
ဒုတိယဗိုလ်မှူးကြီးဟောင်း အေးမြင့်
ဆောင်းပါးရှင် – ဗိုလ်ထက်မင်း
ရာထူးအာဏာ စည်းစိမ် ယစ်မူးနေတဲ့ မင်းဆိုးမင်းညစ် နအဖ အုပ်ချုပ်တဲ့ ကျွန်တော်တို့ တိုင်းပြည်ဟာ ကပ်ဘေးမျိုးစုံ ကျရောက်ပြီးတော့ ပြည်သူတွေ ကြပ်တည်း ဆင်းရဲဒုက္ခ ကျရောက် နေရတာ ဖြစ်ပါတယ်။ တိုင်းပြည်ကို တကယ် ချစ်တဲ့ ပြည်သူလူထုကို ကယ်တင်ချင်တဲ့ တကယ့် စစ်သား အစစ်အမှန်တွေ အကြောင်းကို ဗိုလ်ထက်မင်းက ရေးသား တင်ပြပေးပို့ ခဲ့ပါတယ်။ စစ်အာဏာရှင် တွေရဲ့ တင်းကျပ်တဲ့ အမိန့်နဲ့ စည်းကမ်း ချက်တွေကို ဆန့်ကျင်ပြီး ပြည်သူ့ဘက် မားမားမတ်မတ် ရပ်တည်ပေးခဲ့သူကတော့ ဗိုလ်ကြီး စိုင်းဝင်းကျော် ဖြစ်ပါတယ်။ (၁၉၈၈) ဒီမိုကရေစီ လူထုအုံကြွမှု အရေးတော်ပုံမှာ တပ်မ (၂၂) က ဗိုလ်ကြီးစိုင်းဝင်းကျော်ဟာ ပြတ်ပြတ်သားသား ပြည်သူ့ ရင်ခွင်ကို ခိုလှုံ သွားခဲ့ပါတယ်။ သူဟာ တပ်မတော်သားတွေ အားလုံး အံ့သြ ချီးကျူး ရလောက်အောင် ဇနီးနဲ့ သား/သမီး ကိုတောင် မငဲ့ကွက်ဘဲ ရာထူး အဆောင် အယောင် စည်းစိမ် ဥစ္စာစွန့်လွှတ်ကာ ပြည်သူလူထုနဲ့ ရဲဝံ့စွာ ပူးပေါင်း ခဲ့ပါတယ်။
စစ်တပ်က အာဏာသိမ်းမှု ဖြစ်သွားတဲ့ အခါမှာလည်း နယ်စပ်ကို ထွက်ပြေး တိမ်းရှောင်ခြင်း မရှိဘဲ ပြည်တွင်းမှာ ဆက်လက် နေရဲတဲ့ သတ္တိဟာ သူရဲကောင်း စိတ်ဓာတ် ဖြစ်ပါတယ်။ နောက်ဆုံး န၀တရဲ့ ဖမ်းဆီးခြင်းကို ခံရပြီး ပြည်သူ့ဘက်ကို ရပ်တည် ပေးတဲ့အတွက် ဗိုလ်ကြီး စိုင်းဝင်းကျော်ကို အငြိုးကြီးစွာ သေဒဏ်ပေးခဲ့ ပါတယ်။ သူရဲ့မိတ်ဆွေ တစ်ချို့က သနား ဂရုဏာသက်လို့ အသနားခံ ၀င်ပြောခဲ့၍သာ တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ပြောင်းလဲ ကျခံစေခဲ့ပါတယ်။ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ထောင်မှ ပြန်လွတ်လာရာမှာ ရပ်တည်ချက် ပြတ်သားပြီးတော့ န၀တကို ဆက်လက် ဆန့်ကျင်ခဲ့သူ ဖြစ်ပါတယ်။
ဗိုလ်မှူးကြီးစိန်မြဟာ စစ်တပ်က အာဏာသိမ်းပြီးတဲ့ နောက် (၁၉၈၉) မှာ အသက်အရွယ်ကြီး ရင့်တာကိုတောင် ဂရုမထားဘဲ မုဒုံမှ ဘုရားသုံးဆူသို့ မွန်ပြည်သစ်ပါတီ (NMSP) ရဲ့ အကူအညီနဲ့ တောတွင်းလမ်းအတိုင်း ချီတက်ခဲ့ပါတယ်။ သူဟာ စစ်သည်များနဲ့ ကျောင်းသား အချို့ပါဝင်တဲ့ ပြည်သူ့ ကာကွယ်ရေးတပ်ဦးကို ဖွဲ့စည်းပြီး မဟာမိတ် KNU, NMSP တို့နဲ့ လက်တွဲကာ အာဏာရှင်တို့အား တော်လှန်ရင်း ဖျားနာမှုဒဏ်ကြောင့် အသက်ပေးခဲ့ရပါတယ်။
အလားတူ ဒုတိယ ဗိုလ်မှူးကြီးအေးမြင့်ဟာ နုငယ်ဖြူစင်တဲ့ ကျောင်းသားတွေ အထိနာမှာ စိုးရိမ်ပြီး ‘မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး’ မှာ စစ်ပညာကို သွားရောက် သင်ကြားပေးခဲ့ပါတယ်။ အသက်အရွယ် ကြီးရင့်သည်အထိ တောထဲတောင်ထဲမှာ နှစ်ပေါင်း မြောက်မြားစွာ ကျောင်းသားတွေနဲ့ အတူတကွဆင်းရဲ ဒုက္ခခံပြီး မိမိတတ်ကျွမ်းတဲ့ စစ်ပညာကို လေ့ကျင့်သင်ကြား ပေးခဲ့တဲ့ ဒီစစ်သားကြီးရဲ့ မေတ္တာ၊ စေတနာဟာ ကြီးမားလှ ပါတယ်။
လေတပ်မှ အငြိမ်းစား ဗိုလ်မှူးတစ်ဦးဖြစ်ပြီး “လေသူရဲ တစ်ဦး” ကလောင်နံမည်နဲ့ စာရေးရာမှာ ထင်ရှားတဲ့ ဗိုလ်မှူးဂျွန်လှဝင်းဟာလည်း (၁၉၈၈) ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့ပါတယ်။ သူဟာ အစ္စရေး နိုင်ငံမှာ သင်တန်းဆင်းလာတဲ့ ထူးချွန်သူတစ်ဦးဖြစ်ပြီး ပြည်သူနဲ့ လက်တွဲ တိုက်ပွဲဝင်ခဲ့လို့ ထောင်ဒဏ် (၂၀) နှစ် ကျခံခဲ့ရပါတယ်။
ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) မှ တပ်ကြပ်ကြီး ဒေါ်နုနုအေးကတော့ (၁၉၈၈) လူထုအုံကြွမှုကြီးမှာ ရှေ့တန်းက ပါဝင်ဆင်နွှဲခဲ့ပြီးနောက် န၀တ တက်လာတဲ့အခါ အရှုံးမပေးဘဲ နယ်စပ်ကို ထွက်လာပြီး ကျောင်းသားတပ်မတော် ABSDF နဲ့ လက်တွဲကာ ဆက်လက် တော်လှန်ခဲ့ပါတယ်။ တောထဲ၊ တောင်ထဲမှာ ယောကျာင်္းရင့်မကြီးများနဲ့ ရင်ပေါင်တန်းကာ ပင်ပန်း ဆင်းရဲမှုဒဏ် ကြံ့ကြံ့ခံ၍ တိုက်ပွဲဝင်ခဲ့သူ ဖြစ်ပါတယ်။ အသက်အရွယ် ကြီးရင့်သော်လည်း အမေရိကန်နိုင်ငံ နယူး ယောက်မြို့ ကုလသမဂ္ဂ ရုံးရှေ့မှာ အစာငတ်ခံ ဆန္ဒပြပွဲ ဆင်နွှဲခဲ့တဲ့အထိ ဆန္ဒပြင်းပြခဲ့ပါတယ်။ ဒါ့အပြင် ခရီးရှည် ချီတက် ဆန္ဒပြပွဲကိုလည်း စွမ်းစွမ်းတမံ ပါဝင်ခဲ့တဲ့ အာဂ အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။
ဗိုလ်ကြီးဝင်းဘိုဟာ (၁၉၉၀) ပြည့်နှစ်မှာ နာမည်ကျော် န၀တ ပတ္တမြား တရားမ၀င် ရောင်းချရာမှာ ပါဝင် ပတ်သက်မှုနဲ့ ထောင်ကျခဲ့ပါတယ်။ ဗိုလ်ကြီးဝင်းဘိုဟာ (၁၉၉၇) ခုနှစ်မှာ ပြန်လည် လွတ်မြောက်လာပြီးနောက် မျက်ဝါးထင်ထင် တွေ့မြင်လာတဲ့ ထောင်တွင်းက နိုင်ငံရေး အကျဉ်းသားတွေအတွက် ရင်ထုမနာ ဖြစ်ခဲ့ရပါတယ်။ (၂၀၀၀) ပြည့်နှစ်မှာ မန္တလေးမြို့ မဟာဂန္ဓာရုံကျောင်း၊ ရွှေကျင်ဆရာတော်ဘုရားကြီးနဲ့ သံဃာ အပါး (၁၀၀၀) လက်မှတ် ရေးထိုးထားတဲ့ စာကို ဆရာတော်ကြီးရဲ့ ခွင့်ပြုချက်နှင့် ယူဆောင်ခဲ့ပါတယ်။ အဲဒီစာမှာ မြန်မာနိုင်ငံရဲ့ လတ်တလော နိုင်ငံရေး ဖြစ်စဉ်တွေနဲ့ တိုင်းပြည် ကောင်းကျိုးအတွက် ဦးနေ၀င်း၊ ဦးသန်းရွှေ၊ ဒေါ်အောင်ဆန်းစုကြည်တို့ အာဃာတ မထားဘဲ ဆွေးနွေးညှိနှိုင်းဖို့ အကျဉ်းထောင် အသီးသီးက ဒုက္ခဆင်းရဲ ခံစားနေရတဲ့ နိုင်ငံရေး အကျဉ်းသားအားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ မေတ္တာရပ်ခံ ထားတဲ့စာ ဖြစ်ပါတယ်။ ဗိုလ်ကြီးဝင်းဘိုဟာ အဲဒီစာ ပေးမှုနဲ့ ထောင်ဒဏ် (၂၀) နှစ် ကျခဲ့ပါတယ်။ ထောင်အတွင်းမှာ ထောင်အာဏာပိုင်တွေရဲ့ မတရား အုပ်ချုပ်၊ လူ့အခွင့်အရေး ချိုးဖောက်တာတွေကို အမှန်တရားဘက်က ကာကွယ်ရင်း ထောင်အာဏာပိုင်တွေက ရန်ငြိုးဖွဲ့ မတရား ရိုက်နှိက်ခဲ့မှုကြောင့် သူဟာ ထောင်တွင်းမှာ ကျဆုံးခဲ့ရပါတယ်။ သူသေဆုံးတဲ့ နေ့ကို မြန်မာ့ နိုင်ငံရေး အကျဉ်းသားများနေ့အဖြစ် ဒီမိုကရေစီ ဘက်တော်သားများက ဂုဏ်ပြုသတ်မှတ် ခဲ့ကြပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ဦးဝင်းအောင်ဟာ မြန်မာနိုင်ငံအနေနဲ့ စစ်အာဏာရှင်တွေကြောင့် နိုင်ငံတကာအလယ်မှာ မျက်နှာငယ်နေရတာကို သိရှိနားလည်ပြီး သူဖြစ်ချင်တဲ့ ဆန္ဒနဲ့ မကြာခင် ထူးခြားသိသာတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတော့မှာပါလို့ အနက်ခွ စကားလုံးကို နိုင်ငံခြား အစည်းအဝေး တစ်ခုမှာ ပြောခဲ့ပါတယ်။ စစ်သားပီပီ ရဲရဲဝံ့ဝံ့ အဲဒီလို ပြောခဲ့မိလို့ ထိပ်ပိုင်း စစ်အာဏာရှင်နှစ်ဦးက စိတ်ဆိုးပြီး သူ့ကို နိုင်ငံခြားမှာပင် တန်းဖြုတ်ခဲ့ပါတယ်။ အမှန်တကယ်တော့ စစ်အာဏာရှင်တွေဟာ အာဏာကို လိမ်လည်ပြီး မတရား ရယူထားတာကြောင့် တိုင်းပြည် အနေနဲ့ အဖက်ဖက်က ယိုယွင်း ပျက်ဆီးနေလို့ နိုင်ငံတကာ အလယ်မှာ ရှက်ဖွယ်လိလိ ဖြစ်နေခဲ့ရခြင်း ဖြစ်ပါတယ်။
ဗိုလ်မှူးချုပ် ဇော်ထွန်းဟာ (GDP) ကိစ္စမှာ နိုင်ငံရဲ့ စီးပွားရေးဆိုင်ရာ ကိန်းဂဏာန်း တွက်ချက်တာ မှားယွင်းနေ လို့အမှန်အတိုင်း ဖြစ်စေဖို့ ပြောဆိုခဲ့ရာ နအဖဟာ သူတို့ရဲ့ မူဝါဒနဲ့ သူတို့ကို တိုက်ခိုက်တယ်လို့ မတရား စွပ်စွဲကာ ၎င်းကို ရာထူးမှ ဖြုတ်ပစ်လိုက်ပါတယ်။ နအဖဟာ မတိုးတက်တာကို တိုးတက်တယ်လို့ လိမ်ညာ ဖြီးဖြန်းတာကိုမှ ကျေနပ်ပီတိ ဖြစ်နေကြပါတယ်။ တပ်မတော်အတွင်းမှာ တိုင်းပြည်ကို တကယ် တိုးတက်လိုတဲ့ ဗိုလ်မှူးချုပ် ဇော်ထွန်းတို့လို တကယ့် စစ်သားတွေ အများကြီး ရှိနေပါတယ်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်က တောင်းဆိုတဲ့ အချက်အလက်တွေကို လိုက်လျောသင့်ပါကြောင်း နိုင်ငံအတွက် ILO မှ ကြပ်မတ်လာပါက တိုင်းပြည် နစ်နာသွားနိုင်ကြောင်း တင်ပြခဲ့တဲ့ ကြယ်ငါးပွင့် လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး ခင်မောင်ကြည်နဲ့ အရာရှိ တစ်ချို့ကိုလည်း နအဖ အာဏာ ပိုင်တွေဟာ မညှာမတာ ရာထူးက ဖြုတ်ထုတ်ခဲ့ပါတယ်။ နအဖဟာ အဲဒီတင်ပြချက် မှန်ကန်ကြောင်း သိရှိပြီး ILO ရဲ့ တောင်းဆိုချက်ကို ပြန်လည် လိုက်နာရပေမဲ့ အမှန်တရားကို တင်ပြခဲ့တဲ့ ဗိုလ်မှူးကြီးနဲ့ အရာရှိတွေကိုတော့ ပြန်လည် မခန့်အပ်ကြောင်း ကြားသိခဲ့ရပါတယ်။
မိမိတို့ရဲ့ အသက်၊ ရာထူး၊ ဥစ္စာစည်းစိမ်ကို ဂရုမစိုက်ဘဲ အမှန်တရားဘက် ရပ်တည်တဲ့ စစ်တပ်အတွင်းမှာ ပြုပြင်ပြောင်းလဲရေး လိုလားတဲ့ စစ်သားတွေ ရှိနေပြီဆိုတာ တင်ပြလိုက် ရပါတယ်။ စစ်အာဏာရှင်တွေရဲ့ မှားယွင်းမှုကိုအနီးကပ်သိရှိပြီးတော့ တပ်မတော်အတွင်း ပြုပြင် ပြောင်းလဲရေး အတွက် ဖန်တီးခွင့်ရှိသူတွေဟာ လုပ်ပိုင်ခွင့် အများဆုံး ရရှိထားတဲ့ ကိုယ်ရေး အရာရှိတွေနဲ့ ထောက်လှမ်းရေး တပ်ဖွဲ့တွေသာ ဖြစ်ကြပါတယ်။ ဒါကြောင့် သူတို့ဟာ စစ်အာဏာရှင် တွေကို ကိုင်လှုပ်ခဲ့သူတွေ အဖြစ်ပေါ်ထွက်ခဲ့ပါတယ်။ (၁၉၇၇) ခုနှစ် ကတည်းက ဆိုရှယ်လစ်စနစ်နဲ့ စစ်အာဏာရှင်တွေကို ဆန့်ကျင်ခဲ့သူကတော့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး သူရကျော်ထင်ရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်ကြီးအုံးကျော်မြင့် ဖြစ်ပါတယ်။ သူဟာ O.T.S (29) သင်တန်းဆင်း၊ အကောင်းဆုံး ဗိုလ်လောင်းဆု ရရှိခဲ့သူ ဖြစ်ပြီး ပျော်ဘွယ်နဲ့ ရမည်းသင်းအကြား ယင်းတော်ရွာ ဇာတိ ဖြစ်ပါတယ်။ ငယ်စဉ်ကပင် ထူးချွန်ထက်မြက်သူအဖြစ် ကျော်ကြားပြီး စစ်ရုံးမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ မိန့်ခွန်းတွေ ရေးသားတာက အစ ဗိုလ်ကြီးအုံးကျော်မြင့် ရေးသားတယ်ဆိုရင် လူကြီးတွေက ပြင်ဆင်မှုမရှိဘဲ အတည်ပြုပေးကြတဲ့အထိ ထက်မြက်လှပါတယ်။ ဗိုလ်ကြီးအုံးကျော်မြင့်ဟာ ၁၉၇၄-၇၅-၇၆ ခုနှစ်တွေက ဖြစ်ခဲ့တဲ့ အလုပ်သမား၊ ကျောင်းသားလူထု အုံကြွမှု အရေးအခင်းကြီးတွေမှာ သွေးထွက်သံယို ဖြစ်တဲ့အထိ မဆလ အာဏာရှင်များက ကိုင်တွယ်ဖြေရှင်းတာကို ဘ၀င်မကျခဲ့ကြောင်းနဲ့ ဆဲဗင်းဂျူလိုင်မှာ ပါဝင်ခဲ့တဲ့ သူ့ သူငယ်ချင်းတွေအပေါ် တမ်းတသတိရလျှက်ရှိကြောင်း ကြားသိခဲ့ပါတယ်။ ဗိုလ်ကြီးအုံးကျော်မြင့်တို့ရဲ့ အပတ်စဉ် (၂၉) ကျောင်းဆင်း အရာရှိတွေကို ဦးနေ၀င်းက သတိထား စောင့်ကြည့်ခဲ့ကြောင်းလည်း သိရှိရပါတယ်။
ဗိုလ်ကြီးအုံးကျော်မြင့်ဟာ ထိုင်းနိုင်ငံကို ရောက်ရှိခဲ့စဉ် တိုးတက်စ ပြုနေတဲ့ ထိုင်းနိုင်ငံရဲ့ အခြေအနေ၊ စိမ်းလန်းစိုပြေနေတဲ့ စပါးခင်းတွေကို ကြည့်ပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေး ကျဆင်း နေမှုနဲ့ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ စနစ်ကို သဘောကျ နှစ်ခြိုက်မှု မရှိခဲ့ကြောင်းသိရပါတယ်။
သူလေးစားတဲ့ ပုဂ္ဂိုလ်တွေထဲက ဗိုလ်ချုပ်ကြီး သူရတင်ဦး (ယခု NLD ဒု ဥက္ကဋ္ဌ) ဖြုတ်ချခံ ခဲ့ရတာနဲ့ ပတ်သက်လို့ တရားမျှတမှု မရှိတာကိုလည်း သုံးသပ်လာပါတယ်။ ဒီနေရာမှာ ဗိုလ်ချုပ်ကြီး သူရတင်ဦးနဲ့ ပတ်သက်ပြီး တင်ပြရမယ် ဆိုရင် သူဟာ စစ်သည်တွေကို အဆင့်အတန်း မခွဲခြားဘဲ ခြင်းခတ်အတူတူ၊ ထမင်းလက်ဆုံ စားခဲ့သူ ဖြစ်ပါတယ်။ စစ်သည်တွေ ရိက္ခာ မလောက်လို့ တင်ပြလာတာကို ရှေ့တန်းထွက် စစ်သည်တွေရဲ့ တိုက်ခိုက်ရေး ရိက္ခာ ထုတ်နဲ့ ရိက္ခာ နှစ်ဆရအောင် စီစဉ် ပေးခဲ့လို့ စစ်သည်တွေရဲ့  လေးစား ချစ်ခင်မှုကို ရရှိခဲ့သူ ဖြစ်ပါတယ်။ ဒါကို ထောက်လှမ်းရေးမှုးချုပ် ဗိုလ်မှူးချုပ် မျက်မှန်တင်ဦးက အုပ်စုဖွဲ့လေဟန် ဦးနေ၀င်းထံ တင်ပြခဲ့လို့ ဦးနေ၀င်းက စတင် သံသယ ၀င်ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး စန်းယုကလည်း ဗိုလ်ချုပ်ကြီး တင်ဦးဟာ တပ်ရဲ့ သက်သာချောင်ချိရေး ခေါင်းစဉ်နဲ့ ဦးစားပေး လုပ်နေတာကြောင့် နိုင်ငံ့ ဘဏ္ဍာငွေ ပိုမို ကုန်ကျနေပါတယ်လို့ ဦးနေ၀င်းထံ သွေးထိုး ပြောဆိုခဲ့ပါတယ်။
အဲဒီနောက် ဗိုလ်ချုပ်ကြီးတင်ဦးရဲ့သား နိုင်ငံခြားမှာ ဆေးသွားကုတဲ့ ကိစ္စနဲ့ အိမ်ဆောက်ရန် လိုအပ်တဲ့ ဆောက်လုပ်ရေး ပစ္စည်းတွေ နိုင်ငံခြားက တင်သွင်းတဲ့ ကိစ္စတွေကို အကြောင်း ရှာပြီးတော့ ဗိုလ်ချုပ်ကြီးတင်ဦးကို အရေးယူ ဖြုတ်ပစ်ခဲ့ပါတယ်။ ဒါတွေကို သိရှိနားလည်တဲ့ ဗိုလ်ကြီးအုံးကျော်မြင့်ဟာ ဗိုလ်ချုပ်ကြီးတင်ဦးကို ခေါင်းဆောင် ပြန်တင်ကာ တပ်မတော်အတွင်း ပြုပြင် ပြောင်းလဲရေး လုပ်ရန် ရည်ရွယ်ပြီး အာဏာသိမ်းဖို့ ကြံစည်ခဲ့ပါတယ်။
ဗိုလ်ကြီးအုံးကျော်မြင့်ဟာ သူတစ်ပါးနိုင်ငံ တိုးတက်နေတာကို ကြည့်ပြီး မဆလစနစ်နဲ့ အာဏာရှင် စစ်ခေါင်းဆောင်တွေကို ဖြုတ်ချဖို့ စဉ်းစား ဆုံးဖြတ်ပြီးတော့ ကာကွယ်ရေး ၀န်ကြီးဌာန စခန်းမှုး ဗိုလ်မှူး စိန်မြင့်၊ ဗိုလ်ကြီး သိန်းဝင်းနဲ ကိုယ်ရေးအရာရှိ တချို့၊ ခလရ (၁၆) မှ ဗိုလ်မှူး မောင်လတ်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးကြီး လှဖေတို့ ကို တိုင်ပင် ညှိနှိုင်းခဲ့ပါတယ်။ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်စောဖြူကိုလည်း တိုင်ပင်ညှိနှိုင်းရန် ကြိုးစားပြီး ဗုံးကြဲလေယာဉ် တောင်းခံမှု လုပ်ထုံးလုပ်နည်းကို မေးမြန်းခဲ့ပါတယ်။ သံချပ်ကာနဲ့ တင့်ကား တပ်မှူးကိုလည်း တီးခေါက်ဆွေးနွေး မေးမြန်းပြီး ဆက်တိုက်လှုပ်ရှားခဲ့ပါတယ်။ တခါတရံ ကားပေါ်မှာ ဆွေးနွေးခြင်း၊ မထင်မှတ်တဲ့ နေရာမှာ ချိန်းဆိုခြင်းတို့ကို ပြုလုပ်ခဲ့ပါတယ်။ အာဏာသိမ်းဖို့ ကြံစည်တဲ့ အစီအစဉ်ကို တချို့  ဆွေးနွေးနေတဲ့ အရာရှိကြီး များကို မပြောဘဲ လိမ်မာပါးနပ်စွာ လျှို့ဝှက်ထားပြီး သူ့ဆရာ ကာကွယ်ရေး ဦးစီးချုပ်က မေးခိုင်းသလို ပုံစံမျိုးနဲ့ ဆောင်ရွက်ခဲ့ပါတယ်။ ယုံကြည်စိတ်ချရ မယ်ထင်တဲ့ အရာရှိတွေကို အရိပ်အမြွက် ပြောဆိုခဲ့ပြီး ဗိုလ်ချုပ်ကြီး တင်ဦးထံ သွားရောက် တွေ့ ဆုံခဲ့ပါတယ်။ အဲဒီ လျှို့ဝှက် စစ်ဆင်ရေးရဲ့ သင်္ကေတကို “ငရုတ်သီး” လို့ သတ်မှတ်ခဲ့ပါတယ်။
မဟာဗျူဟာ အစီအစဉ် အနေနဲ့ လေဆိပ်နဲ့ အသံလွှင့်ဌာနကို ထိန်းချုပ်ထားပြီး ညစာစားပွဲမှာ ဖြစ်စေ၊ ပါတီ ညီလာခံမှာ ဖြစ်စေ ၀င်ရောက်စီးနင်းဖို့ စနစ်တကျ အစီအစဉ် ရေးဆွဲထားပါတယ်။ ဗိုလ်ကြီးအုံးကျော်မြင့်ဟာ သူ့ရဲ့ ဆရာ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အရှိန်အ၀ါကြောင့် လည်းကောင်း၊ သူကိုယ်တိုင် ထူးချွန်ထက်မြက်တာကြောင့် လည်းကောင်း၊ ကက (ကြည်း) ရုံးတံဆိပ်ကြောင့် လည်းကောင်း၊ လက်အောက်ခံ ကြည်းတပ်တွေ ကြောက်ရွံ့ပြီး အလွယ်တကူ လိုက်နာ လှုပ်ရှားကြမယ်လို့ ငရုတ်သီး စစ်ဆင်ရေးမှာ ပါဝင်တဲ့ အရာရှိကြီးငယ်တွေ အနေနဲ့ ယုံကြည်မျှော်လင့် ထားခဲ့ပါတယ်။
ဒါပေမဲ့ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်စောဖြူဟာ သံသယ၀င်ခဲ့ပြီး တိုးတိုး တိတ်တိတ် မေးမြန်း စုံစမ်းရာမှ အသံဗလံ အစအန ထွက်လာခဲ့ပါတယ်။ အဲဒီနောက် ညစာစားပွဲ တစ်ခုမှာ ဗိုလ်ကြီး အုံးကျော်မြင့်ရဲ့ သကာင်္မကင်းဖွယ်ရာ လှုပ်ရှားမှုကို ထောက်လှမ်းရေးတပ်ဖွဲ့က ခြေရာခံ လိုက်မိနေပါတယ်။ တဖန် ကြည်းတပ် တပ်မှူး တစ်ချို့ ဖြစ်တဲ့ ဗိုလ်မှူးမောင်လတ်နဲ့ သံချပ်ကာ တပ်မှူးတို့ဟာ အစီအစဉ် အကောင်အထည် ဖော်ရာမှာ ရှောင်ရှားကြောက်ရွံ့လို့ ဟန်ချက်လွဲသွား ခဲ့ပါတယ်။ ပိုပြီး ဆိုးတာက ဗိုလ်ကြီး အုံးကျော်မြင့်ဟာ ဗိုလ်မှူးကြီး သန်းတင်ကို သွားရောက် တိုင်ပင်ခဲ့ရာမှာ အမှားကြီး မှားခဲ့ပါတယ်။ ဗိုလ်မှူးကြီး သန်းတင်က မလုပ်သင့်ကြောင်း ပြောရာမှ သူက လက်မခံဘဲ တိုင်ကြားနိုင်သည်ကို ရိပ်မိ သိရှိပြီး ဗိုလ်ကြီးအုံးကျော်မြင့်လည်း အမေရိကန် သံရုံးမှာ ၁၉၇၇ ခုနှစ် ဇူလိုင်လ (၂) ရက်နေ့ ညနေ အချိန်က နိုင်ငံရေး ခိုလှုံခွင့် ၀င်ရောက် တောင်းခံခဲ့ပါတယ်။ သံရုံးအနေနဲ့ ဥပဒေအရ လုပ်ပေးလို့ မရကြောင်း အကြောင်းပြန် လိုက်လို့ သံရုံးက ပြန်ထွက်လာစဉ် ထောက်လှမ်းရေးတပ်ဖွဲ့ ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။
၁၉၇၇ ဇူလိုင်လ (၂၀) ရက်နေ့ မှာ ဗိုလ်ကြီး (၁၁) ဦး၊ ဗိုလ်မှူး (၃) ဦးနဲ့ တိုင်းမှူး တစ်ဦး အပါအ၀င် ဗိုလ်ချုပ်ကြီး တင်ဦးတို့ကို ခုံရုံးတင်ခဲ့ပြီး ဗိုလ်ကြီးအုံးကျော်မြင့်ကိုတော့ သေဒဏ် အမိန့် ပေးခဲ့ပါတယ်။ စစ်အာဏာရှင်ခေတ်မှာ သေဒဏ်ပေးခဲ့တဲ့ အရပ်သားများနဲ့ လောစစ်ဟန် အပါအ၀င် မြောက်ကိုးရီးယားက ကွန်မန်ဒို ဗုံးခွဲခဲ့သူများကို မသတ်ဘဲ ဆိုင်းငံထားပြီး ဗိုလ်ကြီး အုံးကျော်မြင့်ကိုတော့ မသေမချင်း ရက်ရက် စက်စက် ကြိုးပေးကွပ်မျက်ခဲ့လို့ သားသုံးသားမှာ စစ်သားကို စစ်အာဏာရှင်တွေက အထူးကြောက်ရွံ့ ပြီး အငြိုးကြီးစွာ နှိပ်ကွပ် ခဲ့တာဖြစ်ပါ တယ်။ အဲဒီနောက် စစ်အာဏာရှင်တွေဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီး စိုးရိမ် ထိတ်လန့်စွာနဲ့ စစ်သည် အရာရှိတွေ အုံကြွမှု မဖြစ်ပွားစေဖို့  အပူတပြင်း လုပ်ဆောင် ခဲ့ရပါတယ်။ တိုင်း၊ တပ်မ၊ တပ်ရင်း၊ တပ်ဖွဲ့တွေကို ကိုယ်စားလှယ် စေလွှတ်ရှင်းလင်းခြင်း၊ အသံသွင်းပြီး ရှင်းလင်းခြင်း စသဖြင့် ပြုလုပ်ခဲ့ပါတယ်။
တချို့ စစ်သည်တွေဟာ သူတို့ ချစ်ခင်လေးစားတဲ့ ဗိုလ်ချုပ်ကြီးတင်ဦး ပြုတ်သွားလို့ ယူကြုံးမရ ဖြစ်ကာ ငိုယိုနေလို့ ဂယက်ရိုက်မှု ကြီးစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း မဆလ ဗဟို ကော်မတီဝင် (၄၀) ဦး၊ ပါတီဝင် (၅၀၀၀၀) ခန့်ကို ပါတီ သန့်စင်ရေးဆိုပြီး ဖြုတ်၊ ထုတ်၊ ချ လုပ် ခဲ့ရပါတယ်။ ယနေ့ ထိပ်ပိုင်း စစ်အာဏာရှင်မှာ န၀တ ခေတ်က တက်လာသူ နှစ်ဦးသာ ကျန်တော့လို့ “ဘယ်သူ ခွဲခွဲ ဒို့ မခွဲ၊ အမြဲစည်းလုံးမယ်” ဆောင်ပုဒ် အစား “ဘယ်သူ့ ဘယ်သူမှ တပ်ကို မခွဲ၊ ဒို့အချင်းချင်းဘဲ ခွဲနေမယ်” ဆိုတာ သက်သေပြနေပါတယ်။ “ဘေးပြောတာကို မယုံနဲ့၊ သွေးပြောတာကို ယုံ” ဆောင်ပုဒ် ဟာလည်း ပြောင်းပြန် ဖြစ်နေကာ “ဘေးက မိန်းမတွေ ပြောတာ ကို ယုံပြီး၊ သွေးဖြစ်တဲ့ ရဲဘော်၊ ရဲဘက် တွေက ပြုပြင်ပြောင်းလဲရေး၊ အချင်းချင်း သင့်မြတ်ရေး ပြောနေတာကိုတော့ မယုံဘူး” ဖြစ်နေပါတယ်။ ယနေ့ နအဖဟာ “အမျိုးသား ပြန်လည် သင့်မြတ်ရေး” အစား “အမျိုးသား ပြန်လည် သတ်ဖြတ်ရေး” ကို လုပ်ဆောင်နေပါတယ်။
စစ်တပ်ရဲ့  လုပ်ထုံးလုပ်နည်း အရ ကြိုးနီ စနစ်နဲ့ ထိန်းချုပ်ထားတဲ့အပြင် ဆက်သွယ်ရေး ကွန်ယက် ကန့်သတ်ချက်များနဲ့ တင်းကျပ်လှတဲ့ စစ်စည်းကမ်းတွေ ကြားထဲက ကိုယ်ရေးအရာရှိ (PA) ရဲ့  စည်းစိမ်ဥစ္စာများ စွန့်လွှတ်ကာ အသက်ကို ပဓာန မထားဘဲ အာဏာရှင်ကို တော်လှန်ရဲတဲ့ ဗိုလ်ကြီး အုံးကျော်မြင့်ရဲ့ သတ္တိကို ယနေ့ မျိုးဆက်သစ် တပ်မှူးများ အတုယူ အကောင်အထည် ဖော်သင့်ပါတယ်။ ယနေ့ တပ်မှူးများကို အကြံပြုချင်တာ က အာဏာရှင်စနစ် ဖြုတ်ချဖို့ ဆိုရင် အာဏာရှင်တွေ ကြောက်ရွံ့ တဲ့ ဘုရားသား၊ ကျောင်းသား၊ စစ်သား၊ သားသုံးသား ပူးပေါင်းပြီး ကြားဖြတ် အစိုးရ ဖွဲ့ စည်းနိုင်တဲ့ အထိ မဟာဗျူဟာ အစီအစဉ် (Strategy Plan) ထားရန် လိုအပ်ပါတယ်။ အနည်းဆုံး နယ်နိမိတ်၊ နယ်မြေ ရှိဖို့နဲ့ ပြည်သူလူထု မှ ရွေးချယ် အာဏာ အပ်နှင်းထားတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ပါဝင်မှသာ ကြားဖြတ် အစိုးရအဖွဲ့ အင်္ဂါရပ် ပြည့်စုံမှာ ဖြစ်သလို ပြည်သူလူထုကလည်း ပြည်သူ့ဘက် ရပ်တည်လာတဲ့ တပ်မတော် သားများကို ချက်ချင်း ၀ိုင်းရံပေးဖို့ လိုအပ်ပါတယ်။ စစ်အာဏာရှင်တွေဟာ ဒီလို အနေအထား မျိုးမှာ ကြောက်လန့်တကြား လက်ဦးမှု ရယူ ချေမှုန်းတတ်တဲ့ အကျင့်ဆိုးရှိတာမို့ ပြည်သူ့ဘက် ရပ်တည်လာတဲ့ တပ်မှူးများနဲ့ စစ်သားများ ပူးပေါင်းလိုက်ရင် လက်တုံ့နှေးသွားမှာ ဖြစ်ပါတယ်။ ပြည်သူ့ဘက် ရပ်တည်လာတဲ့ တပ်တွေဟာ ပြည်သူနဲ့ ပူးပေါင်းကာ အခြေအနေပေး သလောက်သာ ရယူခဲ့ရတဲ့ လက်နက်ခဲယမ်းတွေနဲ့အတူ တော်လှန်ရေး တစ်ရပ် တောင့်ခံ ရင်ဆိုင်နေဆဲမှာပင် အာဏာရှင်ရဲ့  ဖိအားပေး အင်အားထု ကြီးစွာ မနှိပ်ကွပ်နိုင်ခင် အခြေခံ နယ်မြေနဲ့ အချုပ်အခြာ အာဏာရှိနေမှုကို နိုင်ငံတကာက အသိအမှတ်ပြုပေးပြီး လိုအပ်လာလျှင် ဒီမိုကရေစီ နိုင်ငံကြီးတွေက အင်အားသုံး အကာအကွယ် ပေးလိုက်ပါက စစ်အာဏာရှင် စနစ် အလျှင်အမြန် ချုပ်ငြိမ်းသွားမှာ မလွဲဧကန် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
စစ်မှန်တဲ့ ဒီမိုကရေစီကို လိုလားတဲ့ မျိုးဆက်သစ် တပ်မှူး တွေကို ပြည်သူလူထု က မျှော်လင့် လက်ကမ်း ကြိုဆို နေပါတယ်။ ပြည်သူတွေရဲ့  စည်းလုံးမှု၊ နိုင်ငံတကာရဲ့  ၀ိုင်းဝန်း ထောက်ခံမှု တွေနဲ့အတူ ကြားဖြတ် အစိုးရ အဖွဲ့ ဖွဲ့စည်းနိုင်ရေးအတွက် ဘုရားသား၊ ကျောင်းသားနဲ့ စစ်သားတို့ ပူးပေါင်းကာ စစ်အာဏာရှင်တွေကို တော်လှန်ရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးဟာ တပ်မတော်သားတွေကို ပြည်သူ့ဘက်ရပ်တည်ရန် အချိန်အခါသင့်ပြီ ဖြစ်တယ်ဆိုတာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ တိုင်းပြည်ကို တကယ်ချစ်တဲ့ ပြည်သူ့ တပ်မတော်သား အစစ်အမှန်များ အနေနဲ့ ကမ္ဘာ့အလယ်မှာ “မြန်မာဟေ့” ဟု ၀င့်ထယ်နိုင်အောင် ကြိုးစားကြစေလို ကြောင်း တင်ပြလိုက် ရပါတယ် ခင်ဗျား။
| < Prev | Next > |
|---|

