့တပ်မတော်ကို အုပ်ချူပ်နေတဲ့ အကြီးအကဲတွေဟာ ကျောသားရင်သား မခွဲခြားဘဲ တပြေးညီ အုပ်ချူပ်နေတာ မဟုတ်ပါဘူး။ လူကိုခင်ရင် မူကိုပြင်တယ်၊ လူကိုမုန်းရင် မူကိုသုံးတယ်ဆိုတာ ရှိပါတယ်။
ယခင်က မြန်မာ့တပ်မတော်မှာ အကြီးအကဲတွေဟာ လက်အောက်ငယ်သားတွေကို အုပ်ချူပ်တဲ့အခါ မိဘက သားသမီးကို ဆိုဆုံးမသလို ဆူပူကြိမ်းမောင်းတာဟာ ရုံးတင်ပြီး မှင်နီနဲ့အပြစ်ပေးပြီး ဘဝတစ်သက်တာလုံး အရေးယူခံရတာထက် စာရင် ပိုကောင်းတယ်လို့ ခံယူကြပါတယ်။ ဒါကြောင့် လက်အောက်ငယ်သားတွေကို ပြစ်ဒဏ်ပေးရင် အနုအရင့် ခွဲခြားပြီး အနည်းဆုံး ပြစ်ဒဏ်ဖြစ်တဲ့ “သတိပေးဆုံးမခြင်း” ဆိုတာကိုဘဲ ပေးပါတယ်။ ဒါ့ထက်ပိုရင်တော့ ပြစ်တင်ရူတ်ချ ဆိုတဲ့ ပြစ်ဒါဏ်ကိုပေးပြီး ဒီထက်ဆိုးရင် လုပ်သက်တစ်နှစ်လျော့တဲ့ ပြစ်ဒဏ်ကို ပေးပါတယ်။ ဒီပြစ်ဒဏ်တွေအားလုံးကို ရာထူးတိုးမြှင့်ရေး အပိုင်းမှာ မစဉ်းစားဘဲ သက်ညှာစွာ ခွင့်လွှတ်ခဲ့ပါတယ်။
တပ်မတော်မှာ တစ်ယောက်မကောင်းရင် အများခံကြရတဲ့ စနစ်ဆိုး ထုံးစံရှိနေပြီး တပ်ရင်းမှူးနဲ့ လူကြီးများရဲ့ တာဝန်မယူမှု၊ အတ္တဆန်မှု၊ မတရား ဝိသမ လောဘတက်ပြီး စီးပွားရေးရှာကြံမှု၊ အဂတိလိုက်စားမှု စတဲ့ ပြဿနာ ဝဲဂယက်တွေကြားမှာ လက်ငယ်အောက်သား အရာရှိငယ်တွေဟာ အပြစ်မရှိကြပေမဲ့ အထက်လူကြီးကို အပြစ်ပေးရင်းနဲ့ ညီတူညီမျှ ပြစ်ဒဏ်ကျခံရပါတယ်။ မုန့်ဝေတာ မခံရပေမဲ့ ဒုတ်ဝေတာဆိုရင်တော့ ခံကြရတဲ့ အဖြစ်မျိုး ကြုံတွေ့ရတတ်တာမို့ ရာထူးတိုးတက်ရေးမှာ ပြစ်ဒဏ်တွေကို လျော့ပေါ့ စဉ်းစားပေးခဲ့ကြခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုဖြစ်စဉ်မျိုးတွေကို သိရှိနားလည်ကြပြီး မိမိရဲ့ တာဝန်နှင့်အကျင့်စာရိတ္တ ပေါ့လျော့ပျက်ယွင်းတာမျိုးနဲ့ မဟုတ်ဘဲ အထက်အရာရှိကြောင့် မျှဝေခံစားရတဲ့ တပ်ရင်းရံပုံငွေ ပြဿနာတွေ လိုမျိုးကြောင့် ဖြစ်လာရတဲ့ ပြစ်ဒဏ်တွေ၊ ငွေစုငွေချေး သမဝါယမ အသင်းကြောင့် ဖြစ်လာရတဲ့ ပြစ်ဒဏ်တွေကို အထက်လူကြီးတွေက လျော့ပေါ့စဉ်းစားပေးခြင်းဘဲ ဖြစ်ပါတယ်။ ယခုခေတ် တပ်မတော်ကို အုပ်ချူပ်နေတဲ့ အရာရှိကြီးတွေကတော့ လက်ငယ်ငယ်သားတွေကို စံ (၂) မျိုးနဲ့ အုပ်ချူပ်တာကို တွေ့ရှိရပါတယ်။
ပထမ “စံ” ကတော့ အရာရှိမှတ်တမ်းမှာ ပြစ်မှု ကင်းရှင်းသော သူများကိုသာ ရာထူးတိုးမြှင့်ပေးခြင်း ဖြစ်ပါတယ်။ ချွင်းချက်အနေဖြင့် ပြစ်ဒါဏ်အနုဆုံး ဖြစ်တဲ့ သတိပေးခံရတဲ့ ပြစ်ဒဏ်ရှိသူကိုတော့ ရာထူးတိုးမြှင့်ပေးပါတယ်။ ဒီထက်ပိုတဲ့ ပြစ်ဒဏ်ရှိသူများကိုတော့ ရာထူးတိုးမြှင့်ရေးမှာ လုံးဝမစဉ်းစားပါ။ သို့သော် ဒုတိယစံအနေဖြင့် ဗိုလ်ချူပ်နှင့်အထက် လူကြီးများကို ဇာတိချက်ကြေ မွေးရပ်မြေ တူညီခြင်း၊ အမျိုးအဆွေ မကင်းခြင်း၊ တပည့်သားသမီး ဖြစ်နေခြင်းတို့အပေါ် ထောက်ရူကာ ပြစ်ဒဏ် အကြီးဆုံးဖြစ်တဲ့ လုပ်သက်လေးနှစ်လျော့ရှိသူ “တိုင်းမှူး” တစ်ဦးကို အထူးကိစ္စတစ်ရပ်လို့ သုံးနှုန်းပြီး ဒုဗိုလ်ချူပ်ကြီးရာထူး တိုးမြှင့်ပေးထားပါတယ်။
တပ်မတော်တွင် အကြီးဆုံးဖြစ်ခဲ့တဲ့ ဗိုလ်ချူပ်မှူးကြီးဟောင်း သန်းရွှေကိုယ်တိုင် ဒီကိစ္စကို ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို လူကိုခင်ရင် မူကိုပြင်တဲ့ အုပ်ချူပ်သူ အကြီးအကဲတွေကြောင့် ယနေ့ တပ်တော်အရာရှိများဟာ အထိနာကြပြီး အောက်ခြေမှာ မကျေနပ်မှုတွေလည်း ဖြစ်ပေါ်နေရပါတယ်။ ဒါ့အပြင် ယနေ့ခေတ် တပ်မတော်မှာ အချင်းချင်း အာဏာရရှိရေးအတွက် သူ့ထက်ငါ “အပေါ်ဖါး အောက်ဖိ” ဖြုတ်၊ ထုတ်၊ ဖြတ် နေကြတာကိုလဲ တွေ့ရှိရပါတယ်။
တပ်မတော်ကာကွယ်ရေး ဦးစီးချူပ် ဒုဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်ဟာ စစ်တပ်မှာ အရေးပါပြီး တော်ရုံတန်ရုံ ရောက်ရန် မလွယ်ကူတဲ့ တိုင်းမှူးရာထူး ရရှိသူတွေကိုတောင် ကြက်၊ ငှက်သတ်သလို သဘောထားကာ ဖြုတ်ပစ်ခဲ့တာ တွေရပါတယ်။ ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပြီဆိုရင် ခုံရုံးစစ်ဆေးတဲ့အခါမှာ ခုံရုံးဥက္ကဌဟာ အထက်လူကြီး တပ်မမှူး၊ တိုင်းမှူးများ ငြိုငြင်မှာ စိုးရိမ်လွန်ပြီး ပြဿနာတိုင်စာ၊ ပစ်စာများနဲ့ အကျူံးဝင်သူရော မဝင်သူကိုပါ ခွဲတမ်းသဘော အရာရှိမှန်သမျှ ပြစ်ဒဏ်ချတာမျိုး အများအပြား တွေ့ရှိရပါတယ်။
ဘယ်လိုမှ အပြစ်ရှာမတွေ့ရင်တောင် အမြင်ကပ်ပုဒ်မလို့ခေါ်တဲ့ ပုဒ်မ (၆၅) စစ်စည်းကမ်း ဖေါက်ဖျက်မှုဆိုတဲ့ စွဲချက်နဲ့ အရာရှိမှတ်တမ်းမှာ မှင်နီထင်အောင် ရက်စက်စွာ အပြစ်ပေးတတ်ပါတယ်။ အနုဆုံးပြစ်ဒဏ်ဖြစ်တဲ့ သတိပေးခြင်း ခံရတဲ့ အရာရှိဟာ မိမိနဲ့ တစ်ပတ်စဉ်ထဲမှ သူငယ်ချင်းများနှင့်အတူ ရာထူးတက်ခွင့် မရကြဘဲ ဂျူနီယာ လက်အောက် အရာရှိငယ်များ အလှည့်ကျမှ ရာထူးတက်ခွင့်ရလို့ အင်မတန် နစ်နာကြပါတယ်။ ဒါ့အပြင် လူကြီးတွေရဲ့ လူမွေး၊ တပည့်မွေးမှုအောက်မှာ ပြဿနာ တစ်စုံတစ်ရာ ဖြစ်တာနဲ့ ခုတ်မယ်၊ ထစ်မယ်၊ ပါးပါးလှီးမယ် ဆိုတဲ့ ခုံရုံးတွေက အဆင်သင့် စောင့်ကြိုနေပါတယ်။ အဲဒီအခါမှာ အရာရှိတွေဟာ တပ်အတွင်း တိုးတက်ရာ တိုးတက်ကြောင်း တီထွင်ဖန်တီးခွင့်ကို မလုပ်ရဲကြတော့ဘဲ ပြဿနာဖြစ်မှာ၊ ခုံရုံးမှာနှိပ်ကွပ်ခံရမှာ စိုးရိမ်ကြောက်လန့်ကြပြီး မလုပ်၊ မရူပ်၊ မပြုတ်နဲ့ အသာ မှေးလိုက်သွားကြတာ များပါတယ်။ လက်အောက်ခံ အရာရှိ၊ အကြပ်၊ စစ်သည်တွေရဲ့ စားဝတ်နေရေး ကျပ်တည်းမှုကိုလည်း ဖြေရှင်းပေးနိုင်ခြင်း မရှိတော့ဘဲ လက်ပိုက်ကြည့်နေကြရုံသာ ရှိကြပါတယ်။
ထိပ်ပိုင်းလူကြီးများက စိုက်ပျိုးရေး နှင့် မွေးမြူရေး လုပ်ခိုင်းပြီး သက်သာချောင်ချိရေးကို စီမံဆောင်ရွက်ဖို့ ညွှန်ကြားထားပေမဲ့ ပံ့ပိုးပေးမှုနှင့် ကျွမ်းကျင်မှု မရှိသရွေ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေး အောင်မြင်ပါတယ် ဆိုတဲ့ တပ်ရင်းတပ်ဖွဲ့ရှိရင် လက်ညှိးထိုး ပြစေချင်ပါတယ်။ အရှေ့မြောက်တိုင်းစစ်ဌာနချူပ် ဆင်းရွှေလီ စပါးစိုက်ပျိုးရေးလုပ်ငန်းတွင် အောင်မြင်ရန် အဓိကနေရာမှ ပါဝင်ကြိုးစား လုပ်ကိုင်ပေးနေတဲ့ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းက ပညာရှင်တစ်ဦးဟာ ဆိုင်ကယ်မတော်တဆ ထိခိုက်မှုဖြစ်လို့ ဆေးရုံမှဆင်းပြီး နောက်ပိုင်းမှာ တိုင်းမှူးထံ တွေ့ဆုံခွင့် တောင်းခဲ့ပါတယ်။
အဲဒီ တိုင်းမှူးကတော့ ယခုလယ်/ဆည် ဝန်ကြီးလုပ်နေတဲ့ ဗိုလ်ချူပ်ဟောင်း မြင့်လှိုင်ဘဲဖြစ်ပါတယ်။ တိုင်းမှူးက အလေးမပေး ဂရုမပြုဘဲ တွေ့ခွင့်မပေးလို့ စိတ်နာပြီး အဲဒီဝန်ထမ်းဟာ ပြောင်းရွေ့သွားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ဆင်းရွှေလီ စပါးအထွက်တိုးကိစ္စ ပြဿနာပေါ်လို့ အဲဒီပညာရှင်ကို ပြန်ခေါ်ခိုင်းရာမှာ ရှာမတွေ့တော့ဘဲ အခက်အခဲ ကြုံတွေ့ နေရတာဟာ အဲဒီတိုင်းမှူးရဲ့ စေတနာ အကျိုးပေးကြောင့်ဘဲ ဖြစ်ပါတယ်။ လက်နက်အားကိုးနဲ့ အာဏာကို မတရား ရယူထားသူများပီပီ “ဘယ်သူသေသေ ငတေမာရင်ပြီးရော” ပုံစံနဲ့ အုပ်ချူပ်နေတာကြောင့်လဲ တိုင်းပြည်အတွင်း နေရာအနှံအပြားမှာ အဖက်ဖက်က ယိုယွင်း ပျက်ဆီးနေတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
ယနေ့စစ်တပ် ထိပ်ပိုင်းလူကြီးတွေဟာ ငါပြောသလိုလုပ်၊ ငါလုပ်သလိုမလုပ်နဲ့၊ ပေးတာယူ၊ ကျွေးတာစား၊ ပြန်မပြောနဲ့ဆိုတဲ့ အာဏာရှင်စံနစ်နဲ့ ချူပ်ကိုင်ထားပြီး တပ်မတော်အတွင်း အရာရှိတစ်ယောက်ဟာ ခုခံပိုင်ခွင့် ၊ နစ်နာခွင့်၊ အထောက်အထားခိုင်လုံစွာ တင်ပြနိုင်ခွင့်ရှိခဲ့ရင်တောင် ၎င်းအပေါ် နိုင်ထက်စီးနင်းလုပ်တဲ့ အရာရှိကြီးတွေရဲ့ မတရားစွပ်စွဲတဲ့အမူ ကိစ္စတွေကို ချေဖျက်နိုင်ခွင့် မရှိတော့တဲ့ အနေအထားမှာ ကြုံတွေ့နေရပါတယ်။ ရေဗူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာဘဲ လိုချင်တယ်ဆိုတဲ့ မဖြစ်မနေ လုပ်ကိုလုပ်နိုင်ရမယ် ဆိုတဲ့ စစ်သားစိတ်ဓါတ်ဟာ တချို့နေရာမှာ အသုံးကျပေမဲ့ အရာရှိကြီးများရဲ့ နံမည်ရဖို့အရေး မဆီမဆိုင်တဲ့ အုပ်ချူပ်မှုလုပ်ငန်းတွေမှာ အတင်းအကျပ် လုပ်ခိုင်းနေတာဟာ အရာရှိတွေကို ခုံရုံးနဲ့ ပြစ်ဒဏ်ကျအောင် ဖန်တီးနေတယ်လို့ သုံးသပ်လိုပါတယ်။
ဒါ့အပြင် အရာရှိကြီးတွေဟာ လက်အောက်ငယ်သားတွေ အပေါ်မှာ ထစ်ကနဲရှိ အရေးယူမယ် ဆိုတာတွေကြောင့် စစ်သည်တွေနဲ့ အရာရှိငယ်တွေဟာ ရှေ့မှာရန်သူ၊ ဘယ်မှာလုပ်အားပေး၊ ညာမှာသင်တန်းကြေး၊ အပေါ်မှာအကြွေးထုပ်၊ အောက်မှာမိုင်း၊ နောက်မှာခုံရုံးတွေနဲ့ ပိတ်မိနေပြီ ဆိုတဲ့အကြောင်း တင်ပြလိုက်ပါတယ်။ နိဂုံးချုပ်အားဖြင့် တပ်မတော်သားတွေလည်း ဒီမိုကရေစီ လိုချင်နေကြပြီမို့ တိုင်းပြည်အတွက် လိုအပ်နေတဲ့ တကယ့် ပြုပြင်ပြောင်းလဲရေးတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ပေးနိုင်ဖို့ ဆန္ဒပြုလိုက်ရပါတယ်။
| < Prev | Next > |
|---|

