
ပြုစုတင်ပြသူ - ဗိုလ်မှူးကြီး ထွန်းကြည်
ယခုအခါတွင် တပ်မတော် အကြီးအကဲများ၏ လမ်းညွှန်ချက်များအရ တပ်မတော် တက္ကသိုလ်အသီးသီးတို့တွင် တက်ရောက်နေသည့် ပထမနှစ် ဗိုလ်လောင်းများအား အရပ်သားဘဝမှ တပ်မတော်သားဘဝသို့ ပြောင်းလဲကာစ စိတ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများအတွက် စိတ်စစ်ဆေးခြင်းနှင့် စိတ်ဓါတ်မြှင့်တင်ပေးခြင်းတို့ကို လုပ်ဆောင်ပေးလျှက်ရှိပါသည်။ ယင်းသို့ ပြုလုပ်ရာ၌ တပ်မတော်အတွင်းရှိ စိတ်ပညာရှင်များနှင့် စိတ်ကျန်းမာရေး ဆရာဝန်များ ပူးပေါင်းကာ အောက်ပါ ဆောင်ရွက်စဉ်များအတိုင်း လုပ်ဆောင်ပေးလျှက်ရှိပါသည်။ စိတ်ခံစားမှုနှင့် ပတ်သက်သည့် ဆောင်ရွက်စဉ်တွင် လတ်တလောခံစားနေရသည့် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ခံစားမှုများကို မေးခွန်းများ ဖွဲ့စည်းကာ ၎င်းတို့ ခံစားရသည့်အတိုင်း ဒီဂရီ (၄) မျိုးဖြင့် ခံစားရသည့် အတိုင်းအတာအလိုက် ရွေးချယ်ဖြေဆိုစေခြင်း ဖြစ်ပါသည်။ သဘောထား၊ ထင်မြင်ချက်နှင့် ပတ်သက်သည့် ဆောင်ရွက်စဉ်တွင် လက်ရှိ တက်ရောက်နေသည့် သင်တန်းအပေါ်ထားရှိသည့် သဘောထားအမြင်များကို ဆန့်ကျင်ဘက်အမြင် (၂)ခုဖြင့် မေးခွန်းဖွဲ့စည်းကာ ၎င်းတို့နှင့် ကိုက်ညီသည့်အမြင်ကို ရွေးချယ်ဖြေဆိုစေခြင်းနှင့် အနေအထိုင်၊ အစားအသောက်၊ အနားမရခြင်း၊ နေရာသစ် (ပတ်ဝန်းကျင်သစ်) အတွေ့အကြုံ၊ စည်းကမ်း၊ အပြစ်ပေးခြင်း စသည်တို့နှင့် ပတ်သက်သည့် ထင်မြင်ချက်ကို ပွင့်ပွင့်လင်းလင်း ရေးသားဖြေဆိုစေခြင်းတို့ ဖြစ်ပါသည်။
ယင်းသို့ စစ်ဆေးရရှိသည့် ရလဒ်များကို စိစစ်ပြီး ၎င်းတို့ခံစားရသည့် စိတ်ပိုင်းလက္ခဏာများနှင့် ခံစားချက်များကို အောက်ပါအတိုင်း တွေ့ရှိရမည် ဖြစ်ပါသည် -
- ချွေးပြန်ခြင်း
- ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုခု ထုံကျင်ခြင်း
- အသက်ရှူမဝသလို ခံစားရခြင်း
- ငိုချင်စိတ်ဖြစ်ခြင်း၊ ငိုမိခြင်း
- လိင်စိတ်လျော့နည်းခြင်း
- အခြားသူများကို ဝေဖန်၊ အပြစ်တင်ခြင်း
- စိတ်တိုလွယ်ခြင်း
- တစ်ခုခုလုပ်ပြီးတိုင်း မသေချာသလို ခံစားရခြင်း
- အနေအထိုင် ကျဉ်းကျပ်သလို ခံစားရခြင်း
- ကိုယ့်ကို ရင်းရင်းနှီးနှီး မဆက်ဆံဘူးဟုထင်ခြင်း
- တစ်ခုခုလုပ်သည့်အခါ တားဆီးသလို ခံစားရခြင်း
- မလိုလားအပ်သည့် အတွေးများ ဖြစ်ပေါ်ခြင်း
- စည်းကမ်းကြီးသည်၊ တင်းကျပ်လွန်းသည်ဟု ထင်ခြင်း
- အိမ်လွမ်းခြင်း၊ မိဘမောင်နှမများကို သတိရခြင်း
- အထီးကျန်ဆန်ခြင်း
- စိတ်အားငယ်ခြင်း
- ရှေ့ရေးတွေးပြီး ရင်မောမိခြင်း
- အခြားသူများက ကိုယ့်ကို မညှာဘူးဟု ထင်မိခြင်း စသည်တို့ ဖြစ်သည်။
စစ်တက္ကသိုလ် ဘွဲ့နှင်း သဘင် ခန်းမပုံ
စစ်ဆေးချက်များအရ တွေ့ရှိသည်မှာ ၂၀၀၅ ခုနှစ်တွင် တပ်မတော်တက္ကသိုလ်ကြီး (၄)ခုရှိ ပထမနှစ် ဗိုလ်လောင်း ၃၂၁၈ ဦးအနက် ၉၆ ဦးမှာ စိတ်ဓါတ်လျော့ကျနေသဖြင့် ရာခိုင်နှုန်းအားဖြင့် ၂.၉၈% ရှိပြီး၊ ၂၀၀၆ ခုနှစ် ဗိုလ်လောင်း ၂၀၉၂ ဦးအနက် ၁၀၂ ဦးမှာ စိတ်ဓါတ်လျော့ကျနေသဖြင့် ရာခိုင်နှုန်းအားဖြင့် ၄.၈၇% ရှိသည်ကို တွေ့ရပါသည်။ ထိုသို့ တွေ့ရှိရသော ဗိုလ်လောင်းများအား စိတ်ဓါတ်မြှင့်တင်ပေးပြီး ဖြေသိမ့်ဆွေးနွေးမှုများ (Counseling) ပြုလုပ်ပေးပြီးနောက် သက်ဆိုင်ရာ ပါမောက္ခများ၊ နည်းပြအရာရှိများအား စနစ်တကျ ကြီးကြပ်ကွပ်ကဲရန် အကြုံပြုခဲ့ရပါသည်။ အထူးသဖြင့် တပ်မတော်တက္ကသိုလ် အသီးသီးတွင် ထားရှိပြီးဖြစ်သော အဆင့်ဆင့် ထိန်းကျောင်းကွပ်ကဲရသည့် အုပ်ထိန်းမှုစနစ် (Guardian System) ကို ပိုမိုပီပြင်စွာ အကောင်အထည် ဖော်ရန်လိုအပ်လှပါသည်။ ထို့အပြင် တပ်မတော်တက္ကသိုလ် အသီးသီး၌ စိတ်ပညာဌာနများ တိုးချဲ့ဖွဲ့စည်းကာ စိတ်ဓါတ်မြှင့်တင်ရေး၊ ဖြေသိမ့်ဆွေးနွေးမှုနှင့် စိတ်ဖြေလျှော့မှုလုပ်ငန်းများဖြင့် ဆောင်ရွက်သွားပါက ယခုထက် ပိုမို အထောက်အကူ ဖြစ်စေနိုင်ပါသည်။ အလားတူ သုတေသန လုပ်ငန်းများလည်း ပြုလုပ်သွားနိုင်မည် ဖြစ်ပါသည်။
တိုက်ပွဲကာလ ညှိယူမှုများ
(Adjustment to Combat)
တပ်ရင်း၊ တပ်ဖွဲ့တစ်ခုသည်လည်းကောင်း၊ စစ်သည် တစ်ဦးချင်းသည်လည်းကောင်း တိုက်ပွဲကာလ နီးကပ်လာလေလေ စိုးရိမ်ပူပန်မှုအမျိုးမျိုး ပေါ်ပေါက်နိုင်လေလေ ဖြစ်တတ်ပါသည်။ တကယ်တမ်း တိုက်ပွဲ ဝင်သည့်အခါတွင်လည်း ထိုပူပန်မှုများသည် ပို၍ပို၍ တိုးပွားလာနိုင်ပါသည်။ ပထမဆုံး ကြုံတွေ့ ခံစားရသည်မှာ သေမှာကို ကြောက်ရွံ့ခြင်းပင်ဖြစ်သည်။ လူတို့သည် မိမိအသက်သေမည်ကို ကြောက်ရွံ့တတ်သည့်သဘောရှိသော်လည်း မိမိသည် ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ငါ၏ အသက်ကို စွန့်လွှတ်ရန် အဓိဌာန်ပြုပါ၏ဟု သစ္စာဆိုပြီး ကတည်းကပင် စစ်သားဘဝဟာ တိုက်ရင်းသေရတာမြတ်တယ်ဟူသည့် စိတ်ကို အထိုက်အလျောက် ရင်ဆိုင်နိုင်မည် ဖြစ်ပါသည်။ အလားတူ တိုက်ပွဲတွင် ကျဆုံးသူ၊ ဒဏ်ရာရ ကျိုးပြတ်သူပမာဏသည် ကျန်သူများထက် လွန်စွာနည်းပါးသည်ဟု သိရှိထားခြင်းဖြင့်လည်း တိုက်ပွဲဖိစီးမှု (Combat Stress) ကို လျော့ပါးစေနိုင်ပါသည်။ ထို့အတူ ဘာသာရေးဆိုင်ရာ ယုံကြည်မှု၊ စိတ်ဓါတ်ရေးရာ ခိုင်မာမှု၊ ဂုဏ်သိက္ခာဆိုင်ရာ ခံယူမှုများသည်လည်း တိုက်ပွဲဝင် စိတ်ဓါတ်ကို အတိုင်းအတာတစ်ခုအထိ မြှင့်တင်ပေးနိုင်ပါသည်။
တိုက်ပွဲဝင်အတွေ့အကြုံသစ် စတင်ရရှိမည့် ရဲဘော်သစ်များသည် တိုက်ပွဲတွင် ကြုံတွေ့ရတတ်သည့် အနိဠာရုံမြင်ကွင်းများနှင့် လိုက်လျောညီထွေဖြစ်အောင် ညှိယူနေထိုင်ရာတွင် ယင်းမြင်ကွင်းများကြောင့် သွေးပျက်ခြောက်ခြားခြင်း၊ ထိတ်လန့်ကြောက်ရွံ့ခြင်းများ မဖြစ်စေရန် ရဲဘော်စိတ်ဖြင့် တွန်းလှန်ပစ်ရန် လိုအပ်ပါသည်။ ရဲဘော်စိတ်ဟူသည် ရဲဘော်အချင်းချင်း အပေါ်ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှုတရားပင်ဖြစ်၏ဟုလည်း ဆိုထားပါသည်။ တိုက်ပွဲဝင် စစ်သည်များသည် အချိန်ကာလနှင့် ပတ်သက်၍လည်း အာရုံသိမှု လွဲမှားတတ်ကြပါသည်။ ထိုအခါတွင် မနက်ဖြန်အတွက် မသေချာသလို ခံစားမှုမျိုးလည်း ဝင်လာနိုင်ပါသည်။ အထူးသဖြင့် နှစ်ဖက်ရင်ဆိုင် တိုက်ခိုက်နေချိန်တွင် အချိန်ကြာမြင့်သည်ဟု ခံစားရခြင်း၊ စိတ်ဂနာမငြိမ်ခြင်း (Restlessness) နှင့် မသက်မသာဖြစ်ခြင်း (Uneasy) တို့သည် ဖြစ်ပေါ်လာတတ်ပါသည်။ ထိုသို့ ရင်ဆိုင်ပစ်ခတ်နေခြင်းကို အချည်းအနှီးဖြစ်သည်ဟုလည်း ခံစားရတတ်ပြီး လိုဘမပြည့်မှုများ ဖြစ်ပေါ်လာတတ်ပါသည်။ အထူးသဖြင့် တိုက်ပွဲကို အဆုံးသတ်သွားအောင် မိမိက မစွမ်းဆောင်နိုင်သည့်အခါ ထိုလိုဘမပြည့်မှုများ ပို၍ ဖြစ်ပေါ်လာလေ့ ရှိပါသည်။ ထိုအခြေအနေမျိုးတွင် အစာစားချင်သလို၊ ရေသောက်ချင်သလို၊ အကာအကွယ်တစ်ခုခုရချင်သလို စသည်တို့ ဖြစ်ပေါ်လာတတ်ပါသည်။ အချို့တွင်မူ မကျေမနပ်ဖြစ်ခြင်း၊ သည်းမခံနိုင်ခြင်း၊ စိတ်တိုလွယ်ခြင်းများ ဖြစ်လာပြီး တိုက်ပွဲ ဖိစီးမှုကြောင့် ညှိယူမှုပြဿနာများ ဖြစ်ပေါ်လာပါတော့သည်။ ဖော်ပြပါ ညှိယူမှုဆိုင်ရာ ပြဿနာနှစ်ရပ်သည် အရပ်သားဘဝမှ တပ်မတော်သား ဘဝခံယူကာစ အတွေ့အကြုံနုနယ်သေးသည့် တပ်မတော်သားများ ဘဝတွင် ကြုံတွေ့နိုင်သည့် ပြဿနာများဖြစ်၍ ထိုပြဿနာတို့၏ သဘောကို ကောင်းစွာ သိရှိနားလည်ပြီး ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်လှပါသည်။ မိမိတပ်မတော်တွင် စိတ်ကျန်းမာမှု အခန်းကဏ္ဍ တိုးတက်စေရေးနှင့် စိတ်ရောဂါ ဆေးခုံရုံးဖြင့် နှုတ်ထွက်စေမှု လျော့နည်းရေးအတွက် အဆင့် (၃)ဆင့်ဖြင့် ဆောင်ရွက်ရန် အကြံပြုထားသည်ကိုလည်း တွေ့ရှိရပါသည်။
ပထမအဆင့်။ စုဆောင်းရေးတပ်ဖွဲ့များတွင် စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုများကို ပီပီပြင်ပြင် စနစ်တကျ ပြုလုပ်စေခြင်း၊
ဒုတိယအဆင့်။ လေ့ကျင့်ရေးကျောင်းများရှိ လေ့ကျင့်ရေးအရာရှိများနှင့် နည်းပြများအား စိတ်ကျန်းမာမှုဆိုင်ရာများ အသိပေးပညာပေးရေးနှင့် လိုအပ်သည့် အကြံပေးလမ်းညွှန်မှုများ ရရှိအောင် ဆောင်ရွက်စေခြင်း။
တတိယအဆင့်။ သက်ဆိုင်ရာတပ်ရင်း၊ တပ်ဖွဲ့များ အဆင့်တွင် အရာရှိ၊ အရာခံ၊ အကြပ်များအား သာမန်စံကိုက်ပုဂ္ဂိုလ်များ၏ ကိုယ်ရည်ကိုယ်သွေး အဆောက်အအုံကို နားလည်စေခြင်း၊ စိတ်ရောဂါ ဖြစ်ပွားရခြင်း၏ အခြေခံအကြောင်းရင်းများနှင့် စိတ်မကျန်းမာမှု၏ ရောဂါပြ လက္ခဏာများကို စောစီးစွာ သိရှိရန် ပညာပေး ဟောပြောစေခြင်းတို့ ဖြစ်ပါသည်။
မြန်မာ့တပ်မတော်၏ စစ်ရေး လေ့ကျင့်နေမှု တစ်နေရာ
ယခုအခါတွင် လေ့ကျင့်ရေး အရာရှိချုပ်ရုံး၏ ညွှန်ကြားချက်များအရ ခြေလျင်တပ်ခွဲမှူးသင်တန်း၊ ခြေလျင်တပ်ရင်းမှူးသင်တန်းနှင့် အခြားသော အဆင့်မြင့် အရာရှိကြီးများသင်တန်းများသို့ တက်ရောက်သည့် အရာရှိများအား စိတ်ပိုင်းဆိုင်ရာ စစ်ဆေးခြင်းများပြုလုပ်လျက်ရှိရာ စစ်ဆေးတွေ့ရှိသည့် ရလဒ်များကို စိစစ်သုံးသပ်၍ တပ်မတော်သားဘဝ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများနှင့် ထိန်းချုပ်ပြုပြင်ရေးဆိုင်ရာ အစီအစဉ်သစ်များ ရေးဆွဲကာ စနစ်တကျ ကိုင်တွယ်စေပြီး ကိုယ်ရော စိတ်ပါကျန်းမာသည့် စစ်သည်များဖြင့် ခေတ်မီ တပ်မတော်တစ်ရပ်ကို တည်ဆောက်နိုင်မည်ဟု ယုံကြည်မိပါသည်။
ရည်ညွှန်းချက်
1. Boring Edwin, Psychology for the Armed Services (3rd Edition) Washington, Infantry Journal Press, (1948)
2. Committee of the Psychology for the Fighting Man< National Research Council USA (1943)
3. Han’s Selye Stress Without Distress NewYork< Lippineott, (1947)
| < Prev | Next > |
|---|

