
ပြုစုတင်ပြသူ - ဗိုလ်မှူးကြီး ကျော်ဆွေဦး
နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် သင်တန်း အမှတ်စဉ် (၇) နှစ်ပတ်လည် စာစောင်ထဲမှာ ပါဝင်သော ဗိုလ်မှူးကြီး ကျော်ဆွေဦးရဲ့ ဘွဲ့ယူကျမ်း တစ်ခုဖြစ်တဲ့ အနာဂတ် လေကြောင်းစစ်ဆင်မှုကို စာဖတ်ပရိတ်သတ်များ လေ့လာမှတ်သား သိရှိနိုင်ဖို့အတွက် စည်းလုံးခြင်းရဲ့ အင်အား ဝက်ဘ်ဆိုဒ် www.photayokeking.org မှ တဆင့် တင်ပြလိုက်ရပါတယ်။
Belgium နိုင်ငံ Brussels မြို့ရှိ နေတိုး ဌာနချုပ်
အနာဂတ်စစ်ပွဲများ၏ စစ်ဆင်ရေးပုံသဏ္ဌာန်တွင် နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုသည် တိုး၍ တိုး၍ လိုအပ်လျက်ရှိပေသည်။ ဤအယူအဆကို ငြိမ်းချမ်းချိန်တွင် ဖွဲ့စည်းထားသည့် ကာကွယ်ရေး မဟာမိတ်များအပေါ် ကျင့်သုံးရုံမက ပေးထားသည့် တာဝန်၏ တိကျသည့်လိုအပ်ချက်များကို အံဝင်ခွင်ကျဖြစ်စေရန် ဆောင်ရွက်လျက်ရှိသော အမည်ခံမဟာမိတ်ဖွဲ့စည်းခြင်းအပေါ်တွင် အသေးစိတ်ကျင့်သုံးရန်လည်း လိုအပ်ပေသည်။ ဥပမာအားဖြင့် ၂၀၀၆ ခုနှစ်တွင် စစ်ဆင်ရေး စွမ်းရည်အပြည့်အဝ ရရှိမည်ဟု မျှော်လင့်ထားသော နေတိုး၏ တုန့်ပြန်တပ်ဖွဲ့ (NATO Response force) သည် အောင်မြင်မှုစံချိန်ရရှိရန်နှင့် ပြောင်းလဲဖွဲ့စည်းရန် တွန်းအားပေးခံရသည့် တပ်ဖွဲ့ဖြစ်လာသည်။ စီမံဆောင်ရွက်မှုများတွင် ဥရောပကိုယ်စားပြု နေတိုး တုန့်ပြန်တပ်ဖွဲ့သည် အမေရိကန်တပ်ဖွဲ့များနှင့် စစ်ဆင်ရေးတစ်လျှောက်လုံး အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်လာသည်။ အမေရိကန်ပြည်ထောင်စု၏ စစ်ဘက်ဦးဆောင်မှုအခန်းကဏ္ဍနှင့် နည်းပညာအကဲသာမှုတို့ကြောင့် နောက်ထပ်ဆယ်စုနှစ်များစွာ စစ်ပွဲများအပေါ်တွင် လွှမ်းမိုးကြီးစိုးလျက်ရှိနေမည်သာ ဖြစ်သည်။ ထို့ကြောင့် အမေရိကန်ပြည်ထောင်စု၏ မူဝါဒ စာရွက်စာတမ်းများ၊ မဟာဗျူဟာစာတမ်းများနှင့် အမေရိကန် ဦးဆောင်ဆင်နွှဲခဲ့သော အီရတ်လွတ်မြောက်ရေး စစ်ပွဲမှ သင်ခန်းစာများကို အနီးကပ်စောင့်ကြည့်ရန် လိုအပ်ပေသည်။ ဤကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် အမေရိကန်၏ အပေါင်းအပါများသည် စစ်ပွဲကို ဆင်နွှဲရာတွင် အံဝင်ခွင်ကျရှိစေရေးအတွက် လိုက်နာလုပ်ဆောင်ရသည့် အပြောင်းအလဲများကို ဖော်ထုတ်နိုင်ရန် အကူအညီ ရရှိပါသည်။
အီရတ် လွတ်မြောက်ရေးစစ်ပွဲမှ ရရှိသော သင်ခန်းစာများသည် အနာဂတ်လေကြောင်း စစ်ဆင်မှုများအတွက် ကောက်ချက်များ ရရှိကောင်း ရရှိနိုင်ပါသည်။ သို့သော် ၎င်းစစ်ဆင်ရေး ရလဒ်များအပေါ် အကဲဖြတ်ချက်များကိုမူ စစ်ပွဲ၏ ကနဦး အခြေအနေများအဖြစ် စဉ်းစားနိုင်ပါသည် -
(က) မြောက်ပိုင်းနှင့် တောင်ပိုင်းနယ်မြေရှိ မပျံသန်းရဇုန်များတွင် မဟာမိတ်တို့၏ ပျံသန်းမှုများသည် ရန်သူ၏ အဓိက လေကြောင်းရန် ကာကွယ်ရေးစနစ်များကို စစ်ပွဲမစတင်မီ စွမ်းအားမဲ့ စေပါသည်။ ထို့ပြင် အီရတ်လေတပ်သည် လေယာဉ် တစ်ခေါက်မှ မပျံသန်းတော့သဖြင့် မဟာမိတ်တို့အဖို့ စစ်အစပိုင်းတွင် အီရတ်နိုင်ငံ တစ်နိုင်ငံလုံးနီးပါးအပေါ်တွင် လေကြောင်းအကဲသာမှု ရရှိစေခဲ့သည်။
(ခ) ၁၉၉၁ ခုနှစ် သဲကန္တာရမုန်တိုင်း စစ်ဆင်ရေးကတည်းက ပင်လယ်ကွေ့ဒေသတွင် များပြားသော ပစ္စည်းများနှင့်အတူ ကျန်ခဲ့သောတပ်ဖွဲ့အချို့သည် အဓိကတပ်ဖြန့်မှုအတွက် ကြိုတင်ပြင်ဆင်ပြီး ဖြစ်နေသည်။
(ဂ) စစ်ပွဲတွင်ပါဝင်သော ပြိုင်ဘက်နိုင်ငံများ၏ နည်းပညာနှင့် လေ့ကျင့်ရေးတို့၏ ကွဲပြားနေသည့်စွမ်းရည်ကို စဉ်းစားရပါမည်။ စောစောပိုင်းကာလတွင် အီရတ်လက်နက်ကိုင်တပ်များသည် စစ်ပွဲကို ဦးဆောင်ဆင်နွှဲရန်ထက် ပြည်တွင်းဆူပူသောင်းကျန်းမှုကို ကာကွယ်ရန်အတွက်သာ ပို၍သင့်လျော်ပြီး ပူးတွဲစစ်ဆင်ရေး ပြုလုပ်နိုင်စွမ်းမရှိကြောင်း တွေ့ရှိရသည်။
အထက်ပါအခြေအနေများကြောင့် မည်သူတစ်ဦး တစ်ယောက်မျှ အီရတ်စစ်ပွဲမှ သင်ခန်းစာများကို အနာဂတ်ပဋိပက္ခများအတွက် အဆင်သင့်အသုံးချနိုင်ခြင်းမရှိပေ။ သို့သော် အမေရိကန်ပြည်ထောင်စု၏ ပြုပြင်ပြောင်းလဲ ဖွဲ့စည်းမှုအယူအဆနှင့် စစ်ပွဲ၏ လက်တွေ့အခြေအနေများမှ အခြေခံဥပဒေသအချို့ကို ရရှိနိုင်သည်။ တပ်ဖွဲ့များပြင်ဆင်ဖွဲ့စည်းမှု လုပ်ငန်းစဉ်၏ အဓိကကျသောအခြေခံသည် တပ်ဖွဲ့များကို ပိုမို ထိရောက်သည့် တာဝန်ထမ်းဆောင်မှုကို ပြောင်းလဲမှု ဖြစ်ပေါ်စေသည်။ အနာဂတ်စစ်ပွဲများသည် တပ်ဖွဲ့များ၏ လျင်မြန်စွာတပ်ဖြန့်ချထားနိုင်မှု၊ ပိုမို၍အရွယ်အစားသေးငယ်မှု၊ ပိုမို၍လှုပ်ရှားနိုင်မှု၊ ပိုမိုပေါ့ပါးသော တပ်ဖွဲ့များနှင့် စစ်ဆင်ရေးစစ်နယ်ဝန်းတွင် ရန်သူကို လျင်မြန်စွာ ထိတွေ့နိုင်မှုတို့ဖြင့် စစ်ဆင်နွှဲမည် ဖြစ်သည်။ အထက်ပါအချက်များအရ တပ်ဖွဲ့အင်အား အချိုးသည် အရေးပါမှုလျော့နည်းလာမည် ဖြစ်သည်။ အနာဂတ်စစ်ဆင်ရေးအတွက် ပူးပေါင်းစစ်ဆင်မှု၊ ကွန်ရက်ဗဟိုပြု စစ်ဆင်ရေး (Network Centric Warfare) ဖွံ့ဖြိုးတိုးတက်လာမှု၊ အထူးတပ်ဖွဲ့များ၏ ထိရောက်စွာ တာဝန်ထမ်းဆောင်နိုင်မှုနှင့် သတင်း စစ်ဆင်ရေး (Information Operation) များ တိုးတက်မှုတို့ကို တွေ့ရှိနိုင်ပါမည်။ ဤနည်းအားဖြင့် ပိုမိုမြန်ဆန်သည့် ခြေလှမ်း၊ တိုးတက်လာသည့် တိကျမှန်ကန်မှု၊ စစ်ဆင်ရေးများတွင် ပြောင်းလွယ်ပြင်လွယ်ရှိမှု၊ ပမာဏကြီးမားသော်လည်း တိကျသည့် လေကြောင်းတိုက်ခိုက်မှုများနှင့် အကျိုးသက်ရောက်မှုကို အခြေခံသော စစ်ဆင်ရေး (Effects-Based Operation) များသည် စစ်ဆင်ရေးစီမံဆောင်ရွက်မှုများကို အဆုံးအဖြတ်ပေးနိုင်ကြသည်။ အခြားဆုံးဖြတ်နိုင်သော အချက်များမှာ အာကာသသို့ ခြေဆန့်အသုံးပြုမှု၊ အဆင့်မြင့်နည်းပညာသုံးစွဲမှု၊ တိကျသည့် ဗုံးများ၊ ကွန်ရက်စစ်မြေပြင်အတွက် အချိန်နှင့် တပြေးညီလုနီးပါး ကင်းထောက်ခြင်း ပြုလုပ်နိုင်သော မောင်းသူမဲ့လေယာဉ်များနှင့် လှုပ်ရှားမြေပြင်တပ်ဖွဲ့များ၏ လျင်မြန်စွာ လှုပ်ရှားမှုတို့ပင် ဖြစ်ပါသည်။
အထက်ပါအလားအလာများကို မီဒီယာများက ရမ်းစဖဲ၏ သဘောတရားအယူအဆ (Rumsfeld Doctrine) ဟု အကျဉ်းချုပ်ကို ဖော်ပြကြပြီး ဒေါ်နယ်ရမ်းစဖဲ၏ အမေရိကန်ပြည်ထောင်စု Secretary of Defence ဒုတိယသက်တမ်းမတိုင်မီတွင် စစ်အတွေးအခေါ်ပညာရှင်များက ၎င်းအယူအဆကို အဓိကအတိုင်းအတာအထိ ဖွံ့ဖြိုးတိုးတက်စေခဲ့ပြီး အယူအဆနှင့် မဟာဗျူဟာမြောက်စာတမ်းအဖြစ် တုန့်ပြန်ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။ ၎င်းအတွေးအခေါ်များကို အတိအကျဖော်ပြပြီး စစ်မဟာဗျူဟာမူဝါဒ အထောက်အထားများအဖြစ် ဖော်ထုတ်ခဲ့ရာ ၎င်းကို Joint Vision 2020 ဟု သိရှိခဲ့ပါသည်။ ယခုဆောင်းပါးတွင် တပ်ဖွဲ့များပူးတွဲ အသုံးပြုခြင်း (Jointness) ၏ အဆင့်အသစ်၊ ကွန်ရက်ဗဟိုပြုစစ်ဆင်ရေး (Network Centric Warfare) ကို ဆောင်ရွက်နိုင်မှု၊ စွမ်းရည်အာရုံခံ ကိရိယာများ (Sensors) နှင့် လက်နက် (Weapon) အသစ်များ၏ အရေးပါမှု၊ ရွေ့လျားမှုနှင့် ထောက်ပံ့မှု (Mobility and Support) တို့၏ အရေးကြီးမှုတို့ကို ဖော်ပြထားပါသည်။
ပူးတွဲစစ်ဆင်ခြင်း (Jointness)
၁၉၉၁ ခုနှစ် ပင်လယ်ကွေ့စစ်ပွဲ၊ ကိုဆိုဗိုစစ်ပွဲနှင့် အီရတ်လွတ်မြောက်ရေးစစ်ပွဲတို့တွင် လေကြောင်းစွမ်းအား၏ စွမ်းဆောင်နိုင်မှုသည် ရှေ့တန်းသို့ရောက်ရှိလာခဲ့သည်။ ယနေ့ခေတ် ကာလတွင် လေကြောင်းမှ အဆင့်မြင့်နည်းပညာများကို အသုံးပြုထောက်လှမ်းပြီး ရန်သူ၏ နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှုနှင့် ဆက်သွယ်ရေး ဖွဲ့စည်းတည်ဆောက်မှုများကို တိုက်ခိုက်နိုင်ပါသည်။ လေကြောင်းစစ်ဆင်ရေးဖြင့် အလွန် ဝေးကွာသော ပစ်မှတ်များကို တိကျစွာ တိုက်ခိုက်နိုင်ခြင်းသည် လေကြောင်းစွမ်းအား၏ အဓိက အရေးပါလာမှုကို ပြသလာခဲ့ပါသည်။ မျက်မှောက်ကာလတွင်ပင် လေကြောင်းစွမ်းအားတစ်ခုတည်းဖြင့် စစ်ဆင်ရေး ရည်မှန်းချက်ကို ပြတ်ပြတ်သားသား မပြီးမြောက်နိုင်ကြောင်း တွေ့ရှိရသည်။ အီရတ်လွတ်မြောက်ရေးစစ်ပွဲတွင် အတော်အတန်ကြီးမားသည့် ပစ်အားနှင့်အတူ ကြီးမားသည့် သံချပ်ကာတပ်ဖွဲ့များသည် လက်နက်များပေါင်းစပ်ထားသည့် တိုက်ပွဲ၏ လိုအပ်သည့်အခြေခံအဖြစ် တည်ရှိနေပေသည်။ ယေဘုယျအားဖြင့် အနာဂတ်စစ်ပွဲများတွင် မြေပြင်တပ်ဖွဲ့များနှင့် လေကြောင်းစွမ်းအားတို့ လိုအပ်နေမည်ဖြစ်ပြီး လေကြောင်းအရေးသာမှုသည် စစ်ပွဲများ၏ ပုံစံမှာ ဘက်မညီစစ်ပွဲ ပုံစံဖြစ်နေသော်လည်း စစ်ဆင်ရေး အောင်မြင်မှုအတွက် အဆုံးအဖြတ်ပေးနိုင်သောအရေးပါမှု ဆက်လက်ဖြစ်နေပါမည်။ ဥပမာ လေကြောင်းစွမ်းအား၏ လေထဲတွင် ကြာရှည်နေနိုင်မှုနှင့် တိကျစွာ ပစ်ခတ်နိုင်မှုတို့ကြောင့် လေတပ်များသည် မြေပြင်တပ်ဖွဲ့များကို ရန်သူ၏ အာရုံစူးစိုက်မှုနှင့် ပုံဖော်မှုတို့မှ ကာကွယ်ပေးခြင်းဖြင့် သက်သာရာရစေသည်။ ထို့ပြင် လေတပ်များသည် ရေတပ်များနှင့်အတူ စစ်သည်များကို တပ်နေရာချထားခြင်းနှင့် အုပ်ချုပ်မှုဆိုင်ရာ အထောက်အပံ့များကို ထောက်ပံ့နိုင်ခြင်းဖြင့် စစ်ဆင်ရေးအောင်မြင်မှုကို ရရှိစေသည်။
ပါရှန်း ပင်လယ်ကွေ့ အမေရိကန် တပ်ဖွဲ့၏ TOMAHAWK ဒုံးပျံ ပစ်လွှတ်နေပုံ
အီရတ်လွတ်မြောက်ရေးစစ်ပွဲတွင် အောင်မြင်မှုသည် ကြည်း၊ ရေ၊ လေ တပ်ဖွဲ့တစ်ခုချင်းစီ၏ တပြိုင်နက်လုပ်ဆောင်နိုင်မှု၊ ကွဲပြားခြားနားမှုအားလုံးထဲမှ အကောင်းဆုံးတာဝန်ထမ်းဆောင်နိုင်မှု၊ စစ်မြေပြင်တစ်ခုလုံးရှိ သတင်းအရေးသာမှုနှင့် သတင်းစုဆောင်းမှုအပေါ်တွင် အခြေခံသော လျင်မြန်သည့် လက်နက်စနစ်၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) များနှင့် သတင်းစစ်ဆင်ရေးများကို လိုအပ်ကြောင်း ထင်ရှားစွာ ပြသခဲ့သည်။ အသေးစိတ်အနေဖြင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်များ၊ ထောက်လှမ်းခြင်း၊ စောင့်ကြည့်ခြင်းနှင့် ကင်းထောက်ခြင်းတို့၏ အဖိုးတန် အရည်အချင်းများ၊ လေတပ်နှင့် အမေရိကန်ရေတပ်၏ Tomahawk မြေပြင်တိုက်ခိုက်ရေး ဒုံးပျံများသည် ပူးတွဲစစ်ဆင်ရေး၏ မြင်ကွင်းများပင် ဖြစ်သည်။ ပူးတွဲစစ်ဆင်ရေး၏ အကျိုးတရားနှင့် ထိရောက်မှုတို့သည် ၁၉၉၁ ခုနှစ် အီရတ်စစ်ပွဲတွင် ပဋိပက္ခကို ဖြေရှင်းရုံမျှသာ ပူးပေါင်းဆောင်ရွက်မှုမဟုတ်တော့ဘဲ စံထားထိုက်သော ပေါင်းစည်းခြင်းအဖြစ် တိုးတက်လာမှုကို ပြသခဲ့သည်။ အနာဂတ် လေကြောင်းစစ်ဆင်ရေး နယ်နိမိတ်များသည် လက်နက်များ၏ ပိုမိုပြောင်းလွယ်ပြင်လွယ်ရှိစွာ တာဝန်ထမ်းဆောင်လာနိုင်မှုကြောင့် လုံးဝပျောက်ကွယ်သွားတော့မည် ဖြစ်ပါသည်။ ထို့အပြင် သတင်း စီးဆင်းမှု ပိုမိုများပြားလာမှုကြောင့် စီမံရေးနှင့် ပဋိပက္ခဖြေရှင်းမှုလုပ်ငန်းစဉ်နှင့် ပတ်သက်သော လေကြောင်းစစ်ဆင်ရေး အဆင့်အမျိုးမျိုးအကြား ရှင်းလင်းသော ကွဲပြားခြားနားမှုကို ဖြစ်စေပါသည်။ ပူးတွဲစစ်ဆင်ရေး၏ အကျိုးသက်ရောက်မှုအနေဖြင့် အရွယ်အစားသေးငယ်သော်လည်း ကောင်းစွာလေ့ကျင့်ထားသော တပ်ဖွဲ့အစိတ်အပိုင်းများသည် စစ်ဆင်ရေးအောင်မြင်မှုအတွက် လုံလောက်မှုရှိကြောင်း သွယ်ဝိုက်သုံးသပ်နိုင်ပါသည်။ ဥပမာအားဖြင့် အီရတ်လွတ်မြောက်ရေး စစ်ပွဲတွင် မြေပြင်တပ်ဖွဲ့များအနေဖြင့် အမေရိကန်တပ်မသုံးခုနှင့် ဗြိတိသျှတပ်မတစ်ခုတို့ကိုသာ အသုံးပြုတိုက်ပွဲဝင်ခဲ့သည်။
ကြည်း၊ ရေ၊ လေ တပ်ဖွဲ့တစ်ခုချင်းသည် နီးကပ်စွာ ကွန်ရက်ပြုထားမှသာလျှင် ပူးတွဲစစ်ဆင်မှုသည် ကောင်းစွာ လည်ပတ်ဆောင်ရွက်မည် ဖြစ်သည်။ အီရတ်စစ်ပွဲနှင့် မကြာမီက ဖြစ်ပွားခဲ့သော စစ်ပွဲများတွင် ရှေ့တန်းတွင် တိုက်ခိုက်မှုမရှိသည့် ရှင်းလင်းလွယ်ကူသော စစ်မြေပြင်ဟူ၍ မရှိခဲ့ပေ။ ၎င်းကိုလည်း အနာဂတ်စစ်ပွဲများအတွက် ပုံသဏ္ဌာန်တစ်ခုအနေဖြင့် မယူဆနိုင်ပေ။ လက်နက်ကိုင်တပ်ဖွဲ့များသည် ကွန်ရက်မပြုဘဲဖြင့် စစ်မြေပြင်ကဲ့သို့ ပတ်ဝန်းကျင်မျိုးတွင် ထိရောက်စွာ စစ်ဆင်ဆောင်ရွက်နိုင်ခြင်းမရှိပေ။ ထို့ကြောင့် ကွန်ရက်ဗဟိုပြုစစ်ဆင်ရေးသည် ပူးတွဲစစ်ဆင်ရေးအတွက် အမှန်တကယ်ကြိုတင်လိုအပ်ကြောင်း တွေ့ရှိရပေသည်။
အပိုင်း (၂) ကို လာမည့် ဗုဒ္ဓဟူးနေ့ ၁၈.၇.၂၀၁၂ တွင် ဆက်လက် တင်ဆက် ပေးသွားပါမည်။
| < Prev | Next > |
|---|

