ပင်မနေရာ မူဝါဒ/ဥပဒေ မူဝါဒ ဒီမိုကရေစီနှင့် တပ်မတော် - အပိုင်း (၅)

ပင်မနေရာ မူဝါဒ/ဥပဒေ မူဝါဒ ဒီမိုကရေစီနှင့် တပ်မတော် - အပိုင်း (၅)

ဒီမိုကရေစီနှင့် တပ်မတော် - အပိုင်း (၅)

Print PDF
User Rating: / 0
PoorBest 

ဆောင်းပါးရှင် - ဗိုလ်မှူးကျော်ကျော်ခိုင်  (အပိုင်း (၄) ကို ဒီနေရာ တွင်နှိပ်၍ ပြန်လည်လေ့လာဖတ်ရှုနိုင်ပါသည်...)

နအဖအလိုတော်ရိများ၊ အခွင့်အရေး ရယူလိုသူများနှင့် ထင်ပေါ်အောင် စင်ပေါ်တက်ချင် နေသူများကဖြင့် နည်းအမျိုးမျိုးဖြင့် ကြိုဆိုနေကြ၏။ မည်သူတွေ မည်သို့ကြိုကြို၊ မည်သို့ မြှောက်ပင့်ရေးရေး မည်သို့ပြောပြော ဗိုလ်သန်းရွှေမှာ သူ၏အာဏာ တည်မြဲရေး၊ သူနှင့်မိသားစုများ ကိုယ်ကျိုးစီးပွား ဖြစ်ထွန်းရေးကိုသာ အဓိကထားကာ သူ့ရည်မှန်းချက် အောင်မြင်ရေးကိုသာ လုပ်ဆောင်နေခြင်းဖြစ်၏။ မည်သူတွေ မည်သို့ တောင်းဆိုသည်ကို စိတ်မဝင်စား။ မည်သူတွေ မည်သို့မြှောက်ပင့်ရေးရေး စာဖတ် အလွန်ပြင်းသော တပ်ချုပ်ကြီး ပေါင်ကြားထဲသို့ မညှပ်။ မည်သို့ပြောပြော ဂရုစိုက်မည့်သူ မဟုတ်ချေ။

 

မိမိကိုယ်ကို နာမည်ကြီးအောင် ကြွယ်ဝအောင် လုပ်တတ်သည်မှာ နိုင်ငံရေးမဟုတ်၊ တိုင်းပြည်ကောင်းအောင် လုပ်တတ်မှ နိုင်ငံရေး ဖြစ်သည်။

(ဗိုလ်ချုပ်အောင်ဆန်း)


အာဏာရှင် ဗိုလ်သန်းရွှေ၏ စိတ်နေသဘောထားနှင့် ပရိယာယ်ကို ကောင်းစွာ နားမလည်ဘဲ နအဖအာဏာရှင် အလိုကျ ယနေ့နိုင်ငံရေး နယ်ပယ်တွင် ဝင်ရောက်၍ အမျိုးမျိုး ပြောဆိုရေးသား ဝေဖန် ပေးနေကြခြင်းသည်လည်း စင်စစ် ပြည်သူလူထုနှင့် တပ်မတော်အတွက်  အကျိုးထက် အပြစ်ကိုသာ ဖြစ်စေသည်။ အဆိပ်အတောက် ဖြစ်စေသည်။ ဒီမိုကရေစီလမ်းကြောင်းသို့ ချီတက်ရာတွင် ဤကဲ့သို့သော အနှောင့်အယှက်များကို သိထားသင့်သဖြင့် ထင်ရှားသော ဥပမာတစ်ခု ထုတ်၍ တင်ပြပါမည်။ နေဝင်းမောင်၊ ကျော်စွာ ကလောင်အမည်များဖြင့် ရေးသားနေသော ဒေါက်တာနေဝင်းမောင်လိုလူနှင့် သူ၏ The voice weekly’ ဆောင်းပါးများကို သာဓက ပြလို၏။ ပြည်သူလူထု၏ ဆန္ဒများ လိုလားရေးသားချက်များ မပါသော ဗိုလ်သန်းရွှေ၏ အခြေခံဥပဒေ၊ နာဂစ်ကာလအတွင်း ရက်ရက်စက်စက် အတည်ပြုရက်သည့် အခြေခံဥပဒေ၊ မတရားပြုလုပ်လိုက်သော ရွေးကောက်ပွဲ၊ အာဏာဖြင့်ပြုလုပ်သော လွတ်တော်နှင့် ဖွဲ့စည်းတင်မြှောက်ခြင်းကို လုံးဝလစ်လျူပြုထားပြီး ရူးချင်ယောင်ဆောင်နေခဲ့၏။

သူ့ရေးသားချက်များက ဤမျှကောင်းမွန်သော အခြေခံဥပဒေ၊ ရွေးကောက်ပွဲများနှင့် ကော်မတီများကြောင့် နိုင်ငံတော်ကြီး တိုးတက်ဖွံ့ဖြိုးလာတော့မည် ဟူ၏။ သူသင်လာခဲ့သော နိုင်ငံရေးသိပ္ပံမှ စာများ ရွတ်ဖတ်ပြနေသည်။ လက်တွေ့တွင်မူ မည်သည့် အခြေဆိုက်နေသည်ကို နားမလည်။ သဘောတရား သီအိုရီ ဘယ်လောက်သိသိ စာတွေ့နှင့်လက်တွေ့ ( on paper and on ground ) ပေါင်းစပ်ပြီး မျက်မြင်အခြေအနေအပေါ်တွင် မှန်မှန်ကန်ကန် တရားမျှမျှတတ (appreciation) လုပ်ပြီး မစဉ်းစား မတွေးခေါ် မသုံးသပ်နိုင်လျှင်  မှားယွင်းသည့် ကောက်ချက်အဖြေကိုသာ ရရှိမည် ဖြစ်ပေသည်။

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ထူထောင်စဉ်ကလည်း မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ကြီးဖြင့် တိုင်းပြည်ကြီး ရွှေပုံကြီးပေါ် ရောက်တော့မလို ဝိုင်းဝန်းရေးသား မြှောက်ပင့်ပေးခဲ့သူများ ပေါ်ပေါက်ခဲ့ကြသည်။ ဆိုရှယ်လစ်စာပေများ အမြောက်အများ ထွက်ပေါ်ခဲ့သည်။ သူ့အရင် ကွန်မြူနစ်စနစ် မိုးကောင်းစဉ်ကလည်း ကွန်မြူနစ်စာပေများ၊ ဘုရားထင်မှတ် အလွတ်ကျက်၍ လေလုံးထွားသူတွေ များစွာပေါ်ခဲ့ကြသည်။ ခေတ်အခြေအနေပေါ်လိုက်ပြီး ဖေါ်လံဖားသူများ၊ ကိုယ်ရည်သွေးသူများ၊ သူများမျက်ခုံးမွေးပေါ် စင်္ကြန်လျှောက်ချင် သူများသည်လည်းကောင်း ပတ်သက်ရာ စာပေများသည်လည်းကောင်း ထွက်ပေါ်လာမည်ကတော့ သေချာသည်။

ပြည်သူလူထုနှင့် တပ်မတော်သားများ အနေဖြင့် ဒေါက်တာ တင်ထွန်းဦး၊ မြတ်ခိုင်၊ နေဝင်းမောင်တို့ ကဲ့သို့သော အလံရှူးများကြောင့် ပန်းတိုင်ပျောက်မသွားဖို့ အာရုံထွေပြား ဝေဝါးမသွားဖို့ သတိပြုသင့်ကြောင်းကို ကြားဖြတ် တင်ပြလိုပါသည်။ မည်သည့်စနစ်ကို အကောင်ထည်ဖေါ်ဖေါ် အဓိကကျသော အချက်မှာ စစ်မှန်သော ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းကို ပြည်သူလူထုက လိုလားခြင်း ဖြစ်သည်။ တပ်မတော်သားများသို့ ဗိုလ်ချုပ်အောင်ဆန်း၏ ထူးခြားလှသော အတွေးအမြင်ကို အောက်ဖေါ်ပြပါ စာပိုဒ်ကလေးတွင် လေးစားဂုဏ်ယူဖွယ် တင်ပြလိုပေသေးသည်။ တပ်ချုပ်ကြီးလုပ်သူ နိုင်ငံတော်အကြီးအကဲ ဗိုလ်သန်းရွှေ၏ မိုးရွာဖုန်သိပ်၊ နေလာနှင်းပျောက် မိန့်ခွန်းများနှင့် ရေနှင့်ဆီ၊ အီးနှင့်နံ့သာလို ကွာခြားလှသည်ကိုလည်း တပ်မတော်သားအပေါင်း ရှစားကြပါစို့။

ဗမာပြည် လွတ်လပ်ရေးရတဲ့အခါ တိုင်းသူပြည်သားတွေသာလျှင် အဓိကလိုလားပြီး တိုင်းပြည် တည်ထောင်ချင်တယ် ဆိုရင် ဒီမိုကရေစီစနစ်အရမှ ဖြစ်နိုင်မယ်။ ဒီမိုကရေစီအရင်းခံဘဲ။ ဆိုရှယ်လစ်ဝါဒ ကွန်မြူနစ်ဝါဒ ဆိုတာတွေဟာ စင်စစ်တော့ ဒီကနေ ဖြာထွက်သွားတာဘဲ။ ဘယ်ဟာမှ ဒီမိုကရေစီ မစစ်သေးဘူး။ နိုင်ငံရေးတင်မက စီးပွားရေးပါ ပါမှ ဒီမိုကရေစီ စစ်နိုင်မယ်လို့ ဒီမိုကရေစီ သဘောတရားတွေကို လိုက်ရှာပြီး လုပ်နေကြခြင်းသာ ဖြစ်တယ်။


ဗိုလ်ချုပ်အောင်ဆန်း

ကွန်မြူနစ်စနစ် ခေတ်စားနေသော အချိန်အခါတွင် ဤသို့တွေးခေါ်၍ ပြတ်ပြတ်သားသား မိန့်ကြားခဲ့ခြင်းကပင်လျှင် ဗိုလ်ချုပ်၏ ဝါဒစွဲကင်းမှု၊  အမြှော်အမြင်ကြီးမှု၊ သူများထက်သာသော ကိုယ်ပိုင် နိုင်ငံရေး အတွေးအခေါ်နှင့် ထူးချွန်ထက်မြက်မှုတို့ကို လေးစားစရာ တွေ့မြင်ရသည်။ ထို့ကြောင့်လည်း သူ့ခေတ်အခါက ကြီးသောငယ်သော နိုင်ငံရေးသမား အားလုံး၏  လေးစားမှုကို ခံယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နေရူး (Jawarharlal Nehru) ကလည်း ဗိုလ်ချုပ်အပေါ် လေးစားစွာဖြင့် အာရှ၏ ခေါင်းဆောင်တစ်ယောက် အဖြစ် ဂုဏ်ပြု ချီးကျူးခဲ့သည်။ အာရှနှင့်ကမ္ဘာကပင် အသိမှတ်ပြု လေးစားခံရသည်မှာ ဗိုလ်ချုပ်၏ ရိုးသားဖြောင့်မတ်မှု၊ အတွေးအခေါ် ထက်မြက်မှု၊ စေတနာမှန်ကန်ပြီး ပြည်သူလူထုအတွက် မကြောက်မရွံ့ အသက်စွန့် လုပ်ကိုင် ဆောင်ရွက်တတ်မှုများကြောင့် ဖြစ်သည်။

ရှေးက စစ်တက္ကသိုလ်တွင် အောင်ဆန်းတပ်ခွဲဟူ၍ ရှိသည်။ ဗိုလ်ချုပ်အောင်ဆန်းကို စံနမူနာယူပြီး တိုင်းပြည်အကျိုးကို ဆောင်ရွက် နိုင်စေရန်  ဗိုလ်ချုပ်၏ အတ္ထုပတ္တိ လက်စွဲစာအုပ်ငယ်ကလေးများကို ဗိုလ်လောင်းများအတွက် ထုတ်ပေးခဲ့ဖူးသည်။ ဗိုလ်သန်းရွှေ၏ လူကြီးလူကောင်း မဆန်သော လုပ်ဆောင်ချက် တစ်ခုမှာ အောင်ဆန်းတပ်ခွဲ ဖျက်သိမ်းခြင်း၊ လက်စွဲစာအုပ်ငယ်များ ဖျောက်ဖျက်ခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းနာမည်နှင့် ရုပ်တုများ၊ ဓါတ်ပုံများ ဖယ်ရှားခြင်းတို့ ဖြစ်သည်။ တပ်မတော် စစ်သမိုင်းပြတိုက်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်ခဲ့သည့် မှတ်တမ်းဓါတ်ပုံများတွင် သူမကြည်ခဲ့သော ဗိုလ်ချုပ်ကြီး သူရတင်ဦးနှင့် ဗိုလ်ချုပ်ကြီး စောမောင်တို့ကို သမိုင်းမျက်ကွယ်ပြုပြီး ဖြုတ်ထားခဲ့သည်မှာလည်း တရားမျှတမှု မရှိပေ။ ဤကိစ္စများကို ဗိုလ်မောင်အေး အပါအဝင် စီနီယာကြီးများသည်လည်း တားမြစ်နိုင်စွမ်း မရှိခဲ့ကြခြင်းမှာ စဉ်းစားစရာအချက် ဖြစ်နေသည်။ အဖြေကို သမိုင်းက ပြဆိုလာပါလိမ့်မည်။

ယခုလတ်တလော ဖြေရှင်းရမည့် ကိစ္စမှာကား ဗိုလ်သန်းရွှေကို ဖယ်ရှားပြီး စစ်မှန်သော ဒီမိုကရေစီ ဖေါ်ဆောင်နိုင်ရေး ဖြစ်သည်။ ပြည်သူလူထု တရပ်လုံး၏ အမှန်တကယ် လိုအင်ဆန္ဒမှာ ဗိုလ်သန်းရွှေနှင့် အာဏာရှင်တစ်စု ဖယ်ရှားပေးရေးသည်သာ ပထမဖြစ်၏။ ပြည်သူလူထုသည် ၎င်းတို့ကို စိတ်အနာကြီး နာနေပြီ ဖြစ်သည်ကို တပ်မတော်သားတို့ အနေနှင့် နားလည်သိမြင် သဘောပေါက်သင့်သည်။ ထိုအာဏာရှင်များကြောင့် စစ်တပ်ကိုပင် စိတ်အနာကြီး နာနေသည်မှာလည်း ပြည်သူလူထုအကြားသို့ ရောက်ရှိနေသော တပ်မတော်သားများ၊ တပ်မတော်သားဟောင်းများ အားလုံးအသိ ဖြစ်သည်။ မိမိတို့၏ ဆွေမျိုးသားချင်း မိတ်ဆွေ သူငယ်ချင်းများထံ မေးမြန်း တီးခေါက်ခြင်းဖြင့်လည်း ကိုယ်တိုင်ကိုယ်ကျ ပြည်သူ့ဆန္ဒကို သိရှိနိုင်ကြပါသည်။

ဗိုလ်သန်းရွှေနှင့် အာဏာရှင်တို့က ရှေ့တွင် ပေါ်တင်နေနေ နောက်ကွယ်ကဘဲ ကြိုးကိုင်ကိုင် မည်သူမျှ မနှစ်မြို့နိုင်ကြတော့ချေ။ ဗိုလ်သန်းရွှေ၏ အစီအမံမျှသာဖြစ်သော ဗိုလ်သိန်းစိန်အစိုးရကိုလည်း ထိုနည်းအတူ ပြည်သူလူထုက အသိအမှတ်ပြု လက်ခံချင် ကြသည်မဟုတ်ပေ။ ဗိုလ်သိန်းစိန်အစိုးရ၏ ဒီမိုကရေစီကိုလည်း တိုင်းရင်းသား ပြည်သူလူထုက ယုံကြည်ကြမည် မဟုတ်ပေ။ လွှတ်တော်တွင် ပြုလုပ်မည့် အမေးအဖြေများမှာလည်း အရေးပါလှသည့် အချက်များမဟုတ်။ တင်မြှောက်ခံ သမ္မတ၊ ဒုသမ္မတ ဝန်ကြီးများမှာလည်း ဗိုလ်သန်းရွှေ လက်ရာများသာ။ ဗိုလ်တင်အေးပင်လျှင် အမတ်အဖြစ်မှ နှုတ်ထွက်၍ ချက်ခြင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဖြစ်ရ၏။

ဗိုလ်သန်းရွှေက စစ်တုရင်နယ်ရုပ်များ ရွေ့သလို ရွေ့နေသည်မှာ စစ်မှန်သော ဒီမိုကရေစီကို မသွားနိုင်ကြောင်း သက်သေ ထင်ရှားနေသည်။ ဗိုလ်တင်အေးမှာ ဦးပိုင်ဥက္ကဋ္ဌဖြစ်ခဲ့ပြီး လက်ဖျားငွေသီးကာ တပ်ချုပ်ကြီးကို နိုင်ငံခြားငွေ ရှာဖွေအပေးနိုင်ဆုံးသော သူတစ်ဦးဖြစ်ခဲ့သည်။ ဒုတိယ ဗိုလ်ချုပ်ကြီးတင်အေးသည် စီးပွားရေးသမားများနှင့် လုံးထွေးရင်း ကာရာအိုကေမယ်လေးများကို ငွေလည်ဆွဲများ ဆုချရင်း လူမသိအောင် ကဲနိုင်ခဲ့သော ကြောင်လက်သည်းဝှက် ဥက္ကဌကြီးလည်း ဖြစ်သည်။

သည်လိုပုဂ္ဂိုလ်ကြီးများနှင့် ဗိုလ်သန်းရွှေ အကွက်ချထားသော လွတ်တော်ကြီးကိုလည်းကောင်း  အမတ်များကိုလည်းကောင်း တိုင်းရင်းသား ပြည်သူလူထုတရပ်လုံး အယုံအကြည်မရှိ လက်မခံမှတော့ ဒီအစိုးရမှာ တရားဝင်ပါသည်ဟု မဆိုနိုင်။ ဗိုလ်သန်းစိန်ကတော့ ထုံးစံရှိသည့်အတိုင်း အကျဉ်းသားများ လွှတ်ပြမည်။ ဝန်ထမ်းများ လစာတိုးပေးမည်။ သို့သော် ငွေဖေါင်းပွတာတွေ ငွေကျုံ့တာ (Inflation & Deflation) တွေ ပြည်တွင်းပြည်ပ မြန်မာနိုင်ငံသားတို့ ဒုက္ခရောက်မှာတွေကို ထည့်တွက်မှာ မဟုတ်သလို  မတရား ထောင်ချထားသော နိုင်ငံရေးသမားများ လွတ်ပေးဖို့ စဉ်းစားမှာလည်း မမြင်ပေ။ လူဗိန်းကြိုက်လုပ်ရပ်များ၊ လူထုစည်းရုံးရေး လုပ်ငန်းများကိုသာ လုပ်ပြပေလိမ့်ဦးမည်။ ဒါက သူတို့၏ ဖေါ်မြူလာပင် ဖြစ်သည်။ ထို့အပြင် ဗိုလ်သန်းရွှေအလိုကျ ဗိုလ်သိန်းစိန် အရေးတကြီး ဆောင်ရွက်ရမည့် တာဝန်တရပ်မှာ NLD ပါတီကို နည်းလမ်းတကျ ပျောက်ကွယ်သွားအောင် ပြုလုပ်ရေးဖြစ်ပေမည်။

အပိုင်း (၆) ကို နောက်တစ်ပတ် သောကြာနေ့တွင် ဆက်လက်ဖော်ပြသွားပါမည်...

Last Updated ( Thursday, 06 October 2011 17:41 )  

နောက်ဆုံးရသတင်းများ