
ပြုစုတင်ပြသူ - ဗိုလ်မှူးကြီး ကျော်ဆွေဦး
ဗိုလ်မှူးကြီးကျော်ဆွေဦးရဲ့ အနာဂတ်လေကြောင်းစစ်ဆင်မှု အပိုင်း(၁) ကို ဒီနေရာတွင် နှိပ်၍ ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါသည်....
ကွန်ရက်ဗဟိုပြုစစ်ဆင်ရေး (Network Centric Warfare)
ကွန်ရက်ဗဟိုပြုစစ်ဆင်ရေး၏ လက္ခဏာရပ်များတွင် လျင်မြန်မှု၊ သတင်းအရေးသာမှု၊ ပြောင်းလွယ်ပြင်လွယ်ရှိသော ဆုံးဖြတ်ချက်အရေးသာမှုများတွင် ပါဝင်ကြသည်။ သတင်းအရေးသာမှုသည် ကွဲပြားသော အာကာသနှင့် လေကြောင်းအခြေခံသည့် အာရုံခံကိရိယာများအပေါ်တွင် များစွာမူတည်ပါသည်။ ထို့ကြောင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုသည် သတင်းအချက်အလက်များကို စုစည်းရန်အတွက် တစ်ဦးချင်းနှင့် အဖွဲ့အစည်းများက အသုံးပြုသော အာရုံခံကိရိယာများတွင် တွေ့သည့် အချိန်ကြာမြင့်ခဲ့သဖြင့် ဆုံးဖြတ်ချက်ချမှုကို နှောင့်နှေးစေခဲ့သည်။ သို့သော် အချိန်လျင်မြန်သည့် ပစ်မှတ်သတ်မှတ်ခြင်းအဖွဲ့ကိုမူ ဆော်ဒီအာရေဗျနိုင်ငံ၊ ရိယာဒ်မြို့ရှိပူးပေါင်းလေကြောင်း စစ်ဆင်ရေး ဗဟို (Combined Air Operations Center-CAOC) ကို ဖွဲ့စည်းတည်ဆောက်ခဲ့ပြီး စစ်ဆင်ရေး စစ်နယ်ဝန်းအတွင်းရှိ တပ်ဖွဲ့များကို လျင်မြန်စွာတုန့်ပြန့် ဆောင်ရွက်ရန်နှင့် လျင်မြန်သည့်ဆုံးဖြတ်ချက်များ ချမှတ်နိုင်သည့် စွမ်းရည်ကို ရရှိစေခဲ့သည်။
UAV Predator drone ပုံ
စစ်မြေပြင်ကင်းထောက်ရေးနှင့် စောင့်ကြည့်မှုတို့ကို အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်သည့် ခေတ်မီအာရုံခံ ကိရိယာများကို ကွန်ရက်ပြုခြင်းသာလျှင် လက်နက်စနစ်များနှင့် ပေါင်းစပ်အသုံးပြုနိုင်မည့် သတင်းနှင့် ဆုံးဖြတ်ချက်အကဲသာမှုကို ပေးစွမ်းနိုင်ပါသည်။ ဤကဲ့သို့ ကွန်ရက်မျိုးသည် စစ်ဆင်ရေးကို တိုက်ရိုက်အကျိုးရှိစေသည်။ ဥပမာအားဖြင့် ပစ်မှတ်ရရှိမှုမှ လက်နက်ပစ်ခတ်သည်အထိ လိုအပ်သည့် အချိန်မှာ ပင်လယ်ကွေ့စစ်ပွဲတွင် ရက်နှင့် နာရီကြာခဲ့သော်လည်း အီရတ်လွတ်မြောက်ရေးစစ်ပွဲတွင် နာရီနှင့် မိနစ်သာကြာသည်အထိ လျှော့ချနိုင်ခဲ့သည်။ အထက်တွင်ဖော်ပြခဲ့သော MC2A-X နှင့် ထောက်လှမ်းစောင့်ကြည့်ကင်းထောက်ခြင်း စီမံဆောင်ရွက်မှုတို့ကဲ့သို့ အနာဂတ်နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုများနှင့် လုပ်ငန်းစဉ်အသစ်များသည် ဤအချိန်ကွာဟမှုကို ထပ်မံပြီးလျှော့ချလိမ့်မည်ဖြစ်ပါသည်။ ဥပမာအားဖြင့် အာဖဂန်နစ္စတန်စစ်ပွဲတွင် Predator မောင်းသူမဲ့ လေယာဉ်သည် AC-130 လေယာဉ်သို့ ကင်းထောက်သည့် အချက်အလက်များကို ပထမဆုံးအကြိမ် တိုက်ရိုက် ဆက်သွယ်ပေးပို့ခဲ့သည်။ ယင်းသို့ ပေးပို့နိုင်ခြင်းသည် အချိန်ကုန်ဆုံးစေသည့် အချက်အလက်ရွှေ့ပြောင်းမှုကို ဖယ်ရှားနိုင်သကဲ့သို့ ပူးပေါင်းလေကြောင်း စစ်ဆင်ရေးဗဟို (CAOC) ရှိ ခွဲခြမ်းစိတ်ဖြာမှုနှင့် အကဲဖြတ်မှုတို့ကိုပါ ဆောင်ရွက်နိုင်ခဲ့သည်။ ထို့အပြင် ၎င်းဆက်သွယ်ပေးပို့မှုသည် AC-130 လေယာဉ်ကို ကြိုတင်ထောက်လှမ်းပျံသန်းခြင်း ပြုလုပ်ရန်မလိုဘဲ ပထမဆုံးပျံသန်းမှုတွင် လေယာဉ်၏ လက်နက်ကို တိုက်ရိုက်အသုံးပြုခွင့် ရရှိစေပါသည်။ ၎င်းလုပ်ငန်းစဉ်သည် ကွန်ရက်ဗဟိုပြုစစ်ဆင်ရေး (NCW) ၏ အခြားသောအခြေခံလိုအပ်ချက်များကို ပြသခဲ့သည်။ အထူးသဖြင့် ကွပ်ကဲမှုအောက်ခြေအဆင့်ထိ သတင်းကို ပို့လွှတ်နိုင်ခြင်းသည် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နှင့် လက်အောက်သို့ အာဏာဖြန့်ဝေမှုကို ဖြစ်စေပြီး ၎င်းအဆင့်ထိ တာဝန်ရှိမှုကို ပေးစွမ်းနိုင်သည်။ ဤကဲ့သို့ စစ်ပွဲအမျိုးအစားသည် တပ်မှူးက အောက်အဆင့်တပ်ဖွဲ့အထိ လွတ်လပ်ခွင့်နှင့် တာဝန်ဝတ္တရားကို ပိုမိုပေးပြီး ၎င်းတို့၏ တာဝန်ကို အောင်မြင်စွာ ဆောင်ရွက်စေခြင်းပင် ဖြစ်သည်။
အနာဂတ်ကာလတွင် ကွန်ရက်ဗဟိုပြု စစ်ဆင်ရေး (NCW) သည် ထောက်လှမ်းရယူခြင်းဖြင့်လည်းကောင်း၊ ကွပ်ကဲမှုဌာနချုပ်များနှင့် ဆက်သွယ်ရေးလမ်းကြောင်း အဆင့်များမှလည်းကောင်း၊ စစ်မြေပြင်မှ လည်းကောင်း ဆက်သွယ်ရယူမည် ဖြစ်သည်။ ကွန်ရက်ဗဟိုပြုစစ်ဆင်ရေးသည် သတင်းအချက်အလက်များကို ရယူမှုသာဖြစ်ပြီး တိုက်ရိုက်တိုက်ခိုက်မှုဖြင့် အစားထိုးမည်မဟုတ်ပေ။ သတင်းဖြန့်ဝေမှုသည် နည်းပါးသွားနိုင်သော်လည်း လုံးဝမဖြန့်ဝေခြင်းကိုမူ ဆောင်ရွက်မည် မဟုတ်ကြောင်း တွေ့ရှိရသည်။
အာရုံခံကိရိယာများ (Sensors)
အနာဂတ်စစ်ပွဲသဏ္ဍာန်တွင် အာရုံခံကိရိယာများ၏ အခန်းကဏ္ဍသည် အရေးပါလာကြောင်း တွေ့ရှိရပေမည်။ မောင်းသူမဲ့လေယာဉ် (UAV) နည်းပညာသည် တိုးတက်ဖွံ့ဖြိုးလာခဲ့ပြီး တာဝန်အမျိုးမျိုးကိုလည်း ထမ်းဆောင်လာနိုင်ပါသည်။ လူမောင်းနှင်သော လေယာဉ်များကဲ့သို့ပင် မြေပြင်ပစ်မှတ်များကို ပစ်ခတ်တိုက်ခိုက်လာနိုင်သည့် မောင်းသူမဲ့တိုက်လေယာဉ်များ ပေါ်ပေါက်လာခဲ့သည်။ ထို့ပြင် UAV များသည် ထောက်လှမ်းခြင်း၊ စောင့်ကြည့်ခြင်းနှင့် ကင်းထောက်ခြင်း တာဝန်များကိုလည်း ထမ်းဆောင်နိုင်ကြသည်။ ၎င်းမောင်းသူမဲ့လေယာဉ်များကို လေထဲတွင် ကြာကြာနေနိုင်စေရန် ဆောင်ရွက်လာနိုင်သဖြင့် ပစ်မှတ်ပေါ်တွင် ကြာမြင့်စွာ ပျံသန်းထောက်လှမ်းပြီး လက်နက်စနစ် ကြုံရသည့် အခက်အခဲများကို သေးငယ်အောင် ဆောင်ရွက်ခြင်းပါဝင်ပါသည်။
RC – 135 Rivet Joint လေယာဉ်ပုံ
နောက်ဆုံး ရည်မှန်းချက်မှာ နယ်ပယ်အမျိုးမျိုးမှ ရရှိလာသောအခြေအနေ ပုံသဏ္ဌာန် တစ်ခုသို့ ရောက်ရှိအောင် ဆောင်ရွက်ခြင်းပင် ဖြစ်သည်။ အမေရိကန်လေတပ်သည် ၎င်း၏ ထောက်လှမ်းစောင့်ကြည့်ကင်းထောက်လှမ်းမှုအတွက် စီမံခန့်ခွဲမှုကို ဖွဲ့စည်းတည်ဆောက်ပြီးဖြစ်ရာ ဆက်လက်အသုံးပြုလျက်ရှိသည်။ အချက်အလက်များကို AWACS, JSTAR, U-2, Rivet Joint မောင်းသူမဲ့လေယာဉ်များမှ ရရှိသကဲ့သို့ အမေရိကန်ရေတပ်မှ EP-3 အီလက်ထရောနစ် ထောက်လှမ်းရေးလေယာဉ်မှလည်း ရရှိသည်ဖြစ်ရာ ၎င်းအချက်အလက်များကို တပြိုင်နက် ပုံစံတစ်ခုတည်းဖြစ်ရန် ဆောင်ရွက်စေပါသည်။ MC 2 A-X မျိုးစုံသုံး အာရုံခံကိရိယာ တပ်ဆင်ထားသော စမ်းသပ်မှုလေယာဉ်သည် လေကြောင်းစစ်ဆင်မှုကို ကွပ်ကဲနိုင်သည့် AWACS၊ မြေပြင်စစ်ပွဲကို စောင့်ကြပ်ကြည့်ရှုနိုင်သည့် JSTARS နှင့် အချက်ပြထောက်လှမ်းရေးကို စုဆောင်းပေးနိုင်သည့် Rivet Joint လေယာဉ်တို့၏ အရည်အသွေးများကို ဖြစ်စဉ်တစ်ခုတည်းအဖြစ် ပေါင်းစည်းထုတ်လုပ်ပေးသည့် အယူအဆကို အကောင်အထည်ဖော်သည့် လေယာဉ်ဖြစ်သည်။ ထို့ပြင် ကောင်းကင်တွင် ဆီဖြည့်ခြင်းကို ထပ်မံပေါင်းထည့်ပြီး လေယာဉ်လေထဲတွင် နေချိန်ကို ပိုမိုကြာမြင့်စေခဲ့ပါသည်။
ဆုံးဖြတ်ချက်အကဲသာမှုအတွက်ကိုမှု လုပ်ငန်းစဉ်များကို တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်လျက်ရှိပြီး အဖွဲ့အစည်းများကိုလည်း တည်ဆောက်လျက်ရှိရာ ၎င်းအဖွဲ့အစည်းများမှာ ကင်းထောက်ရေးနှင့် ထောက်လှမ်းရေးကို ကိုယ်စားပြုသည့်အဖွဲ့အစည်းများ၊ စုပေါင်းဆောင်ရွက်မှုနှင့် လျင်မြန်စွာဆုံးဖြတ်ချက်ချနိုင်သော စစ်ဘက်ခေါင်းဆောင်မှုအဖွဲ့အစည်းများပင် ဖြစ်ကြသည်။ ဆန့်ကျင်ဘက် ဥပမာအနေဖြင့် ကိုဆိုဗိုစစ်ပွဲတွင် ပစ်မှတ်အား ရှာဖွေသတ်မှတ်ခြင်း လုပ်ငန်းစဉ် ပစ်မှတ်သို့ ရောက်ရှိဖျက်ဆီးလာနိုင်သည့် အချိန်အထိ ဝဲပတ်ပျံသန်းနိုင်ပြီ ဖြစ်ပေသည်။
မောင်းသူမဲ့ လေယာဉ်များ၏ ရာသီဥတုမရွေး တာဝန်ထမ်းဆောင်နိုင်မှုနှင့် ညအချိန်တိုက်ခိုက်နိုင်မှု စွမ်းရည်များကြောင့် ရာသီဥတုအခြေအနေ၊ အမှောင်ထုနှင့် ဆက်စပ်သည့်ကိစ္စများသည် စစ်ဆင်မှုအတွက် ထည့်သွင်းတွက်ချက်ရန်မလိုသော အချက်အလက်များ ဖြစ်လာကြသည်။ ၎င်းမောင်းသူမဲ့လေယာဉ်များသည် ညအချိန်တွင် ရန်သူရှာဖွေခံရခြင်းမရှိဘဲ ပစ်မှတ်တိကျစွာ တိုက်ခိုက်လာနိုင်ပါသည်။ ၎င်းတို့သည် နှင်း၊ တိမ်၊ မီးခိုးနှင့် မြူနှင်းများအကြားတွင် ၎င်းတို့၏ လက်နက်များကို တိကျစွာ ပစ်ခတ်လာနိုင်ပါသည်။ ထို့ကြောင့် အနာဂတ်စစ်မြေပြင်တွင် မောင်းသူမဲ့လေယာဉ်များသည် အရပ်မျက်နှာ အဘက်ဘက်ရှိ ရန်သူများကို စောင့်ကြည့်ချေမှုန်းနိုင်သဖြင့် ရန်သူသည် အချိန်ကြာမြင့်စွာ အောင်ပွဲခံနိုင်မည် မဟုတ်ပေ။ ရာသီမရွေး တိုက်ခိုက်နိုင်ခြင်းနှင့် ညတိုက်ခိုက်နိုင်မှု စွမ်းရည်များသည် လေကြောင်း စစ်ဆင်ရေးတွင် မရှိမဖြစ် ကြိုတင်လိုအပ်ချက်များ ဖြစ်လာခဲ့သည်။
အာကာသအားလွှမ်းမိုးနိုင်မှုသည်လည်း လေကြောင်း အကဲသာမှုအတွက် အလွန်အရေးပါသည့် အချက်ဖြစ်လာပါသည်။ အာကာသအခြေပြု စစ်ဘက်နှင့် အရပ်ဘက်စနစ်များသည် ဆက်သွယ်ရေး၊ ကင်းထောက်ရေးနှင့် ရာသီဥတုအချက်အလက်များကို ပေးစွမ်းနိုင်သော်လည်း ဂြိုဟ်တုများကသာ JDAM ကဲ့သို့ GPS က ကြီးကြပ်ပစ်ခတ်သည့် လက်နက်အသစ်များ အသုံးပြုမှုကို ဆောင်ရွက်ပေးနိုင်သည်။ ချိန်ကိုက်ဆောင်ရွက်နိုင်မှုကို အခြေခံပြီး ဂြိုဟ်တုများသည် ကွန်ရက်ဗဟိုပြုစစ်ဆင်ရေးတွင် ပဓာနကျသောကဏ္ဍမှ ပါဝင်လာပါသည်။ အီရတ်လွတ်မြောက်ရေးစစ်ပွဲတွင် ဂြိုဟ်တု ၂၇ လုံးက မိတ်ဆွေနှင့် ပြင်ပတပ်ဖွဲ့များ၏ တည်နေရာကို အဆုံးအဖြတ်ပေးနိုင်ပြီး ပစ်မှတ်၏ တည်နေရာ ကိုသြဒိနိတ်ကို ခွဲခြားသတ်မှတ်နိုင်သည်။ အီရတ်လွတ်မြောက်ရေးစစ်ပွဲတွင် အီရတ်တို့က အမေရိကန်တို့၏ GPS များကို နှောင့်ယှက်ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ပြီး ၎င်းကို လေကြောင်းလမ်းပြစစ်ဆင်မှု (Navigation Warfare) ဟု ခေါ်ဝေါ်ခဲ့သည်။ ထို့ကြောင့် အီရတ်စစ်ပွဲပြီးဆုံးသည့်အချိန်တွင် အမေရိကန်တို့က လေကြောင်းလမ်းပြ စစ်ဆင်မှု သဘောတရား (Navigation Warfare Doctrine) ကို ဖော်ထုတ်ခဲ့ကြောင်း တွေ့ရှိရသည်။
အပိုင်း (၃) ကို လာမည့် သောကြာနေ့ ၂၀.၇.၂၀၁၂ တွင် ဆက်လက် တင်ဆက် ပေးသွားပါမည်။
| < Prev | Next > |
|---|

