
ပြုစုတင်ပြသူ - ဗိုလ်မှူးကြီး ကျော်ဆွေဦး
ဗိုလ်မှူးကြီးကျော်ဆွေဦးရဲ့ အနာဂတ်လေကြောင်းစစ်ဆင်မှု အပိုင်း(၂) ကို ဒီနေရာတွင် နှိပ်၍ ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါသည်....
လက်နက်များ (Weapons)
စစ်ဆင်ရေးများတွင် ကြိုတင်ပြင်ဆင်ပြီး စီမံချက်ချ ဆောင်ရွက်မှုများသည် ပေးအပ်သည့် တာဝန်အပေါ်တွင် အချိန်တိုအတွင်း အပြောင်းအလဲများရှိခြင်းနှင့် ခေါက်ရေတစ်ခေါက်အတွင်း လေယာဉ်များသို့ ပစ်မှတ်ခွဲဝေ သတ်မှတ်ခြင်းများကိုလည်း ပြောင်းလဲမှု ဖြစ်ပေါ်နေသဖြင့် ကြိုတင်ပြင်ဆင် စီမံချက်ချဆောင်ရွက်မှုများသည် အရေးပါမှု နည်းပါးလာသည်။ ၎င်းလုပ်ငန်းစဉ်များတွင် ကွပ်ကဲမှု၊ ကြီးကြပ်မှု၊ တာဝန်ထမ်းဆောင်မှုနှင့် လက်နက်များသည် ပြောင်းလွယ် ပြင်လွယ် ရှိရန်လိုပါသည်။ ထို့ကြောင့် ယနေ့ခေတ်တွင် ဘက်စုံသုံး လေယာဉ်များ ပေါ်ပေါက်လာပြီး လက်နက်မျိုးစုံကို တပ်ဆင်ကာ တာဝန်အမျိုးမျိုးကို ထမ်းဆောင်လာကြသည်။

Defunked Military Satellite
လက်နက်ရွေးချယ်မှုသည် စစ်ပွဲ၏ ပုံသဏ္ဌာန်အပေါ်မူတည်ပြီး ပြောင်းလဲနေပေသည်။ လက်နက်နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုတွင် လက်နက်တစ်ခုအတွင်း ကွဲပြားသည့် လက်နက်ကွပ်ကဲ ထိန်းချုပ်မှုစနစ်များကို အသုံးပြုခြင်းနှင့် ပစ်မှတ်ကို တိကျစွာ ပစ်ခတ်နိုင်သည့် စွမ်းရည်များသည် လက်နက်တစ်ခုကို ဦးဆောင်မှု ပြုလုပ်လျက်ရှိပါသည်။ ကွဲပြားခြားနားသည့် လက်နက် ကွပ်ကဲထိန်းချုပ်မှုစနစ်မှာ လက်နက်တစ်ခုတွင် လေဆာရောင်ခြည် ပဲ့ထိန်းစနစ်၊ ဂြိုဟ်တုမှ ထိန်းကြောင်းသည့် စနစ်နှင့် အင်နားရှား ပဲ့ထိန်းစနစ်တို့ ပါဝင်မှုကို ဆိုလိုပါသည်။ ထို့ကြောင့် လက်နက်တစ်ခုအတွင်း ကွပ်ကဲထိန်းချုပ်မှုစနစ်အများအပြား ပါဝင်လာသဖြင့် စစ်ဆင်ရေးများသည် ကုန်ကျစရိတ်ရှိသလောက် ထိရောက်မှု ရှိလာခြင်း၊ လက်နက်များ၏ ပစ်မှတ်သို့ ထိမှန်အောင် ပစ်ခတ်မှုအကောင်းဆုံးဖြစ်လာခြင်း၊ လက်နက်များနှင့် ပတ်သက်သည့် ဆက်စပ်ပျက်စီးမှုအန္တရာယ်များ ကျဆင်းလာခြင်းတို့ ဖြစ်ပေါ်လာပါသည်။ ဥပမာ- အီရတ်စစ်ပွဲတွင် ပစ်မှတ်ကို တိကျစွာ ပစ်ခတ်လာနိုင်မှုကြောင့် အရပ်သားများထိခိုက်သေကြေမှုနည်းပါးခြင်းနှင့် မြို့တော် ဘဂ္ဂဒက်ကို မပျက်မစီး ရှိစေခြင်းတို့သည် စစ်ပြီးနောက် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအတွက် နောင် အနာဂတ်တွင် အရပ်ဘက်အခြေခံ အဆောက်အအုံနှင့် စီးပွားရေး အခြေခံများကို မပျက်မစီးအောင် ထိန်းသိမ်းစောင့်ရှောက်ပြီး ဖြစ်သည်။
အချို့ ကိစ္စရပ်များတွင် မဟာမိတ် တပ်ဖွဲ့များသည် စစ်အတွင်းတွင် ပေါက်ကွဲယမ်းမပါသော ဗုံးများကို လက်နက်များမှ ရရှိသော အကျိုးတရားထက် ဗုံးကြဲခြင်း၏ ထိရောက်မှုကို အာရုံစိုက်လာစေရန် အသုံးပြုခဲ့သည်။ အဆင့်မြင့်နည်းပညာအသုံးပြုလာခဲ့သော်လည်း Dumb Bomb များသည် သေချာသော ပစ်မှတ်များကို ဗုံးကြဲချရာတွင် အသုံးဝင်မှုကြောင့် ကြဲချသောဗုံးများ၏ ၃၀ ရာခိုင်နှုန်းကို ကိုယ်စားပြုခဲ့သည်။ ဥပမာ ယန္တရားတပ်ဖွဲ့များကို တိုက်ခိုက်ရာတွင် အသုံးပြုခြင်းဖြစ်ပါသည်။ သမားရိုးကျ ဗုံးကြဲခြင်းသို့ ပြောင်းလဲသည့် အယူအဆပင် ဖြစ်ပါသည်။
အမေရိကန်မှ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ် B-2
မဟာဗျူဟာမြောက်ဗုံးကြဲ လေယာဉ်များသည် အထူးစစ်ဆင်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သည့် စစ်ဆင်ရေးများတွင် ၎င်းတို့၏ လေထဲတွင် အကြာဆုံးနေနိုင်ချိန်နှင့် တင်ဆောင်နိုင်သည့် အလေးချိန်သည် အနာဂတ်အတွက် လက်နက်စနစ်ကို အရေးပါစေသည်။ အနာဂတ်တွင် ကွပ်ကဲမှု၊ ကြီးကြပ်မှု၊ ဆက်သွယ်ရေး၊ ကွန်ပျူတာ၊ ထောက်လှမ်းခြင်း၊ စောင့်ကြည့်ခြင်းနှင့် ကင်းထောက်ခြင်းဖြစ်စဉ်များသာလျှင် လုံခြုံမှု၊ လျင်မြန်မှု၊ အချိန်နှင့် တပြေးညီ အကျိုးသက်ရောက်မှုနှင့် ပိုလျှံမှုတို့ကို ဖြစ်စေပြီး လေကြောင်းအကဲသာမှုကို တည်ဆောက်ရာတွင် ခိုင်မာ စိတ်ချစေပါသည်။ အမေရိကန်ပြည်ထောင်စုသည် နည်းပညာနှင့် လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များတွင် အခြားသော လက်နက်ကိုင်တပ်များနှင့် ပေါင်းစပ်ခြင်းသည် ၎င်းနိုင်ငံလေကြောင်းစွမ်းအား၏ အရှိန်အဟုန်နှင့် တိုးတက်နေမှုကြောင့် ပိုမိုခက်ခဲလာမည် ဖြစ်ကြောင်း တွေ့ရှိရပါသည်။
ရွေ့လျားမှုနှင့် ထောက်ပံ့မှု (Mobility and Support)
အုပ်ချုပ်ထောက်ပံ့မှုသည် စစ်ဆင်ရေးအဟုန်ကောင်းမွန်မှုနှင့် ရင်ဘောင်တန်းအနေအထားတွင် ရှိနေရမည်ဖြစ်သည်။ ဥပမာအားဖြင့် အီရတ်လွတ်မြောက်ရေးစစ်ပွဲတွင် အုပ်ချုပ်ထောက်ပံ့မှု စနစ်၏ စွမ်းရည်သည် မြေပြင်တပ်ဖွဲ့များ၏ တိုက်စစ်အဟုန်ကို အဆုံးအဖြတ်ပေးခဲ့သည်။ တူရကီတို့သည် အမေရိကန်တပ်များကို ၎င်းတို့၏ နယ်နိမိတ်ကို ဖြတ်သန်းခွင့် မပြုခဲ့သဖြင့် အမေရိကန်တို့သည် အထူးတပ်ဖွဲ့များကို အီရတ်မြောက်ပိုင်းနှင့် အနောက်ပိုင်းသို့ လေကြောင်းမှသာ ဆင်းသက်စေခဲ့ကြရသည်။ အနာဂတ်တွင် တပ်ဖွဲ့များကို လျင်မြန်စွာ တပ်ဖြန့်ချထားနိုင်ရမည်ဖြစ်ပြီး အလွန်ဝေးကွာသောနေရာများတွင် တပ်ဖြန့်ချထားနိုင်စွမ်းရှိရမည်ဖြစ်သည်။ တပ်ဖြန့်ချထားမှုကို စောစီးစွာ ပြုလုပ်ရမည်ဖြစ်ပြီး ဖြန့်ချထားသည့် တပ်များသည် ပဋိပက္ခဖြစ်ရန် အလားအလာရှိသည့် ဧရိယာအနီး သို့မဟုတ် အတွင်းရှိ ယာယီတည်နေရာများတွင် တပ်ဖြန့်ချထားပြီး ဖြစ်ရပါမည်။ အခြားသော ရွေးချယ်ပိုင်ခွင့် တစ်ခုမှာ မဟာဗျူဟာမြောက်စွာ တည်နေရာ ပြောင်းရွေ့သည့် တပ်များပါဝင်ပါသည်။ အမေရိကန်တို့သည် အမှတ် (၁၇၃) လေကြောင်းချီတပ်မကို အီတလီမှ အီရတ် မြောက်ပိုင်းရှိ စစ်ဆင်ရေးနယ်ဝန်းသို့လည်းကောင်း၊ အမှတ် (၂၆) မရိန်းနိုင်ငံခြားချီတပ်ဖွဲ့ကို မြေထဲပင်လယ်မှ တိုက်ပွဲဖြစ်ပွားရာနေရာသို့လည်းကောင်း လေကြောင်းမှ ပို့ဆောင်ပေးခဲ့သည်။
လေကြောင်းဖြင့် လူနှင့် ပစ္စည်းတို့ကို ရာခိုင်နှုန်း အနည်းငယ်သာ သယ်ယူပို့ဆောင်နိုင်မှုကြောင့် ပင်လယ်ပြင်ကို အခြေပြုပြီးတပ်ဖွဲ့များကို ကမ္ဘာတစ်ဝန်းလုံးသို့ ရွှေ့ပြောင်းပေးနိုင်မှုအား စတင်အာရုံစိုက်လာခဲ့သည်။ အီရတ်မြောက်ပိုင်းတွင် လေ-ကြည်း စစ်ဆင်ရေး ဆောင်ရွက်စဉ် ပထမဆုံး M-1 ABRAM တင့်ကားများကို C-17 ပို့ဆောင်ရေးလေယာဉ်ဖြင့် ရွှေ့ပြောင်းပေးခဲ့သည်။ သို့သော်တင့်ကားတစ်စီးတည်းကို C-17 လေယာဉ်ဖြင့် ရွှေ့ပြောင်းခြင်းမှာမူ လေယာဉ်ကို အသုံးပြုရန် မလိုအပ်ပေ။ နိုင်ငံတစ်နိုင်ငံသည် ပင်လယ်ပြင်မှ ကမ္ဘာတစ်ဝန်းလုံးသို့ စစ်အင်အားကို ပို့လွှတ်နိုင်ခြင်းနှင့် ပင်လယ်ပြင်မှ ရန်သူ့သတင်းကို စောစီးစွာ စုဆောင်းနိုင်ခြင်းတို့ကို ဆောင်ရွက်နိုင်ပြီး ထောက်ပံ့ရေး အခြေစိုက်စခန်းများနှင့် နိုင်ငံခြားအပေါ် မှီခိုနေရမှုတို့အား လျော့ပါးစေသည်။ ကြီးမားမြန်ဆန်သော သယ်ယူပို့ဆောင်ရေးဖြစ်စဉ်များကို အသုံးပြုပြီး မဟာဗျူဟာမြောက် ရေကြောင်းချီ ရွှေ့ပြောင်းမှုတို့သည် အနာဂတ်စစ်ဆင်မှုများကို ဆုံးဖြတ်လိမ့်မည် ဖြစ်ပါသည်။ အနာဂတ်လေကြောင်း စစ်ပွဲများတွင် နောက်ဆုံးဖြစ်ပွားခဲ့သော ခေတ်သစ်စစ်ပွဲဖြစ်သည့် အီရတ် လွတ်မြောက်ရေးစစ်ပွဲ၏ လွှမ်းမိုးမှုများ ရှိနေဦးမည် ဖြစ်ပေသည်။ ပူးပေါင်းစစ်ဆင်ခြင်း၊ ကွန်ရက်ဗဟိုပြု စစ်ဆင်ရေး၊ အာရုံခံ ကိရိယာများနှင့် လက်နက်များ၏ တိုးတက်ဖွံ့ဖြိုးမှုတို့သည် အနာဂတ်လေကြောင်း စစ်ပွဲ၏ ပုံသဏ္ဌာန်ကို ဖော်ပြနေပေသည်။ ဖော်ပြပါ အကြောင်းတရားများသည် လက်နက်ကိုင် တပ်ဖွဲ့များ၏ ခိုင်မာနေပြီ ဖြစ်သော ပုံသဏ္ဌာန်ကို ပြောင်းလဲစေပြီး ခေတ်နှင့် အညီဖြစ်သည့် တပ်ဖွဲ့များကို ပြောင်းလဲဖွဲ့စည်းပြီး တပ်ဆင်သော လက်နက်များကိုလည်း ပြောင်းလဲတပ်ဆင်လာကြမည် ဖြစ်သည်။ သို့ရာတွင် ဤစစ်ပွဲများ၏ အချိုးမညီမှုများကြောင့် ခိုင်လုံသောကောက်ချက်ကို ဆွဲနိုင်ရန်မှာမူ ခဲယဉ်းပေမည်။ နိုင်ငံတစ်နိုင်ငံသည် ဤဖွံ့ဖြိုးတိုးတက်မှုများကို အလျင်မီအောင် မလိုက်နိုင်ပါက အနာဂတ်တွင် မိမိမဟာမိတ်အဖွဲ့၏ လုပ်ဖော်ကိုင်ဖက် အဆင့်အတန်းကိုပင် မရရှိနိုင်သည့် အခြေအနေသို့ ရောက်ရှိနိုင်ကြောင်း ဖော်ပြအပ်ပါသည်။
ရည်ညွှန်းချက်
1. During the Course of Operation Iraq Freedom, the Students of the 47th German Air Force Command Staff College Course evaluated the Lessons Learned from the air war over Iraq. They produced a 200-page study published in Germany and disseminated through out the German Air Force. This article derives from that Study’s last Chapter.
2. Joint Vision 2020 (Washington, DC: joint Chiefs of staff, 2000).
| < Prev | Next > |
|---|

